← Chapters

ရောင်းချခြင်း

Vol. 1 Ch. 4

ရောင်းချခြင်း

Vol. 1 Ch. 4

အခန်း(၄) - ရောင်းချခြင်း

ယဲ့ရှောင်ချန်း၏ အိမ်သည် တောင်ပေါ်တွင် တည်ရှိသည်။ သူ့မြို့ရွာနှင့် အပြင်ဘက် ကတ္တရာလမ်းမကို ချိတ်ဆက်ပေးထားသော ကျောက်တုံးများဖြင့် ခင်းထားသည့် လမ်းကျဥ်းလေးတစ်ခုသာ ရှိသည်။

အိမ်ကလည်း အတော်လေး ပုံတုံးသော အုတ်နီအိမ် ဖြစ်သည်။ နှစ်ဘက်စလုံးတွင် အဓိအခန်းနှင့် အခန်းငယ်တစ်ခန်းရှိသည်။ အလယ်တွင် အိမ်ခန်းမကြီးရှိသည်။ အချိုးကျပြီး ရာဇဝင်ကလည်း ကောင်းမွန်ပါသည်။

ထိုကဲ့သို့ အုတ်နီအိမ်တွင် နေပါက နွေရာသီတွင်လည်း အေးမြပြီး အဲကွန်းပင်မလိုပါ။

အဲကွန်းတပ်ထားလျှင်ပင် အသုံးမဝင်ချေ။ အိမ်တစ်အိမ်လုံးက လေဝင်လေထွက် ကောင်းမွန်ပါသည်။

အိမ်အရှေ့တွင် မြေငယ်လေးတစ်ခုရှိသည်။ ပြောင်းဖူးစိုက်ခင်း အနည်းငယ်ရှိပြီး ရေကန်ငယ်နှစ်ခုရှိ၏။ ယဲ့ရှောင်ချန်းမိသားစုက တစ်ကန် စာချုပ်ချုပ်ထားပြီး နောက်တစ်ကန်ကိုတော့ လင်းစောင်တို့မိသားစုက စာချုပ်ချုပ်ဆိုထားသည်။

ရေထဲတွင် ဆန်စပါးပျိုးခင်းကြီးတစ်ခုကို စိုက်ပျိုးထားသည်။ ယခု အစေ့များက စတင်အညှောက်ထွက်လာပြီဖြစ်ပြီး သစ်တောတစ်တောလို စိမ်းစိုနေသည်။

စပါးခင်း၏ တစ်ဖက်တွင် မြစ်ငယ်တစ်ခုကို မြင်နိုင်သည်။ လျန်ရွှေ့ မြို့တော်ကိုဖြတ်ကာ စီးဆင်းနေသည်။ ယဲ့ရှောင်ချန်းငယ်စဥ်က လျန်ရွှေ့မြစ်မှာ ခမ်းခြောက်လုနီးပါး ဖြစ်ပြီး ကမ်းခြေက ရေတိမ်သည်။ နေ့စဥ် ညနေငါးနာရီတိုင်း သူ့သူငယ်ချင်းအနည်းငယ်နှင့် မြစ်တွင်ရေချိုးလေ့ရှိကြသည်။

တစ်ခါက အလယ်တန်းကျောင်းသားဘဝတွင် ပုံမှန််အတိုင်း ရေချိုးရန်မြစ်သို့သွားခဲ့၏။ သို့သော် ရေအောက်အပင်များနှင့် ရစ်ပတ်မိကာ ရေနစ်လုနီးပါးဖြစ်သွားခဲ့သည်။ ထိုအချိန်မှစကာ သူကြောက်လန့်သွားပြီး မြစ်သို့ရေသွားမချိုးတော့ပေ။

ကျေးးလက်နေထိုင်မှုဘဝနှင့် အသားကျရန် ယဲ့ရှောင်ချန်း အနည်းငယ် အချိန်ယူလိုက်ရသော်လည်း လှပသော မြင်ကွင်းများနှင့် တိတ်ဆိတ်သော နေရာများက သူနေထိုင်ဖို့ လွယ်ကူစေရန်အတွက် အထောက်အကူဖြစ်စေသည်။

သူတို့အိမ်၏ တံစက်မြိတ်အောက်တွင် သူ့အမေ ဟဲချင်းလျန်က အဝတ်လျှော်နေ၏။

သူ့အဖေ ယဲ့ဟဲရှန့်ကတော့ အိမ်ခန်းမထဲတွင် ဝါးကြောများဖြင့် ခြင်းရက်လုပ်နေ၏။

သူ့အဖေက မည်သည့်ဝါးရက်လုပ်နည်းပညာကိုမှ မသင်ယူခဲ့ပါ။ သူ့ဖာသာသူ လေ့လာတတ်မြောက်ခဲ့ခြင်း ဖြစ်၏။ အိမ်ထဲရှိ ဝါးဖြင့် ပြုလုပ်ထားသည့် ပစ္စည်းတိုင်းက သူ့လက်ရာဖြစ်သည်။

"ရှောင်ချန်း မိုးစဲသွားပြီ။ နင်ဒီနေ့ ဟင်းသီးဟင်းရွက် တစ်သုတ်ပို့ရမှာ မဟုတ်ဘူးလား။"

သူ့အမေက မော့ကြည့်ကာ မေးလိုက်သည်။

"ဒီနေ့ ကျွန်တော်လုပ်စရာရှိလို့ မပို့တော့ဘူး။"

ယဲ့ရှောင်ချန်းက သူ့ဝမ်းကွဲအစ်ကို၏ စူပါမားကတ်က သူ့ဟင်းသီးဟင်းရွက်များကို ယူမည်မဟုတ်ကြောင်း ထည့်မပြောပါ။ သူ့အမေအား စိတ်မပူစေလိုပေ။

သူမြို့ထဲသို့သွားကာ မားကတ်အသစ်တစ်ခု ရှာနိုင်ဦးမလား ကြည့်ရဦးမည်။

ဟင်းသီးဟင်းရွက်များသည် လတ်ဆက်သောအရာများဖြစ်ပြီး ၎င်းတို့ကို ရောင်းချဖို့ တစ်နေ့တာ နှောင့်နှေးခြင်းသည် သူ့အတွက် အရှုံးများလေလေဖြစ်သည်။

သူ့အမေက ဘာမှမတွေးဘဲ အဝတ်သာ ဆက်လျှော်နေသည်။

ယဲ့ရှောင်ချန်းက သပ်သပ်ရပ်ရပ် ဝတ်ဆင်လိုက်သည်။ ဘောင်းဘီတို၊ ကွင်းထိုးဖိနပ်များဖြင့်တော့ မားကတ်များထံသို့ သွား၍မရနိုင်ပေ။

သိပ်မကြာခင်မှာပဲ ယဲ့ရှောင်ချန်းဟာ တစ်ပတ်ရစ် အမျိုးသမီးစီးဆိုင်ကယ်ကိုထုတ်ကာ စက်နှိုးပြီး မောင်းထွက်သွားသည်။

ယဲ့ရှောင်ချန်းသည် မြို့တွင်းရှိ ဆီကုန်ခါနီးနေပြီဖြစ်သဖြင့် ဆီဆိုင်သို့ တန်းသွားလိုက်သည်။ ထို့နောက် မြို့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ဦးတည်သွားခဲ့သည်။

ကျန့်ရှန်းစီရင်စုသည် ယုဖန်ရွာနှင့် ၂၀ကီလိုမီတာ ကွာဝေးသည်။ မြို့တော်က အတော်လေး ဖွံ့ဖြိုးပြီး နေရာတိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို သူတွေ့နိုင်သည်။

ယဲ့ရှောင်ချန်း၏ ပန်းတိုင်က နေ့စဥ် ဟင်းသီးဟင်းရွက်များ လိုအပ်သော စားသောက်ဆိုင်များ သို့မဟုတ် ဟင်းသီးဟင်းရွက်ဆိုင်များကို ရှာဖွေရန်ဖြစ်သည်။

ကံမကောာင်းစွာဖြင့် သူနေရာ ၁၀နေရာကျော်ထိ သွားခဲ့သော်လည်း တစ်နေရာမှ အောင်မြင်မှု မရခဲ့ချေ။

မကြာသေးခင်က မိုးရွာထားသော်လည်း ရာသီဥတုက ပူအိုက်လွန်းလှသည်။ သူပူလောင်ပြီး ချွေးပြန်နေလေပြီ။

သူစတိုးဆိုင်တစ်ဆိုင်တွင် ရပ်ကာ ရေအေးအေးလေးတစ်ဗူး ဝယ်လိုက်သည်။ ရေနည်းနည်းလေး သောက်လိုက်ကာမှ သူနေလို့ထိုင်လို့ပိုကောင်းသွားသည်။

ယဲ့ရှောင်ချန်းက စူးရှလှသော နေမင်းကြီးကို မော့ကြည့်လိုက်သည်။ ရုတ်တရက် သူနာကျဥ်းစွာ ရယ်မောလိုက်ပြီး စိတ်ဓာတ်ကျသော ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရသည်။ သူ့အလုပ်က ပျက်စီးလွယ်လှသည်။ ပြဿနာအသေးလေး တစ်ခုဖြစ်လိုက်ပါက နောက်ပိုင်း ပြဿနာကြီးကြီးမားမားများပါ ဆက်ဖြစ်သွားသည်။

နောက်ဆုံးတော့ သူနားလည်သွားသည့်ပုံပင်။ မသေချာသော ဆက်ဆံရေးများအပေါ် မျှော်လင့်ခဲ့မိသော သူသည် အမှန်ပင် တုံးအလွန်းခဲ့ပါသည်။

အချိန်သာ နောက်ပြန်ဆုတ်လို့ရမည် ဆိုလျှင် ယဲ့ရှောင်ချန်း ဒီလောက် စိတ်လိုက်မာန်ပါ ပြုလုပ်မည်မဟုတ်ပါ။

ကံမကောင်းစွာဖြင့် မြှားတစ်ချောင်းပစ်ပြီး၊ ကျည်တစ်တောင့်ပစ်ပြီးလျှင် နောက်ပြန်ဆုတ်ခွင့် မရှိတော့ပါ။ သူရှေ့သို့သာ ဆက်တိုးနိုင်သည်။ မဟုတ်လျှင် သူရင်းနှီးထားသော သိန်းချီသည့် ယွမ်များက အလကားဖြစ်သွားပေမည်။

သူ့အလုပ်အား ဆက်လုပ်ရမည်။ သူ့အမေ၊ အဖေနှင့် အစ်မကြီးတို့ကို စိတ်ပျက်အောင် လုံးဝ လုပ်၍မဖြစ်ပါ။

သူ့တွင် ရွှေလက်ချောင်းများ ရှိနေသည်။ သူ့အနာဂတ်တက်လမ်းက ပိုမိုအလားအလာရှိလာနိုင်သည်။ (ရွှေလက်ချောင်းများက ရှန်းနုန်စနစ်ကို ဆိုလိုသည်။)

ရေဗူးအဖုံးကို တင်းကြပ်အောင် ပိတ်လိုက်ပြီးနောက် ယဲ့ရှောင်ချန်းသည် ဆိုင်ကယ်၏ ကိရိယာဘောက်ကိုဖွင့်ကာ ကျန်နေသော ရေဗူးတစ်ဝက်ကို ထည့်လိုက်သည်။ ထိုစဥ် ရုတ်တရက် ဟွန်ဒါကားအနက်ရောင်တစ်စီးက သူ့ဘေးတွင် လာရပ်သည်။ ကားပြတင်းမှန် တဖြည်းဖြည်း ကျသွားပြီး ယောက်ျားတစ်ယောက်က ခေါင်းပြူထွက်လာသည်။

"ရှောင်ချန်း၊ မင်းဒီမှာဘာလုပ်နေတာလဲ။"

ထိုလူက ယဲ့ရှောင်ချန်းကို အံ့သြစွာ ကြည့်လိုက်သည်။

"ဝမ်းကွဲအစ်ကို၊ ကျွန်တော် ကိစ္စတစ်ချို့ရှိလို့ လာခဲ့တာပါ။"

ထိုလူ့ကို မြင်လိုက်တော့ ယဲ့ရှောင်ချန်း အနည်းငယ် တုန်လှုပ်သွား၏။ ထို့နောက် ချက်ချင်းပြုံးလိုက်ပြီး နှုတ်ဆက်လိုက်သည်။ ထိုလူက သူ့ဝမ်းကွဲအစ်ကို ချန်ဟောက်ဖြစ်သည်။

ယဲ့ရှောင်ချန်း မျက်လုံးကက ဧည့်သည်ခုံတွင် ထိုင်နေသော မိန်းမထံသို့ ရောက်ရှိသွား၏။ သူမက အတော်လေး ကြည့်ကောင်းသော်လည်း အခြားသူများကို နေရခက်စေသော ခံစားချက်မျိုးကို ပေးသည်။ မက်မွန်ပွင့် မျက်လုံးတစ်စုံနှင့် မောက်မာသော စရိုက်တို့ရှိသည်။ ယဲ့ရှောင်ချန်း မျက်လုံးထောင့်မှ သူမကို မြင်လိုက်သော်လည်း သူမက စကားမပြောပါ။

ထိုမိန်းမက ချန်ဟောက်၏ မိန်းမ လီယန်ဖြစ်သည်။

ထိုလီယန်က သူ့ကို အထင်အမြင်သေးသော်လည်း သူနှုတ်ဆက်ရပါမည်။ သူ့အဖေက သူ့ကို ယဥ်ကျေးသော လူတစ်ယောက်ဖြစ်အောင် သင်ကြားပေးထားသောကြောင့်ပင်။

"ဟယ်လို မရီး"

ယဲ့ရှောင်ချန်းက လီယန်ကို နှုတ်ဆက်လိုက်သည်။

လီယန်က သူ့ကို အရေးမလုပ်ပေ။ နှာခေါင်းသာရှုံ့နေ၏။

ချန်ဟောက် မျက်နှာပူသွားသည်။ သူ့မိန်းမက သူ့အမျိုးများကို အထင်သေးသည်။ သူ့လက်ရှိအောင်မြင်မှုက သူ့မိန်းမ၏ မိသားစုကြောင့် ဖြစ်သဖြင့် သူလည်း မတတ်နိုင်ပါ။

"ရှောင်ချန်း၊ ဟင်းသီးဟင်းရွက် ကိစ္စနဲ့ ပတ်သက်ပြီး ငါမင်းအတွက် စုံစမ်းမေးမြန်းထားတာတွေရှိတယ်။ မကြာခင် အကြောင်းကြားပါလိမ့်မယ်။"

ယဲ့ရှောင်ချန်း မြို့တော်သို့ လာရောက်ရသည့် အကြောင်းရင်းကို သူသိနေသည်။ ဟင်းသီးဟင်းရွက်ရောင်းရမည့် ပြဿနာပဲဖြစ်လိမ့်မည်။

သူစိတ်မကောင်းပါ။

"ရပါတယ်ဗျာ။"

ယဲ့ရှောင်ချန်းကလည်း ချန်ဟောက်ကို မမုန်းပါ။ သူ့ဘဝကလည်း တော်တော်လေး ကြမ်းသည်။ အမြဲတမ်း လီယန်၏မျက်နှာကို ကြည့်နေရသည်။ သို့သော် သူက သည်းခံစိတ် ရှိသဖြင့် သူမ၏ ပွစိပွစိလုပ်မှုများကို ခံနိုင်ရည်ရှိပါသည်။

ညီအစ်ကိုနှစ်ယောက်က စကားအနည်းငယ်ပြောနေတုန်း လီယန်က စိတ်မရှည်သည့်ပုံဖြစ်လာသည်။ "အချိန်ဆွဲမနေနဲ့ ကျွန်မမိဘတွေ စောင့်နေရလိမ့်မယ်။"

ချန်ဟောက်က ရယ်လိုက်ပြီး ပြောလိုက်သည်။ "ရှောင်ချန်း ငါမင်းမရီးနဲ့ အရေးကြီးကိစ္စရှိလို့၊ မဟုတ်ရင် မင်းငါ့အိမ်မှာ နေ့လည်စာ လာစားလို့ရတယ်။"

သူချန်ဟောက်၏ ကားထွက်သွားသည့်အချိန်ထိစောင့်ပြီး ယဲ့ရှောင်ချန်းမျက်လုံးကို ခွာလိုက်သည်။ သူနာကျည်းစွာ ရယ်လိုက်မိသည်။ သူ မသွားရသေးသော နေရာတစ်ချို့ရှိသော်လည်း ရလဒ်များကို ခန့်မှန်းပြီးသားဖြစ်နေသည်။ သူ့ဝမ်းကွဲအစ်ကိုပြောခဲ့သော စကားများကို သူမစဥ်းစားတော့ပါ။

အရာရာ သူ့ကိုယ်သူသာ အားကိုးရတော့မည်ဖြစ်သည်။

ယဲ့ရှောင်ချန်း နေ့လည်စာပင်မစားဘဲ အခြားနေရာများသို့ သွားခဲ့သော်လည်း ရလဒ်က စိတ်ပျက်စရာကောင်းလှသည်။

တစ်ယောက်မှ မဝယ်ချင်ကြပါ။

သူ့ဟောင်းလောင်းဖြစ်နေသော ဗိုက်က ကျုံ့နေပြီဖြစ်သော်လည်း ယဲ့ရှောင်ချန်း စားချင်စိတ် နည်းနည်းလေးပင်မရှိပါ။ သူစားသောက်ဆိုင်တစ်ဆိုင်ရှာလိုက်ပြီး ချင်းပင်ဆန်ခေါက်ဆွဲတစ်ပန်းကန် မှာစားလိုက်သည်။ ပုံမှန်ဆို သူတစ်ပန်းကန်လုံး စားနိုင်သော်လည်း အခုတော့တစ်ဝက်သာ ကုန်သည်။

ယဲ့ရှောင်ချန်း၏ နှလုံးသားက လေးလံနေခဲ့သည်။ သူဒီလိုကိစ္စများ တစ်ခါမှမကြုံဖူးပါ။ အခုပြဿနာကို သူဘယ်လို ဖြေရှင်းရမလဲ မသိပါ။

ဆိုင်ကယ်ကို စီးကာ ယဲ့ရှောင်ချန်း ထိုက်ဖျင် မြို့ကိုပြန်လာခဲ့သည်။

သူမြို့တွင် ဟော်တယ်သို့မဟုတ် စူပါမားကတ်များ ရှာကြည့်မည်ဖြစ်သည်။ မျှော်လင့်ချက်က နည်းပါးသော်လည်း သူကြိုးစားကြည့်ချင်ပါသေးသည်။

နောက်ဆုံးတော့ ယဲ့ရှောင်ချန်းက ချင်းထျန်စူပါမားကတ် ဟုအမည်ရသော စူပါမားကတ်တစ်ခုသို့ ရောက်ရှိလာ၏။

၎င်းက ထိုက်ဖျင်မြို့၏ အကြီးဆုံးနှင့် အကောင်းဆုံး စူပါမားကတ်ကြီးဖြစ်သည်။

ထိုက်ဖျင်မြို့တစ်မြို့လုံးက သိပ်ပြီးမကျယ်ပြန့်ပေ။ စူပါးမားကတ်ကြီး ငါးခုရှိပြီး အဓိကအားဖြင့် မြို့ထဲမှ လူများက အတော်ချမ်းသာကြပြီး မြို့တွင်းစီးပွားရေးကို အားပေးကြသည်။

လစဥ် ကုန်စည်ပြပွဲနေ့တွင် လူများ စည်ကားတတ်သည်။ အခြားမြို့များမှ လူများပင် လာကြသည်။

ယခု ၄နာရီရှိနေပြီဖြစ်၏။

ယနေ့ကုန်စည်ပြပွဲမရှိဘဲ မနက်ဖြန်မှဖြစ်သော်လည်း ချင်းထျန် စူပါမားကတ်တွင် လူကတော့ စည်ကားနေသည်။

အပြင်ဘက်တွင် ပါကင်ထိုးထားသော ဆိုင်ကယ်များကို ကြည့်ခြင်းအားဖြင့် သိနိုင်သည်။

ကျေးရွာဘက်တွင် မော်တော်ဆိုင်ကယ်များက အဓိကသွားလာရေးယာဥ်များဖြစ်ကြပြီး အိမ်တိုင်းတွင်ရှိကြသည်။

"ဘယ်လိုဖြစ်တာလဲ။ မင်းတို့ပြောတော့ အရုဏ်မတက်ခင် ငါတို့ဟင်းသီးဟင်းရွက်တွေရမယ်ဆို။ အခုတော့ ဒီလိုဖြစ်တော့ ငါတို့က ဒီအချိန်တိုလေးအတွင်း ပစ္စည်းတွေ ဘယ်မှာ သွားရှာရမလဲ။ မနက်ဖြန် ကုန်စည်ပြပွဲကွ ဘာဟင်းသီးဟင်းရွက်မှ မရရင် ဘယ်လောက်တောင် ထိခိုက်မှုများပြီး အရှုံးပေါ်မလဲ ဆိုတာ မင်းသိရဲ့လား။"

စူပါမားကတ်ရှေ့တွင် လူလတ်ပိုင်းယောက်ျားတစ်ယောက်က ဖုန်းတစ်လုံးဖြင့် အသံကျယ်လောင်စွာ ပြောနေသည်။

ဟင်းသီးဟင်းရွက်များ မရှိပါက အရောင်းအဝယ်အပေါ် သက်ရောက်မှုကိုပင် မပြောနဲ့ဦး၊ အရေးအကြီးဆုံးက ဖောက်သည်များ၏ နှလုံးသားထဲတွင် မကောင်းသော ခံစားချက်များကို ဖြစ်ပေါ်သွားစေသည်။ သူ့စူပါမားကတ်တွင် ဟင်းသီးဟင်းရွက်များ မရှိသော်လည်း အခြားစူပါမားကတ်များတွင် ရှိနေသည်။ အခြားစူပါမားကတ်များက ဤအခွင့်အရေးကို အသုံးချပြီး ကတ်စတမ်မာများကို ဆွဲဆောင်ကြမည် မဟုတ်လား။

ယဲ့ရှောင်ချန်းက ထိုလူကိုသိသည်။ ချင်းထျန် စူပါမားကတ် ဘော့စ် လျှိုဖူရှန်းဖြစ်သည်။

လျှို့ဖူရှန်း၏ စကားများကို ကြားသောအခါ ချင်းထျန်စူပါမားကတ်က ဟင်းသီးဟင်းရွက် အထောက်အပံ့ပြဿနာနှင့် ရင်ဆိုင်နေရမှန်း သူသိသွားသည်။

ဧကန္တ ဒါသူ့အတွက် အခွင့်အရေးဖြစ်နိုင်သည်။

All Chapters