← Chapters

သုံးနှစ်ကြာပြီးနောက် သေမျိုးကမ္ဘာသို့ပြန်သွားကြည့်ခြင်း

Vol. 4 Ch. 45

သုံးနှစ်ကြာပြီးနောက် သေမျိုးကမ္ဘာသို့ပြန်သွားကြည့်ခြင်း

Vol. 4 Ch. 45

ကျိုးပြည်မြောက်ပိုင်း တာ့ချင်းတောင်ပတ်လည်တွင် ဆောင်းလေအေးအေးက ဝေ့ဝဲကာတိုက်ခတ်နေသည်။ သစ်ပင်အများစုမှာလည်း ခြောက်သွေ့ကာ ညှိုးရော်နေကြပြီး ရွက်ကြွေတွေက တောင်ပေါ်မှ ကြွေကာ မြစ်ထဲသို့ မြောပါ သွားကြသည်။ ရွက်ကြွေများသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဘူးသီးခြောက်ခွံကဲ့သို့ပင် နဂါးငွေ့တန်းပင်လယ်သို့ ရောက်ရှိသွားကာ တန်နိုင်ငံ၏ အရှ့ဘက်ကုန်းမြေတွင် ပြန်ပေါ်လာသည်လည်း ဖြစ်နိုင်လေသည်။

တာ့ချင်တောင်အောက်တွင် စီရင်စု ၃ ခုရှိပြီး ယွင်ကျဲ့စီရင်စုက ကျန်စီရင်စုနှစ်ခုထက်ပို၍ စည်ကားလေသည်။ အရမ်းကြီး ကြီးမားတာမျိုး မဟုတ်ပေမဲ့ လူများနှင့် အမြဲစည်ကားနေသော နေရာဖြစ်သည်။ ဈေးနေ့ ရောက်ပြီ ဆိုလျှင်တော့ တောင်တန်းဒေသတစ်ခုလုံးမှ လူများ စုရုံးရောက်ရှိလာပြီး စည်စည်ကားကားဖြစ်နေတတ်သည်။

ဒီနေ့မှာတော့ သန့်ရှင်းသပ်ရပ်ပြီး စာပေပညာရှင်ဝတ်ရုံ အပြာ‌ရောင် ဝတ်ထားတဲ့လူငယ်တစ်ယောက်က စိတ်လှုပ်ရှား နေသည့် ဟန်ဖြင့် ယွင်ကျဲ့စီရင်စု ကို လမ်းလျှောက်လာနေသည်။

သူ နှင့် အကျွမ်းတဝင်ဖြစ်နေသော လမ်းများ၊ အိမ်များ၊ ဈေးများကို ဖြတ်သန်းလျက် လျှောက်သွားပြီး ဤသေမျိုးကမ္ဘာမှာ လှည့်လည်သွားလာနေလိုက်ပြီး အတိတ်မှ အရာများကို ပြန်ပြောင်းသတိရနေမိသည်။ ဒီနေရာတွင် သူ့ငယ်ဘဝ၏ အမှတ်တရများ၊ လူငယ်ဘဝရဲ့ အထီးကျန်ခါးသက်မှုများ၊ စာပေလေ့လာခြင်းကို ခေါင်းမာစွာဖက်တွယ်ခဲ့မှုများ စသည့် မမေ့နိုင်သော အဖြစ်အပျက်များ ရှိလေသည်။

ခြံဝင်းကြီးတစ်ခုကို ဖြတ်ကျော်ပြီး သူက ရေရွတ်လိုက်သည်။ "ဒီကိစ္စဟာ သခင်မလေးစွန်းနေထိုင်တဲ့နေရာပဲ" အတိတ် ကာလက အလွန်မြင့်ပုံပေါက်သော နံရံများသည်လည်း အခုတော့ အတန်ငယ်နိမ့်နေသည်ဟု ထင်ရသည်။ အတိတ်က သခင်မလေးစွန်း အိပ်ခန်းရှိတဲ့ ခြံဝန်းနံရံက စိတ်ကူးယဉ်ပုံပြင်များစွာ၏ အဓိက နေရာကဖြစ်ခဲ့ဖူးသည်။

အိမ်တော်ထိန်းစွန်းက သူ့ကို သဘောကျကာ သခင်မလေးလေးစွန်းနှင့် လက်ထပ်ထိမ်းမြားဖို့ရာ ကမ်းလှမ်းခဲ့သည်ဟုလည်း သူ အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။

သုံးနှစ်တာကာလဆိုသည်က ဘာမှကြာလိုက်သည်မဟုတ်ပါ။ သို့သော်လည်း မန်ဟိုအတွက်ကတော့ မျိုးဆက်တစ်ဆက်လုံး ရောက်လာပြီး ပျောက်ကွယ်သွားသလိုပင်။

စိတ်လှုပ်ရှားစွာ ခေါင်းယမ်းလိုက်ရင်း သူ လှည့်ထွက်သွားတော့မည့် အချိန်တွင် စွန်းအိမ်တော်တံခါးက ရုတ်တရက်ကြီး ပွင့်လာကာ ဝေါယာဉ်တစ်စီး ထွက်လာခဲ့သည်။ မန်ဟို ရပ်လိုက်မိသည်။ အတိတ်ကာလတုန်းက သခင်မလေးစွန်းကို ရိပ်ကနဲ မြင်ရဖို့အတွက် သူ သခင်မလေးရဲ့ အိပ်ဆောင်ရှေ့က ခြံဝန်းနံရံကြီးကို ဘယ်လောက်တောင် ကြည့်ခဲ့ရသနည်း။ သူ ဝေါယဉ်ကို ငေးကြည့်နေမိသည်။ လေက ရုတ်တရက်တိုက်သွားကာ ဝေါယဉ်၏ ခန်းစီးကကို လှပ်သွားသလို ဖြစ်သွားသဖြင့် သူ တွေ့လိုက်ရသည်က...အလွန်ဝပြီး မျက်နှာတစ်ခုလုံး အမဲစက်များဖြင့် ပြည့်နေသော မိန်းကလေးတစ်ဦး ဖြစ်သည်။ မန်ဟို့ခမျာ မေးရိုးများ အောက်သို့ ပြုတ်ကျတော့မည်ဟုပင် ထင်ရလောက်အောင် အံ့အားသင့်သွားရသည်။

အကယ်၍ သူမ၏ဘေးတွင်ရှိသော အစေခံမိန်းကလေးကိုသာ သူ မမှတ်မိပါက ထိုအမျိုးသမီးသည် သခင်မလေးစွန်း ဖြစ်သည်ဟု သူ ဘယ်တော့မှယုံလိမ့်မည်မဟုတ်ပါ။

ဝေါယာဉ်က  တဖြည်းဖြည်း ဝေးကွာပြီး ပျောက်ကွယ်သွားသည်။ မန်ဟိုမှာတော့ အနည်းငယ်နောင်တရလျက် လမ်းဆက်လျှောက်နေမိ၏။

"ငါအခုလေးတင်ပဲ ငါ့ရဲ့ စိတ်ကူးယဉ်ချစ်သူရဲ့ ပုံရိပ်ကို ဖျက်ဆီးလိုက်မိတာပဲ...." သူပြောရင်း ခေါင်းကိုသာ ခါလိုက်မိသည်။ "ပညာရှင်တွေ ပြောတာအမှန်ပဲ မကြည့်သင့်တာကို ကြည့်ခြင်းမှ ရှောင်ကြဉ်ပါတဲ့။ ငါမကြည့်ခဲ့သင့်ဘူး။ ငါတကယ် မကြည့်ခဲ့သင့်ဘူး" ဝမ်းနည်းစွာဖြင့်ပင် သူ အဝေးသို့ ဆက်လျှောက်သွားလိုက်သည်။

မွန်းတည့်အချိန်လောက် ရောက်သည်တွင်တော့ ကြီးမားလှသော အိမ်ကြီးရခိုင်တစ်လုံးကို စိုက်ကြည့်နေမိကြောင်း မန်ဟို သတိထားမိသွာသည်။ အိမ်ကြီးက ဟောင်းနွမ်းပြီး ပျက်စီးယိုယွင်းနေပေမဲ့ လူနေကြောင်း ထင်ရှားသည်။ အထဲမှ ဆူညံသံတွေကို အပြင်မှပင် သူ ကြားနိုင်လေသည်။ အိမ်မှာနေနေသောသူများ အငြင်းအခုန်ဖြစ်နေကြဟန်တူသည်။

ဤအိမ်သည် တစ်ချိန်က မန်ဟို၏ ဘိုးဘွားနေအိမ် ဖြစ်ခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ့မှာ ဆင်းရဲလွန်း၍ အိမ်ကို ရောင်းရန် အတင်းဖိအား အပေးခံခဲ့ရသည်။ ထိုအိမ်အတွင်း၌ လှပပြီး ပျော်ရွှင်ဖွယ်အမှတ်တရများ များစွာရှိနေသည်။ ထို့အပြင် သူ့မိဘများ ပျောက်ဆုံးချိန်မှစ၍ ခါးသီးသော ပုံရိပ်များလည်း ရှိသည်။

ပုံရိပ်များ တစ်ခုပြီးတစ်ခု မန်ဟို၏ စိတ်ထဲ၌ ပေါ်လာခဲ့သည်။ သူ ညနေဆည်းဆာရောက်သည့်တိုင် ထိုအိမ်ရှေ့တွင် ရပ်နေမိလေသည်။

ထို့နောက် တံခါးနားကို တိုးကပ်သွားကာ လက်ကိုမြှောက်လျက် တံခါးခေါက်လိုက်သည်။

နေ့လည်ခင်းတစ်လျှောက်လုံး အဆက်မပြတ်ဖြစ်ပွားနေသော အငြင်းအခုံက တံခါးခေါက်သံကြောင့် တိတ်ဆိတ်သွားခဲ့သည်။ ခဏအကြာတွင်တော့ တံခါးက ပွင့်လာသည်။ လူလတ်ပိုင်းအရွယ်အမျိုးသား တစ်ဦးက မျက်မှောင်ကြုတ်လျက် ရပ်နေ၏။ သူ့မျက်နှာကတော့ လောကဓံကို အလူးအလဲခံထားရသည့် အရေးအကြောင်းများဖြင့် ပြည့်နေသည်။

"မင်းဘယ်သူလဲ။ ဘာလိုချင်လို့လဲ။"

“ ဦး လေးလီ…” မန်ဟိုက သူ့ရှေ့ကလူကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်မိသည်။

“မင်း…” လူလတ်ပိုင်းလူကအံ့အားသင့်သွားပြီး ကြောင်ကြည့်နေသည်။ မန်ဟိုကို အနီးကပ်ကြည့်လိုက်ပြီး သူ့မျက်လုံးများကတော့ မယုံနိုင်သည့်ဟန်များဖြင့် ပြည့်နေသည်။ "မန်ဟို" မင်း... မင်းဘယ်တွေရောက်နေခဲ့တာလဲ။ အထဲဝင်လာဦး"  သူက အံ့ဩဝမ်းသာစွာဖြင့် မန်ဟိုကို သူ့အိမ်ထဲသို့ ဆွဲခေါ်သွားသည်။

“ ရှင်မရေ လာကြည့်ပါ ဦး ဘယ်သူလဲလို့”

အထဲတွင် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက ထိုင်ရင်း ငိုနေသည်။ သူမခင်ပွန်းပြောတာကို ကြားပြီး မန်ဟိုကို မြင်လိုက်တဲ့အခါ သူမ ခဏရပ်သွားပြီးနောက်မှာတော့ သူမ၏ မျက်လုံးများမှာ ပျော်ရွှင်မှုများနှင့် ပြည့်သွားသည်။

“ တကယ်ပဲ မန်ဟိုပဲ....” လူလတ်ပိုင်းအမျိုးသားက ပြောလိုက်သည်။

“ ကလေး၊ လူတိုင်းက မင်းကို ဒီအတိုင်းထွက်သွားပြီလို့ ပြောနေကြတာ။ ဒေါ်လေး မင်းကို ကြည့်ပါရစေဦး"  သူမက မန်ဟိုအရှေ့တွင် ရပ်ကာ မန်ဟိုကို ခြေဆုံးခေါင်းဆုံး သေချာကြည့်နေသည်။ သူမ မျက်လုံးများတွင် ပျော်ရွှင်မှုများနှင့်ပြည့်နေသည်။ နေ့လယ်က စကားများကြသည့်အဖြစ်ကို သူမ လုံးလုံးမေ့သွားပုံရသည်။ "ဒေါ်လေး မင်းကို မမြင် ရတာ နှစ်အတန်ကြာနေပြီ။ မင်းအရပ်တွေရှည်လာတာပဲ...အား...ဒါပေမဲ့ ပိန်လိုက်တာကွယ်။ ဒီနှစ်တွေထဲမှာ အတော် ဒုက္ခခံခဲ့ရမှာပဲ။

" ဒီမှာ ထိုင်ဦးနော်။ ဒေါ်လေး မင်းအတွက် ဟင်းချက်လိုက်ဦးမယ်။ မင်းက အခုမှ ပြန်လာတာ ခဏနေဦးနော်။ ဒီအိမ်ကို မင်းရဲ့ ဦးလေး လီကို ရောင်းလိုက်ပေမယ့် ဒါက မင်းရဲ့အိမ် ဖြစ်နေတုန်းပဲ" သူမက မန်ဟိုကို ကြင်ကြင်နာနာပြုံးပြလိုက်ပြီး သူမခင်ပွန်းကိုတော့ စိုက်ကြည့်လိုက်ကာ မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။

မကြာခင်မှာပဲ စားပွဲပေါ်မှာ အစားအသောက်များနှင့် ပြည့်သွားတော့သည်။ သူ့ရှေ့တွင်ရှိသော စုံတွဲနှင့် သူတို့၏ မျက်လုံးများက ကြင်နာမှုကို မြင်ရသည်တွင်တော့ သူ့မိဘများပျောက်ဆုံးသွားသည့်အချိန်ကို သတိရသွားမိသည်။ ဦးလေးလီနှင့် ဒေါ်လေးလီတို့၏ အကူအညီသာ မရခဲ့လျှင်  ပို၍ ခက်ခဲ ခဲ့ပေလိမ့်မည်။

"ဒီနှစ်တွေမှာ အထွက်နှူန်းမကောင်းဘူး" ဒေါ်လေးလီက မန်ဟိုကို ဟင်းများထည့်ပေးရင်းက ပြောလိုက်သည်။ " ငါတို့ သား လက်ထပ်ဖို့အတွက် ငါတို့နေတဲ့ အိမ်ကို သူ့ကိုပေးလိုက်တယ်။ ဒီနေရာလည်း လွတ်နေတာဆိုတော့ ငါတို့ ဒီကိုပြောင်းလာခဲ့တာပဲ" သူမက မန်ဟိုကို ကြင်နာစွာကြည့်လိုက်ရင်း " မင်းဒီနှစ်တွေမှာ ဘယ်ရောက်နေခဲ့တာလဲ။ ဒေါ်လေးတို့တွေ မင်းကို လိုက်ရှာကြပေမယ့် လုံးဝကို ရှာမတွေ့ခဲ့ဘူး"

မန်ဟိုက သူတို့ပြောတာတွေကို နားထောင်ပြီး သူတို့၏ချစ်ခင်ကြင်နာမှုကိုခံစားခဲ့ရသည်။ သူ တစ်ခြားဒေသသို့ ခရီးထွက် သွားသည်ဆိုသည့် လုပ်ကြံပုံပြင်တစ်ခုကို ဖန်တီးကာ သူတို့နှစ်ယောက်ကို ပြောပြလိုက်သည်။ ညစာ စားသောက် ပြီးသွား သည်တွင်တော့ သူ ဦးလေးနှင့်ဒေါ်လေးလီတို့ကို သေသေချာချာ အရိုအသေပြုလိုက်သည်။

"ဦးလေးလီ ဒေါ်လေးလီ ကျွန်တော့်ဘိုးဘွားပိုင်အိမ်ကို ပြန်ဝယ်ချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့်အဖေနဲ့အမေ ထားခဲ့တဲ့ အရာဆိုတော့။ ဒီမှာ ငွေစတစ်ချို့ရှိပါတယ်။ ဦးလေးတို့နှစ်ယောက် ဒီမှာဆက်နေပြီး ဒီနေရာကို စောင့်ရှောက် ပေးပါ" သူ ငွေစတစ်ချို့ကို ဝတ်ရုံထဲက ထုတ်လိုက်ကာ ပေးလိုက်သည်။

"ဒါ...." ဦးလေးလီက တွန့်ဆုတ်နေပြီး သူ့အမျိုးသမီးကိုကြည့်လိုက်သည်။ ဒေါ်လေးလီက ဘာမှမပြောဘဲ အတန်ကြာ သည်တွင်တော့ ခေါင်းညိတ်လိုက်သည်။

"မင်း မှန်ပါတယ်" သူမ ပြတ်ပြတ်သားသားပြောလိုက်သည်။ "ဒီအိမ်က မင်းအဖေနဲ့အမေ မင်းအတွက်ထားခဲ့တဲ့ မင်းအိမ်ပဲ။ ဒေါ်လေးတို့က အိုနေပါပြီ။ မင်းပြောသလိုပဲ ဒီမှာတော့ ဆက်နေမယ်။ ဒါပေမဲ့ ဒီပိုက်ဆံတွေကိုတော့ မယူပါရ စေနဲ့။ မင်းကြီးပြင်းလာတာကို ငါတို့စောင့်ကြည့်ခဲ့ရတာ။ မင်းက ငါတို့သားလိုပါပဲ။ ဘယ်လိုလုပ် မင်းရဲ့ ပိုက်ဆံကို ယူနိုင်မှာလဲ" သူမက ပိုက်ဆံတွေကို မန်ဟိုလက်ထဲသို့ပြန်ထည့်ပေးလိုက်သည်။

မန်ဟိုက ဘာမှထပ်မပြောတော့ဘဲ သူတို့နှစ်ယောက်ကို လေးလေးစားစား ထပ်မံ၍ ဦးညွတ်လိုက်သည်။

သူသည် ညအိပ်မယ့်အစား အမှတ်တရပစ္စည်းအချို့ကိုသာ ယူဆောင်ပြီး လီမျိုးနွယ်စုံတွဲကို နှုတ်ဆက်လိုက်ကာ အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ ပိုက်ဆံတွေကိုတော့ ပြန်မယူလာခဲ့ဘဲ အိပ်ရာပေါ်မှာ တင်ထားခဲ့ လေသည်။

တည်းခိုခန်းတစ်ခန်း၏ ကုတင်ထက်မှာ တင်ပလင်ခွေထိုင်နေရင်း မှောင်မဲနေတဲ့ ညကောင်းကင်ကို ကြည့်လိုက်မိရင်း သူ သက်ပြင်းချလိုက်မိသည်။

"ငါက သေမျိုးကမ္ဘာနဲ့ မသက်ဆိုင်တော့ပေမယ့် တစ်ချို့အရာတွေက ဖြတ်တောက်ဖို့ ခဲယဉ်းတယ်" သူ မျက်လုံးများကို ပိတ်လိုက်သည်။ "ကောင်းပြီ ဖြတ်တောက်လို့မရမှတော့ ဒီအတိုင်းထားလိုက်တာပဲကောင်းပါတယ်"

နောက်တစ်နေ့ နေထွက်လာချိန်တွင်တော့ မန်ဟိုသည် ဝမ်မိသားစု လက်သမားဆိုင်ကို ရှာတွေ့၏။ အသက်ကြီးလာပြီဖြစ်သော ဦးလေးဝမ်က အရေးအကြောင်းတွေပြည့်နေသော မျက်နှာနှင့် ဆိုင်အရှေ့ကို ငေးကြည့်နေတာကို သူ တွေ့နေရသည်။ သူ့အရှေ့မှာတော့ ဝမ်ယိုချိုင်နှင့်တူသော သစ်သားပန်းပုရုပ်ရှိနေသည်။ ဦးလေးဝမ်၏မျက်နှာသည် မပြောပြနိုင်သောဝမ်းနည်းခြင်းနှင့် ပြည့်နှက်နေသည်။

မန်ဟို ခဏစဉ်းစားလိုက်သည်။ ဝမ်ယိုချိုင် သေလားရှင်လား သေချာမသိပေ။ သူ အတွင်းစည်းတပည့်အဖြစ် တိုးမြှင့် ခံရပြီး သည့်နောက်တွင် ရှောင်းဟူကို သွားရှာကာ ဝမ်ယိုချိုင်ပြုတ်ကျခဲ့သော ချောက်ကမ်းပါးကို သွားကြည့်ခဲ့သေးသည်။ သို့သော်လည်း ထိုစဉ်က ဘာဖြစ်ခဲ့သလဲဆိုသည့် သဲလွန်စတစ်ခုတစ်လေမှ မရခဲ့ပေ။

မန်ဟိုသည် သက်ပြင်းချလိုက်ကာ လက်သမားဆိုင်သို့ ဝင်လိုက်၏။

တစ်ယောက်ယောက် ရောက်လာသည်ကို သတိထားမိတော့  ဦးလေးဝမ်က ခေါင်းကိုမော့လိုက်သည်။ မန်ဟိုကို တွေ့သောအခါတွင်တော့ အံ့သြကာ ကြောင်ကြည့်နေသည်။ ထို့နောက် မျက်လုံးများကို ပွတ်လိုက်ရင်း တုန်လှုပ်စွာဖြင့် မတ်တပ်ထရပ်လိုက်သည်။

"မင်း ... မင်းက... မန်ဟိုလား"

" ကျွန်တော်ပါ ဦးလေးဝမ်" မန်ဟိုက ဦးလေးဝမ်ကို ဖေးမကာ တွဲလိုက်သည်။

"ယိုချိုင်ရော" သူက မေးလိုက်သည်။ ဦးလေးဝမ်သည် ထိုနှစ်တုန်းက အဖြစ်အပျက်ကို တစ်ရက်မှ မမေ့ပုံရသည်။ သူသည် မန်ဟိုကို ကြည့်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် မေးလေ၏။ "မင်းတို့နှစ်ယောက်လုံး တစ်ချိန်တည်းမှာ ပျောက်သွားကြတာ။ ယိုချိုင်ရော..."

"ယိုချိုင် ပြန်လာလို့မရသေးဘူး။ ဒါကြောင့် ဦးလေးဆီကို သတင်းစကား ပါးပေးဖို့ ကျွန်တော့ကို မှာလိုက်တာ" မန်ဟိုက အပြုံးဖြင့် ပြောလိုက်သည်။ " သူ နှစ်အနည်းငယ်ကြာရင် ပြန်လာမှာပါ။ စိတ်အေးလက်အေး နေလို့ရပါတယ်။ ယိုချိုင်က အခု ကောင်းကောင်းမွန်မွန် ရှိပါတယ်။" သူ ဦးလေးဝမ်ကို ခုံပေါ်ထိုင်ခိုင်းလိုက်ရင်း သူနှင့် အဖော်ပြုကာ စကားအနည်းငယ် ပြောပေးနေမိသည်။ သူတို့အားလုံး လေ့လာဖို့ ခရီးထွက်သွားခဲ့တာဖြစ်ပြီး ယိုချိုင်က အရမ်းထူးချွန်သူဖြစ်ပြီး ဆက်လေ့လာချင်သေးတာကြောင့် ပြန်မလာဖြစ်သေးတာဖြစ်ကြောင်း ပြောပြခဲ့သည်။

စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များကား ဦးလေးဝမ်၏မျက်နှာပေါ်သို့ စီးကျလာသည်။ သူက ခေါင်းတဆတ်ဆတ်ညိတ်ရင်း မန်ဟိုပြောနေသည်ကို နားထောင်နေ၏။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းအချို့ပင် ပျောက်ကွယ်သွားသယောင် ထင်ရလေသည်။ မန်ဟိုက စိတ်ဝင်စားဖွယ်ကောင်းသောအဖြစ်အပျက်အချို့ကို ဆက်ပြောသည့်အခါ အဘိုးအိုက ပြုံးနေသည်။

"ဒီကလေးက အမြဲတမ်း ထက်မြက်တယ်၊ သူ ဘယ်တုန်းကမှ လက်သမားပညာကို မလေ့လာချင်ခဲ့ဘူး။ သူ တစ်နေကုန် တစ်ခြားအကြောင်းတွေကိုပဲ စဉ်းစားနေခဲ့တာ။ ကောင်းတယ် ကောင်းတယ်။ သူ လေ့လာဖို့ ထွက်သွားတာဆိုတာက ကောင်းတဲ့ ကိစ္စပဲ" ဦးလေးဝမ်အပြုံးကား ပို၍ပီပြင်လာသည်။ နေ့လယ်မွန်းတည့်ချိန်လောက်တွင်တော့ မန်ဟိုက နှုတ်ဆက်ကာ ထွက်လာခဲ့သည်။ ဦးလေးဝမ်က သူ့ကို တံခါးနားအထိ ကိုယ်တိုင်လိုက်ပို့ပေးခဲ့လေသည်။

ရှောင်းဟူနှင့် ဖက်တီးက ယွင်ကျဲ့စီရင်စုက မဟုတ်ဘဲ အခြားစီရင်စု နှစ်ခု ဖြစ်သည်။ မန်ဟိုက ရှောင်းဟူနှင့် သိပ်မရင်းသော်လည်း ရှောင်းဟူ သူ့ကိုယ်သူ ဂရုစိုက်နိုင်မည်ဟု ယုံကြည်လေသည်။ တစ်ခြားတစ်ဖက်မှာတော့ ဖက်တီး၏ အိမ်သားတွေ ဘယ်လိုရှိကြသလဲဆိုတာ သိအောင် ကြည့်ဖို့ လိုအပ်လေသည်။

ဖက်တီးတစ်ယောက်ကား ယခုဆိုလျှင် တောင်ပိုင်းဒေသသို့ ရောက်နေလောက်ပြီ။ မန်ဟိုမှာ ကြိတ်၍သာ သက်ပြင်းချလိုက်မိသည်။

ညနေခင်းတွင်တော့ ဘဏ္ဍာစိုးကျိုးကို မန်ဟိုသွားရှာခဲ့ပေမယ့် မတွေ့ခဲ့ပေ။ ပတ်ဝန်းကျင်ကို လိုက်မေးပြီး နောက်တွင်တော့ ဘဏ္ဍာစိုးကျိုးမှာ လွန်ခဲ့သောနှစ်ဝက်ခန့်က တစ်ခြားသို့ ပြောင်းရွှေ့သွားကြောင်း သိလိုက်ရသည်။ လူအများက ဘဏ္ဍာစိုးကျိုးသည် ကျိုးပြည်၏ မြို့တော်သို့ သွားတာဖြစ်ကြောင်းပြောပြကြသည်။ ထိုသတင်းကို ကြားပြီး နောက်မှာတော့ မန်ဟိုက ထပ်မံ၍ မေးမြန်းခြင်းမပြုတော့ဘဲ ယွင်ကျဲ့စီရင်စုက ထွက်လာခဲ့တော့သည်။

ဤနေရာတွင် အမှတ်တရများစွာရှိသော်လည်း မှီခိုရာဂိုဏ်းသို့ ဝင်လိုက်သည်နှင့် သူ့ဦးတည်ရာကား ကျိုးပြည်နှင့် တောင်းပိုင်းဒေသသာ ဖြစ်သည်ကို သူ သိခဲ့ပြီး ဖြစ်သည်။

သူ့သိုလှောင်အိတ်ထဲတွင် သူ့အဖေ ပေးခဲ့သောအိုးခွက် ပန်းကန်အချို့၊ သူ့အမေ ပေးခဲ့သော အိပ်ရာခင်းအချို့နှင့် တခြားပစ္စည်းအနည်းငယ်ကိုသာ ထည့်လျက် တိတ်တဆိတ်သာ ထွက်လာသည်။ ထိုပစ္စည်းများကား သူ့အတွက်တော့ တန်ဖိုး ဖြတ်၍ ရပေ။

တာ့ချင်တောင်အောက်တွင် စီရင်စုသုံးခုရှိသည်။ ယွင်ကျဲ့စီရင်စု၊ ယွင်ဟိုင်စီရင်စု နှင့် ယွင်ခိုင် စီရင်စုဟူ၍ ဖြစ်သည်။ ဖက်တီး၏အိမ်မှာ ယွင်ခိုင်စီရင်စုတွင် ရှိသည်။

ယွင်ခိုင်စီရင်စုက ယွင်ကျဲ့စီရင်စုထက်သေးငယ်ပြီး စည်ကားလှသည်မဟုတ်သော်လည်း ကျယ်ပြန့်သောကုန်းမြေများ ဝန်းရံထားသဖြင့် ချမ်းသာကြွယ်ဝသောနေရာတစ်ခုဖြစ်သည်။ အထူးသဖြင့် ချမ်းသာကြွယ်ဝမှုများကို လက်ဝယ်ထိန်းချုပ် ထားသော လက်ဆဆုပ်စာမျှလောက်သော မိသားစုကြီးများအတွက် ပို၍မှန်ပေသည်။

ဖက်တီး၏ဖခင်သည် ယွင်ခိုင်မြို့ရှိ ဓနရှင်သူဌေးကြီးလီဖြစ်သည်။ ဖက်တီး၏ ပြောစကားအရဆိုလျှင် သူ့မိသားစုသည် ရာပေါင်းများစွာသော အလုပ်သမားများကို အလုပ်ခန့်ထားခဲ့ရာ တစ်နေ့လုံး လမ်းလျှောက်နေရင်တောင် အခိုင်းအစေများနှင့် ပြည့်နေသော အိမ်တော်ဝန်းကို မြင်ရမည် ဖြစ်လေသည်။

ဖက်တီးပြောခဲ့ဖူးသေးသည်က သူ၏ ဆီးအိုးမှာ ငွေဖြင့်ပြုလုပ်ထားပြီး သူ့ အိပ်ရာခင်းများ စောင်များမှာ ကျိုးပြည်၏ မြို့တော်က ဝယ်ထားခြင်းဖြစ်ပြီး သူငယ်စဉ်ကတည်းက သူ မအိပ်ခင် အခိုင်းအစေများက သူ့အိပ်ရာကို အရင်နွေးအောင် လုပ်ပေးရသည်သာမက ထိုသို့ပြုလုပ်ရခြင်းက သူအရွယ်ရောက်လာသည့်တိုင်ဖြစ်ကာ သူ့ဘဝတွင် အခိုင်းအစေ မည်မျှကို ထိခဲ့ပြီးပြီ လဲဆိုသည်ကိုပင် မှတ်မိနိုင်မည် မဟုတ်ဟူ၍ ဖြစ်သည်။ သူလက်ထပ်ရမည့် မိမ်းကလေးမှာလည်း အလွန် ချောမော လှပကာ ယွင်ခိုင်စီရင်စုရှိ ပညာတတ်မိသားစုမှ ဖြစ်သည်။ သူ့အဖေက ဒီကိစ္စအောင်မြင်ဖို့အတွက် အမြော်အမြင်ရှိရှိ စဉ်းစားခဲ့ကာ ပိုက်ဆံအတော်သုံးခဲ့ရသည်ဟုလည်း ပြောပြခဲ့သေးသည်။

ဤအကြောင်းကို ပြန်ပြောပြတုန်းက ဖက်တီး၏ အမူအရာကို ပြန်တွေးမိတော့ မန်ဟို ပြုံးမိသွားသည်။ ထို့နောက် သူသည် ယွင်ခိုင်စီရင် စုဆီသို့ ဦးတည်ကာ လမ်းလျှောက်သွားလိုက်တော့၏။

***

All Chapters