ဆန်းကြယ်သောလှံ
Vol. 4 Ch. 50
ရှေ့ရှိတောင်ကို မြင်တွေ့လိုက်သည်နှင့်တပြိုင်နက် မန်ဟို၏မျက်လုံးများသည် တောက်ပလာ၏။ ၎င်းက သာမန်ထက်ထူခြားနေရာ မိစ္ဆာသားရဲများပင် ရှိနေနိုင်သည်။ ထို့ကြောင့် သူသည် အချိန်ကြာကြာ စဉ်းစားမနေတော့ဘဲ တောင်ခြေတွင်ရှိသော တောအုပ်ဆီသို့ ဦးတည်ပြီးရွေ့လျားလိုက်သည်။
သူ့နောက်မှ လိုက်လာသော ရှန့်ကွမ်းရှိုး၏အမူအရာများ ပြောင်းလဲသွားသည်။ သူ့ ကျင့်ကြံမှုအဆင့်က မန်ဟိုထက်ပိုမြင့်မားသည်။ ကျင့်ကြံသူလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သောကြောင့် အရာများစွာကိုလည်း ကြုံတွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ဤတောင်နှင့်ပတ်သက်၍ တစ်ခုခု မသင်္ကာစရာကောင်းကြောင်း သူ ပြောနိုင်သည်။ မန်ဟို ရှေ့တောအုပ်ဆီကို ဦးတည်နေသည်ကိ မြင်လျှင် သူက သံသယအတွေးတွေကို ခဏဘေးဖယ်ထားပြီး မန်ဟိုနောက် ဆက်လိုက်ခဲ့သည်။
ထိုအချိန်မှာပင် ကုန်းပြင်မြင့်တွင် အဖြူရောင်ဝတ်ရုံဝတ်ထားသောဝူတင်းချိုး နှင့် အနက်ဝတ်လူထူးဆန်းစုန့်တို့သည် သူတို့၏ အောက်ရှိစစ်ပွဲကိုသာ အာရုံစိုက်နေကြ၏။ သူတို့အမြင်တွင်တော့ ဇီယွင်ဂိုဏ်းသားများသည် သစ်တောထဲတွင်သာ တစ်နေ့လုံးပိတ်မိနေပြီး တောင်ပေါ်သို့မတက်နိုင်ကြောင်းမှာ ထင်ရှားလေသည်။ သူတို့သည် မိစ္ဆာသားရိုင်းများ၏ နှောက်ယှက်မှုများကိုခံနေကြရ၏။
“ဇီယွင်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေက သာမန်တော့ မဟုတ်ဘူးပဲ” လူထူးဆန်းစုန့်က ရယ်ရင်းဖြင့် ပြောလိုက်သည်။ “ဒီသစ်တောထဲမှာ တစ်ညလုံးနေနိုင်တာနဲ့တင် အရမ်းတော်နေပါပြီ။ ဝူတင်းချိုး မင်း တကယ်ဂုဏ်ယူသင့်တယ်” သူသည် ဝူတင်းချိုး၏ မှုန်ကုတ်နေသောမျက်နှာကို ကြည့်ပြီး အလွန်အမင်း ပျော်ရွှင်နေလေသည်။
တောအုပ်အတွင်းရှိ သူ့တပည့်များ၏ ဝမ်းနည်းဖွယ်ကောင်းသောအခြေအနေကို မြင်သောအခါ ဝူတင်းချိုးမှာ ပို၍မျက်နှာပျက်သွားကာ နှုတ်ဆိတ်နေလိုက်၏။
“ဝူတင်းချိုး မင်း တကယ် ဂုဏ်ယူသင့်တယ်။ ပြီးခဲ့သောတစ်ခေါက်က ကျင်းဟန်ဂိုဏ်း နတ်မီးလျှံစမ်းသပ်ပွဲအတွက် လာခဲ့တုန်းက ငါ့ရဲ့ ဝိညာဉ်သားရိုင်းတွေကို ရှုံးနိမ့်ခဲ့တယ်။ တစ်ယောက်မှ ရတနာတောင်ကို မရောက်ခဲ့ကြတော့ တကယ် စွမ်းအားမြင့်တဲ့ ဝိညာဉ်သားရိုင်း တွေကို တွေ့တောင် မတွေ့လိုက်ကြဘူး။ အဲတာကိုတော့ ငါ တကယ်ဝမ်းနည်းမိတယ်။ မင်းရဲ့ ဇီယွင်ဂိုဏ်းက ဂိုဏ်းသားတွေကတော့ ကျော်ဖြတ်နိုင်မယ်လို့ တကယ်မျှော်လင့်ခဲ့မိတာ။ ဒီဝိညာဉ်သစ်တောက ငါသေချာ ရွေးချယ် ထားတဲ့ သားရိုင်း တွေနဲ့အပြည့်ပဲ။ ဥပမာ…….” ဆိုပြီး သူက မျောက်ဖြူကြီးကို လက်ညှိုးထိုးပြလိုက်သည်။
ထိုသတ္တဝါသည် တစ်ကိုယ်လုံးသာမက မျက်လုံးများပင် ဆီးနှင်းကဲ့သို့ဖြူဖွေးနေသည်။ ၎င်း၏ လက်တစ်ချက်တည်းဖြင့် ဇီယွင်ဂိုဏ်းသားတစ်ဦး၏ လက်ကိုဖြတ်လိုက်ရာ နေရာအနှံ့သွေးများဖြင့် ပျံ့နှံ့သွားလေသည်။ သူသည် လေကဲ့သို့ အရှိန်ဖြင့် လှုပ်ရှားလိုက်ရာ ဇီယွင်ဂိုဏ်းဂိုဏ်းသား ၇ယောက်, ၈ယောက် လောက်ဒဏ်ရာများရရှိ ကုန်ကြလေသည်။
“ဒါက ကမ္ဘာပေါ်မှာ တွေ့ရခဲတဲ့ နှင်းတောင်တွေမှာနေတဲ့ သတ္တဝါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါတွေ့ရှိခဲ့တာ။ သူတို့က အရမ်းရှားတယ်။ နှင်းလို ဖြူပြီး ပိုးလိုမျိုးချောမွေ့နေတဲ့ သူ့ရဲ့ အမွှေးတွေကို ကြည့်လိုက်ပါဦး။ ငါတစ်နေ့ ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်တယ်” လူထူးဆန်းစုန့်သည် ကျေနပ်စွာရယ်မောလိုက်၏။ ဝူတင်းချိုးမှာ ပို၍စိတ်ပျက်လာသည်။ လူထူးဆန်းစုန့်၏ တောင်တွင် ဤမျှများပြားသော သားရဲတိရစ္ဆာန်များ ရှိနေမည်ဟု သူ တွေးတောင်မတွေးမိခဲ့ပေ။
လူထူးဆန်းစုန့် ပြောနေသော၌ချိန်ပင် အဖြူရောင်မျောက်ဝံအနီးရှိ တောအစပ်တွင် အသံတစ်သံ ပေါ်ထွက်လာသည်။ မန်ဟို နှင့် ရှန့်ကွမ်းရှိုး တို့ပဲဖြစ်တယ်။ လူထူးဆန်းစုန့်က ရယ်မောလိုက်သည်။
"အိုး…အပြင်လူတွေတောင် တောထဲကိုဝင်ဖို့ ဆုံးဖြတ်ပြီပဲ။ ဝူတင်းချိုး ကတိကို ဘယ်လိုစောင့်ထိန်းရတယ်ဆိုတာ သေချာကြည့်။ ငါပြောခဲ့သလိုပဲ ဒီနေရာကို ဝင်လာတဲ့ စဦးချီဖွဲ့စည်းခြင်း အဆင့်ရှိတဲ့သူတွေကို မဝင်နိုင်အောင် ငါတားဆီးမှာမဟုတ်ဘူး။ ဘယ်သူမဆို ဝင်နိုင်တယ်။ သူတို့သေမယ်ဆိုတာ သေချာနေရင်တောင် ငါ တားဆီးမှာမဟုတ်ဘူး”
ဝူတင်းချိုးသည် သက်ပြင်းချလိုက်ပြီး မန်ဟို နှင့် ရှန့်ကွမ်းရှိုး တို့ကိုတော့စိတ်ဝင်စားဟန်မပြပေ။ ထိုအစား အဖြူရောင် မျောက်ဝံနှင့် ရင်ဆိုင်နေသော ဇီယွင်ဂိုဏ်းသားများကိုသာ ငေးကြည့်နေလိုက်သည်။ ထိုစဉ် အသက် ၁၇ နှစ် သို့မဟုတ် ၁၈ နှစ်အရွယ်လောက်သာ ရှိသည်ဟုထင်ရသော လူငယ်သည် သူ၏လက်များကို မုဒြာပုံစံပြုလုပ်လိုက်ရာ ရုတ်တရက် သူ့နောက်တွင် ရှေးဟောင်း စာလိပ်တစ်ခုပေါ်လာလေ၏။ ထွက်ပေါ်လာသော အရှိန်အဝါများကို အဖြူရောင်မျောက်ဝံဆီသို့ပစ်လွှတ်လိုက်ရာ နာကျင်စွာ အော်ဟစ်လေသည်။
“တော်လိုက်တဲ့အသွင်ပြောင်းမျောက်ဝံပဲ” ဝူတင်းချိုးက ပြောလိုက်သည်။ “လူထူးဆန်းစုန့် မင်းရဲ့ဘယ်လို သားရဲပဲဖြစ်ဖြစ် ငါ့တပည့်ရဲ့အိမ်မွေးတိရစ္ဆာန် ဖြစ်လာပါလိမ့်မယ်။ အဲဒီကောင်လေးနာမည်က ရှီရန်ပင်။ သူက ဂိုဏ်းကိုစဝင်တုန်းက စဦးချီဖွဲ့စည်းခြင်းအဆင့် ၇ တည်းနဲ့ နတ်ဆိုးတွေကို ဖမ်းယူနိုင်တဲ့ ရှေးဟောင်းကျမ်းစာလိပ်ကို ရရှိခဲ့တာ” ဝူတင်းချိုးမှာ စိတ်ထဲတွင် ထိတ်လန့် နေသော်လည်း အေးအေးလူလူပုံစံဖြင့်သာ စကားပြောလိုက်သည်။ သူ၏ကျင့်ကြံမှု အဆင့်အနေအထားအရ ထိတ်လန့်နေမှုကို ဖော်ပြရန် မသင့်တော်ပေ။ ထို့အပြင် မနေ့ညက အရှက်ကွဲခဲ့မှုကြောင့် သူသည် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ပေ။
သို့သော် ထိုသို့ပြောလိုက်ပြီးသည်နှင့်တပြိုင်နက် ညည်းညူသံကို ကြားလိုက်ရသည်။ ရှီရန်၏ ရင်ဘတ်မှ သွေးများ ထွက်လာပြီး သူ၏ရှေးဟောင်းစာလိပ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလေသည်။ သူက မျက်လုံ့းများတွင် ကြောက်ရွံ့မှုဖြင့် အနောက်သို့ ပြန်ဆုတ်သွားသည်။ ထိုစဉ် အဖြူရောင်မျောက်ဝံ၏ခန္ဓာကိုယ် မှာ ၁၈ မီတာ လောက်အထိ ရှည်ထွက်လာလေသည်။ ၎င်းသည် ရင်ဘတ်ကိုပုတ်လျက် ဟစ်ကြွေးနေပြီး စွမ်းအားများနှင့် ပြည့်နေပုံရသည်။
လူထူးဆန်းစုန့်ကား ကျယ်လောင်စွာ ရယ်မောနေသော်လည်း ဝူတင်းချိုးမှာ အဖြူရောင်မျောက်ဝံကိုငေးကြည့်နေရင်း မျက်နှာပျက်ကာ ထိတ်လန့်နေသည်။
ထိုအချိန်တွင် မန်ဟိုသည် မျောက်ဝံ၏ဟိန်းဟောက်သံကို ကြားလိုက်သည်နှင့် မျက်လုံးများတောက်ပလာ၏။ ကြောက်လန့်နေသောကောင်လေးကို အဝေးမှမြင်ရသော်လည်း အခြေအနေကိုစဉ်းစားရန် မန်ဟိုတွင် အချိန်မရှိခဲ့ပေ။
လူများကြားတွင် မန်ဟို သူ့ကြေးနီမှန်ကို ထုတ်သုံးလိမ့်မည်မဟုတ်ပေ။ အဖြူရောင်မျောက်ဝံသည် သူ့ကို သတိပြုမိ သွားသောအခါ မျက်လုံးများ တောက်ပလာသည်။ သားရဲသည် ရက်စက်စွာ ဟိန်းဟောက်လိုက်၏။ ထိုစဉ် မန်ဟိုက သူ၏ညာဖက်လက်ကို မြှောက်လိုက်သောအခါ ရုတ်တရက် သံလှံ တစ်ချောင်းထွက်ပေါ်လာသည်။ ထိုလှံမှာ မန်ဟို တောင်းဆိုချက်အတိုင်း ဖက်တီး၏ဖခင်သည် ပြုလုပ်ပေးခဲ့သော လှံဖြစ်သည်။ ထိုလှံ ထွက်ပေါ်လာသည်ကို ရှီရန်ဟု အမည်ရသော လူငယ်မှာ ငေးကြည့်နေသည်။
လှံသာမက မန်ဟို၏အင်္ကျီလက်၌ ဝှက်ထားသောကြေးမုံလည်း ပေါ်လာသည်။ အင်္ကျီလက်မှာ ကျယ်သောကြောင့် ကြေးမုံကို မည်သူမျှ မမြင်နိုင်ပေ။ အထူးသဖြင့်လှံကိုသာ အာရုံရောက်နေသောသူများမှာ ကြေးမုံကို သတိမထားမိကြပေ။
လှံကို သာမန်သံဖြင့် ထုလုပ်ထားသော်လည်း လှံမျက်နှာပြင်မှာ မန်ဟိုကိုယ်တိုင် ပြုလုပ်ထားသော ရှုပ်ထွေးသော ဒီဇိုင်းများနှင့် ဖုံးလွှမ်းနေသည်။ ရုတ်တရက်ကြည့်လိုက်ရုံနှင့်ပင် လှံကား ထူးခြားပုံပေါ်လေသည်။ သူက လှံကို ရှေ့သို့ဆန့်တန်းကာ အဖြူရောင်ဝက်ဝံရှိရာသို့ ချိန်ရွယ်လိုက်သည်။
ရုတ်တရက် အဖြူရောင်မျောက်ဝံ၏ ကျယ်လောင်သော အော်သံထွက်ပေါ်လာပြီး ပါးစပ်မှသွေးများ ပန်းထွက်လာသည်။ ၎င်းသည် မန်ဟိုကို အံ့ဩစွာဖြင့် ကြည့်ရင်း လဲကျသွားလေ၏။
“ကြေးမုံရဲ့ ရောင်ပြန်အလင်းက သားရဲရဲ့အမွှေးပေါ် ကျရောက်တဲ့အခါ ခန္ဓာကိုယ်အတွင်းထဲက ချီဓါတ်တွေကို ကမောက်ကမဖြစ်သွားစေပြီး ဖောင်းကြွလာစေတာ ဖြစ်မယ်။ မိစ္ဆာသားရိုင်းတွေက ကြီးမားပြီး သန်မာကြတော့ ဖင်တင်မဟုတ်ဘဲ အားနည်းတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာကနေ ပေါက်ကွဲကြတာဖြစ်နိုင်တယ်” ဤအချက်များက ထင်မြင်ချက်မျှသာဖြစ်သော်လည်း အဖြူရောင်မျောက်ဝံ၏ အဖြစ်အပျက်ကို ကြည့်ပြီးနောက်တွင် ကြေးမုံ၏ သဘောတရားကို မန်ဟို ပိုမိုနားလည်သဘောပေါက်လာရသည်။ သုံးနှစ်နီးပါးလောက် ကြေးမုံကို ပိုင်ဆိုင်ထား ပြီးနောက် ၎င်း၏သဘောတရားအမှန်နှင့် အလွန်နီးစပ်လာပြီဟု သူ ထင်လိုက်သည်။
သို့သော် အခုတော့ ထိုအကြောင်းကို သေချာစဉ်းစားရန် အချိန်မကျသေးပေ။ သနားစဖွယ်မျောက်ဝံကို နောက်တစ်ချက်ပင် မကြည့်တော့ဘဲ သူက ရှေ့ဆက်သွားသည်။ တခဏအတွင်း သူကား မရှိတော့ပေ။ ထိုအချိန်တွင် ရှန့်ကွမ်းရှိုး ရောက်လာပြီး အဖြူရောင်မျောက်ဝံကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်၍ အံ့အားသင့်နေခဲ့သည်။
ထို့နောက် မျောက်ဝံမှာ ရှန့်ကွမ်းရှိုးကို သတိပြုမိပြီး ဒေါသထွက်လာလေသည်။
အနောက်ဖက်ကုန်းပြင်မြင့်၌ လူထူးဆန်းစုန့်မှာ ရယ်မောနေရာမှ ရပ်တန့်သွားတော့သည်။ သူ့နောက်မှ ဝူတင်းချိုးလည်း အံ့သြသွားသည်။ သူတို့သည် အံအားသင့်စွာ မန်ဟိုနှင့်သူ၏ သံလှံကို စိုက်ကြည့်နေကြ၏။
အဖြူရောင်မျောက်ဝံ၏အော်သံနှင့် ရှန့်ကွမ်းရှိုး ၏ကြွေးကြော်သံကို ကြားလိုက်ရသောအချိန်တွင် မန်ဟိုကား တောအုပ်ထဲသို့ လမ်းလျှောက်သွားနေလေပြီ။ သူသည် ဆတ်ခနဲလှည့်ကြည့်၍ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဆက်သွားသည်။ များမကြာမီမှာပင် နောက်ထပ်ရုန်းရင်းဆန်ခတ်သံများ ကြားလိုက်ရ၏။ အဖြူရောင်ဝတ်ဂိုဏ်းသားလေးယောက်ငါးယောက်က ၆ မီတာလောက် ရှည်သော သတ္တဝါဆိုးသုံးကောင်နှင့် အကြိတ်အနယ် တိုက်ခိုက်နေလေသည်။
တစ်ကောင်မှာ ကျားနက်ကြီးဖြစ်ပြီး နောက်တစ်ကောင်မှာ ခရမ်းရောင်တောက်နေသော ဒေါင်းဖြစ်သည်။ နောက်ဆုံးတစ်ကောင်ကတော့ လွယ်လွယ်သတ်နိုင်မည့်ပုံပေါ်သည့် ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်နှင့် ဧရာမကြွက်တစ်ကောင်ပင်။
မန်ဟို တိုက်ပွဲထဲ ရောက်လာသည့်အခါ ဒေါင်း၏မျက်လုံးများ၌ သတ်ဖြတ်လိုသော အငွေ့အသက်များပေါ်လာပြီး ၎င်းသည် မန်ဟိုဆီသို့ ဦးတည်ကာ ကတိုက်ကရိုက်ပြေးဝင်လာ၏။
မန်ဟိုက အေးဆေးစွာဖြင့် သံလှံကို ကိုင်ရင်း ရှေ့သို့ဆက်တိုးလိုက်သည်။ ရုတ်တရက် ဧရာမဒေါင်း၏ခန္ဓာကိုယ်သည် တုန်လှုပ်ပြီး ဦးခေါင်းမှာ ပွင့်ထွက်သွားသည်။ ထို့နောက် မြေကြီးပေါ်လဲကျကာ သွေးအိုင်ထဲတွင် သေဆုံးသွားလေသည်။ ကျားနက်နှင့်ဧရာမကြွက်တို့မှာ တုန်လှုပ်ခြောက်ခြားကုန်၏။ သူတို့စိုက်ကြည့်နေစဉ် မှာပင် မန်ဟို၏ ခန္ဓာကိုယ်သည် အလင်းတန်းကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး အကွာအဝေးတစ်ခုသို့ပင် ရောက်ရှိသွားလေပြီ။
ဇီယွင်ဂိုဏ်း၏ဂိုဏ်းသားများသည်လည်း မန်ဟိုပျောက်ကွယ်သွားသည်ကို အံ့အားသင့်စွာ ငေးကြည့်နေကြသည်။ မန်ဟို၏ လှံသည် သူတို့ကို ထိတ်လန့်သွားစေ၏။
မန်ဟိုက ခေတ္တခဏမျှ ရပ်ဆိုင်းခြင်းမပြုပဲ ရှေ့ဆက်သွားလေသည်။ ထိုအချိန်တွင် ရှန့်ကွမ်းရှိုးမှာတော့ ဒေါသထွက်ကာ ကျန်ခဲ့သည်။
မန်ဟိုသည် ခက်ထန်သောမျက်နှာထားဖြင့် အရှိန်မြှင့်ကာ ရှေ့သို့ဆက်လက်သွားနေသည်။ သူက သားရိုင်းတစ်ကောင်နှင့်တွေ့သည့်အခါတိုင်း သူ၏ လှံကို ပြလိုက်သည်နှင့် သားရိုင်းများမှာ နောက်ဆုတ်သွားလေသည်။ မည်သည့်သားရိုင်းမျှ သူ၏လမ်းကြောင်းကို မပိတ်ဆို့နိုင်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှန့်ကွမ်းရှိုသည် အလှည့်တိုင်း ပိတ်ဆို့နှောင့်ယှက်ခြင်းခံရသည်။ သူ၏ဒေါသတကြီးအော်ဟစ်သံများသည် မန်ဟိုနှင့် ပို၍ ဝေးကွာကျန်ခဲ့၏။
မန်ဟိုသည် လမ်းတစ်လျှောက်တွင် ဝတ်ရုံဖြူဝတ်ဆင်ထားသော ကျင့်ကြံသူများနှင့်လည်း တွေ့ခဲ့ရ၏။ သူတို့အားလုံးက မိစ္ဆာသားရိုင်းများနှင့် အသေအကျေ တိုက်ခိုက်နေကြသည်။ သူဖြတ်သွားသောအခါ သားရိုင်းများမှာ မယုံနိုင် လောက်အောင်ပင် သွေးပျက်အော်ဟစ်ကြရသည်။ ကျင့်ကြံသူများမှာတော့ မန်ဟိုအား အံ့သြစွာ ငေးရင်း ကျန်ရစ်ခဲ့ကြသည်။
“ဒါဘယ်သူလဲ”
“ဒီလှံရှည်ဟာ မှော်ပစ္စည်းတစ်မျိုးပဲ! အရမ်းအစွမ်းထက်လိုက်တာ!”
“ဆိုးလိုက်တာ။ သေစမ်း။ ငါ့မှာ ဒီလှံရှိရင် ဒီသားရိုင်းတောအုပ်ကို ဖြတ်နိုင်လိမ့်မယ်။”
မန်ဟို၏ အံ့အားသင့်စရာ ဖြတ်သန်းသွားမှုကြောင့် ဇီယွင်ဂိုဏ်းသားများအကြား စကားသံများ ထွက်ပေါ်လာသည်။ ကုန်းမြင့်၏ထက်တွင် ဝူတင်းချိုး၏မျက်လုံးများသည် တောက်ပနေကာ ဝင်းပစွာပြုံးလိုက်သည်။ သူ၏ရယ်မောသံများသည် ဝမ်းမြောက်ရွှင်လန်းမှုနှင့် ပိုမိုကျယ်လောင်လာ၏။
“ အသွင်ပြောင်းသားရဲတွေတဲ့လား ” သူက ပြောလိုက်သည်။ “သိပ်အစွမ်းထက်တဲ့သားရဲတွေတဲ့လား။ ကြည့်ပါရစေအုန်း။ ဟမ်း……. တချို့က မျက်လုံးတွေပျောက်နေပြီး တချို့ကခေါင်းတွေ မရှိတော့ဘူးပဲ၊ တချို့က သွေးအိုင်ထဲမှာ။ တစ်ကောင်ကတော့ ပေါက်ကွဲသွားရပြီ။ လူထူးဆန်းစုန့် မင်းရဲ့ ဒီတောအုပ်မြေတွေက အရှေ့ပင်လယ်က မြေဆီရှိတယ်လို့ မင်းမပြောခဲ့ဘူးလား။ ပြီးတော့ ဒီသားရဲအားလုံး အံ့သြဖွယ်ဖြစ်လှပါတယ်လို့ မပြောခဲ့ဘူးလား။ ဒီနေ့တော့ သူတို့အတွက် ခက်ခဲနေပုံပဲ”
မိစ္ဆာသားရိုင်းတောအုပ်ထဲ မန်ဟို လျှောက်သွားနေသည်ကိုကြည့်ရင်း လူထူးဆန်းစုန့်၏ မျက်နှာတွင် မထင်မှတ်ထားသောအံ့ဩမှုများနှင့် ပြည့်နှက်နေသည်။ သူ့မှာ သွေးအလိမ်းလိမ်းနှင့် အော်ဟစ်ငိုကြွေးရင်း ထွက်ပြေးနေသော သူ၏အဖိုးတန်မိစ္ဆာသားရဲများအား ကြည့်နေရလေသည်။ ဒေါင်းသေသွားသည်ကို မြင်လိုက်သောအခါ သူ၏နှလုံးသားကို ဓားဖြင့်ထိုးခံရသကဲ့သို့ ခံစားခဲ့ရသည်။ ဤဒေါင်းမျိုးကို နှင်းဖီးနစ်ဟုခေါ်ပြီး အလွန်ရှားပါးလှသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ့မှာ ၎င်းအတွက် အလွန်တရာမတန်တဆ စျေးနှုန်းပေးခဲ့ရပြီး တန်ဖိုးကြီးသောရတနာတစ်ခုကဲ့သို့ ဂရုစိုက်ခဲ့ရသည်။ ခုတော့ ၎င်း၏ခေါင်းသည် လှံကြောင့် ပွင့်ထွက်သွားပြီး သေဆုံးသွားခဲ့လေပြီ။ ၎င်းသေသွားသော်လည်း ၎င်း၏အစွမ်းကြီးသောအသက်ဓာတ်က အလောင်းကို အကြောတဖျတ်ဖျတ် ဆွဲနေစေသည်။ လူထူးဆန်းစုန့်မှာ အလွန်အမင်းနောင်တရသော်လည်း မျက်လုံးများက ဂရုမစိုက်ဟန်ဖြင့် တောက်နေသည်။
"ဘာ ဂရုစိုက်စရာရှိလို့လဲ" လူထူးဆန်းစုန့်က ပြောလိုက်သည်။ “ငါ့ဝိညာဉ်သားရိုင်းတောအုပ်ထဲမှာ ဝိညာဉ်သားရိုင်းတွေ အများကြီးရှိတယ်။ ဒီလောက်လေးက ဘာမှမဟုတ်ပါဘူး။ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလူငယ်က မင်းရဲ့ ဇီယွင်ဂိုဏ်းက ဂိုဏ်းသားမှ မဟုတ်တာ။ ဘာများ ပျော်စရာရှိလို့လဲ” သူက အေးဆေးတည်ငြိမ်သော အသံဖြင့် ဝူတင်းချိုးကို ပြောလိုက်သော်လည်း ရင်တဒိန်းဒိန်းခုန်နေခဲ့လေပြီ။
***