အကျိုးအမြတ်များကို ရိတ်သိမ်းခြင်း
Vol. 4 Ch. 52
ပထမအကြိမ်တွင် သူ သည်းခံနိုင်ခဲ့သည်။ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်တွင်တောင်မှ သူ ဆက်လက်၍ သည်းခံခဲ့သည်။ သူ့အတွက် ကောင်းကင်ရစ်ပတ်ကျော့ကွင်းသည် ပန်းချီကားလိပ်ထက်တောင်မှ ပို၍ တန်ဖိုးရှိသေး၏။ ၎င်းက ပြိုင်ဘက်ကို တမုဟုတ်ချင်း ရစ်ပတ်နိုင်၍ သူ တန်ဖိုးထားရသော ရတနာဖြစ်သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။ ၎င်းသည် အောင်မြင်မှုများလေ အစွမ်းထက်လေလည်း ဖြစ်၏။ ထို့ကြောင့် ၎င်း၏ထည်ဝါမှုကို ပြဿရန် တောင်ပေါ်တွင် သူ ထားခဲ့သည်။ ထိုအခါ လူတွေမြင်ပြီး တပ်မက်ကြလိမ့်မည်။ ထိုသို့ထားခြင်းက လုံခြုံသည် မည်သူမှမယူနိုင်ဟု သူ ထင်ထားခဲ့သည်။ ယခုတော့ မန်ဟို့ကို သတ်၍ ပန်းချီကားနှင့်ကောင်းကင်ရစ်ပတ်ကျော့ကွင်းကို ပြန်ယူဖို့ အရူးအမူးဖြစ်နေလေပြီ။
ထို့နောက် ဝူတင်းချိုးသည် ရယ်မောရွှင်လန်းစွာဖြင့် အင်္ကျီလက်ကို ခါလိုက်ပြီး သူ့လမ်းကိုပိတ်နေသော လူထူးဆန်းစုန့် ရှေ့တွင်ရပ်လိုက်၏။
“တောင်ပိုင်းဒေသမှာ ထင်ရှားကျော်ကြားတဲ့ တာအိုရောင်းရင်းစုန့် မင်းဘာလုပ်နေတာလဲ။ ရတနာတောင်ပေါ်ကို ၇ရက်အတွင်းရောက်အောင် တက်နိင်တဲ့ ဘယ်သူမဆို ရတနာတွေကို ယူနိုင်တယ်လို့ မင်း ပြောခဲ့တယ််။ မင်းစကားတွေကို ပြန်ရုပ်သိမ်းမယ်လို့ မပြောနဲ့နော်။”
“အမြင့်ဆုံးတောင်ထိပ်ဖြစ်လာအောင် ထျန်းရှန်းတောင်ကနေ မင်းကိုယ်တိုင် သယ်လာခဲ့တယ်။ နှစ်တစ်သောင်းလောက် အလင်းရောင်မရှိခဲ့တဲ့ အရှေ့ပင်လယ်၏ အောက်ခြေက မြေဆီလွှာနှင့် ဒီကုန်းမြေကို တည်ဆောက်ခဲ့တယ်။ အစွမ်းအစရှိတဲ့ စဦးချီဖွဲ့စည်းစည်းအဆင့်က ဘယ်သူမဆို အောင်မြင်မှုကို ခံစားနိုင်တယ်လို့ တစ်ယောက်ယောက် ပြောခဲ့တာကို ငါမှတ်မိနေတယ်” လူထူးဆန်းစုန့်သည် ပြောစရာစကားမရှိသလို ပြုမူနေသည်။ စကားပြောမိလျှင် သူသေချာပေါက် မျက်နှာပျက်ရတော့မည် ဖြစ်သည်။ ဝူတင်းချိုးသည် ဆက်လက်ရယ်မောနေပြီး လူထူးဆန်းစုန့်ကို အလွတ်ပေးမည့်ပုံ မပေါ်ပေ။
လူထူးဆန်းစုန့်သည် ခါးသီးမှုတွေနှင့် ပြည့်နှက်နေပြီး မျက်နှာပျက်နေ၏။ အရင်က အလွန်အားရကျေနပ်စွာ ပြောခဲ့သမျှ ပြန်ခံနေရပြီဖြစ်သည်။ အချိန်အတော်ကြာပြီးသည့်နောက် သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး စိတ်ငြိမ်ဆေးလုံး နှစ်လုံးကို သောက်ကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။
ရုတ်တရက် သူ့မျက်လုံးများလက်သွားသည်။ သံလှံအကြောင်း စုံစမ်းရန် သူ့အသိစိတ်ကို မန်ဟိုဆီသို့ ပို့လွှတ်လိုက်သည်။ အစထဲက သူသည် မန်ဟို့အပေါ် အာရုံလျော့ပေါ့မထားဘဲ သံလှံ ဘာလုပ်နေလဲဆိုတာကို အာရုံစူးစိုက်ခဲ့သည်။ သူ့သိစိတ်ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ဝူတင်းချိုးသည် ရယ်မောရင်း အင်္ကျီလက်ကို ခါလိုက်၏။ တောက်ပနေသော အကာအကွယ်သည် ကွင်းပြင်တစ်ခုလုံးလွှမ်းခြုံသွားပြီး လူထူးဆန်းစုန့်၏ သိစိတ်ကို တားဆီးလိုက်သည်။
“မင်းရဲ့သိစိတ်ကို စဦးချီဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို စုံစမ်းတဲ့နေရာမှာ သုံးမလို့လား။ လူထူးဆန်းစုန့် မင်းတကယ်ကို မျက်နှာပျက်ဖို့ ကြိုးစားနေတာလား။” ဝူတင်းချိုးက လူထူးဆန်းစုန့်ကို ဘာမှမလုပ်စေချင်ဘူးဆိုတာ ထင်ရှားစွာဖြင့် ရယ်နေသည်။ လူထူးဆန်းစုန့် သူ့အင်္ကျီလက်ကို ခါနေရုံမှတပါး ဘာမှမတတ်နိုင်တော့ချေ။ ပထမအကာအကွယ်၏ နောက်တွင် နောက်ထပ် အကာအကွယ်တစ်ခု ထပ်ပေါ်လာခဲ့သည်။
“ဒီကောင်လေးရဲ့ သံလှံဟာ အလွန် ထူးခြားတယ်။ မင်းက ငါ့သိစိတ်ကို လွှတ်ပြီး စုံစမ်းတာကို ခွင့်မပြုဘူးဆိုရင် ငါလဲ မင်းအဲ့လိုလုပ်တာကို ခွင့်မပြုနိုင်ဘူး”
လေးနာရီကြာပြီးနောက် မန်ဟိုသည် သံလှံကို ဆုပ်ကိုင်ရင်း တောင်ထိပ်သို့ရောက်ခဲ့ပြီ။ သူလမ်းလျှောက်ရင်း ပတ်ကြည့်ရင်း နောက်ဆုံးတွင် မြေပေါ်တွင်စိုက်ထားသော အလံကို သတိထားမိသည်။ အလံရဲ့အောက်မှာ အိတ်တစ်လုံးရှိသည်။ ၄င်းအိတ်၏ မျက်နှာပြင်မှာ ကြည့်လိုက်ရုံနှင့် စိတ်ကို ဆွဲစုပ်ယူထားသည်ဟု ခံစားရသော အရောင်များဖြင့် ပြည့်နှက်နေသည်။ ၄င်းပါတ်ဝန်းကျင်ရှိအရာအားလုံး လှိုင်းထ မှုန်ဝါးနေသည်။ မန်ဟိုသည် အိတ်ကိုမြင်သောအခါ စိတ်အားထက်သန်မှုဖြင့် တုန်ရီနေသည်။ သူအိတ်ကို ကောက်ယူလိုက်သည်နှင့် အလံသည် မြေကြီးပေါ်သို့ကျသွားခဲ့၏။
မန်ဟိုအေးအေးဆေးဆေး တောင်ပေါ်တက်လာကာ ဝိညာဉ်ကျောက်တုံးနှင့် ဆေးဝါးများစုဆောင်းနသည်ကို ကြည့်ရင်း မိစ္ဆာသစ်တောရှိ စောင့်ကြည့်သူများအကြား ပြောစရာဖြစ်လာခဲ့သည်။ အလံမြေပေါ်သို့ ကျသွားသောအခါ စကားသံများပိုမို ဆူညံစွာ ပေါ်ထွက်လာသည်။
သူတို့သည် မန်ဟိုကို မနာလို တုန်လှုပ်စွာ ငေးကြည့်နေကြပြီး မန်ဟို တောင်၏အခြားတစ်ဖက်သို့ ဝင်ရောက်ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိကြသည်။
ရှန့်ကွမ်းရှိုးသည် မန်ဟိုပျောက်ကွယ်သွားသည်ကို သတ်ချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေခဲ့သည်။ မန်ဟိုနောက် သူ မလိုက်ရဲခဲ့ပေ။ သူမသိသည့် မန်ဟိုအကြောင်းတွေ အများကြီးရှိသည်။ မန်ဟို့ကို သတ်ရန် ရှမ်ကွမ်းရှိုး၏ ဆန္ဒသည်ယခင်ကထက် ပိုမိုပြင်းထန်သော်လည်း သူ၏ဆေးဖက်ဝင်အပင်သို့ ရောက်ရှိရန်မှာ နောက်ကျလွန်းနေကြောင်းကိုလည်း သိသည်။ သူ၏သွားများကိုကြိတ်၊ မြေကြီးကို ခြေဆောင့်နေသည်ကို ကြည့်ရသည်မှာ အလွန်ပင် သနားစရာ ကောင်းလှသည်။ သို့သော် ဒေါသစိတ်က သူ၏စိတ်ဓာတ်ကျခြင်းကို တွန်းဖယ်ထုတ်သည်။ သူသာ နည်းလမ်းကို စဉ်းစားမိလျှင်မန်ဟိုကို သတ်ခဲ့ပြီးပြီ ဖြစ်သည်။
မန်ဟို တောင်တစ်ဖက်သို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ဝူတင်းချိုး၏ရယ်သံသည် တောင်ကုန်းတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ မန်ဟို သူ့ရောင်စုံစကြာ၀ဠာအိတ်ယူသွားသည်ကို လူထူးဆန်းစုန့်မှာ မျက်လုံးပြူးပြီး ငေးကြည့်နေရသည်။ သူ့မျက်နှာတွင်လည်း သွေးမရှိတော့သည့်နှယ် ဖြူဖျော့နေသည်။ သူ့ကိုကြည့်ရသည်မှာ ကြေကွဲနေပုံရသည်။ သူ့စကြာဝဠာအိတ်ကို တောင်ပေါ်မှာထားခဲ့ခြင်းကို နောင်တရမဆုံး ဖြစ်နေသည်။ ဖြစ်ပျက်ခဲ့သမျှကိုလဲ မယုံကြည်နိုင်။ ဒီတစ်ကြိမ်တွင်တော့ သူထပ်သည်းမခံနိုင်တော့ချေ။ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး မန်ဟို့နောက်သို့လိုက်ရန် ပြင်ဆင်တော့သည်။ သို့သော် မသွားနိုင်ချေ။ ဝူတင်းချိုးသည် သူ့လမ်းကို ထပ်ပိတ်ထားသည်။
“ဝူတင်းချိုး မင်း ငါ့ကို လမ်းပိတ်ထားရဲသေးတာလား” သူ ကြေကွဲစွာ အော်ပြောလိုက်သည်။ “အလံက ကျသွားပြီ ငါတို့အလောင်းအစားမှာ မင်းလည်းမနိုင်ဘူး ငါလည်း မရှုံးဘူး။ ဒီစမ်းသပ်ပွဲက ပြီးပြီ။ မင်းငါ့လမ်းကို ဆက်ပိတ်နေမယ်ဆိုရင် ငါမင်းကို တိုက်ခိုက်တဲ့အခါ အပြစ်မတင်နဲ့”
“တာအိုရောင်းရင်းစုန့် ငါတို့ ဒီကျားကစားပွဲမပြီးမချင်း နှစ်ယောက်လုံး မထွက်သွားဘူးဆိုပြီး ကြိုတင် သဘောတူထားတယ်လေ။ မင်းက တောင်ပိုင်းဒေသရဲ့ ခမ်းနားထည်ဝါတဲ့ ကျင့်ကြံသူ။ အခုမင်းစကားတွေကို မင်းရုပ်သိမ်းမလို့လား။ ငါအရင်ကသွားဖို့လုပ်တော့ မင်းက ငါ့ကို တားတယ်။ အခု ကျားကစားပွဲမပြီးခင် မင်းထွက်သွားချင်တာလား” လူထူးဆန်းစုန့် သူ့ကိုပြောခဲ့သော စကားများကို ဝူတင်းချိုးက ရယ်ရင်းပြန်ပြောသည်။ သူသည် သေချာပေါက် လူထူးဆန်းစုန့်ကို ပေးမသွားနိုင်ပေ။ စကြာဝဠာအိတ်ကို မန်ဟိုယူသွားသည်ကို ကြည့်နေရခြင်းက သူ့ကို အလွန်ပျော်ရွှင်စေသည်။ လူထူးဆန်းစုန့်သည် ထိုအိတ်ကို သူ့ရှေ့မှာ ဝှေ့ယမ်းပြကာ နှစ်ပေါင်းများစွာ လှောင်ပြောင်သရော်ခဲ့၏။ ယခု လူထူးဆန်းစုန့် သူ့ရှူးသူပါတ်နေတာကြည့်ရသည်ကို အလွန် အူမြူးနေသည်။
“မင်း….” လူထူးဆန်းစုန့်က ကြောက်မက်ဖွယ်ကောင်းစွာ ဝူတင်းချိုးအား စိုက်ကြည့်ပြီး ဘာမှမပြောနိုင်ပဲအတန်ကြာနေနေသည်။ ထို့နောက် အံကြိတ်၍ခြေဆောင့်လိုက်ရာ တောင်ကြီးသည် ပြိုတော့မည့် အလား လှုပ်ခါသွားသည်။ သို့သော်သူ၏အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကိုထည့်သွင်းစဉ်းစားကာ ပြန်ထိုင်၍ ကျားကစားပွဲကို ပြန်လည်စတင်လိုက်သည်။
သေချာပေါက် ဝူတင်းချိုးသည် သူလိုချင်တာကို အလွယ်တကူ လုပ်ခွင့်ပြုမည်မဟုတ်။ သူက လူထူးဆန်းစုန့် စိတ်ပျက်နေသည်ကို မုတ်ဆိတ်ကိုသပ်ရင်းကြည့်နေသည်။ ရယ်မောကာ ကျားစေ့တစ်ခုကို ကောက်ယူရင်း ရည်ရွယ်ချက်ရှိရှိဖြင့် အတွေးများနေဟန်လုပ်နေသည်။ အချိန်အလွန်ကြာမြင့်ပြီးနောက် တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ကစားပွဲကို လပေါင်းများစွာကြာစေလိုသည့်အလား ကျားစေ့ကို ကျားကွက်ပေါ်သို့ ဖြည်းညှင်းစွာ ချလိုက်သည်။
“တောင်ပေါ်က ထွက်သွားကြတော့” ဟု ဝူတင်းချိုးက ဝတ်ရုံဖြူဝတ်ထားသော သူ့တပည့်များအား ပြောလိုက်သည်။ “ဒီကျားကစားပွဲပြီးရင် မင်းတို့နဲ့ ဂိုဏ်းမှာ ပြန်ဆုံကြမယ်။ ဒီအတောအတွင်း မင်းတို့အတွက် နတ်မီးလျှံစမ်းသပ်ပွဲနောက်တစ်ဆင့်က ခုနက တောင်ထိပ်မှာ တွေ့ခဲ့တဲ့သူကို ပြန်ရှာရမယ်။ သူ့မှာရှိတဲ့ ရတနာလှံတံကို ငါလိုချင်တယ်။ အဲ့ဒီလှံ ငါ့ဆီကို ယူလာပေးနိုင်တဲ့ သူကို အတွင်းစည်းဂိုဏ်းတပည့်အဖြစ် သတ်မှတ်မယ်” သူ့စကားကိုကြားသော တပည့်များအားလုံး တက်ကြွအသက်ဝင်လာသည်။
“ဂုဏ်သိက္ခာကြီးမားလှတဲ့ တောင်ပိုင်းဒေသက ဇီယွင်ဂိုဏ်းက ရတနာရယူဖို့အတွက် လူသတ်မလို့လား။” ဟု လူထူးဆန်းစုန့်က မေးသည်။ သူ့စကားနဲ့သူ ဒီနေရာတွင်ပိတ်မိနေသည်ကိုလဲ အတော် စိတ်ပျက်နေသည်။ သူသည် မန်ဟိုကို မုန်းသော်လည်း ဝူတင်းချိုးအား အခက်ကြုံစေနိုင်သည့် အခွင့်ရေးကို လက်လွှတ်မခံချင်ပေ။
လူထူးဆန်းစုန့်ကို စိုက်ကြည့်ရင်း ဝူတင်းချိုးက ပြောလိုက်သည် “ ကောင်းကောင်းနားထောင်ကြ။ မင်းတို့ အဲ့ဒီ့လူကို ပြသနာမရှာကြနဲ့။ သူ့ဆီက မခိုးဘဲနဲ့ တစ်ခုခုနဲ့ လဲလှယ်ခဲ့ကြ။ ဒီအမိန့်ကို ချိုးဖောက်တဲ့ ဘယ်သူကိုမဆို ဂိုဏ်းကနေထုတ်ပစ်မယ်” ပြီးနောက် သူ့ရဲ့ နောက်ကျားကွက်ကို အရင်တစ်ခုထက် ပိုကြာအောင် စောင့်ပြီး ရွှေ့နေသည်။
ဇီယွင်ဂိုဏ်းက ဂိုဏ်းသားများသည် အရပ်ရပ်သို့ထွက်သွားကြသည်။ တချို့က အနီးတစ်ဝိုက်တွင် မန်ဟိုအား တွေ့နိုင်မလားဟူ၍ ရှာဖွေနေကြပြီး တချို့က မန်ဟိုနှင့်တွေ့နိုင်သည်ဟုထင်သော အရပ်သို့ ထွက်ခွာသွားကြသည်။
သူတို့၏နတ်မီးသျှံစမ်းသပ်ပွဲသည် လုံးဝ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော်လဲ သူတို့သည် မန်ဟိုအား မကျေမနပ် ဖြစ်မနေပဲ လေးစားခဲ့ကြသည်။ သူတို့အားလုံး သွေးစွန်းသော တိုက်ပွဲကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည် မဟုတ်လား။
သူတို့အားလုံး မန်ဟိုဆီက သံလှံကိုယူရန် ဆုံးဖြတ်ထားကြသည်။ ထိုသံလှံကိုရဖို့ ဘာနဲ့မဆို လဲလှယ်နိုင်သည်။ မန်ဟိုက မလဲနိုင်ဘူးဆိုလျှင်လဲ သံလှံကိုရနိုင်ဖို့အတွက် လှည့်ကွက်တချို့သုံးရန် စဉ်းစားထားရမည်။
မည်သည့်ကိစ္စတွင်မဆို သူတို့သည် အကြီးအကဲဝူ၏ စကားကိုလိုက်နာရမည်။ သူက မခိုးပဲနဲ့ လဲလှယ်ခဲ့ရန် ပြောခဲ့သည်။ သို့သော် အားမသုံးနှင့်လို့ ပြောခဲ့ခြင်းမရှိချေ။
ဝတ်ရုံဖြူ ဝတ်ဆင်ထားသော တပည့်များ ထွက်ခွာသွားသကဲ့သို့ မန်ဟိုလဲ တောင်ပေါ်မှပြေးဆင်းရင်း ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအားစုဆောင်းခဲ့သည်။ သူသည် လူထူးဆန်းစုန့်နှင့် ဝူတင်းချိုးအား မမြင်ဖူးသော်လဲ ဒီနေရာသည် ဂိုဏ်းတချို့က ပြင်ဆင်ထားသော မီးနှင့်စမ်းသပ်ခြင်းနယ်မြေ ဖြစ်နိုင်သည်ကို ခန့်မှန်းမိသည်။
ရှန့်ကွမ်းရှိုး သူ့နောက်ကို မလိုက်လာတော့သော်လည်း နတ်မီးလျှံစမ်းသပ်ပွဲပြိုင်ပွဲဝင်မည်သူမဆို သူ၏နှောက်ယှက်မှုကို သဘောကျမည်မဟုတ်ကြောင်းသူသိသည်။ ထို့ကြောင့် သူသည် အမြန်ဆုံးအရှိန်ဖြင့် ပြေးနေသည်။ သူ့နှလုံးသည် ပေါက်ထွက်မတက်ခုန်နေပြီး သူ့မျက်နှာသည် စိတ်အားထက်သန်နေသည်။
မန်ဟို၏သိုလှောင်အိတ် အားလုံးပြည့်နေပြီ။ ကျင့်ကြံခြင်းလောကတွင် နေထိုင်ခဲ့သော အချိန်အတွင်း မိုးနဂါးပျံဂူတွင် နေထိုင်ခဲ့ချိန်မှလွဲ၍ အခုအချိန်သည် သူအစုဆောင်းမိဆုံးအချိန် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများနှင့် ဆေးဝါးများကို လွယ်ကူစွာ ထည့်ယူခဲ့သည်။
သူ ထိုအရာများကို လျှင်မြန်စွာ ကောက်ယူသလို လျှင်မြန်စွာ ရွေ့လျားနေသည်။ သူသည် အံကိုကြိတ်ခါ မိစ္ဆာအမြုတေများကိုစားရင်း တောင်တန်းနယ်စပ်ဆီမရောက်မချင်း သုံးရက်တိုင်တိုင် အမြန်ဆုံးပြေးခဲ့သည်။ သူ မောပန်းနေသော်လည်း အားအင်ပြည့်ဝနေသည်။ လွန်ခဲ့သော ရက်တွေက သူ့ရတနာများကို စနစ်တကျထားရှိဖို့ အခွင့်အရေးမရှိခဲ့ပေ။ အခု သူအလုပ်ချင်ဆုံးအလုပ်သည် လုံခြုံသောနေရာတစ်နေရာရှာပြီး သူ့ရတနာများအား ကြည့်ရှုစစ်ဆေးရန်ဖြစ်သည်။ သူရှေ့ကိုဆက်သွားနေရင်း အဝေးတစ်နေရာတွင် မြို့ရိုးများကာရံထားသော မြို့တစ်မြို့ကို လှမ်းမြင်လိုက်သည်။
သူသည် ကျိုးပြည်နယ်၏ အရှေ့ပိုင်းကို ရောက်ရှိနေခြင်းဖြစ်ပြီး ထိုမြို့သည် သာမာန်ထက်သာလွန်စွာ ခမ်းနားနေ၏။ သေမျိုးတို့မမြင်နိုင်သည့် ကျင့်ကြံသူများသာ သိရှိခံစားနိုင်သော တည်ငြိမ်တောက်ပသည့် အလင်းတန်း အကာကွယ်က ထိုမြို့ကို လွှမ်းခြုံထားသည်။
“ ဒီနေရာက…. သေမျိုးတွေနေတဲ့ မြို့နဲ့ မတူပါလား။ ဒါဟာ ကျင့်ကြံသူတွေ နေထိုင်တဲ့မြို့များလား” သူမြင်ဖူးခဲ့သည့် ကျိုးပြည်နယ်မြေပုံကို ပြန်စဉ်းစားရင်း အံသြမှင်သက်နေမိသည်။ မည်သည့်မြို့မှာမှ ဒီနေရာ၏မြေပုံကို မပြသထားပေ။ မြို့အဝင်ဂိတ်တွင် ပြည်သူများဝင်ထွက်သွားလာနေကြသည်။ အားလုံးနီးပါးသည် စဦးချီဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။ သူ့ယူဆချက် မမှားပေ။
သူက မြို့ထဲသို့မဝင်ရန်ဆုံးဖြတ်လိုက်သည်။ ထိုအစား အနီးအနားရှိတောင်များတွင် ဂူတစ်ဂူ ရှာတွေ့ခဲ့သည်။ ထိုဂူအတွင်းသို့ဝင်ရောက်ပုန်းခိုပြီး သူ့သိုလှောင်အိတ််များအတွင်းမှ ပစ္စည်းများအား ထုတ်ယူကာ စတင် နေရာချတော့သည်။
“ဒါ ဘာဆေးလုံးပါလိမ့်။ ဝိညာဉ်သွေ့ခြောက်ဆေးလုံးထက်တောင်မှ အနံ့မွှေးနေပါလား ….. ပြီးတော့ ဆေးသုံးလုံးရှိတဲ့ ဒီဘူး.. ဆေးတွေက သလင်းကျောက်လို ကြည်လင်နေပါ့လား။ ဒါတွေဟာ သေချာပေါက် တန်ဖိုးကြီး ဆေးလုံးတွေပဲ ဖြစ်ရမယ်” သူလျှာကိုသပ်ရင်း သိုလှောင်အိတ် ၂အိတ်အတွင်းရှိ ပစ္စည်းများအားလုံးကို ရှင်းလင်းနေသည်။ အရာအားလုံးကို ရေတွက်ပြီးနောက် သူ့တွင် ဆေးလုံးပေါင်း ၇၈လုံးရှိကြောင်း တွေ့ရသည်။ အမျိုးအစားပေါင်းများစွာရှိပြီး အားလုံးက ဝိညာဉ်သွေ့ခြောက်ဆေးလုံးထက် အားကောင်းမည်ဟု ယူဆရသည်။ မန်ဟို၏လက်များ တုန်ယင်နေသည်။
“ရတနာတောင်ပေါ်မှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီးပဲ။ ငါအာရုံစိုက်မရှာပဲ တွေ့သမျှ ကောက်ခဲ့တာတောင် အများကြီးရနေပြီ” သူအသက်လျှင်မြန်စွာရှူပြီး ဝိညာဉ်ကျောက်တုံးများအား ကြည့်လိုက်သည်။ သူသည် ဝိညာဉ်ကျောက်တုံးများအား အတူတူထားပြီးရေတွက်ကြည့်ရာ သူ့တွင် ဝိညာဉ်ကျောက်တုံးပေါင်း ၈၇၆၄လုံးရှိသည်ကို သိလိုက်ရသည်။
“ ငါချမ်းသာပြီ ချမ်းသာပြီ” သူ ရေရွတ်လိုက်သည်။ သိုလှောင်အိတ်နောက်တစ်အိတ်ကို ထုတ်ယူလိုက်သည်။ ထိုအိတ်ထဲတွင် ဓားပျံများ၊ ပုလဲများ၊ အလံ၂ခု၊ ပန်းချီကားလိပ်နှင့် အနက်ရောင်ကျော့ကွင်းရှိသည်။ ထိုအရာအားလုံးသည် မှော်ဝင်ပစ္စည်းများဖြစ်သည်။
သူသည်ပစ္စည်းများကို ထုတ်ယူရင်း မျက်နှာကွဲထွက်မတတ် ပြုံးနေ၏။ အထူးသဖြင့် ပန်းချီကားလိပ်နှင့် အနက်ရောင်ကျော့ကွင်း ထုတ်ယူချိန်တွင်ဖြစ်သည်။ ၄င်းပစ္စည်းများသည် အားအင်ပြည့်ဝသော စိတ်ဝိညာဉ်စွမ်းအားများ ထုတ်လွှတ်နေကာ သူ့ကိုရင်ခုန်အောင်လုပ်နေသည်။ သူ ပန်းချီကားလိပ်ကို ညှင်သာစွာ ဖြည်လိုက်သောအခါ တောက်ပသော အလင်းတန်း တစ်ခုထွက်ပေါ်လာကာ ဂူတစ်ခုလုံးပြည့်သွားပြီး မန်ဟို၏မျက်နှာကို ရောင်ပြန်ဟပ် နေသည်။
ပန်းချီကားအတွင်းပိုင်းတွင် သူသည် များပြားလှသော စိတ်ကူးယဉ်သတ္တဝါများ တည်ရှိနေသောတောင်များနှင့် ရေပုံများကိုမြင်တွေ့သည်။ သူတို့သည် ရေးဆွဲထားခြင်းဖြစ်သော်လဲ အသက်ရှိနေဟန်ထင်ရသည်။ ပန်းချီကားလိပ်ကို ဖွင့်လိုက်သောအခါ ထောင်ပေါင်းများစွာသောသားရဲများ၏ ဟိန်းဟောက်သံများ သူ့နားထဲတွင် ပဲ့တင်ထပ်သွားသည်။ သူရင်တုန်သွားကာ ပန်းချီကားလိပ်ကို မြေပေါ်သို့လွှတ်ချမိသွားသည်။
အချိန်အတန်ကြာပြီးနောက် သူတုန်လှုပ်ရာမှ သက်သာလာသည်။ သူ့မျက်လုံးများတောက်ပလာပြီး စိတ်ငြိမ်ငြိမ်ထားကာ ပန်းချီကားကို စူးစမ်းရန်ပြန်လည်ကောက်ယူလိုက်သည်။ ဒါသည် သေချာပေါက် အလွန်အဖိုးတန် သော ရတနာဖြစ်သည်။ မန်ဟို ပို၍ပင်နှလုံးခုန်မြန်လာသည်။
“ရတနာ… စစ်မှန်တဲ့ ရတနာပဲ” သူအသက်တဝ ရှူသွင်းကာ ပြောလိုက်သည်။ ထို့နောက် အနက်ရောင် ကျော့ကွင်းအား ထုတ်ယူလိုက်သည်။ ဂူအပြင်သို့ထွက်ကာ စိတ်ဝိညာဉ်စွမ်းအင်များကို အနက်ရောင်ကျော့ကွင်းဆီသို့ ပို့ပြီးနောက် လေပေါ်သို့ လွှင့်လိုက်သည်။
အနက်ရောင်ကျော့ကွင်းသည် ချက်ချင်း ကျယ်ပြန့်ကာ ပို၍ပို၍ ကြီးမားလာပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ စွမ်းအားကြီးမားသော အနက်ရောင်တိမ်တိုက်များသကဲ့သို့ တောင်တစ်ခုလုံးကို လွှမ်းခြုံနိုင်လောက် အောင်ပင် အနက်ရောင်ကျော့ကွင်းသည် ကြီးမားလာခဲ့သည်။ တောင်သည်ခါရမ်းကာ ပြိုတော့မည့်အလား အက်ကြောင်းများ ပေါ်လာသည်။ ဖိနှိပ်ထားသော စွမ်းအားများပေါ်လာကာ မန်ဟို့နှလုံးကို တုန်ခါစေသည်။ အံ့အားသင့်ပြီးနောက် သူ့လက်ကို မြှောက်ကာ စိတ်ဝိညာဉ်စွမ်းအင်များကို ပို့လွှတ်လိုက်ရာ အနက်ရောင် တိမ်တိုက်များသည် တဖြည်းဖြည်းသေးကျုံ့လာကာ ၄င်းသည် အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး မန်ဟို့ဆီသို့ သေးငယ်သော အနက်ရောင်ကျော့ကွင်းအဖြစ်ပြန်လည် ရောက်ရှိလာ၏။
သူက အနက်ရောင်ကျော့ကွင်းကို ဖမ်းယူလိုက်သည်။ အာခြောက်လာသည်နှင့် ခေတ္တအသက်ရှူကာ သူ့စိတ်ကို ထိန်းချုပ်ထားရသည်။ သူ့မျက်လုံးများ အရောက်လက်လာသည်။
“ဒါဟာမှီခိုရာဂိုဏ်းရဲ့ အကောင်းဆုံးရတနာထက်တောင်မှ ပိုကောင်းသေးတယ်” ဟုတွေးကာ နှလုံးခုန်မြန်လာသည်။ ထို့နောက် နောက်ဆုံး ပစ္စည်းဖြစ်သော ရောင်စုံစကြာဝဠာအိတ်ကို ဆွဲထုတ်လိုက်သည်။