← Chapters

လူထူးဆန်းစုန့်နှင့် ဝူတင်းချိုး

Vol. 4 Ch. 48

လူထူးဆန်းစုန့်နှင့် ဝူတင်းချိုး

Vol. 4 Ch. 48

ညနေခင်းကောင်းကင်၌ မိုးကြိုးခြမ်းသံ ထွက်ပေါ်လာသည်။ နှင်းဆီရောင်တိမ်ထုကြီးသည် ဖြည်းဖြည်းချင်း ရွေ့နေပြီး ဆောင်းဦးပေါက်လေက ညင်သာစွာတိုက်ခတ်နေသည်။ ကြွေကျလာသော သစ်ရွက်ခြောက်များက လေထဲတွင် လွင့်လျက်ရှိသည်။ ၎င်းသည် လှပသော မိုးရာသီဆောင်းညနေခင်း တစ်ခု ဖြစ်သင့်သော်လည်း ရံဖန်ရံခါ မြေပြင်သို့ကျလာလိုက် နောက်ချက်ချင်းပင် လေထဲသို့ပြန်လည် ခုန်၀င်လိုက်နှင့် ၎င်းလူရိပ်နှစ်ခုကြောင့် ငြိမ်သက်ခြင်းသည် ပျက်စီးရလေ၏။ သူတို့ကား အသေအကြေ တိုက်ခိုက်နေကြသည်။

မန်ဟိုက ရှေ့တွင်ရှိနေပြီးသူ့မျက်လုံးများက တောက်ပနေသည်။ စဦးချီဖွဲ့စည်းခြင်းအဆင့် ၇ သို့ ရောက်သောအခါ သူ့ဓားပျံ၏အရှိန်အား အမြန်ဆုံးအရှိန်ဖြင့် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် ရှန့်ကွမ်းရှိုးအား မျက်ခြေဖြတ်နိုင်မည်မဟုတ်။

အချိန်ကုန်လွန်ပြီးနောက် သူက မြေပေါ်သို့ကျသည်အထိ အားသုံးလိုက်ပြီး အမြန်ဆုံးပြေးပြီး ထွက်သွားသည်။

ရှန့်ကွမ်းရှိုးက လက်မလျှော့ဘဲ သူ့ကို လိုက်လံဖမ်းဆီးလိုက်သည်။ သူ့အနေဖြင့် လွတ်မြောက်ရန် မတတ်နိုင်သည်ကို သိသည်။ အကယ်၍ လွတ်မြောက်လျှင် မန်ဟိုသည် ကြီးမားသော ကျောက် ပြည်နယ်၏ တစ်နေရာရာတွင် အလွယ်တကူပုန်းကွယ်နိုင်မည်။ သို့သော် အလွန်ခက်ခဲလိမ့်မည်။

ယခုအချိန်တွင် သူသည်အလွန်ယုံကြည်မှုရှိသူဖြစ်သည်။ အခက်အခဲဆုံးသော အချိန်သတ်မှတ်ချက်တခု ဖြစ်လာြပီ။ မန်ဟိုသည် ရတနာပစ္စည်းအချို့ ပိုင်ဆိုင်ကြောင်းသူသိသည်။ သူ ဘာလုပ်ခဲ့သလဲဆိုတာ အတိအကျ သေချာမသိသော်လည်း ထိုရတနာများအာ ပိုင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားသည်။

“မန်ဟို မင်း ငါ့ရဲ့လက်က မလွတ်နိုင်ပါဘူး။ ငါ့ရဲ့အိပ်မက်က အမြဲ တောင်ပိုင်းဒေသ ဖြစ်ခဲ့တာ။ ငါ ချီအခြေတည်အဆင့်ကို မတက်ရသေးတာကလည်း မတက်ချင်သေးလို့။ မင်းက ငါ့အတွက်တော့ ပုရွက်ဆိတ်လိုပဲ။ မင်းက ငါ ချီအခြေတည်အဆင့် တက်ဖို့ အနင်းခံကျောက်တုံး” ရှန့်ကွမ်းရှိုးသည် စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်အဆင့် ၉ တွင်ရှိသည်။

သူသည် ချီအခြေတည်ခြင်းအဆင့်သို့ တက်လှမ်းရန် အလွန်နီးကပ်နေသော်လည်း သူ၏စွမ်းအားမှာတော့ ထိုအဆင့်နှင့်‌ဝေးသေး၏။ မန်ဟိုက သူ၏အခြေအနေနှင့် အတူတူပင်ဖြစ်သော်လည်း သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ ‌နှစ်ဆင့်ကွာနေသေးသည်။ ဆိုလိုသည်မှာ ရှန့်ကွမ်းရှိုးသည် ပိုမိုမြန်ဆန်ရုံသာမက မှီခိုရာဂိုဏ်း၏ အကြီးအကဲတစ်ဦးလည်း ဖြစ်သည့်အတွက် ပိုအဆင်မြင့်သော မှော်ပစ္စည်းများကို အသုံးပြုနိုင်သည်ဟုဆိုလိုသည်။

အဆောက်လက်ဖွဲ့သည် ထူးခြားသောစွမ်းအားဖြင့် သူ့ကို ရှေ့တွန်းပေးနေ၏။ သူက အင်္ကျီလက်စကို ခါကာ ကျောက်စိမ်းတုံးတစ်တုံးကို ခွဲလိုက်သည်။ လူတစ်ယောက်အရပ်၏ ထက်၀က်ခန့်ရှိသော အစိမ်းရောင်အခိုးအငွေ့များထွက်လာပြီး အစိမ်းရောင်ပုလင်းထဲသို့ ပေါင်းစပ်သွားသည်။ ထိုအရာသည် မန်ဟိုဆီ ပြေးဝင်လာ၏။

မန်ဟို၏ မျက်လုံးများသည် တဖြတ်ဖြတ် လက်နေပြီး သူက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ဓားပျံဆယ်ချောင်းထွက်လာပြီး မှော်ပုလင်းဆီသို့ ပျံသန်းသွားသည်။ မှော်ပုလင်းသည်ကွဲပြီးပြီးချင်း ဓားပျံဆယ်ချောင်းသည်လည်း အပိုင်းပိုင်းပျက်စီးသွား၏။ ရှန့်ကွမ်းရှိုးက အမြန်နှုန်းကို မြှင်တင့်၍ မန်ဟိုနှင့် သူ့ကြားအကွာအဝေးကို လျှော့ချနိုင်အောင် တိမ်ပေါ် ခုန်တက်လိုက်သည်။

ထိုအချိန်တွင် မန်ဟိုသည် ရုတ်တရက်လှည့်လိုက်ပြီး သူ့လက်များက မုဒြာလက်ကွက်များ ဖော်နေသည်။ လေဓားသွားသုံးခု ပေါ်လာသည်။ သို့သော် လေဓားသွားများက ရှန့်ကွမ်းရှိုး ဆီသို့ မသွားဘဲ စက်ဝိုင်းပုံစံဖြင့်ပျံသန်းရင်း ပျက်စီးသွားခဲ့သည့် သူ၏ဓားပျံအပိုင်းအစများကို ဆွဲနေသော ဆွဲအားတစ်ရပ်ကို ဖန်တီးလိုက်သည်။ မကြာမီ ၎င်းတို့သည် လည်နေသောရေဝဲပုံ ဖြစ်လာသည်။

ပေါက်ကွဲသောအသံတစ်သံ ထွက်ပေါ်လာသော်လည်း မန်ဟိုက လှည့်မကြည့်ခဲ့။ ရှန့်ကွမ်းရှိုး၏ အနောက်တွင်ရှိသော လည်နေသော ရေဝဲပုံဓားပျံများသည် ရုတ်တရက် ပေါက်ကွဲသွား၍ သတ္တု အစအနများ လွင့်ထွက်လာသည်။ ရှန့်ကွမ်းရှိုးမှာ အရှေ့သို့ထိုးကျသွားပြီး သူ့အဝတ်အစားများ ဆုတ်ပြဲသွားသည်။ သူ့မျက်လုံးများသည် မီးဝင်းဝင်းတောက်နေ၏။

“မင်းက စဦးချီဖွဲ့စည်းခြင်းအဆင့် ၇ ကိုရောက်ပြီပဲ” မန်ဟိုက အဝေးသို့ပြေးထွက်သွားစဉ် ရှန့်ကွမ်းရှိုးက စူးစိုက်ကြည့်နေသည်။ ရှန့်ကွမ်းရှိုးသည် ပိုမိုသတိထား၍ လိုက်လံဖမ်းဆီးသည်။ မန်ဟိုဟာ မယုံနိုင်လောက်အောင် လိမ္မာပါးနပ်ပြီး လျှော့တွက်လို့မရကြောင်း သူသိသည်။  သူ့စွမ်းအား အားလုံးကို သုံးရလိမ့်မည်။

မန်ဟို၏ ဓားအပိုင်းအစများကို အတူတကွ စုဆောင်းခဲ့သော နည်းစနစ်ကို စဉ်းစားသောအခါ ရှန့်ကွမ်းရှိုး နည်းနည်းအံ့သြသွားသည်။ အကယ်၍ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံသာ ပိုမိုမြင့်မားပါက တိုက်ခိုက်မှုသည် သူ့ကို မသတ်နိုင်သော်လည် ပြင်းထန်စွာ ဒဏ်ရာအနာတရဖြစ်စေလိမ့်မည်။

“သူက ငယ်သေးပေမယ့် အန္တရာယ်များတယ်  ဓားတွေကို ဖောက်ခွဲတာက အာရုံပြောင်းလိုက်တာသက်သက်ပဲ။ တောက်” သူသည် သူ့အရှိန်အား တိုးမြှင့်လိုက်ပြီး အလင်းရောင် ရောင်ခြည်အဖြစ်ပြောင်းလဲကာ မန်ဟိုအား လိုက်လံဖမ်းဆီးသည်။

ညနေခင်းကောင်းကင်မှောင်မိုက်လာသည်နှင့်အမျှ လူနှစ်ဦးသည်လည်း ပစ်ခတ်နေကြသည်။ လရောင်လည်း ဖြာကျလျက်ရှိသည်။

မန်ဟို၏မျက်နှာသည် ခက်ထန်လာသည်။ မိစ္ဆာသားရိုင်းအမြုတေအချို့ကို သူ စားလိုက်သည်။ မြောက်ပိုင်းပင်လယ်က သူ့အား တာအိုကို ပြသခဲ့ပြီး သူသည် နောက်အဆင့်သို့ ကူးသွားသော်လည်း သူ၏လက်ရှိအခြေအနေမှာ သိပ်မဟန်သေးပေ။ သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့် ၇တွင် ရှိသော်လည်း အတော်လေး ဘေးကြပ်နံကြပ် ဖြစ်နေသေး၏။

“ဒီလူကို ငါ သတ်နိုင်မယ့် တနေ့ ရောက်လာလိမ့်မယ်” မန်ဟိုက တွေးသည်။ သူတို့နှစ်ယောက်အကြားတွင် မဖြေရှင်းနိုင်သော ရန်ငြိုးဖြစ်နေခြင်းသည် ပြိုင်ဘက်၏လောဘကြောင့်ဟု သူ သဘောပေါက်သည်။ ၎င်းက ထပ်ခါထပ်ခါ စိတ်အနှောက်အယှက်ဖြစ်ရသည်။

ရှန့်ကွမ်းရှိုးအား လှည့်ကြည့်လိုက်ပြီး မန်ဟို အံကြိတ်လိုက်သည်။ သူ၏ဓားပျံစွမ်းအား ကုန်သွားသဖြင့် သူသည် မြေကြီးပေါ်သို့ ခုန်ဆင်းလိုက်ပြီး တောရိုင်းတောင်များဆီသို့ ပြေးသွားသည်။ သူ ဦးတည်နေသည်ကား မှီခိုရာဂိုဏ်းဆီသို့မဟုတ်ဘဲ မြင့်ချည်နိမ့်ချည် သွယ်တန်းလျက် မြေပြန့်နှင့် ကျိုးပြည်ဘက် ဦးတည်နေသော တာ့ချင်းတောင်၏ အရှေ့ဆီသို့ ဖြစ်သည်။

ဤနေရာရှိ တောင်များသည် မှီခိုရာဂိုဏ်းတစ်ဝိုက်ရှိဒေသထက်ပင် များမြောင်သည်။ ဤတောင်တန်းက ကျိုးပြည်တွင် အကြီးဆုံးဖြစ်ပြီး ပြည်ကာရံတောင်စဉ်တန်းဟူ၍ လူသိများသည်။ အဝေးမှကြည့်လျှင်ပင် ၎င်းတို့ကို ကျော်၍ မမြင်နိုင်သည့်အပြင် ညအခါများဆိုလျှင် မြင့်မြတ်သောအငွေ့အသက်များ ထုတ်လွှတ်လျက် အိပ်စက်နေသော နဂါးတစ်ကောင်၏ကျောရိုးပမာ ထင်ရသည်။

မန်ဟိုသည် ခေါင်းကိုနှိမ့်ချလိုက်ပြီ ပြည်ကာရံတောင်စဉ်တန်းအတွင်းသို့ သုတ်သုတ်ပြေးသွားသည်။ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း သူ၏ဘဝတွင် ထွက်ပြေးခဲ့ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ ထိုနှစ်တုန်းက တောင်နက်တောင်ပေါ်က အတွေ့အကြုံများအရ အခွင့်အလမ်းများကို မည်သို့ရယူနိုင်မည်လဲ မန်ဟို သိသည်။ သူသည် တတ်နိုင်သလောက် မြန်မြန်ပြေးလာရင်း တောင်၏အနက်ပိုင်းထဲသို့ ရောက်သထက်ရောက်လာ၏။

ရှန့်ကွမ်းရှိုးလည်း အရှိန်မလျော့ပေ။ မန်ဟို ဘယ်သွားသွား၊ သူ လိုက်သွားမည်။ သူသည် မန်ဟိုအား သတ်ပြီး ရတနာများရယူရန် စိတ်ပိုင်းဖြတ်ထားပြီးသားဖြစ်သည်။ အချိန်သိပ်မရှိတော့မှန်းလည်း သူ သိသည်။ သူစိုက်ခဲ့သော ဆေးပင်များသည် ကြီးထွားနေပြီး ရိတ်သိမ်းရန် အသင့်ဖြစ်သည်။ သူ နောက်ကျနေလျှင် ၎င်းတို့သည် ညှိုးနွမ်းသွားပြီ သူ၏အနာဂတ်အစီအစဉ်များကို ပျက်ပြားစေလိမ့်မည်။

သူ၏ခန့်မှန်းချက်အရ မန်ဟိုကို တစ်ရက်နှစ်ရက်အတွင်း ရှင်းပြီးသင့်ပြီ။ ဤမျှနှောင့်နှေးမှုကတော့ လက်ခံနိုင်သေးသည်။ ထို့ကြောင့် သူသည် တွန့်ဆုတ်မနေဘဲ တောင်များကို ဖြတ်၍ လိုက်ဖမ်းနေ၏။

မန်ဟိုနှင့် ရှန့်ကွမ်းရှိုးတို့ ၀င်ရောက်ခဲ့သော ကျိုးပြည်ကာရံတောင်စဉ်တန်း၏ နေရာမှ ငါးရာကီလိုမီတာအကွာအ‌ဝေးခန့်တွင် မြင့်မားသောတောင်တန်းကြီးတစ်တန်း ပေါ်ထွက်နေသည်။

တောင်ထိပ်သည် တိမ်များကြားမှ ထိုးထွက်နေရာ အဝေးမှ မြင်နေရ၏။ တောင်တစ်ဝက်မှ တောင်ထိပ်အထိ အဖြူရောင်နှင်းများဖြင့် ဖုံးလွှမ်းနေသည်။ ၎င်းတောင်သည်  ပတ်၀န်းကျင်ရှိ တောင် များထက် ပို၍ကြီးမားပြီး တောင်ထိပ်မှလည်း အလင်းရောင်စဉ်များ ဖြာထွက်နေရာ တောင်တစ်တောင်လုံးသည် စီးဆင်းနေသောရေတံခွန်ကြီးအလားဖြစ်နေ၏။

ဤတောင်၏နောက်တွင် ဓားနှင့်ထိပ်ကို ဖြတ်ထားသကဲ့သို့ ပြန့်ပြူးညီညာ၍ လွင်ပြင်သဖွယ် စင်မြင့်ဖြစ်ပေါ်နေသော တောင်နောက်တစ်လုံးရှိသည်။ ။ စင်မြင့်ထက်၌ အဖြူရောင်ဝတ်ရုံရှည်များနှင့် ကျင့်ကြံသူအ‌ယောက်တစ်ရာနီးပါး စုဝေးနေကြသည်။

သူတို့သည် ငယ်ရွယ်ကြပြီး အသက်အငယ်ဆုံးအုပ်စုသည် ၁၁ နှစ် သို့မဟုတ် ၁၂ နှစ်အရွယ်ဖြစ်ကြကာ အသက်အကြီးဆုံးအုပ်စုသည် ၁၇ နှစ် နှင့် ၁၈ နှစ်တို့ဖြစ်ကြသည်။ ယောက်ျားလေးများနှင့် မိန်းကလေးများရှိပြီး အကုန်လုံးက စိတ်အားထက်သန်စွာ မျှော်လင့်နေသော အမူအရာရှိသည်။ တချို့က သူတို့၏ ကျင့်ကြံအဆင့်ကို ဖုံးကွယ်ထားပုံရပြီး မာနကြီးသောအသွင်အပြင်များ ရှိကြသည်။

တချို့က စဦးချီဖွဲ့စည်းခြင်းအဆင့် ၇ သို့မဟုတ် ၈ ၌ရှိပြီး အချို့မှာ အဆင့် ၉ တွင်ရှိသည်။ အားအနည်းဆုံးသူများသည် အဆင့် ၅ သို့မဟုတ် အဆင့် ၆ တွင်ရှိသည်။ ကျိုးပြည်တွင် ဤကဲ့သို့သော တပည့်များရှိသည့် ဂိုဏ်းမရှိပေ။ ဤလူငယ်အုပ်စုကို စုဆောင်းသူသည် တောင်ပိုင်းဒေသမှ အဓိကဂိုဏ်းတစ်ဂိုဏ်းဖြစ်ကြောင်း ရှင်းသည်။

သူတို့၏အဝတ်အစားအားလုံးမှာ ဆင်တူ၀တ်ရုံများဖြစ်ပြီး သူတို့တွင် ပတ်၀န်းကျင်ရှိ အရာအားလုံးအပေါ် သက်ရောက်နိုင်သည့် စွမ်းအားရှိသကဲ့သို့ ရှိန်စဖွယ်အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ တချို့က ပါရမီရှင်များဖြစ်ကြပြီး အကုန်လုံး တက်ကြွနေကြလေသည်။ သူတို့ကား ကျင်ကြံသူတို့၏ကမ္ဘာတွင် နေထိုင်ကြသူများဖြစ်ကြောင်း ရှင်းလင်းလှသည်။

“ဒါတွေက ကျွန်တော့်ရဲ့ အပြင်စည်းဂိုဏ်းက တပည့်တချို့ပါ” ကျေနပ်နေသော ရယ်သံဖြင့် အသံတစ်သံက ပြောလိုက်သည်။ “ဘယ်လိုထင်သလဲ၊ လူထူးဆန်းစုန့်” အုပ်စု၏ရှေ့ဘက် စင်မြင့်၏အစွန်းနားတွင် အဘိုးအိုနှစ်ဦးသည် ကျားခုံကို ရှေ့တွင် ဖြန့်လျက် ခြေထောက်နှစ်ချောင်းယှက်၍ ထိုင်နေကြ၏။ ရယ်လိုက်သူကတော့ သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ သူ၌ဆံပင်ဖြူများရှိပြီး အဖြူရောင်ဝတ်ရုံလုံရှည်ကို ဝတ်ဆင်ထားကာ တန်ခိုးရှင်ကဲ့သို့ တင့်တယ်နေသည်။

သူ့မျက်လုံးများက လင်းလက်နေပြီး မာနတို့ဖြင့် ပြည့်နေ၏။ သူက ဆက်ပြီးရယ်နေသည်။

သူ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသူကတော့ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူထူးဆန်းစုန့်ပင်။ သူ၏ရှည်လျားသော မီးခိုးရောင်ဆံပင်သည် ပွရောင်းနေပြီး သူက တောက်ပစွာ ပြုံးလိုက်သည်။

“တော်လိုက်တာ တော်လိုက်တာ၊ မင်းရဲ့ ဇီယွင်ဂိုဏ်းက တောင်ပိုင်းဒေသရဲ့ ကြီးကျယ်ခမ်းနားတဲ့ဂိုဏ်း ငါးဂိုဏ်းထဲက တစ်ဂိုဏ်းလို့ ခေါ်ထိုက်ပါပေတယ်။ မင်းရဲ့ အပြင်စည်း တပည့်တွေထဲမှာ တချို့က အလားအလာရှိနေတာပဲ ၀ူတင်းချိုးရေ” လူထူးဆန်းစုန့်က ပြုံးနေပြီး လေအေးတစ်ချက်က တိုက်ခတ်လာသည်။ ငေးကြည့်နေသောတပည့်များအား ခိုက်ခိုက်တုန်သွားကြသည်။

“ကောင်းပြီ၊ ကဲ အလောင်းအစားပြုကြစို့” အဖြူရောင်၀တ်လူက မျက်လုံးများ အရောင်တောက်နေလျက် ပြုံးပြီးပြောလိုက်သည်။ သူ့လက်မှ ဖမ်းဆုပ်သည့်ဟန်လုပ်လိုက်လျှင် ရုတ်တရက် လူ့ဦးခေါင်းအရွယ်အစားရှိသော ကျောက်တုံးကြီးတစ်တုံးပေါ်လာသည်။ ၎င်းသည် သူ့ဘေးရှိ မြေပြင်ပေါ်သို့ ဝုန်းခနဲ ကျသွား၏။

ကျောက်တုံးမှာ မည်းနက်၍ အလင်းမပြန်သော်လည်း အတွင်း၍ တောက်ပနေသော အနက်ရောင် အလင်းရောင်ကို တွေ့မြင်နိုင်သည်။ မရေမတွက်နိုင်သော ကျောက်မျက်ရတနာများနှင့် ဖွဲစည်းထား သကဲ့သို့ တလက်လက် တောက်ပနေလေသည်။

“ဒီဟာ ကျုပ် လောင်းကြေးအဖြစ် ထည့်မယ့် ကောင်းကင်ဘုံသလင်းခဲပဲ” အဖြူရောင်၀တ်လူသည် တောက်ပသော မျက်လုံးများနှင့် လူထူးဆန်းစုန့်အား ကြည့်လိုက်သည်။

“ကိစ္စမရှိပါဘူး”  လူထူးဆန်းစုန့်က ပြောရင်း အကျီလက်ကို ခါလိုက်သည်။ “ ဒါက မင်းရဲ့ မျက်စိကျနေတဲ့ ကြယ်အပိုင်းအစပဲ။” လက်သီးအရွယ်အစားရှိ ကြီးမားသောသံတုံးကြီးတစ်တုံး ပေါ်လာသည်။ ၎င်းသည် မြင်ကွင်းရှိအရာအားလုံးကို ၀ါးမျိုနိုင်သကဲ့သို့ အနက်ရောင်အလင်းရောင်ကို ဖြန့်ကျက်လိုက်၏။ ၎င်းက သာမန်မဟုတ်ကြောင်း သိသာပေသည်။ “တောင်ထိပ်ပေါ်က အလံကို မြင်လား။ မင့်တပည့်တွေ အဲဒီအလံကို ဖြုတ်နိုင်ရင် မင်းနိုင်ပြီ။ ဒါပေမဲ့ မင်းတပည့်တွေက အဲဒီတောင်ကို တက်ဖို့ လုံလုံလောက်လောက် မကျွမ်းကျင်ရင်တော့ ကောင်းကင်ဘုံသလင်းခဲက ငါ့အပိုင်ပဲ” သူက အားရပါးရ ရယ်လိုက်သည်။

“စိန်လိုက်လေ” အဖြူရောင်၀တ်လူသည် ယုံကြည်မှုရှိရှိ ပြောသည်။ “ငါ့တပည့်တွေက မင်းရဲ့အလံလေးကို သေချာပေါက်ယူနိုင်တယ်။ သူတို့က မင်း မွေးထားတဲ့ မိစ္ဆာသားရဲတွေကိုလည်း သတ်ပစ်ပြီး မင်းတောင်ပေါ်က ရတနာတွေအားလုံးကို ရှင်းပစ်လိမ့်မယ်။ အဲဒီလိုဖြစ်မှ ပြောပြီးစကား ပြန်မရုတ်သိမ်းလိုက်နဲ့။”

“ငါ ကောင်းကင်နဲ့မြေကြီးထဲမှာ နှစ်ပေါင်းလေးရာတိုင် လှည့်လည်သွားလာခဲ့ပြီးပြီ။ ပြောြပီးသား စကားကို ပြန်ရုတ်သိမ်းတာ တစ်ခါမှ မရှိခဲ့ဘူး။ ဟုတ်တယ် ဒီတောင်ကို ရတနာတွေ ဝိညာဉ်ကျောက်တုံးတွေ အပြင် ငါ သေချာမွေးထားတဲ့ မိစ္ဆာသားရဲတွေနဲ့ ပြည့်နေ အောင်လုပ်ထားပြီးပြီ။ ဒါပေမဲ့ ငါ့စကားကို မှတ်ထား။ တောင်ကိုဖွင့်လိုက်တာနဲ့ ၇ရက် အတွင်း ချီအခြေတည်အဆင့်ရှိတဲ့ ဘယ်သူမဆို ၀င်နိုင်တယ်။ မင်းတပည့်တွေတင်မကဘူး တခြားဂိုဏ်းက တပည့်တွေကောပဲ။ ဘယ်သူမဆိုဝင်နိုင်တယ်

“အရည်အချင်းရှိတဲ့ ဘယ်သူမဆို ရတနာတွေကို ကြိုးစားယူလို့ရတယ်။ တစ်ယောက်ယောက် အကုန်ယူသွားလည်း ငါ မျက်မှောင်တစ်ချက်တောင် ကြုတ်မှာမဟုတ်ဘူး။ ငါ့စကားကို ပြန်ရုပ်သိမ်းမိခဲ့ရင် ငါ့မျိုးရိုးက စုန့် မဟုတ်တော့ဘူး။” လူထူးဆန်းစုန့်က ခေါင်းမော့၍ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“ဒါပေမဲ့ တောင်ထိပ်ကိုတက်ပြီး ရတနာတွေကို မယူနိုင်ရင်တော့ ငါ့မိစ္ဆာသားရဲတွေရဲ့ အစာဖြစ်သွားလိမ့်မယ်။ ဒါကလည်း သူတို့ထိုက်နဲ့သူတို့ကံပဲပေါ့” သူသည် အေးစက်စက် ပြုံး၍ ပြောလိုက်ပြီး သူ၏ မျက်လုံးများက လှောင်ပြောင်မှုတို့ဖြင့် ပြည့်နေ၏။

“ငါ့ဇီယွင်ဂိုဏ်းတပည့်တွေက ထူးချွန်ပြီးသား” ၀ူတင်းချိုးက စိုက်ကြည့်၍ ပြောလိုက်သည်။ သူ့အသံက ဟိန်းထွက်လာသည်။ “တောင်ကိုရှင်းပစ်ဖို့ဆိုတာ လက်ဖ၀ါးလှန်သလောက်ကို လွယ်တယ်”

“ငါ့ရတနာတောင်ရဲ့ ပတ်ချာလည်း ကီလိုမီတာတစ်ရာအတွင်းမှာ မိစ္ဆာသားရဲတွေက လွတ်လွတ်လပ်လပ် လျှောက်သွားနေကြတယ်။ ငါက နှစ်တစ်သောင်းလောက် အလင်းရောင်မရရှိခဲ့တဲ့ အရှေ့ပင်လယ်အောက်ခြေက မြေဘဆီလွှာနဲ့ ဒီမြေကို အစာကျွေးထားတာ။ တောင်ပိုင်းဒေသက တျန်ရှန်းတောင်ထိပ်ဆီတောင် သယ်သွားပြီး နှစ်ခြောက်ဆယ်လုံး သန့်စင်မွမ်းမံပြီးမှ ဒီတောင်ပေါ် ဖို့ခဲ့တာ။ ကမ္ဘာပေါ်မှာ ဒီလိုအရာ မရှိတော့ဘူး။ ဒီနေရာမှာရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်ချင်းစီကလည်း ငါကိုယ်တိုင် ဖန်တီးထားတဲ့ ထူးခြားမျိုးစိတ်တွေ။ မိုးကောင်းကင်ရဲ့အောက်က နေရာအနှံအပြားကနေ ငါ ကြိုးစမ်းပမ်းစား စုဆောင်းခဲ့ရတဲ့ သန္ဓေပြောင်းသားရဲတွေမလို့ သူတို့က ကြမ်းတမ်းကြတဲ့အပြင် ထူးခြားတယ်။ အယောက်တစ်ရာလောက်ရှိတဲ့ မင်းရဲ့တပည့်တွေက ငါ မိစ္ဆာသားရဲတွေအတွက် ဗိုက်မဝမှာပဲ စိတ်ပူမိတယ်” လူထူးဆန်းစုန့်သည် သူ၏မုတ်ဆိတ်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ရင်း စိုက်ကြည့်နေ၏။

***

All Chapters