နတ်မီးလျှံစမ်းသပ်ခြင်းတောင်
Vol. 4 Ch. 49
“ငါရဲ့ဇီယွင်ဂိုဏ်းဟာ တောင်ပိုင်းဒေသရဲ့ ဂိုဏ်းကြီးတွေထဲက တစ်ဂိုဏ်းပဲ။ ဒီကလေးတွေက အပြင်စည်းတပည့်တွေ ဆိုမယ့် ဂိုဏ်းကို ဝင်ရောက်ဖို့အတွက် တစ်ယောက်စီတိုင်းက ဂိုဏ်းက သတ်မှတ်ထားတဲ့ ခက်ခဲတဲ့စမ်းသပ်မှုကိုးခုကို ကျော်ဖြတ်ခဲ့ရတာ။ လစဥ်လတိုင်းလည်း သဘာဝစွမ်းအင်ကြွယ်ဝတဲ့ ဝိညာဉ်စမ်းအိုင်ထဲမှာ စိမ်ကြရတယ်။ အားလုံးမှာ တခြားဂိုဏ်းတွေမှာ မြင်ရတဲ့ ထူးခြားတဲ့ပါရမီတွေ ပါကြတယ်
“မင်းရဲ့ခွေးချီးပုံသာသာ တောင်လောက်ကတော့ ငါရဲ့ဂိုဏ်းသားတွေ လက်တစ်ချက်လှုပ်စာလောက်ပဲ ရှိတယ်။ မင်းရဲ့ မိစ္ဆာသားရိုင်းများက ငါရဲ့တပည့်ဂိုဏ်းသားတွေ စားဖို့တောင် မတန်။ အရိုင်းအစိုင်းသတ္တဝါတွေထက်မှ မပိုတာ” ဝူတင်းချိုးက ပြော၍ စိုက်ကြည့်လိုက်သည်။ သူ့နောက်တွင်ရပ်နေသော ဂိုဏ်းသားများလည်း လူထူးဆန်းစုန့်ကို အထင်သေးစွာကြည့်လိုက်ကြသည်။
လူထူးဆန်းစုန့်သည် အံ့ဩလွန်း၍ ငေးကြည့်နေမိသည်။ သူ အင်္ကျီလက်စကိုဝှေ့ယမ်းကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ဝူတင်းချိုးက သူတပည့်တွေရှိရာသို့ မျက်နှာမူလိုက်ပြီး …..
“ဇီယွင်ဂိုဏ်းသားတို့။ ဒါမင်းတို့အတွက် ဂိုဏ်းပြင်ပကို စွန့်စားတာ ပထမဆုံးအကြိမ်ပဲ၊ ရှင်ခြင်းတရား နဲ့ သေခြင်းတရား ဒွန်တွဲနေတဲ့ ဒီတောင်ဟာ မင်းတို့ကို အတွင်းစည်းဂိုဏ်းသားဖြစ်ဖို့ ဆုံးဖြတ်ပေးမယ့်နေရာဖြစ်တယ်။ ဒီတောင်ပေါ်ကို ခြေချလိုက်တာနဲ့ ခရီးတဝက်ရောက်နှင့်နေပြီးသားဆိုတာကို မင်းတို့သတိရရမယ်။ တောင်ထိပ်ကို တက်ပြီး အလံကို ယူနိုင်တဲ့သူဟာ ငါရဲ့တပည့်ဖြစ်ခွင့်ရပြီး ဇီယွင်ဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းသား အဖြစ် ချက်ချင်း ရာထူးတိုးမြှင့်ခြင်း ခံရမှာဖြစ်တယ်။ မင်းတို့ ဘာလုပ်နေကြတာလဲ အမြန်လှုပ်ရှားတော့လေ”
ထိုစကားကိုကြားလိုက်သောအခါ ဝတ်ရုံဖြူဝတ်ဂိုဏ်းသားများမှာ စိတ်အားတက်ကြွလာပြီး မျက်လုံးများ တောက်ပလာကြသည်။ ဤသည်မှာ သူတို့အတွက် ဂိုဏ်းအပြင်ထွက်ခွင့်ရသည့် ပထမဆုံးအကြိမ်ပင်။ တချို့က အတွင်းစည်းဂိုဏ်းသား ဖြစ်ရန် ဆန္ဒပြင်းပြနေကြပြီး တချို့ကတော့ ရတနာများ ရယူဖို့သာ ဆန္ဒရှိနေကြသည်။ သူတို့ ဂိုဏ်းတွင်ကြားခဲ့ရသော ကောလဟာလတွေအရ ဤကျိုးပြည်၏ ရတနာတောင်တွင် မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများ၊ ဆေးဝါးများနှင့် မှော်ပစ္စည်းများကို ဖွက်ထားကြသည်ဟု ဆိုကြသည်။
လူတစ်ရာ နီးပါးလောက် တောင်ဆီ ပြေးသွားကြသောမြင်ကွင်းမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။
တောင်ထိပ်သည် အလွန်မြင့်မားပြီး သစ်တောများဖြင့် အုပ်စိုင်းနေသည်။
ချက်ချင်းဆိုသလို တောအုပ်ထဲမှ မိုးကြိုးပစ်သံကဲ့သို့ ဆူညံသံများ ထွက်ပေါ်လာလေသည်။ သားရိုင်းအော်သံများသည် ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
အချိန်နှစ်နာရီခန့်ကုန်လွန်သွားသောအခါ မိစ္ဆာသားရိုင်းတောစပ်ဆီမှ အော်ဟစ်သံများ အဆက်မပြတ်ထွက်ပေါ်လာကာ မကြာမီပင် ဇီယွင်ဂိုဏ်းသား ခုနစ်ယောက် ရှစ်ယောက်လောက်တို့သည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် တောအုပ်ထဲမှ ရုတ်တရက် ထွက်ပြေးလာကြသည်။ ကျားခန္ခာကိုယ်နှင့်နဂါးခေါင်းရှိသော မိစ္ဆာသားရိုင်းသုံးကောင် က သူတို့နောက်သို့ လိုက်နေသည်။ မိစ္ဆာသားရိုင်းသုံးကောင်၏ခြေလှမ်းများမှာ မြေပြင်တုန်လှုပ်သည့်တိုင်အောင် အလွန်ပင်ပြင်းထန်လှသည်။
ထိုသတ္တဝါများ၏စွမ်းအားသည် သာမန်ထက်လွန်ကဲ၍ အတိုင်းအဆမဲ့သည်ဟုထင်ရ၏။ ၎င်းတို့၏ အမွှေးများက အလွန်ထူထပ်ရှည်လျားပြီး ရက်စက်ကြမ်းကြုတ်သောပုံသဏ္ဍာန် ရှိသည်။ အသက်ရှုလိုက်သောအခါ ၎င်းတို့၏ ခန္ဒာကိုယ် ပတ်ပတ်လည်၌ မကောင်းသောအရှိန်အဝါများထွက်ပေါ်လာပြီး အတွေ့အကြုံမရှိသော ဂိုဏ်းသားများကို သေလောက်အောင် ကြောက်ရွံ့စေသည်။ ဂိုဏ်းသားများမှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ကရောသောပါး ပြေးကြတော့သည်။
ဂိုဏ်းသားများ တောအုပ်အပြင်ဖက်ရောက်သည်နှင့်တစ်ပြိုင်နက် မိစ္ဆာသားရိုင်းများသည် သူတို့နောက်လိုက်ခြင်း ရပ်တန့် လိုက်ကြ၏။ ထို့နောက် မိစ္ဆာသားရိုင်းများက ကြောက်စရာကောင်းသောအကြည့်ဖြင့် ဂိုဏ်းသားများအား ကြည့်၍ တောအုပ်ထဲသို့ ပြန်လည်ဝင်ရောက်သွားလေတော့သည်။
ကုန်းမြင့်ပေါ်တွင် လူထူးဆန်းစုန့်သည် ဟားတိုက်ရယ်မောလိုက်ပြီး “ကြည့်စမ်း ဝူတင်းချိုး၊ သူတို့ဟာ ငါမွေးထားတဲ့ ဝိညာဉ်သားရိုင်းတွေလေ၊ မင်းဘယ်လိုထင်လဲ? မင်းရဲ့ ဂိုဏ်းသားတွေဟာ ဝိညာဉ်စမ်းအိုင်ထဲမှာ ကြီးပြင်းလာတာတောင်မှ ဘာတစ်ခုမှ ကောင်းကောင်းမလုပ်နိုင်ဘူး။ ဒီရတနာတောင်ပေါ်မှာရှိတဲ့ စွမ်းအားပိုကြီးတဲ့ ဝိညာဉ် သားရိုင်းတွေ မဆိုထားနဲ့ မင်းရဲ့ ဂိုဏ်းသားတွေက ဒီဝိညာဉ်သားရိုင်းတောကိုတောင်မှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး!”
ဝူတင်းချိုးသည် စိတ်မသက်မသာဖြစ်နေသောမျက်နှာဖြင့် ထိုင်နေပြီး ဂိုဏ်းသားများကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေကာ မောက်မာသောလေသံဖြင့် ပြောလိုက်၏။ “ဒီဂိုဏ်းသားတွေက စဦးချီဖွဲ့စည်းခြင်းအဆင့် ၅ (သို့) ၆ မှာပဲ ရှိသေးတယ်။ ဂိုဏ်းအတွက် အမှန်တကယ်ရွေးချယ်ထားတဲ့သူတွေက တောအုပ်ထဲ ရောက်နေပြီလေ။ မကြာခင် မင်းရဲ့တောင်ဆီ သွားပြီး မင်း ဝှက်ထားတဲ့အမှိုက်တွေကို ရှင်းပစ်လိမ့်မယ်!”
အချိန်နောက်ထပ်နှစ်နာရီခန့်ကုန်လွန်သွားပြီးနောက်…………
ယခုအချိန်အထိတောအုပ်မှတဆင့် တစ်ဦးတစ်ယောက်မျှ တောင်ပေါ်သို့တက်နိုင်ခြင်းမရှိသေးပါ။ ချက်ချင်းပင် အော်ဟစ်သံများ တောအုပ်ထဲမှ ထပ်မံထွက်လာသည်။ များမကြာမီ ဇီယွင်ဂိုဏ်းသားဆယ်ယောက်လောက်သည် ကြောက်လန့်တကြီး ထွက်ပြေးတိမ်းရှောင်လာကြ၏။ သူတို့၏မျက်နှာများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး အချို့မှာ ဒဏ်ရာများရရှိခဲ့သည်။ ဤသည်မှာ သူတို့အတွက် ဂိုဏ်းပြင်ပသို့ ပထမဆုံး အကြိမ်ရောက်ရှိလာခြင်းဖြစ်ရာ လေဒဏ်မိုးဒဏ်တစ်ခါမှ မခံဖူးသည့် အိမ်အတွင်း၌ စိုက်ပျိုးသောပန်းများနှင့် တူနေကြသည်။ သူတို့နောက်သို့ မိစ္ဆာသားရိုင်းငါးကောင်အုပ်စု လိုက်လာြက၏။ တစ်ကောင်သည် ရက်စက်သော အနက်ရောင်ကျားဖြစ်သည်။ အခြားတစ်ကောင်မှာ ၆ မီတာနီးပါး ရှည်သောဒေါင်းဖြစ်ပြီး ကျန်သောအကောင်များမှာတော့ ပုံသဏ္ဍာန် ဖော်ြပရန် ခက်ခဲပြီး သိသာစွာကွဲပြားထူးခြားနေသည်။
ကုန်းပြင်မြင့်တွင် လူထူးဆန်းစုန့်သည် နောက်တဖန်ကျေနပ်ပြီး စိတ်ဓာတ်တက်ကြွနေပုံပေါ်နေ၏။ ဝူတင်းချိုး၏ မျက်နှာ တဖြည်းဖြည်း မှုန်မှိုင်းလာသည်ကို မြင်လေ သူ ပိုပြီးပျော်ရွှင်လာလေဖြစ်နေသည်။
“ဝူတင်းချိုး ဒါမင်းရဲ့ဇီယွင်ဂိုဏ်းက အထူးချွန်ဆုံးတပည့်တွေလား။ ဝိညာဉ်စမ်းအိုင်မှာ လေ့ကျင့်ထားလည်း အသုံးဝင်ပုံမရဘူး။ စိတ်ဝိညာဉ်စွမ်းအင်တွေ ရရှိထားတာတောင်မှ သူတို့ကောင်းကောင်းမလုပ်နိုင်မှာကို ငါစိုးရိမ်မိတယ်။ ငါရဲ့ ရတနာတောင်ဟာ တောင်ပိုင်းဒေသမှာ တွေ့ရခဲတဲ့အရာတွေနဲ့ ပြည့်နှက်နေတာ။ ငါ့ သားရိုင်းတွေ ကြီးထွားလာဖို့ လွန်ခဲ့တဲ့နှစ်တွေမှာ ငါ့ရဲ့စွမ်းအင်အားလုံးကို သုံးခဲ့ရတယ်။ မင်းတို့ ဇီယွင်ဂိုဏ်းကို စမ်းသပ်ဖို့ စောင့်နေတာ အချိန် အတော်ြကာခဲ့ပြီ။”
ဝူတင်းချိုး၏မျက်နှာသည် အလွန်မဲ့လာပြီး မီးတောင်ကဲ့သို့ အချိန်မရွေး ပေါက်ကွဲတော့မည့်ပုံပင်။ သူက မာမာထန်ထန်ဖြင့် ... “အဖြစ်မရှိတောင်ပါကွာ။ ထွက်ပြေးလာကြတဲ့ဂိုဏ်းသားတွေဟာ အသုံးမကျတဲ့ကောင်တွေ။ တကယ် ရွေးချယ်ထားသောသူတွေကတော့….…” ဟု သူ၏နှုတ်မှထွက်လာသည့်အချိန်တွင်ပင် သူ၏မျက်လုံးများ ပြူးသွား၏။ ယခုလေးတင် ဂိုဏ်းသားအနည်းငယ်သည် တောစပ်မှ ထွက်ပြေးလာကြ၏။ သူက ချက်ချင်း ခုန်၍ ကြိမ်းမောင်းလိုက်သည်။ “ပြန်သွားကြစမ်း ထွက်ပြေးရဲတဲ့သူကို ငါ့ဂိုဏ်းကနေ ထုတ်ပစ်မယ်”
သူအော်လိုက်သောအသံသည် ကီလိုမီတာ ၅၀ အကွာအဝေးလောက်အထိ ပျံ့လွင့်သွားသည်။ ထိုအသံကိုကြားသော ဂိုဏ်းသားများမှာ ကြောက်ရွံ့တုန်လှုပ်ကုန်ကြပြီး ထွက်မပြေးရဲကြတော့ပေ။ သူတို့သည် အံကြိတ်ပြီး တောအုပ်ဖက်သို့ ပြန်လှည့်သွားကြသော်လည်း သူတို့နောက်သို့လိုက်လာသော သားရဲများကိုမူ မတိုက်ခိုက်ရဲတော့ပဲ ကြောက်လန့် နေကြ၏။
တောအုပ်ထဲမှ ထွက်ပြေးလာကြသော ဂိုဏ်းသားများသည် ကြောက်ရွံ့နေပြီး တောအုပ်ထဲသို့ ပြန်သွားသင့် မသွားသင့် တွေးကာ တွန့်ဆုတ်နေကြသည်။
“ခုနစ်ရက်ကာလအတွင်း ဇီယွင်ဂိုဏ်းကပဲဖြစ်ဖြစ် အခြားဂိုဏ်းကပဲဖြစ်ဖြစ် ဘယ်သူမဆို ငါ့တောအုပ်ထဲသို့ ဝင်နိုင်တယ်” လူထူးဆန်းစုန့်က ရယ်ရင်း ပြောသည်။ “ဒီရတနာတောင်ပေါ်ကို ခြေချနိုင်တဲ့ ဘယ်သူမဆို ရတနာတွေကို ယူသွားခွင့်ရှိတယ်။ တောင်ထိပ်ပေါ်မှာ အလံထားတာဟာ မျှတပါတယ်။ အဲဒီမှာ တောင်တွေ မြစ်တွေ ထည့်လို့ရတဲ့ အဖိုးတန်စကြာဝဠာအိတ်တစ်လုံး ငါ ထားထားတယ်”
လူထူးဆန်းစုန့်၏ ရယ်မောသံကိုကြားရသောအခါ ဝူတင်းချိုး၏မျက်နှာကား ပိုမဲ့လာတော့သည်။ ဝူတင်းချိုးသည် လူထူးဆန်းစုန့်ကို အလွန်ပင်ဒေါသထွက်နေ၏။ လူထူးဆန်းစုန့်က တောင်ပေါ်တွင် ရတနာများကို စုဆောင်းပြီး ၎င်းတို့ကို လုံးဝမထိနိုင်ဟု ယုံကြည်နေပုံရသည်။ ဝူတင်းချိုးက ဝတ်ရုံကို ဝှေ့ယမ်းကာ ထွက်သွားရန်ပြင်လိုက်သည်။ သူ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရ၍ ဆက်နေရန် မစွမ်းနိုင်တော့ပါ။ သူမထွက်သွားခင် လူထူးဆန်းစုန့်သည် သူ့လမ်းကို ပိတ်ရပ်လိုက်၏။
“တာအိုရောင်းရင်းဝူ ငါတို့မှာ စည်းမျဉ်းတစ်ခုရှိတယ်လေ။ ဒီကစားပွဲ မပြီးသေးခင် ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး။ မင်းလည်း တောင်ပိုင်းဒေသဂိုဏ်းကြီးတွေထဲက အကြီးအကဲတစ်ယောက်ပဲ။ မင်းစကားတွေကို ပြန်ရုပ်သိမ်း တော့မလို့လား” ဟု လူထူးဆန်းစုန့်က လှောင်ရယ်ရင်း ပြောလိုက်သည်။ ဝူတင်းချိုးထွက်သွားမှာ မဟုတ်ကြောင်း သူ အခိုင်အမာယုံကြည်သည်။
ထိုအချိန်တွင် မန်ဟိုကတော့ ထောင်နှင့်ချီသော ကီလိုမီတာအကွာတွင် ရှိပြီး တောင်ကို ဖြတ်၍ လျင်မြန်စွာ ပျံသန်းလာနေသည်။ ဆောင်းဦးရွက်များက လေထဲတွင်ဝဲနေပြီး သူ့နောက်တွင် ရှန့်ကွမ်းရှိုးက သူ့အား သတ်ဖို့ရန် ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လာနေသည်။
“ပြည်ကာရံတောင်တန်းဟာ အဆုံးမရှိဘူး မန်ဟို” ရှန့်ကွမ်းရှိုးက ပြောလိုက်သည်။ “အနက်ပိုင်းထဲရောက်လေ ဆိုးရွားတဲ့ အငွေ့အသက်တွေ ပြည့်လာလေလေမလို့ ဒီလမ်းကို သွားတာက သေလမ်းရွေးတာနဲ့ တူတူပဲ”
“တိတ်စမ်း” မန်ဟိုက မျက်မှောင်ကြုတ်၍ အေးစက်စွာပြောလိုက်တယ်။ မန်ဟိုသည် တစ်ချိန်လုံးနှုတ်ဆိတ်နေခဲ့သော်လည်း ဤတစ်ခွန်းတော့ ပြောလိုက်၏။ ရှန့်ကွမ်းရှိုးက သူ့အတွက် အလွန်ပင် စိတ်ရှုပ်စရာကောင်းသည်။ အင်မတန်လည်း စကားများလှသည်။
ရှန့်ကွမ်းရှိုး၏မျက်လုံးများ တောက်ပလာပြီး သူက လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
မန်ဟိုသည် သူ့ရင်ဘတ်တွင် စူးအောင့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။ သူ၏မျက်နှာသည် နာကျင်မှုများနှင့် ပြည့်နှက်နေပြီး သူ့ပါးစပ်မှ သွေးတစ်ပွက်အန်ထုတ်လိုက်သည်။
“မင်းနောက်ဆုံးတော့ စကားပြောပြီပေါ့ ကောင်လေး။ မင်း ငါလှည့်ကွက်ထဲ ရောက်သွားပြီ! အဲ့ဒါက နှလုံးနဲ့သွေးကြောတွေကို ပျက်ဆီးစေတဲ့ ငါတို့ဘိုးဘွားပိုင် မှော်အတတ်ပဲ” ရှန့်ကွမ်းရှိုးသည် ကောက်ကျစ်စွာပြုံးလိုက်ပြီး အရှိန်မြင့်လိုက်သည်။ သူ့ညာဖက်လက်ကို မြှောက်ပြီး ငါးရောင်ခြယ်ရောင်စဉ်တန်းသိုင်းကွက် ထုတ်၍ မန်ဟိုဆီသို့ ပစ်လိုက်သည်။ ၎င်းက မန်ဟိုဆီသို့ မရောက်ခင် ရုတ်တရက် မကောင်းဆိုးဝါးပုံစံအခိုးအငွေ့များဖြစ်ကာ မန်ဟိုထံ ပြေးဝင်လာသည်။
မန်ဟိုက အေးဆေးစွာ ပြန်ကြည့်လိုက်သည်။ သူ၏ပါးစပ်မှ သွေးများကိုထွေးထုတ်ရန်ပင် အချိန်မပေးပဲ သူ၏လက်များကို မုဒြာပုံစံများ ပြုလုပ်လိုက်ပြီးသူ၏ခန္ခာကိုယ်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။ ထိုစဉ် အခိုးအငွေ့များ အနားရောက်လာစဉ် သူ့ဘယ်လက်မှ ဦးခေါင်းအရွယ်ရှိသော ရေလုံးကြီး ထွက်ပေါ်လာသည်။ မီတာ ၃၀ လောက်ရှိသော မြွေမီးတောက်ကြီးတစ်ခုက သူ၏ညာလက်မှ ဟိန်းဟောက်ရင်း ထွက်လာသည်။ ရေလုံးကြီးက ရေမြှားများအဖြစ် ခွဲထွက်ကာ ရှန့်ကွမ်းရှိုးဆီ ဦးတည်သွားသည်။
ထို့နောက် မြွေမီးတောက်ကြီးသည် လေလယ်တွင် ပေါက်ကွဲကာ အပူလှိုင်းများအား ဖြန့်ကျက်လိုက်သည်။ ထိုအခါ ရေများသည် အငွေ့အဖြစ် ပြောင်းလဲသွား၏။ မန်ဟို့ကျင့်ကြံခြင်းအခြေခံ၏ စေစားမှုအတိုင်း အငွေ့များက မကောင်းဆိုးဝါးအခိုးအငွေ့များကို မန်ဟို့တည်နေရာအား မရှာဖွေနိုင်အောင် နှောင့်ယှက်လိုက်သည်။
ရှန့်ကွမ်းရှိုးမှာ အမြင်အာရုံများ ဝေဝါးသွားပြီး အံ့အားသင့်သွားလေသည်။ ထိုအငွေ့များပေါ်လာသည့်အချိန်မှာပင် အလင်းတန်းနှစ်တန်းက အသံမထွက်ဘဲ သူ့ဆီ ဝင်လာသဖြင့် သူ့မှာ အံ့ဩသွားရသည်။
ဝုန်းခနဲ ကြားလိုက်ရပြီး မန်ဟို သက်ပြင်းချလိုက်သည်။ သူက တွန့်ဆုတ်ခြင်းမရှိဘဲ ဦးတည်ရာ ပြောင်းလဲ၍ ရှေ့သို့ရွေ့လျားခဲ့ကာ သူ့ကိုယ်သူအားပြန်ဖြည့်ရန် မိစ္ဆာအမြူတေတစ်ခုကို မျိုချလိုက်သည်။ သူ့နောက်ဖက်မှ ဒေါသပြင်းထန်သောအသံကိုကြားလိုက်ရပြီး အငွေ့များသည် ချက်ချင်းပင် လေပွေတစ်ခု၏ဖယ်ရှားခြင်း ခံလိုက်ရ၏။ ရှန့်ကွမ်းရှိုးက သူ၏ ညာဖက်လက်ရှိ အနာမှ သွေးများ စီးကျနေလျက် ဒေါသထွက်နေသောမျက်နှာဖြင့် ထွက်လာသည်။ အငွေ့များက တစ်စက်မကျန် ပျောက်ကွယ်သွားခဲ့လေပြီ။
အဖြစ်ပျက်ကို ပြန်ပြောင်းစဉ်းစားကြည့်သောအခါ ရှန့်ကွမ်းရှိုး မှုန်ကုပ်သွားသည်။ မန်ဟို၏ သစ်သားဓားနှစ်ချောင်းကို ပိတ်ဆို့ရန် မကောင်းဆိုးဝါးအခိုးအငွေ့ကို အလျင်အမြန် မဖောက်ခွဲလိုက်ပါက သူ့ညာလက် ပြတ်သွားခဲ့လိမ့်မည်။ သို့ထိတိုင် ဒဏ်ရာရခဲ့သေး၏။ စိုးရိမ်ဖွယ်ကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များ အနာမှ တဖြည်းဖြည်းချင်း ယိုစိမ့်နေခြင်းပင်။ အနာသည် ပုံမှန်အတိုင်း မြန်ဆန်စွာ မပျောက်သွားပေ။ သွေးထွက်ခြင်း ရပ်တန့်နိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအင်များ ယိုစိမ့်မှုကိုတော့ သူ မရပ်တန့်နိုင်ခဲ့ပေ။
“ဒီကောင်က အရမ်းလည်တယ်။ သူ့မှာ အဆင့်နိမ့်သိုင်းကွက်တွေပဲ ရှိပေမယ့် သူက အဲဒီသိုင်းကွက်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ သုံးနိုင်တယ်။ သူနဲ့ရင်ဆိုင်ဖို့က တကယ်ခက်တာပဲ!”
သူတို့နှစ်ယောက်သွားနေရင်း အချိန်လွန်သွားကာ မကြာမီအရုဏ်တက်ချိန်ပင် ရောက်လာသည်။ တစ်ညလုံးပြေးလွှား ပြီးနောက် နှစ်ဦးလုံး ပင်ပန်းနွမ်းနယ်နေလေပြီ။ မန်ဟိုကမူ အနားမယူရသော်လည်း ဤတောင်နက်ပေါ်တွင် လိုက်ဖမ်းခံရဖူးသော အတွေ့အကြုံရှိနေသည်။ ကံမကောင်းသည်ကတော့ ဤတောင်တွင် မိစ္ဆာသားရိုင်းများအား သိပ်မတွေ့ရခြင်းပင်။ မဟုတ်လျှင်လျှင် ရှန့်ကွမ်းရှိုးကို ကိုင်တွယ်ရန် အနည်းငယ်ပိုလွယ်ကူလိမ့်မည်။
ရှန့်ကွမ်းရှိုးအတွက်မူ မန်ဟို့လို လှည့်ကွက်များစွာ စဉ်းစားတတ်သောကျင့်ကြံသူတစ်ဦး နှင့်ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ အထူးသဖြင့် သစ်သားဓားနှစ်ချောင်းသည် အံ့ဩစရာကောင်း၏။ သူသည် အစက မန်ဟို့အား စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသည်အထိ လိုက်လံဖမ်းဆီးရန် စီစဉ်ခဲ့သည်။ သို့သော် မန်ဟိုကား နဂါး (သို့) ကျားကဲ့သို့ သန်စွမ်းနေသယောင် ရှိနေသည်။ စွမ်းအင်ကို ပြန်လည်ဖြည့်ဆည်းပေးဖို့ ဆေးလုံးတွေ တစ်ပုံကြီး သူ့မှာ ရှိနေတာများလား။
“စဦးချီဖွဲ့စည်းခြင်းအဆင့် ၇ မှာတောင် ရင်ဆိုင်ဖို့ ခက်ခဲနေတာ။ တကယ်လို့သာ သူ အဆင့်ပိုမြင့်သွားခဲ့လျှင် ဘယ်လောက်ကြောက်စရာကောင်းသွားလိုက်မလဲ” ရှန့်ကွမ်းရှိုးသည် အံကြိတ်၍ ဆေးလုံးများ စားပြီးနောက် မန်ဟိုနောက်သို့ ဆက်လိုက်လေသည်။ သူသည် စဦးချီဖွဲ့စည်းခြင်း အဆင့် ၉ ဆင့်တွင်ဖြစ်ရာ လှုပ်ရှားမှုနှုန်းမြန်သောကြောင့် လိုက်ဖမ်းခြင်းထက်ပို၍ လုပ်ဆောင်နိုင်သေးသည်။
တကယ်တော့ မန်ဟိုကား အဆင့် ၇ တွင်ရှိစေကာမူ သူ၏ကျင့်စဉ်သည် မှီခိုရာဂိုဏ်းတွင် အသုံးပြုသော သာမန်နည်းလမ်းမဟုတ်ဘဲ၊ မြင့်မြတ်သောဝိညာဉ်ကျမ်းစာ၏ ‘စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်း’ မှကျင့်စဉ် ဖြစ်သည်ကို ရှန့်ကွမ်းရှိုး မသိခဲ့ပေ။ မန်ဟိုက သိုင်းကျင့်စဉ်များကို လေ့လာခဲ့ခြင်းမရှိသော်လည်း စိတ်ဝိညာဉ်စွမ်းအင်နှင့်သက်ဆိုင်သည့် ကျင့်စဉ်များတွင် သာမန်ကျင့်ကြံသူများထက် အချိန်ကြာရှည်စွာ ကျင့်ကြံနိုင်သည်။
မိစ္ဆာသားရိုင်းအမြူတေအချို့၏အကူအညီဖြင့် ရှန့်ကွမ်းရှိုးသည် အချိန်တိုအတွင်း သူ့ကို ဖမ်းဆီးနိုင်မည်မဟုတ်ချေ။
အရုဏ်တက်ချိန်၌ သူတို့နှစ်ယောက်သည် အလွန်ဝေးကွာသောခရီးကို ဖြတ်သန်းခဲ့ကြပြီးဖြစ်သည်။ မန်ဟို၏ရှေ့တွင် မယုံနိုင်လောက်အောင်မြင့်မားသော တောင်တစ်လုံးပေါ်လာပြီး တောင်ထိပ်သည် မိုးကောင်းကင်သို့ ထိလုနီးပါးဖြစ်ကာ ဆီးနှင်းများကျနေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဤနေရာသည် သာမန်နေရာမဟုတ်ကြောင်း ပြောနိုင်လေ၏။
***