လူသစ်လက်ဆောင်
Vol. 1 Ch. 2
အခန်း(၂) - လူသစ်လက်ဆောင်
လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသောအခါ ယဲ့ရှောင်ချန်းမှာ အံ့သြစရာကောင်းလောက်အောင် ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေ။
သူက ကြမ်းပြင်ပေါ်တွင် မျက်လုံးများပိတ်ကာ လှဲလျောင်းနေပြီး သူ့ကြည့်ရတာ အိပ်ပျော်နေပုံပေါ်သည်။ သူ့မျက်နှာပေါ်တွင် သက်တောင့်သက်သာရှိသော အပြုံးတစ်ခု ဖြစ်ပေါ်နေပြီးတော့ သူ့အသက်ရှုသံက တည်ငြိမ်နေသည်။
မကြာသေးခင်ကမှ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သော်လည်း ယခုအခါ မိုးစဲသွားပြီး ရာသီဥတုက ရုတ်တရက်ဆိုသလို ကြည်လင်လာခဲ့သည်။ တိမ်တိုက်များနောက်ကွယ်မှ နေရောင် စတင်လင်းလက်လာခဲ့သည်။
ခွေးနှစ်ကောင်လည်း ပြန်လည်ကောင်းမွန်လာကာ ယဲ့ရှောင်ချန်းဘေးသို့ အမြန်ပြေးလားကြပြီး ယဲ့ရှောင်ချန်း၏ ခေါင်းကို ထိတိုက်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ယဲ့ရှောင်ချန်းသည် ဖြေးဖြေးချင်း နိုးလာခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း ကောင်းမွန်ကာ သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားနေရသည်။ သူ့မျက်နှာကို တစ်စုံတစ်ရာက လျက်နေသလိုပါ ခံစားလိုက်ရသည်။ သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်သောအခါ ခွေးတစ်ကောင်က သူ့မျက်နှာကို လျက်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူစိတ်ပျက်သွားပြီး ခွေးကိုဆူပူရန် ပါးစပ်ဟလိုက်သည်။
ရုတ်တရက် သူ့ခေါင်းထဲမှ အသံတစ်ခုကို ကြားလိုက်ရလေသည်။ "ရှန်းနုန်စနစ်ကို အသက်သွင်းလိုက်ပါပြီ၊ ထည့်သွင်းနေပါသည်-"
"ဘာလဲဟ၊ ဘာအသံကြီးလဲ။" ဟု သူတွေးလိုက်သည်။
ယဲ့ရှောင်ချန်း လုံးဝ ကြောင်စီစီဖြစ်သွားရ၏။
သူ့ဘေးပတ်လည်ကို ကြည့်လိုက်သော်လည်း ခွေးနှစ်ကောင်မှလွဲ၍ အခြားဘယ်သူမှမရှိပေ။
ဒီလိုမိုးသည်းသော နေ့မျိုးတွင် ဘယ်သူက လျှောက်သွားနေမည်နည်း။
"ဒင် ရှန်းနုန်စနစ် ထည့်သွင်းခြင်း ပြီးဆုံးသွားပါပြီ၊ ပုံရိပ်များ ထည့်သွင်းနေပါသည်-"
ထိုအသံ ထွက်လာပြန်ပြီ။ ယဲ့ရှောင်ချန်း ချက်ချင်းဆိုသလို တုန့်ပြန်လိုက်နိုင်သွားသည်။ မထင်မှတ်ထားလောက်အောင်ပင် ထိုအသံက သူ့ခေါင်းထဲမှ ထွက်လာခြင်း ဖြစ်နေသည်။
ယဲ့ရှောင်ချန်း အံ့အားသင့်သွားရ၏။
သူဘာပြောရမှန်းမသိဘဲ ခေတ္တကြာသောအခါ သူ့ရှေ့တွင် ပင်ဂွင်းအင်တာဖေ့စ်နှင့်ဆင်တူသော မျက်နှာပြင်တစ်ခု ပေါ်လာခဲ့သည်။ ထိပ်ဆုံးဘောင်ကွက်တွင် ခလုတ်အချို့ရှိနေ၏။ ခလုတ်နာမည်များမှာ ကိုယ်ရေးအချက်အလက်၊ စိုက်ပျိုးရေးခြံ၊ မိတ်ဆွေများ၊ စတိုးဆိုင် စသဖြင့်ဖြစ်သည်။
ယခု ကိုယ်ရေးအချက်အလက်ဟူသော မျက်နှာပြင်အောက်တွင် ဘယ်ဘက်၌ ပုံရိပ်တစ်ခုရှိနေသည်။ သေသေချာချာကြည့်လိုက်သောအခါ သူနှင့်တူသော ဇာတ်ကောင်တစ်ခုဖြစ်နေ၏။
ထိုအောက်တွင် ဇာတ်ကောင်အချက်အလက် ဟူ၍ရှိနေသည်။
ဇာတ်ကောင် : ယဲ့ရှောင်ချန်း
အလုပ်အကိုင် : ရှန်းနုန်(အဆင့်၁)
ကျင့်ကြံခြင်း : မရှိ
ပါရမီများ : စိတ်ဝိညာဥ် +1၊ ဖြစ်ထွန်းခြင်း(အထွက်နှုန်း) +1၊ အရည်အသွေး +1၊ အရှိန်မြှင့်ခြင်း +1၊ ရောဂါခံနိုင်ရည်စွမ်း +1၊ အင်းဆက်ခံနိုင်ရည်စွမ်း +1၊ မျိုးကွဲခြင်း +1၊ ခွန်အား +1၊ အဆိပ်ပြီးသောကိုယ်ခန္ဓာ +1
အင်မော်တယ်ယွမ် : 0
အတွေ့အကြုံ : 0/100
ဘာမှပြောစရာမလိုလောက်အောင်ပင် ဤအချက်များက သူ့ကိုယ်ရေးအချက်အလက်များ ဖြစ်ကြသည်။
ယဲ့ရှောင်ချန်း၏ မျက်လုံးများ တောက်ပလာပြီး သူသည် တစ်နည်းနည်းဖြင့် ချမ်းသာသွားသလို ခံစားလိုက်ရသည်။
သူက စိုက်ပျိုးရေးခြံ အကွက်ကို ဖွင့်ဖို့ ကြိုးစားကြည့်သည်။
"စိုက်ပျိုးရေးခြံအား မရွေးချယ်ရသေးပါ။ ကျေးဇူးပြုပြီး စိုက်ပျိုးရေးခြံလိပ်စာအား ရွေးချယ်ပေးပါ။"
စိုက်ပျိုးရေးခြံ အကွက်၏ညာဘက်ခြမ်းတွင် မြေပုံခလုတ်တစ်ခု ရှိနေ၏။
ယဲ့ရှောင်ချန်းသည် နှလုံးခုန်မြန်သွားပြီး ခပ်မြန်မြန်ပင် ခလုတ်ကိုနှိပ်လိုက်သည်။ ရုတ်တရက် သူ့ရှေ့တွင် မြေပုံအကျယ်ကြီးတစ်ခု ပေါ်လာသည်။ မြေပုံပေါ်ရှိမြင်ကွင်းများကို မြင်လိုက်ရသောအခါ သူကြက်သေသေသွားရသည်။ ဖြစ်ချင်တော့ အစစ်အမှန် ဂြိုဟ်တု မြေပုံတစ်ခုဖြစ်နေသည်။ မြေပုံက ကြည်လင်နေပြီး ထိုမြေပုံကို သေသေချာချာချဲ့ကြည့်ပါက မြေပေါ်ရှိ မြက်ပင်များနှင့် ကျောက်တုံးများကိုပင် မြင်နိုင်သည်။
မြေပုံ၏တည်နေရာက သူ့ဘေးပတ်လည် နယ်မြေများကို ပြသနေသည်။ အလယ်ဗဟိုတွင် သူရှိနေသည်ဖြစ်ပြီး သူ့ဘေးပတ်လည်တွင် တစ်စတုရန်းကီလိုမီတာခန့်ကျယ်သော စက်ဝိုင်းတစ်ခုရှိနေ၏။
မြေပုံပေါ် သိပ်မကွာသောနေရာတစ်ခုတွင် သူ ဖန်လုံအိမ်တစ်ခုကို မြင်လိုက်သည်။
"ဘုရားရေ!! ကြမ်းလိုက်တာကွာ။"
ယဲ့ရှောင်ချန်းသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အတော်လေး အံ့အားသင့်သွားသည်။ ဤလုပ်ဆောင်ချက်က အစွမ်းထက်နေခြင်းကြောင့်ဖြစ်သည်။
ကံမကောင်းစွာဖြင့် မြေပုံသည် တစ်ကီလိုမီတာဝန်းကျင်အတွင်း ရှိနေသော အရာများကိုသာ ပြသနိုင်သည်။ ပိုမိုကြည့်ရှုလိုပါက ရှန်းနုန်အဆင့်ကို မြှင့်တင်ဖို့ လိုအပ်သည်။
"ကျေးဇူးပြုပြီး မြေပုံ၏အကွာအဝေးအတွင်း စိုက်ပျိုးရေးခြံလိပ်စာကို ရွေးချယ်ပါ။”
စနစ်မှ အသံထွက်လာသည်။
ယဲ့ရှောင်ချန်းသည် အလွန်စိတ်လှုပ်ရှားနေပြီး သူ့မေးစေ့ကို ပွတ်သပ်ကာ ခေတ္တကြာသောအခါ ဆုံးဖြတ်ချက်ချလိုက်သည်။
စိုက်ပျိုးရေးခြံလိပ်စာကို ဤနေရာတွင် ရွေးချယ်ရမည်။ ဖြစ်ချင်တော့ အသင့်ရှိနေသော စိုက်ပျိုးရေးခြံ တစ်ခုရှိနေ၏။ ထို့ကြောင့် သူ့အနေဖြင့် အသစ်တစ်ခု ရွေးချယ်စရာမလိုပါ။
တစ်စတုရန်းကီလိုမီတာကလည်း များပြားလှပါသည်။ ယဲ့ရှောင်ချန်း စာချုပ်ချုပ်ခဲ့သော မြေရိုင်းမှာ ဧက ၅၀ ထက်လျော့နည်းသောကြောင့် ဖန်လုံအိမ်စိုက်ခင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဒါကိုတွေးပြီး ယဲ့ရှောင်ချန်းသည် စိုက်ပျိုးနယ်မြေ၏ ဗဟိုတည့်တည့်သို့ သွားခဲ့သည်။
ချက်ချင်းဆိုသလို သူ့စိုက်ပျိုးရေးခြံလိပ်စာကို ရွေးချယ်လိုက်သည်။
ချက်ချင်းဆိုသလိုပင်၊ ယဲ့ရှောင်ချန်းသည် သူရှိနေသောနေရာအပေါ် ဗဟိုပြု၍ တစ်စတုရန်းကီလိုမီတာ အကွာအဝေးကို မမြင်နိုင်သော အလင်းလှိုင်းတစ်ခုက ဖြန့်ကျက်သွားသည်ကို တွေ့လိုက်ရသည်။ ဤနယ်မြေထဲတွင် မမြင်နိုင်သော အကာအရံတစ်ခုက ဖုံးလွှမ်းသွားသည်။ သို့သော်လည်း ခေတ္တမျှသာဖြစ်ပြီး ထို့နောက် ဖြေးညှင်းစွာ ပြန်လည် ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မျက်နှာပြင်ပေါ်ရှိ စိုက်ပျိုးရေးခြံအကွက်တွင် ပြောင်းလဲမှု အနည်းငယ်ဖြစ်သွား၏။
ယခုအခါ သင်္ကေတ လေးခုပေါ်လာသည်။ တစ်ခုချင်းစီက စိုက်ပျိုးရေးနှင့် သက်ဆိုင်သော ပံ့ပိုးမှုလေးခုကို ကိုယ်စားပြုသည်။
ပထမ သင်္ကေတကို သူကြည့်လိုက်သည်။
ပထမအဆင့် အင်မော်တယ် စိုက်ပျိုးရေးခြံ၊ အင်မော်တယ်ယွမ် ၁၀၀ လိုအပ်သည်။ ပထမ အဆင့် အင်မော်တယ် အပင်များကို စိုက်ပျိုးနိုင်သည်။
ပထမအဆင့် ဂိုဒေါင်၊ အင်မော်တယ်ယွမ် ၁၀၀၊ ရိတ်သိမ်းထားသော စိုက်ပျိုးရေး ထုတ်ကုန်များကို သိုလှောင်နိုင်သည်။
ပထမအဆင့် အင်မော်တယ်စမ်းရေ၊ အင်မော်တယ်ယွမ် ၁၀၀၊ အပင်များအတွက် စမ်းရေကို အသုံးပြုနိုင်၊ ကောက်ပဲသီးနှံများ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုကို တိုးမြှင့်နိုင်သည်။
ပထမအဆင့် ခြံဝန်း၊ အင်မော်တယ်ယွမ် ၁၀၀၊ လူနှင့်ဆိုင်သော ပျက်စီးခြင်းများ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်များနှင့် အင်မော်တယ်လယ်ကွက်နှင့် အပင်များထံမှ အင်မော်တယ်ဓာတ်ငွေ့ စိမ့်ထွက်မှုကို ကာကွယ်ပေးသည်။
ယဲ့ရှောင်ချန်းတစ်ယောက် ဆွံ့အသွားသည်။ သူ့ထံတွင် အင်မော်တယ်ယွမ် တစ်ပြားမှမရှိချေ။ သူက ဆင်းရဲသဖြင့် ထိုအရာများကို ဘယ်လို ဝယ်နိုင်မည်နည်း။
ဤအချိန်တွင် စနစ်မှ အချက်ပြအသံ မြည်ဟည်းလာပြန်သည်။ "စနစ်သည် အကောင့်ဆီသို့ လူသစ်လက်ဆောင်အထုပ် ပို့ပေးလိုက်ပါပြီ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။"
လူသစ်လက်ဆောင်အထုပ်တဲ့လား။
ယဲ့ရှောင်ချန်းရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ၎င်းကို သူအလွန်မျှော်လင့်ထား၏။ သူအထုပ်အပိုး အသစ်ကို ဖွင့်ဖို့ မစောင့်နိုင်တော့ပါ။ ချက်ချင်းအထုပ်အပိုးကို ဖွင့်ကြည့်လိုက်တော့သည်။
အင်မော်တယ်မြေအစိတ်အပိုင်း တစ်ခု၊ အင်မော်တယ်မုန်လာဥဝါအစေ့တစ်အိတ်၊ အင်မော်တယ်ပေါက်ပြားတစ်လက်နှင့် စာအုပ်တစ်အုပ်။
လေးခုတည်းပါလား။
ယဲ့ရှောင်ချန်း အနည်းငယ် စိတ်ပျက်သွားမိသည်။
သို့သော်လည်း နည်းနည်းလောက် တွေးကြည့်ပြီးသွားသောအခါ စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ ဒါက လက်ဆောင်တစ်ခုဖြစ်ပြီး သူ့အနေဖြင့် ပစ္စည်းကောင်း အများအပြားကို မျှော်လင့်၍ မရနိုင်ပါ။
မိတ်ဆွေများ အကွက်ကို သူဖွင့်ကြည့်လိုက်သည်။ ဖြည်းဖြည်းချင်းနှင့်... ရုတ်တရက်ကြီး အချက်အလက်များစွာ ပေါ်ပေါက်လာလေသည်။
"ထိုက်ပိုင် ကျင်းရှင်က သင်နှင့် မိတ်ဆွေဖွဲ့လိုပါသည်။ လက်ခံလိုပါသလား။"
"မယ်တော်ကြီးက သင်နှင့် မိတ်ဆွေဖွဲ့လိုပါသည်။ လက်ခံလိုပါသလား။"
"ကျောက်စိမ်းဧကရာဇ်က သင်နှင့်မိတ်ဆွေဖွဲ့လိုပါသည်။ လက်ခံလိုပါသလား။"
"လနတ်သမီးက သင်နှင့် မိတ်ဆွေဖွဲ့လိုပါသည်။ လက်ခံလိုပါသလား။"
"တန့်လင်ထာ့ထီက သင်နှင့် မိတ်ဆွေဖွဲ့လိုပါသည်။ လက်ခံလိုပါသလား။"
........
........
ယဲ့ရှောင်ချန်းသည် ထိုနာမည်များအား ကြည့်ပြီး အနည်းငယ် ထိတ်လန့်သွားသည်။ အားလုံးက ဘယ်လိုဖြစ်ပြီး မတူညီသော နတ်ဘုရားများ၏ အမည်များ ဖြစ်နေရပါလိမ့်။
သို့သော်လည်း နားလည်ရခက်သော စနစ်အကြောင်း သူတွေးကြည့်လိုက်သောအခါ စိတ်ထဲတွင် မဟုတ်မှလွဲရော ဤစနစ်က နတ်ဘုရားများနှင့် ချိတ်ဆက်ထားတာလား ဟု တွေးလိုက်မိသည်။ မဟုတ်လျှင် သူ့အား မိတ်ဆွေဖွဲ့လိုသော နတ်ဘုရားများစွာအား ဘယ်လိုရှင်းပြမည်နည်း။
လက်ခံပါသည်...
နတ်ဘုရား သိန်းနှင့်ချီပြီးရှိသည်။
သူသည် ထိုနတ်ဘုရားများကို အခုလောလောဆယ် ဆက်သွယ်ရန် အစီအစဥ်မရှိပါ။ သူတို့က စတိုးဆိုင်တွင် သူ့ကို အရင်ဆုံးဆက်သွယ်လာလျှင်တော့ တစ်မျိုးပေါ့။
စတိုးဆိုင်ဟူသောအကွက် နာမည်အတိုင်း ပစ္စည်းများ ဝယ်ယူနိုင်သော နေရာဖြစ်သည်။
သေချာသည်က စတိုးဆိုင်တွင် ဝယ်ယူနိုင်သော ပစ္စည်းများစွာရှိသည်။ ကျင့်ကြံခြင်း နည်းလမ်းများဖြစ်ဖြစ်၊ မန္တန်များ ဖြစ်ဖြစ်၊ မှော်အဆောင်လက်ဖွဲ့များဖြစ်ဖြစ်၊ အင်မော်တယ် ဆေးတောင့်များဖြစ်ဖြစ်၊ အားလုံးကို ထိုနေရာတွင် တွေ့နိုင်သည်။
သူ ဝယ်ယူနိုင်သော အစေ့များလည်း မျိုးစုံရှိသည်။
ယဲ့ရှောင်ချန်း စနစ်က သူ့ကို လက်ဆောင်ပေးထားသော ပစ္စည်းများကို ရှာကြည့်လိုက်သည်။ အင်မော်တယ် မုန်လာဥဝါ အစေ့၊ တစ်အိတ်ကို အင်မော်တယ်ယွမ် ၁၀ယွမ် တန်သည်။
အင်မော်တယ်မြေ - အင်မော်တယ်ယွမ် ၁၀၀
အင်မော်တယ် ပေါက်ပြား - အင်မော်တယ်ယွမ် ၅၀
တစ်နည်းအားဖြင့် စနစ်က သူ့ထံသို့ အနည်းဆုံး အင်မော်တယ်ယွမ် ၁၆၀ တန်ဖိုးရှိ ပစ္စည်းများပေးလိုက်ခြင်းဖြစ်သည်။
စတိုးဆိုင်ပေါ်ရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ ယဲ့ရှောင်ချန်း အားသာကျနိုင်သည်။ အင်မော်တယ်ယွမ်! သူ့မှာ အင်မော်တယ်ယွမ်များ လိုအပ်နေသည်။
သို့သော် ဘယ်လိုရှာရမလဲ။
သူသည် ချက်ချင်းဆိုသလိုပင် မိတ်ဆွေများဆိုသည့် လုပ်ဆောင်ချက်ကို နားလည်လိုက်သည်။ သူ ကောက်ပဲသီးနှံ တချို့ စိုက်ပျိုးပြီးသွားပါက မည်သည့် မိတ်ဆွေကိုမဆို ရောင်းချကာ အင်မော်တယ်ယွမ် ရနိုင်သည်။ အမှန်ပင်။ စတိုးဆိုင်တွင်လည်း ရောင်းချနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် စနစ်က သူ့ကို အဆင့်၁ အင်မော်တယ် လယ်တစ်ကွက် လက်ဆောင်ပေးခဲ့သည်။
ထိုလယ်ကွက်ကို နေရာချရန် သူတွေးလိုက်သည်။ ချက်ချင်း ထိုမြေတစ်ကွက်ကို မြေပုံပေါ်တွင် နေရာချလိုက်၏။ သူ့စိုက်ပျိုးရေးခြံအတွင်း နေရာချနိုင်သော ဧရိယာထဲတွင်သာ နေရာချလိုက်သည်။ အပြင်ဘက်တွင် နေရာချလိုက်သည်နှင့် တစ်ပြိုင်နက် အနီရောင် ဖြစ်သွားသည်။ အစိမ်းရောင်ပြသသော နေရာများတွင်သာ သူ့မြေကွက်ကို နေရာချနိုင်သည်။
ဤအဆောက်အဦးသည် အနီရောင်အသိပေးချက် ပြသနေသည်။
စိုက်ပျိုးထားခြင်းမရှိသော ဖန်လုံအိမ်တစ်ခုကို ယဲ့ရှောင်ချန်းရွေးချယ်လိုက်ပြီး ထိုအပေါ်တွင် နေရာချလိုက်သည်။
ထို့နောက် မြေကွက်၏ ပုံသဏ္ဌာန် ပေါ်လာသည်။ စတုရန်း၊ စက်ဝိုင်း၊ ထောင့်မှန်စတုဂံ အစရှိသော ပုံသဏ္ဌာန်များကို ပြသနေသည်။ အင်မော်တယ်မြေကွက်ကို မည်သည့်ပုံစံမျိုးနှင့်မဆို ရွေးချယ်နိုင်ပါသည်။
ယဲ့ရှောင်ချန်းက ဖန်လုံအိမ်ထဲတွင် ဝင်ဆံ့နိုင်ရန် ထောင့်မှန်စတုဂံပုံသဏ္ဌာန်ကို ရွေးချယ်လိုက်သည်။
မြေကွက်ကို နေရာချပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အင်မော်တယ်မြေတည်နေရာသို့ ခပ်မြန်မြန် လျှောက်လာခဲ့ပြီး ဖန်လုံအိမ်ထဲသို့ဝင်လိုက်သည်။ အင်မော်တယ်မြေကွက်က ဘယ်လိုပုံစံလဲ သူမြင်ချင်မိသည်။
ခွေးနှစ်ကောင်ကလည်း သူ့နောက်လိုက်လာလေသည်။