မိုးကြိုး
Vol. 1 Ch. 1
အခန်း(၁) - မိုးကြိုး
ကောင်းကင်ဘုံကြီး၏ မျှော်စင်ခန်းမကြီးထဲတွင် အရေးကြီးပုဂ္ဂိုလ်များစွာ တက်ရောက်ကြသော ညီလာခံကြီးတစ်ခုကျင်းပနေသည်။
"အားလုံးပဲ ရှန်းနုန်ရဲ့မျိုးဆက်သစ်တစ်ယောက် နိုးထလာခဲ့ပြီ။ သူ့ကို ဘယ်လို လေ့ကျင့်ပေးရမလဲဆိုတာ အကြံပေးချင်ကြလား။"
ထိပ်ဆုံးတွင် ထိုင်နေသော ကျောက်စိမ်း ဧကရာဇ်ကြီးက ဖော်မပြနိုင်လောက်သော ကြီးမြတ်သည့် အရှိန်အဝါဖြင့် အင်မော်တယ်များကို စူးစိုက်ကြည့်နေသည်။
"အရှင်မင်းကြီး၊ ဒီရှန်းနုန်မျိုးဆက်သစ်ကို ကောင်းကင်ဘုံဆီ တစ်ခါတည်း ဆင့်ခေါ်နိုင်ပါတယ်၊ ဒီကရင်းမြစ်တွေနဲ့သာဆိုရင် ကျွန်တော်မျိုးတို့ ဒီရှန်းနုန်မျိုးဆက်သစ်ကို အမြန်ဆုံး အဆင့်မြှင့်တင်ပေးနိုင်မှာပါ၊ အရှင်မင်းကြီး။"
"ဟုတ်ပါတယ်၊ ကျွန်တော်မျိုးတို့ ရှန်းနုန်တစ်ယောက်ကို မတွေ့ရတာ နှစ်ထောင်ပေါင်းများစွာ ရှိနေပြီဖြစ်ပြီး အခုဆိုရင် အရည်အသွေးမြင့်တဲ့ ကုန်ကြမ်းပစ္စည်းမျိုးစုံဟာဆိုရင် အလွန်ရှားပါးလာနေပါပြီ... ဒီတိုင်းသာဆက်ဖြစ်နေမယ် ဆိုရင်တော့ ကျွန်တော်မျိုးတို့ ကောင်းကင်ဘုံတရားရုံးရဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်သွားမှာဖြစ်ပြီး ကျွန်တော်မျိုးတို့ တတ်နိုင်သမျှ အမြန်ဆုံး ဒီရှန်းနုန်ကို အဆင့်မြှင့်တင်ပေးရပါမယ်။"
"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်၊ ဒီရှန်းနုန်နဲ့ဆို အခုလက်ရှိ ကောင်းကင်ဘုံမှာ ဖြစ်ပျက်နေတဲ့ ကပ်ဘေးကြီးကို လျှော့ချနိုင်မှာပါ။"
"ရှန်းနုန်တွေက ကောင်းကင်ဘုံအတွက် အလွန်အမင်း အရေးပါပါတယ်။ ရှန်းနုန်တစ်ယောက်တစ်လေတောင် နှစ်ထောင်ပေါင်းများစွာ မရှိခဲ့ခြင်းဟာ ကောင်းကင်ဘုံရဲ့ ကြီးမြတ်မှုကို နိမ့်ကျသွားစေပါတယ်။"
"ဟုတ်ပါတယ်။ ကျွန်တော်မျိုးလည်း အဆင့်မြင့်ဆေးဝါးတွေ ဖော်စပ်ချင်ပေမယ့် အဆင့်မြင့် ကုန်ကြမ်းတွေ မရှိတာကြောင့် ကျွန်တော်မျိုးတို့ အဆင့်မြင့်ဆေးဝါးကို ဖော်စပ်လို့မရခဲ့ပါဘူး။"
မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော အင်မော်တယ် များစွာက ဆက်တိုက်ဆိုသလို ပြောကြလေသည်။
နှစ်ထောင်ပေါင်းများစွာ ချုပ်ချယ် ခံထားရပြီးသည့် နောက်တွင် နောက်ဆုံးတော့ ရှန်းနုန်များ မွေးဖွားလာခဲ့သဖြင့် အတိတ်နိမိတ်ကောင်းသော နေ့ရက်များရောက်ရှိလာပြီဟု အဓိပ္ပာယ်ရသည်။
သူတို့အားလုံး ဒီရှန်းနုန်အား ဂရုတစိုက် ပြုစုပျိုးထောင်ပေးမည်ဖြစ်သည်။
"မှားတယ်၊ ဒါ သိပ်မှားတယ်။"
ရုတ်တရက်ဆိုသလို ကန့်ကွက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
နတ်ဘုရားများစွာက အနောက်သို့လှည့်ကြည့်လိုက်သောအခါ ထိုက်ရှန်းလောင်ကျစ် ဖြစ်နေသည်။
လောင်ကျစ်၏ ရာထူးကမြင့်မားသည်။ ကျောက်စိမ်းဧကရာဇ်ကပင် သူ့အား လေးစားရသည်။ လောင်ကျစ်က ထောက်သဲ့ထျန်းကျွင်း ဝင်စားခြင်းဖြစ်ပြီး သူတော်စင်များ(တာအိုဝါဒီများ) ၏ ကိုယ်စားပြုဖြစ်သည်။
"အရှင်မင်းကြီး၊ ယခင်ရှန်းနုန်တွေအားလုံးဟာ ရှန်းနုန်လမ်းစဥ်ကို ဖြေးဖြေးချင်းလျှောက်လှမ်းခဲ့ကြသူတွေချည်းပါပဲ။ သူတို့က လောကီဘဝကို တွေ့ကြုံခံစားခဲ့ကြတယ်၊ ကမ္ဘာကြီးရဲ့ နာကျင်မှုကို နားလည်သဘောပေါက်ပြီး ဖြေးဖြေးချင်း ဉာဏ်အလင်းပွင့်ပြီးမှ နောက်ဆုံး ရှန်းနုန်အဆင့်ကို ရောက်ရှိသွားခဲ့ကြတာပါ၊ ဒီရှန်းနုန်မျိုးဆက်သစ်ကသာ ကောင်းကင်ဘုံကို တန်းပြီး ဆင့်ခေါ်ခံရမယ်ဆိုပါက အဖျက်သဘောသာ ဆောင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဖွံ့ဖြိုးခြင်းဖြစ်စဥ်ကို လုံးဝမတွေ့မကြုံခဲ့ကြရလို့ပါ။ ကျွန်တော်မျိုးတို့သာ ဒီရှန်းနုန်မျိုးဆက်သစ်ကို ဒီလိုပုံစံမျိုးနဲ့ ပြုစုပျိုးထောင်မယ်ဆိုရင် သူတို့ဘယ်တော့မှ ကြီးမြတ်မှုကို ရနိုင်မှာမဟုတ်ပါဘူး။" ဧကရာဇ်အား အနည်းငယ်ဦးညွှတ်ကာ အင်မော်တယ်များကို လှည့်ကြည့်ရင်း လောင်ကျစ်က ပြောလိုက်သည်။
ကျောက်စိမ်းဧကရာဇ်နှင့် နတ်ဘုရားများစွာ တိတ်ဆိတ်သွားကြသည်။ လောင်ကျစ် ပြောသွားသည်များက ကျိုးကြောင်းဆီလျော်နေသောကြောင့်ပင်။
ထိုနတ်ဘုရားများအားလုံးက ကျင့်ကြံခြင်း ဖြစ်စဥ်ရှည်ကြီးအား ဖြတ်သန်းခဲ့ရသည်။ သူတို့ နာကျင်မှုများ၊ အခက်အခဲများကို ကျော်ဖြတ်ပြီးမှ ဤကဲ့သို ရလဒ်မျိုးကို ရရှိခဲ့ခြင်းဖြစ်ကြသည်။ လောင်ကျစ်၏ စကားများက ကျောက်စိမ်းဧကရာဇ်နှင့် အခြားနတ်ဘုရားများစွာကို စည်းရုံးပြီးသားဖြစ်သွားသည်။ မကြာမီ သူတို့ ရှန်းနုန်မျိုးဆက်သစ်အား ပျိုးထောင်မည့် အစီအစဥ်တစ်ခုအား စတင်ဆွေးနွေးကြတော့သည်။
........
တရုတ်ပြည်ရှိ ကျင်းယုဖန်ဟူသော သေးငယ်ပြီး ငြိမ်းချမ်းသည့်ရွာကလေးမှာ အပြင်လောကနှင့် လမ်းကျဥ်းလေးတစ်လမ်းကိုသာ အသုံးပြုပြီး ဆက်သွယ်ထားသည်။ ထိုရွာတွင် ပြိုင်ဘက်ကင်း မြေဆီလွှာအရည်အသွေးရှိပြီး ထိုမြို့ငယ်လေး(ရွာ)တွင် အဓိကလုပ်ငန်းက လယ်ယာစိုက်ပျိုးရေးဖြစ်သဖြင့် ထိုရွာတွင်နေထိုင်သော ရွာသားများအတွက် သတင်းကောင်းဖြစ်သည်။ ရွာသားများဘဝက ရိုးရှင်းသည်။ အချို့က အလုပ်ထွက်လုပ်ပြီး အိမ်ပြန်လာကာ အိမ်တွင်ပျော်ရွှင်စွာ နေကြသည်။ ဤရွာကလေးရှိ အဆောက်အဦးများကလည်း မလှပပါ။ အနီရောင်အုတ်ပြားများနှင့် ကြွေထည်အုတ်ပြား ဖြင့်ဆောက်လုပ်ထားသော အိမ်များသာဖြစ်ကြသည်။
ဒီနေ့ မိုးကြိုးမုန်တိုင်းတစ်ခု တိုက်နေသည်။
ဒီလတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ကောက်ပဲသီးနှံအများအပြားအား ထိခိုက်မှုရှိစေသည်။ ဇွန်လထဲဖြစ်သော်လည်း မိုးသည်းကြီးမဲကြီး ရွာဦးမည်ဖြစ်သည်။
ယဲ့ရှောင်ချန်းက သေးငယ်သော သွပ်မိုးအိမ်တစ်လုံးတွင် ထိုင်ကာ ရာသီဥတုကို ငေးကြည့်နေ၏။ သူက အရမ်းလည်း စိတ်ဓာတ်ကျနေသည့်ပုံပင်။ မလှမ်းမကမ်းတွင် ငပျင်းခွေးကြီးနှစ်ကောင်ကလည်း လျှာများထုတ်ကာ လှဲလျောင်းနေကြသည်။
သူ၏ ဘွဲ့ကြိုပညာရေးကို တောင်ပိုင်း လယ်ယာစိုက်ပျိုးရေး တက္ကသိုလ်ကြီးတွင် သင်ယူခဲ့သည်။ ထိုနေရာတွင် အလုပ်ရရန် မလွယ်ကူပေ။ ထို့အပြင် သူ့တွင် အဆက်အသွယ်များလည်း မရှိချေ။ နောက်ဆုံးတော့ အရောင်းဝန်ထမ်းတစ်ယောက် အနေဖြင့် အရောင်းကုမ္ပဏီတစ်ခုသို့ ဝင်နိုင်ခဲ့သော်လည်း သူက လူကြောက်သူဖြစ်သည်။ စကားပြောလျှင် ကိုးရိုးကားယားဖြစ်တတ်ပြီး အခြားသူများနှင့် ဆက်ဆံရာတွင် မကြာခဏ ဒုက္ခများတတ်သည်။ အခြားသူများနှင့် ဆက်ဆံခြင်းက သူ့အတွက် ဧရာမ အတားအဆီးကြီးများကို ရင်ဆိုင်နေရသလိုပင်။
အရောင်းကုမ္ပဏီမှာ အလုပ်ဝင်ပြီး နှစ်လကြာသည်အထိ သူက ဘာပစ္စည်းမှမရောင်းနိုင်ခဲ့ဘဲ နောက်ဆုံးတော့ အလုပ်ထွက်ခဲ့ရသည်။
သူ့မွေးရပ်မြေကို ပြန်ခဲ့ပြီး သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးခြံတစ်ခြံ ဖန်တီးရန် အစီအစဥ်ဆွဲခဲ့သည်။ သူ့ဇာစ်မြစ်က စိုက်ပျိုးရေးဖြစ်သဖြင့် ဤအလုပ်မျိုးနှင့် အသင့်တော်ဆုံးဖြစ်သည်။
သူ့အတွေးကို သူ့မိဘများက နားမလည်ခဲ့ပါ။ သူတို့မျက်လုံးထဲတွင် မြို့တော်ရှိနေထိုင်မှု ဘဝက ဂုဏ်သိက္ခာရှိသည်။ သို့သော် သူတို့၏ရိုးရာ လုပ်ငန်းဖြစ်သည့် လယ်သမားတစ်ယောက် လုပ်ချင်၍ ပြန်လာသည်ဆိုတော့ သူတို့အတွက် အဓိပ္ပာယ်ရှိမနေပါ။
ယဲ့ရှောင်ချန်းကလည်း မြို့တော်တွင် နေထိုင်ရခြင်း၏ ဆိုးကျိုးများစွာကို ပြောပြသော်လည်း သူ့မိဘများကတော့ လက်တွေ့ကျသည်ဟု ထင်နေဆဲပင်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်း၏ မင်္လာပွဲတွင် အသုံးပြုရန်စုထားသော ငွေများကို သူ့မိဘများထုတ်ပေးခဲ့သည်။ အများကြီးမဟုတ်ဘဲ ယွမ် ၂၀၀၀၀- ၃၀၀၀၀ ခန့်သာဖြစ်သည်။ သူ့အဖေနှင့်အမေက လယ်ကွင်းပေါင်းစုံတွင်အလုပ်လုပ်ကာ၊ ရံဖန်ရံခါ ကူလီလုပ်ငန်းများလည်း လုပ်ကိုင်ပြီး ရရှိထားခြင်း ဖြစ်သည်။ နှစ်စဥ်ဝင်ငွေက များများစားစား မရှိသော်လည်း ယဲ့ရှောင်ချန်းနှင့် ယဲ့ယင်တို့၏ ကျောင်းစရိတ်နှင့် နေထိုင်စရိတ်များကိုလည်း ထောက်ပံ့ရသေးသည်။
အဖေဖြစ်သူက သွေးတက်တတ်ပြီး၊ အမေဖြစ်သူက ဒူလာရောဂါရှိသည်။ နှစ်ယောက်စလုံး၏ ဆေးစရိတ်များကိုပါ ထည့်ပေါင်းလိုက်လျှင် မနည်းပေ။
ယွမ် ၂၀၀၀၀- ၃၀၀၀၀ ခန့်စုနိုင်ဖို့က မလွယ်ကူပါ။
ယဲ့ရှောင်ချန်းက ထိုငွေပမာဏနှင့် အခြားဆွေမျိုးများထံမှ ချေးထားသော ငွေပမာဏတို့ကို ပေါင်းပြီး ယွမ် ၅၀၀၀၀ ရသောအခါ လယ်မြေ ဧရိယာကျယ်တစ်ကွက်ကို စာချုပ်ချုပ်ဆိုခဲ့သည်။
လယ်မြေရိုင်းက ငွေသိပ်မကုန်ပါ။ ဧက ရာကျော်မျှသာ ကျယ်ဝန်းသည်။
ငွေအများစုက ခြံဝန်းများနှင့် ဖန်လုံအိမ်တည်ဆောက်ရာတွင် အသုံးချလိုက်ရသည်။
ယဲ့ရှောင်ချန်းက ငွေအနည်းငယ်စုထားဖို့ ကြိုးစားသော်လည်း ဖန်လုံအိမ်နှင့် ခြံဝန်းတို့ ဆောက်ပြီး မျိုးစေ့များနှင့် မြေသြဇာများ ဝယ်လိုက်သောအခါ သူ့မှာ များများစားစား မကျန်တော့ပါ။
ယခုတော့ ယဲ့ရှောင်ချန်း၏ လက်ရှိ စိုက်ပျိုးရေးခြံတွင် စိုက်ပျိုးသော မျိုးစိတ်များမှာ ရာသီ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ၊ ဥပမာ - သခွားသီး၊ ပဲစေ့များ၊ ပဲစိမ်း၊ ဆေးပင်များ၊ ဖရဲသီး၊ သခွားမွှေး စသည်တို့ဖြစ်သည်။
ရောင်းချရန်အတွက်တော့ လောလောဆယ် စိတ်ပူစရာမလိုသေးပါ။ သူ့ဦးလေး၏သား မှာ မြို့ထဲတွင် စူပါမားကတ်ကြီးတစ်ခု ဖြစ်ထားသောကြောင့်ဖြစ်သည်။ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို ထိုသို့ပို့ကာ ရောင်းချနိုင်သည်။
ထို့ကြောင့် ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံကို ဆောက်ရဲခဲ့ခြင်းဖြစ်သည်။ စုထားသောငွေအားလုံးကို ရင်းနှီးခဲ့သည်။
"အမေ ရာသီဥတုက သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေရဲ့ အထွက်နှုန်းနဲ့ အရည်အသွေးအပေါ် အများကြီး သက်ရောက်မှုရှိတယ်။"
ယဲ့ရှောင်ချန်းက ဧရာမ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ရံဖန်ရံခါ ထွက်ပေါ်လာသော မိုးခြိမ်းသံများက သူ့ကို စိတ်ညစ်သွားစေသည်။
ရာသီ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များက နေရောင်ခြည်များစွာ လိုအပ်သည်။ ရေများစွာ လောင်းပါက ကောက်ပဲသီးနှံများ၏ အရည်အသွေးနှင့် ပမာဏကို ထိခိုက်စေသည်။
စိုက်ပျိုးရေးထွက်ကုန်များက နတ်ဘုရားများအပေါ်တွင် များစွာ အမှီပြုသည်။
သူထိုကိစ္စများကို တွေးတောနေစဥ် သူ့အိတ်ကပ်ထဲရှိ ဖုန်းက စတင်မြည်လာသည်။
သူအလျှင်အမြန်ပဲ ထုတ်လိုက်ပြီး သူ့ဝမ်းကွဲအစ်ကို ချန်ဟောက် ဖုန်းခေါ်နေသည်ကို တွေ့လိုက်ရသည်။ ထို ချန်ဟောက် ဆိုသူက သူ့ဦးလေး၏ အကြီးဆုံးသားဖြင့်ပြီး မြို့ထဲတွင်
စူပါမားကတ်တစ်ခု ဖွင့်ထားသည်။ သူ့ယောက္ခမကလည်း ပင်စင်စစ်မှုထမ်းဟောင်း အစိုးရဌာနချုပ်ထဲတွင် ကျန်းမာရေးဌာန၏ ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ ချန်ဟောက်က ထိုဆက်ဆံရေးကို အခွင့်ကောင်းယူပြီး မြို့တော်တွင် အခြေချခဲ့ခြင်းဖြစ်သည်။
"ဟယ်လို၊ အစ်ကိုကြီးဟောက်၊ ဒီနေ့ ကျွန်တော်ကို ဖုန်းဆက်ဖို့ အားတယ်လား။"
"ရှောင်ချန်း၊ ငါမင်းကိုပြောစရာတစ်ခုရှိလို့။"
တစ်ဖက်တွင်တော့ ဟောက်ချန်၏အသံက တိုးညှင်းနေသည်။ ထို့နောက် သူပြောလိုက်သည်က "အစကတော့ ငါ မင်းရဲ့ခြံကထွက်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို အမြဲဝယ်မယ်လို့ ကတိပေးထားပါတယ်ကွာ။ ဒါပေမယ့် မင်းမရီးက သဘောမတူဘူး။ သူကလေ..."
ယဲ့ရှောင်ချန်း ချန်ဟောက်စကားကို ဆုံးအောင်မစောင့်တော့ပါ။ သူ့ခေါင်း စတင်ကိုက်ခဲလာပြီး အခြေအနေကို ချက်ချင်းနားလည်ကာ နှလုံးသားလည်း တစ်ဆစ်ဆစ်နာကျင်လာရ၏။
သူ့ဝမ်းကွဲအစ်ကို၏ စူပါမားကတ်တွင် သူ့သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချဖို့ မဖြစ်နိုင်သည့်ပုံပင်။ ဝမ်းကွဲ ချန်၏ မိန်းမ လီယန်က ... စွမ်းအားကြီးသော မိန်းမတစ်ယောက်ဖြစ်နေသည်။ အလွန်ဇီဇာကြောင်ပြီး ယဲ့ရှောင်ချန်းအား ဆင်းရဲသော ဆွေမျိုးများဟု အထင်အမြင်သေးတတ်သည်။ ဦးလေးနှင့်အဒေါ်ပင် အမြဲတမ်း အနိုင်ကျင့်ခံရတတ်သည်။
ဝမ်းကွဲအစ်ကို ဒီနေ့ဒီအချိန် အောင်မြင်နေသည်ဆိုတာကလည်း သူ့မိန်းမဘက်မှ ဆက်ဆံရေးများအပေါ် အလွန်အမင်း မှီခိုခဲ့မှုကြောင့်ဖြစ်သည်။ ဝမ်းကွဲအစ်ကို၏ မိန်းမက စွမ်းအားကြီး အမျိုးသမီးတစ်ယောက် ဖြစ်သဖြင့် နေရာတကာ ချန်ဟောက်က လီယန်ကို တောင်းဆိုရသည်။
"ရှောင်ချန်း ငါတောင်းပန်ပါတယ်ကွာ၊ ဒါပေမယ့် မင်း စိတ်ချပါ၊ ငါ မင်းကိုတတ်နိုင်သလောက် အခြားနည်းလမ်းတွေနဲ့ ကူညီပေးပါ့မယ်။"
ချန်ဟောက်ကတော့ စိတ်မကောင်းဖြစ်နေသည်။ သူကတိပေးခဲ့ပြီး ယခုစကားမတည်နိုင်တော့သဖြင့် သူရှက်ရွံ့မိပါ၏။
"အစ်ကိုကြီးဟောက် ရပါတယ်ဗျာ။"
"အာ၊ ရှောင်ချန်း၊ ဒါဆိုငါဖုန်းချလိုက်တော့မယ်နော်။ ငါသတင်းတစ်ခုခုရရင် မင်းကိုအသိပေးပါ့မယ်။"
ချန်ဟောက် သက်ပြင်းချကာ ဖုန်းချသွားသည်။
ယဲ့ရှောင်ချန်း ရုတ်တရက် စိတ်ရှုပ်ထွေးသွားရသည်။ တောက်ပသောအနာဂတ် ရုတ်တရက် နေကြတ်သွားခဲ့ရပြီး သေချာသည်က အခြားသူတွေအပေါ် သူမှီခိုဖို့က အလွန်ခက်ခဲလှသည်။
သူဖုန်းကိုချလိုက်သည်။ ရုတ်တရက် မှောင်မိုက်နေသော ကောင်းကင်မှ မိုးကြိုးတစ်ချက်ပစ်ချလိုက်သည်။ ယဲ့ရှောင်ချန်း အချိန်မှီ မတုန့်ပြန်လိုက်နိုင်ဘဲ မိုးကြိုးလွှဲတစ်ခုကဲ့သို့ သူ မိုးကြိုးပစ်ခံလိုက်ရတော့သည်။
ထူးဆန်းသည်မှာ တဲအိမ်လေးသည် မိုးကြိုးကြောင့် ပျက်စီးသွားခြင်း မရှိပေ။
လှဲလျောင်းနေသော ခွေးနှစ်ကောင်သည် ရုတ်တရက် ထရပ်လိုက်ကြပြီး သူတို့ခန္ဓာကိုယ် အမွေးများလည်း ထောင်သွားကြသည်။ သူတို့က ယဲ့ရှောင်ချန်းကိုကြည့်ကာ တိုးညှင်းစွာဖြင့် ဟောင်လိုက်ကြတော့သည်။