← Chapters

ရှင်ကျွန်မကို ဘယ်လိုကျေးဇူးဆပ်မလဲ

Vol. 4 Ch. 53

ရှင်ကျွန်မကို ဘယ်လိုကျေးဇူးဆပ်မလဲ

Vol. 4 Ch. 53

“ ဒီအိတ်က… သိုလှောင်အိတ်တစ်မျိုးလိုပဲ။ ဒါပေမဲ့ နည်းနည်း ပိုကောင်းတယ်”  မန်ဟိုသည် အိတ်ကို လက်နှင့်ဆကြည့်ပြီးနောက် သဘာဝစွမ်းအင်ကို အသုံးပြုပြီး စူးစမ်းလိုက်သည်။ သူ၏ကိုယ်ခန္ဓာသည် မမြင်ရသောလျှပ်စီးကြောင်းဖြင့် ဓာတ်လိုက်သွားသကဲ့သို့ တုန်လှုပ်သွားသည်။ သူ့မျက်လုံးများပြူးကျယ်လာကာ အံ့အားသင့်မှုကို ဖော်ပြနေသည်။ အချိန်အတော်ကြာပြီးနောက် ခေါင်းငုံ့ကာ အိတ်ထဲသို့ ကြည့်လိုက်လေသည်။

“ ဒါက အရမ်းကြီးတာပဲ” သူရေရွတ်လိုက်သည်။ ထိုအိတ်သည် ကောင်းကင်နှင့် မြေကြီးကို ထည့်ထား၍ ရလောက်အောင်ကို ကြီးမားသော သိုလှောင်အိတ်ဖြစ်နေသည်။ အတွင်းပိုင်းသည် မြူဆိုင်း၍ အတိုင်းမသိ ကျယ်ပြန့်လွန်းသောကြောင့် မန်ဟို၏ စိတ်နှလုံးသည် ချက်ချင်းတုန်လှုပ်သွားသည်။

တောင်အားလုံးနှင့် မြစ်များကို အိတ်အတွင်းတွင်ထည့်သိမ်းထားနိုင်လောက်အောင် ကြီးမားပုံပေါ်နေသည်။ အထဲတွင် ဘာမှမရှိသော်လည်း အလွန်များပြားစွာ သိုလှောင်နိုင်စွမ်းကြောင့် အိတ်ချည်းသပ်သပ်ပင်လျှင် ရှားပါးအဖိုးတန် ရတနာတစ်ပါးဖြစ်နေသည်။

မန်ဟို အာခြောက်လာသည်။ ဝိညာဉ်ကျောက်တုံးများက သူ့ကို ပျော်ရွှင်စေသည်။ ဆေးလုံးများက သူ့ကို စိတ်အားထက်သန်စေသည်။ ပြီးတော့ မှော်ဝင် ပစ္စည်းများရှိသေးသည်။ ပန်းချီကားလိပ်က သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။ အနက်ရောင်ကျော့ကွင်း၏ သဘာဝအင်အားက သူ့ကိုတုန်ယင်ကျန်နေစေခဲ့၏။ သို့သော ဤအိတ်က သူခေါင်းကိုရှုပ်ထွေးစေခဲ့သည်။ သူ၏ စိတ်ကိုတည်ငြိမ်စေဖို့ အချိန်အတော် သုံးလိုက်ရသည်။

“ ငါတော့ သူဌေးဖြစ်ပြီ ..  ဒါက စစ်မှန်တဲ့ ချမ်းသာမှုပဲ” မန်ဟိုသည် ရောင်စုံအိတ်ကို ဆုပ်ကိုင်ရင်း ကိုယ့်ကိုကိုယ် ပြောလိုက်သည်။ သို့သော် သူ့မျက်နှာ အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။

“ တကယ်လို့ ဒါကသာ ဂိုဏ်းကြီးတချို့ရဲ့ နတ်မီးသျှံစမ်းသပ်ပွဲအစစ်အမှန် ဖြစ်မယ်ဆိုရင် ငါနှောက်ယှက်ခဲ့တာက ကိစ္စကြီးဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က ငါ ရတနာတွေ၊ ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေ အများကြီးယူပြီး ထွက်သွားတာကို သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး” မန်ဟိုသည် စိတ်လှုပ်ရှားကာ စိတ်ရှုပ်နေပုံပေါက်လာသည်။ သို့သော်လဲ သူရရှိခဲ့သော ရတနာများအား လက်လွှတ်မခံရန် စိတ်ဆုံးဖြတ်ထားသည်။

မန်ဟိုသည် ပစ္စည်းများအားသေချာစွာ ပြင်ဆင်ထုတ်ပိုးပြီး အသက်ဝဝရှူလိုက်ကာ ညနေဘက်တွင်ဂူအပြင်သို့ ထွက်လာခဲ့သည်။ တောင်များကို ကျော်ဖြတ်လာပြီးနောက် မြို့ရိုးကာရံထားသော မြို့တော်အား အတွေးများစွာဖြင့် အဝေးက ကြည့်လိုက်သည်။

“ ငါ့မှာ ဆေးလုံးတွေ အများကြီးရှိတယ်” သူကရေရွတ်လိုက်ပြီး မြို့ကိုတောက်ပသောမျက်လုံးများဖြင့် ကြည့်နေသည်။ “ ဒါပေမဲ့ ဘယ်ဆေးလုံးက ဘာအတွက်ဆိုတာ ငါ မသိဘူး။ ဒါကြောင့် ငါ စိတ်ချလက်ချ မသောက်နိုင်ဘူး။” သူမြို့ဆီသို့ စတင်လျောက်လှမ်းခဲ့သည်။

သူမြန်မြန်သွားကာ မြို့ရိုးတံခါးသို့ နီးကပ်လာသည်။ မြို့ရိုးတံခါးပေါ်တွင် စာစု ၃စုရေးထိုးထားသည်။

အရှေ့ပိုင်းသန့်စင်ခြင် မြို့တော်

စာလုံးများက ရှေးဆန်လွန်းသောကြောင့် မြို့ရိုးတံခါးပေါ်တွင်ရှိနေသည်မှာ နှစ်အနည်းငယ်ကတည်းက မဟုတ်နိုင်ပေ။ မှေးမှိန်နေသောစာလုံးများက နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဟု ခံစားရစေသည်။

“ သန့်စင်ခြင်းဆိုတာ ကျင့်ကြံခြင်းနဲ့ ဆင်တူတယ်။ ပြီးတော့ ဒါက အရှေ့ပိုင်း။ ဒီမြို့နာမည်ရဲ့ အဓိပ္ပါယ်က တော်တော် သိသိသာသာ ရှင်းလင်းတာပဲ”

(Note: တရုတ်စာတွင် သန့်စင်ခြင်းစာလုံးနှင့် ကျင့်ကြံခြင်းစာလုံးသည် အသံထွက်ချင်းတူသည်။)

မန်ဟို မြို့ရိုးသို့ခြေချလိုက်သည်နှင့် မြို့ရိုးစောင့်နှစ်ယောက် စကားပြောနေသည်ကို တွေ့လိုက်သည်။ ထိုသူနှစ်ယောက်၏ အကြည့်သည် မန်ဟို့ဆီသို့ရောက်သွားသည်။

သူတို့နှစ်ယောက်သည် အပြာရောင်ဝတ်စုံကို ဝတ်ထားပြီး နှစ်ယောက်စလုံး စဦးချီ ဖွဲ့စည်းခြင်းအဆင့် ၃ တွင်ရှိ၏။

“တာအိုရောင်းရင်း မြို့ထဲမဝင်ခင် အခွန်ခ ပေးခဲ့ပါဦး” မန်ဟို၏ ကျင့်ကြံမှုအဆင့် ဖိအားကို ခံစားမိသောအခါ ထိုသူ၏အပြုံးများပျောက်ကွယ်သွားသည်။

“တာအိုရောင်းရင်း ခင်ဗျားဟာ ဂိုဏ်းကြီးတစ်ခုက ဆိုတာ ကျွန်တော် ကြည့်ရုံနဲ့ ပြောရဲတယ်။ ကျွန်တော်က ဂိုဏ်းသေးလေး တစ်ခုကပါ။ အခုပဲတောင်ပေါ်က ဆင်းလာတာ။ ဒီနေရာကို အခုမှ ပထမဆုံး ရောက်ဖူးတာပါ။ တာအိုရောင်းရင်း နှစ်ယောက်တို့ ဒီဒေသအကြောင်းလေး ကျွန်တော့်ကို ပြောပြပေးလို့ရမလားခင်ဗျာ” မန်ဟိုက ပညာရှိဆန်ဆန် အလွန်ယဉ်ကျေးစွာ ပြောလိုက်သည်။ ထို အဆင့်နိမ့် ကျင့်ကြံသူ နှစ်ယောက်သည် မန်ဟိုကို အထင်ကြီးသွားကြသည်။ ထို့နောက် အခွန်ခတောင်းခံခဲ့သူ လူငယ်က ရယ်မောလိုက်သည်။

“စကားပြော ကောင်းတယ်! စကားပြော ကောင်းတယ်! တာအိုရောင်းရင်း ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်ဟာ တော်တော်မြင့်နေပြီ။ ဒါက ဂိုဏ်းအပြင်ကို ပထမဆုံးထွက်တာဆိုရင် မကြာခင်မှာ ခင်ဗျားဟာ နာမည်ကျော်ကြားသူ တစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်ပြောရဲတယ်” ဟု ထိုလူငယ်က ပြုံးရင်းပြောသည်။ အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က သူ့အားယဉ်ယဉ်ကျေးကျေး ပြောသည့်အတွက် အလွန် စိတ်ကျေနပ် အားရနေသည်။ “ ဒီမြို့တော်က ကျိုးပြည်နယ်ရဲ့ မဟာမိတ်ဂိုဏ်ကြီး ၃ခုက တည်ထောင်ထားတဲ့ အရှေ့ပိုင်း သန့်စင်ခြင်း မြို့တော်ဖြစ်တယ်။ ပြီးတော့ ကျိုးပြည်နယ်မှာရှိတဲ့ ကျင့်ကြံခြင်းမြို့တော်တွေထဲက တစ်ခုဖြစ်တယ်။ မြို့ထဲကို ဝင်ချင်ရင် ဝိညာဉ်ကျောက်တုံးတစ်တုံးကို အခွန်ခအဖြစ် ပေးရမယ်”

“တကယ်တော့ အခွန်ခက ဝိညာဉ်ကျောက်တုံး ၃တုံး ကျတယ်။ ဒါပေမဲ့ ခင်ဗျားကိုတော့ ၁တုံးပဲ ကောက်ခံပါမယ်။ ပြီးတော့ ရန်ဖြစ်တာကို ဒီမြို့တော်က တားမြစ်ထားတယ်။ ချိုးဖောက်သူတွေက ဂိုဏ်းကြီး၃ခုရဲ့ အပြစ်ပေးခြင်းကိုခံရမယ်။ ခင်ဗျားဒီအချက်ကို မမေ့ပါနဲ့။” သူက မန်ဟို့ကို သစ်သားပြားပေးရင်း ပြောသည်။

မန်ဟိုသည် ထိုလူကို အလျင်အမြန် ကျေးဇူးတင်ရင်း ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးလိုက်သည်။ ထို့နောက် လက်သီးဆုပ်ကာ အရိုအသေပေးပြီး မြို့ရိုးတံခါးကို ကျော်ဖြတ်လာခဲ့သည်။

မန်ဟိုသည် ဝိညာဉ်ကျောက်တုံးပေးခဲ့ရခြင်းအတွက် နောင်တရနေသည်။ တကယ်တော့ တစ်တုံးပဲ ပေးခဲ့ရခြင်းဖြစ်သော်လည်း သူ့အတွက်တော့ ပိုက်ဆံဖြစ်သည်။ သူ့အိတ်ထဲတွင် ၈ထောင်ကျော်ကျန်သေးပေမဲ့လည်း ကြေးမှုန်၏ ဝိညာဉ်ကျောက်တုံးသုံးစွဲမှုကို သူသိနေသည့်အတွက် ထိုပမာဏသည် မများပြားကြောင်း သိနေသည်။

“အခွန်ခကလဲ စျေးကြီးလိုက်တာ။ တကယ်လို့ ငါသာဒီနေရာကို လာစရာမလိုဘူးဆိုရင် ပေးကိုမပေးဘူး” သူမြို့တစ်လျှောက်ကို လျှောက်ကြည့်ရင်း မြန်မြန်သွားလိုက်သည်။ နေဝင်ရီတရောအချိန်သို့ရောက်နေပြီ ဖြစ်သော်လဲ သွားလာနေသော လူများဖြင့် မြို့သည် အသက်ဝင်နေသည်။ လမ်းတစ်လျှောက်တွင် အလင်းရောင် ထုတ်လွှတ်နေသော ဆိုင်များဖြင့် ပြည့်နှက်နေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် သာမာန်နေရာတစ်ခု မဟုတ်မှန်း သိသာနေသည်။

လူတိုင်းက ကျင့်ကြံသူများဖြစ်ကြသည်။ သူသွားခဲ့သော လမ်းတစ်လျောက်တွင် သေမျိုးတစ်ယောက်မျှ မတွေ့ခဲ့ပေ။ ဒါပေမဲ့ တွေ့ခဲ့သော ကျင့်ကြံသူအားလုံးသည် စဦးချီ ဖွဲ့စည်းခြင်းအဆင့်တွင်ပင် ရှိကြသေးသည်။ လူအုပ်အား ကြည့်ရှုပြီးနောက် မန်ဟိုသည် သူကဲ့သို့ စဦးချီ ဖွဲ့စည်းခြင်းအဆင့်၇ ရရှိသော လူ၃ယောက်ကို တွေ့လိုက်သည်။ အများစုကတော့ အဆင့်ခြောက် သို့မဟုတ် ထို့ထက်နိမ့်ကြသည်။

မန်ဟိုသည် လမ်းမကျယ်တွင် လျှောက်သွားရင်း ဘာမှမဝယ်ဘဲ မေးခွန်းများမေးဖို့ ဆေးဝါးအရောင်းဆိုင်များကို ရှာဖွေနေသည်။ သုံးရက်ကြာပြီးသည့်နောက် မန်ဟိုသည် မြို့တစ်ခုလုံးနှံ့စပ်ပြီး ဆေးဝါးအရောင်းဆိုင်ပေါင်း ၃ဝကျော်ဆီသို့ သွားရောက်ပြီးဖြစ်သည်။

အခုထိတော့ သူသည် သူ့သိုလှောင်အိတ်ထဲမှာရှိသော ဆေးအမျိုးပေါင်း ၇ ဒါဇင် ၈ဒါဇင်အကြောင်းကိုသာ သိသေးသည်။ သူပိုင်ဆိုင်ထားသည့် ဆေးလုံးများသည် အလွန်စျေးကြီးကြောင်းကို မန်ဟို စိတ်လှုပ်ရှားစွာ သိရှိခဲ့ရသည်။ ဆေးလုံးများထဲမှ တစ်မျိုးသည် ဝိညာဉ်ဖြစ်တည်ဆေးလုံးဖြစ်ပြီး ဝိညာဉ်ကျောက်တုံးပေါင်း ၅၀ တန်ကြေးရှိသည်။ ထိုဆေးလုံးကို စဦးချီဖွဲ့စည်းခြင်းအဆင့်၇ မှစတင်အသုံးပြု၍ရသည်။

သူ့သိုလှောင်အိတ်ထဲတွင် ထိုဆေးလုံးမျိုး စုစုပေါင်း ၈လုံးခန့်ရှိသည်။

“ငါမသိသေးတဲ့ဆေးအမျိုးအစားတွေ အများကြီးရှိနေတာ တော်တော်ဆိုးတာပဲ။ သုံးရက်မြောက်နေ့တွင် မန်ဟို စိတ်ရှုပ်နေသည်။ နောက်ဆုံးတွင် မြို့တော်၏ အနောက်ပိုင်းခရိုင်တွင်ရှိသော အလွန်အမင်းတန်ဖိုးရှိသော ဇိမ်ခံအဆောက်အဦးအတွင်းသို့ လျှောက်သွားလိုက်သည်။

ထိုအဆောက်အဦးသည် ၃ထပ်ရှိကာ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်လျက်ရှိသည်။ အဝေးကြီးကပင် တောက်ပနေသောအဆောက်အဦးကို မြင်တွေ့နိုင်သည်။ မန်ဟိုတွေ့ရှိရသလောက် စဦးချီအဖွဲ့စည်းခြင်း အဆင့်၆အထက်ရှိသောသူများသာလျင် ထိုအဆောက်ဦးသို့ အဝင်အထွက်ပြုကြသည်။ စဦးချီဖွဲ့စည်းခြင်းအဆင့်၈ သို့မဟုတ် ၉ရှိသူများလဲ ဝင်ထွက်ကြရာ ဤအဆောက်အဦး တစ်ခုတည်းသည်သာလျှင် သူတို့သွားလာလေ့ရှိပုံရသည်။

မန်ဟိုသည် အဆောက်အဦး၏နာမည်ကို မြင်လျှင်မြင်ချင်း ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။

သတမ ရတနာဆောင် (မှတ်ချက် သတမ = ၁၀၀)

အဆောက်ဦးအတွင်းတွင် ပန်းခက်လက်ရန်းနှင့် ကျောက်သားလှေကားထစ်များရှိသည်။ အရာအားလုံးကို ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည်။ အတွင်းသို့ဝင်လိုက်သည်နှင့် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်က သူ့မျက်နှာကို ပွတ်သပ်သွားသည်ကို ခံစားလိုက်ရသည်။ ပစ္စည်းများ ဆင်ယင်ခင်းကျင်း ပြသထားပုံက သူ့မျက်လုံးထဲတွင်း ပနံရနေသည်။ ဆေးလုံးပုလင်းများ၊ ဓါးပျံများ၊ ပုလဲများ၊ အလံများနှင့် အခြားပစ္စည်းများကို နေရာအနှံတွင် တွေ့နိုင်သည်။

အဆောက်ဦးအတွင်းတွင် ကျင့်ကြံသူများ သိပ်မရှိသောကြောင့် အတော်အတန် တိတ်ဆိတ်နေသည်။ ၄ယောက်အုပ်စု ၅ယောက်အုပ်စု သပ်သပ်စီခွဲ၍ ကြည့်ရှုနေကြသည်။ အုပ်စုတိုင်းတွင် ပန်းရောင်ဝတ်စုံရှည် ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်စီက လိုက်ပါပြသပေးနေသည်။ မိန်းကလေးများသည် တိုးတိတ် ညှင်သာသော အသံဖြင့် ပစ္စည်းများအကြောင်းကို ရိုကျိုးစွာရှင်းပြနေကြသည်။

မန်ဟိုသည် ထိုအရာများကို စိတ်မဝင်စားပေ။ သူ့အာရုံကိုဆွဲဆောင်နေသည်က ဒုတိယထပ်လှေကားခွင်ဘေးရှိ အလွန်ကြီမားသော ဆေးဝါးထုတ်မီးဖိုဖြစ်သည်။ မီးဖိုဘေးတွင် မီးခိုငွေ့များပျံတတ်နေသည်။ အနက်ရောင်ဝတ်ရုံရှည် ဝတ်ထားသော သက်လတ်ပိုင်းလူတစ်ဦး မီးဖိုဘေးတွင်ထိုင်နေသည်။ သူသည် မျက်နှာသေဖြင့် ခါးမတ်မတ်ထားကာ တင်ပလင်ခွေထိုင်နေရင်း မျက်လုံးပိတ်ကာ အသက်ရှူလေ့ကျင့်ခန်း လုပ်နေလေသည်။

ထိုသူ့ထံမှ စွမ်းစွမ်းအင် အငွေ့အသက်များရနေသော်လည်း တော်ရုံလူသတိမထားမိနိုင်သည့်အတွက် စွမ်းအားအများစုကို တမင်ဖုံးကွယ်ထားသည့်နှယ်ပင် ဖြစ်သည်။ သူသာ ထိုသို့မလုပ်လျှင်လည်း တိုက်တစ်ခုလုံး စတင်ပြိုလဲနိုင်သည်။

“ချီအခြေတည်အဆင့် ကျင့်ကြံသူ” မန်ဟိုက ရေရွတ်လိုက်သည်။ ထိုလူသည် ဆရာကြီးအိုးရန် ထုတ်လွှတ်လေ့ ရှိသော ဂုဏ်ရောင်ဝါကို  ထုတ်လွှတ်လျက်ရှိရာ ထိုသူသည် တခြားလူများထက် အဆင့်မြင့်သော ချီအခြေတည်အဆင့် ကျင့်ကြံသူ ဖြစ်ကြောင်းကို မန်ဟို ချက်ချင်း သိရှိသွားသည်။

“ငါသာ ချီအခြေတည်အဆင့် ကျင့်ကြံသူဖြစ်ဖို့ အခွင့်အရေးရှိတဲ့နေ့ရောက်လာခဲ့ရင် အံ့အားသင့် ပျော်ရွှင်ရမှာပဲ” သူမှီခိုရာဂိုဏ်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံများအရ စွမ်းအားကြီးချင်စိတ်များ ပြည့်နှက်နေသည်။ သူ့ခေါင်းကို ငုံ့ထားသည်။ သို့ပေမဲ့ သူ့မျက်လုံးများကတော့ ခေါင်းမာမှုများကို ပြသနေသည်။ သူ့ဆုံးဖြတ်ချက်သည် အရင်ကထက်ပို၍ ခိုင်မာလာခဲ့ သည်။

“မြင့်မြတ်သော ဝိညာဉ်ကျမ်းစာက နည်းလမ်းကို အသုံးပြုပြီးကျင့်ကြံရင် ချီအခြေတည်အဆင့်ကို ရောက်တဲ့အခါ လုံးဝချို့ယွင်းချက်မရှိတဲ့ ကျင့်ကြံသူဖြစ်မှာပဲ။ တခြား ချို့ယွင်းချက်များပြီး အပိုင်းအစတွေဖြစ်နေတဲ့ ချီအခြေတည်အဆင့်ကလူတွေထက်ကို အများကြီးပိုပြီး စွမ်းအားကြီးလိမ့်မယ်” သူသည် အသက်ပြင်းပြင်းရှူပြီး ခေါင်းမော့လိုက်သည်။ သူ့အနားသို့ ပန်းရောင်ဝတ်ရုံရှည် မိန်းမပျိုလေး ချဉ်းကပ်လာသည်။ သူမသည် လှပကာ သက်တောင့်သက်သာ ပြုံးနေသည်။ သူမက အနည်းငယ် ဦးညွှတ်၍ မန်ဟို့အား နှုတ်ဆက်လိုက်သည်။ သူမနှုတ်ဆက်လိုက်သောအခါ ဝတ်ရုံအရှေ့ဘက်အခြမ်းသည် ကျလာပြီး နူးညံ့သော နို့နှစ်ရောင်အသားကို ဖော်ပြနေသည်။

“ တာအိုမောင်လေး.. အကူလိုအပ်ပါသလား” ဟု သူမက မေးလိုက်သည်။

မန်ဟိုသည်ချက်ချင်း မျက်နှာနီမြန်းသွားကာ သူမသင့်တော်သော အရာကို မကြည့်သင့်ကြောင်း ကိုယ့်ကိုကိုယ် ရေရွတ်နေသည်။ သူသန္နိဠာန်ချထားသော်လည်း မကြည့်ပဲမနေနိုင်ကာ ရင်တွေခုန်လာလေသည်။ သူ သုံးနှစ်ခန့် မှီခိုရာဂိုဏ်းတွင်နေခဲ့စဉ်က အစ်မရှုမှလွဲ၍ တခြားမိန်းမပျိုဂိုဏ်းသားများဖြင့် ရင်းရင်းနှီးနှီး မနေခဲ့ဖူးပေ။ သူအခုမြင်တွေ့နေရသည်ကို သူ့ဘဝတစ်လျောက်လုံး တစ်ခါမှ မမြင်ခဲ့ဘူး။ သူ ဘာစကားမှမပြောနိုင်ပဲ မျက်နှာကြီး မည်းမှောင်လာလေသည်။

“မိန်းကလေးတို့ဆီမှာ ဆေးဝါးများအကြောင်းရေးထားတဲ့ ကျောက်စိမ်းစာပုရပိုက် ရှိပါသလား” သူ့ရှက်ရွံမှုကို ချောင်းခြောက်ဆိုးရင်း ဖုံးကွယ်ကာ မေးမြန်းလိုက်သည်။

မိန်းကလေးသည် ငယ်သေးသော်လည်း အမူအရာကို ကြည့်ချင်းအားဖြင့် အတွေ့အကြုံရှိကြောင်း ယူဆရသည်။ သူသည် မန်ဟိုအဆင်မပြေဖြစ်သွားသည်ကို ချက်ချင်းသိကာ ရွှင်မြူးသွားသည်။ သူအလုပ်လုပ်နေစဉ်အတွင်း မန်ဟိုကဲ့သို့သော စျေးဝယ်သူတချို့ကို တွေ့ကြုံဖူးပြီးဖြစ်သည်။ သူမသည် ပြုံးရွှင်၍ သူမရေမွှေးရနံ့ရစေရန် မန်ဟိုအနားသို့ကပ်လိုက်သည်။

မွှေးရနံ့ကိုရသောအခါ မန်ဟို့မျက်နှာသည် ပို၍ပင် နီမြန်းလာသည်။ သူ့မျက်လုံးများတွင် ရာဂစိတ်မရှိသော်လည်း ပြူးကျယ်လာသည်။ သူသည် မိန်းကလေးများနှင့် အတွေ့အကြုံမရှိသောကြောင့်သာ မျက်နှာနီမြန်းလာခြင်းဖြစ်သည်။

“ဒါပေါ့ ကျွန်မတို့ဆီမှာ ဆေးဝါးများအကြောင်းရေးထားတဲ့ ကျောက်စိမ်းစာပုရပိုက်များ ရှိပါတယ်” သူမက မျက်လုံး တစ်ဖတ်မှိတ်ပြရင်း ပြန်ဖြေသည်။ “ကျွန်မနောက်ကလိုက်ခဲ့ပါ တာအိုမောင်လေး” သူမက မန်ဟိုရှက်ရွံ့နေသည်ကို ချစ်စရာကောင်းသည်ဟု မြင်နေသည်။ သူမက ခါးလှုပ်ကာ ခန္ဓာကိုယ်ကောက်ကြောင်းကို ပြသရင်း လှည့်လိုက်သည်။ မန်ဟိုသည် မကြည့်ပဲမနေနိုင်ဖြစ်ကာ ရင်တွေခုန်လာပြန်သည်။ အပြစ်ရှိသောအပြုံးဖြင့် ချောင်းအနည်းငယ်ဆိုးကာ သူမနောက်သို့အမြန်လိုက်သွားလေသည်။

သူမသည် မန်ဟိုအား ကျောက်စိမ်းစာပုရပိုက်များတင်ထားသည့် စာအုပ်စင်များရှိရာသို့ ခေါ်ဆောင်သွားသည်။ သူမသည် ကျောက်စိမ်းပုရပိုက်၃ခု ဟု ထွင်းထုထာသည့် အဖြူရောင်ဗန်းထဲမှ ကျောက်စိမ်းပုရပိုက်၃ခုကို သူ့အားပြသသည်။ “ဒီကျောက်စိမ်းပုရပိုက်များမှာ ကျိုးပြည်နယ်မှာ အတွေ့ရများတဲ့ ဆေးဝါးများအကြောင်း ရေးသားထားပါတယ်။ ဒါဟာ မိတ္တူဖြစ်တာကြောင့် တချို့အကြောင်းအရာတွေက မရှင်းမလင်းဖြစ်နိုင်ပါတယ်”

သူမက မန်ဟိုကစာပုရပိုက်များကိုယူရန် လက်မြှောက်သည်ကို မြင်သောအခါ “မဝယ်ပဲနဲ့ ယူကြည့်လို့မရပါဘူးရှင့်။ ကျောက်စိမ်းပုရပိုက်၃ခုက ဝိညာဉ်ကျောက်တုံးတစ်ရာကျပါတယ်” ဟု ပြုံး၍ပြောလိုက်သည်။ သူမ ပြုံးလိုက်သောအခါ လှပသော ပါးချိုင့်၂ခုပေါ်လာလေသည်။ သူမ မန်ဟိုကို ကြည့်လိုက်သောအခါ မန်ဟို့မျက်နှာ အနည်းငယ်မည်းနေပေမဲ့ ပညာတတ် ငယ်ရွယ်ပုံပေါက်သည်ဟု သူမထင်မိသည်။

သူမ၏မွှေးရနံ့ရရှိသောအခါ မန်ဟိုသည် လက်ကိုပြန်ရုပ်ကာ အာရုံစူးစိုက်လိုက်သည်။ သူက ကျောက်စိမ်းစာပုရပိုက်ကို အတွေးများစွာဖြင့်ကြည့်နေသည်။ ကျောက်စိမ်းစာပုရပိုက်များသည် စျေးအနည်းငယ် ကြီးသောကြောင့် ဝိညာဉ်ကျောက်တုံးများသုံးရန် တွေဝေနေမိသည်။

“ဒီထက် ပိုပြီးအကြောင်းအရာ စုံလင်တဲ့အရာများ ရှိသလားခင်ဗျာ” သူသည်အံကြိတ်၍ မေးလိုက်သည်။ သူအဓိက ဒီကိုလာရသည့်အကြောင်းရင်းသည် ထိုကျောက်စိမ်းပုရပိုက်များ ဝယ်ရန်ဖြစ်သည်။

“ရှိပါတယ်ရှင့်” မိန်းကလေးက မျက်လုံးတစ်ဖက်ထပ် မှိတ်ပြကာ ပြန်ပြော၏။ “ကျွန်မနောက်ကို လိုက်ခဲ့ပါရှင်” သူမသည် မန်ဟိုအား တခြားထောင့်တစ်နေရာသို့ ခေါ်သွားကာ စင်ပေါ်ရှိ အက်ရာများဖြင့် ဖုံးလွှမ်းနေသော အခြားကျောက်စိမ်းပုရပိုက်ကို ညွှန်ပြလိုက်သည်။

“ဒါကတော့ မိတ္တူမဟုတ်ပါဘူး တောင်ပိုင်း‌ဒေသမှာရှိတဲ့ ဆေးဝါးအမျိုးမျိုးအကြောင်းကို ဖော်ပြထားတဲ့ ရှေးဟောင်းစာပုရပိုက် ဖြစ်ပါတယ်။ အဆိပ်ဆေးလုံးနဲ့ ဖြေဆေးအကြောင်းကို အသေးစိတ်ပါဝင်ပါတယ်။ ဒါ့အပြင်ထိုဆေးဝါးများရဲ့ လက်တွေ့ကျတဲ့ သရုပ်ဖော်ပုံတွေလဲပါရှိပါတယ်။ ကံမကောင်းတာက ဒီပုရပိုက်က အက်နေတယ်ရှင့်။ မကြာခင်မှာပဲပျက်စီးတော့မယ်။ မောင်လေး ၄ခါ ၅ခါလောက်ပဲဖတ်လို့ရတော့မယ်ရှင့်”

သူမစကားကိုကြားပြီးနောက်မန်ဟို ရင်တွေခုန်လာသည်။ သူသည် ဒီကျောက်စိမ်းပုရပိုက်ကို အလိုရှိသည်မှာ ကြာရှည်သုံးဖို့အတွက်မဟုတ်ဘဲ လက်ရှိအခက်ခဲကို ဖြေရှင်းဖို့အတွက်ဖြစ်သည်။

“တာအိုမောင်လေး စိတ်မရှိဘူးဆိုရင်.” သူမက အပြုံးလေးဖြင့် အနားသို့ကပ်ခါ အသံကိုနှိမ့်ပြီး ပြောသည်။ “ဒီကျောက်စိမ်းပုရပိုက်က ဝိညာဉ်ကျောက်တုံး နှစ်ရာတန်ပါတယ်။ တကယ်လို့ ဒါကသာ အက်ရာမရှိဘူးဆိုရင် ဝိညာဉ်ကျောက်တုံးပေါင်း တစ်ထောင်ကျော်တန်ပါလိမ့်မယ်။ မောင်လေးသာတကယ်ကို အလိုရှိတယ်ဆိုရင် ကျွန်မ စျေးလျော့ပေးပါမယ်။ ဒါပေမဲ့ ရှင်ကျွန်မကို ဘယ်လိုကျေးဇူးဆပ်မလဲ”

All Chapters