ဩဇာကြီးမားသော
Vol. 4 Ch. 55
ကျိုးပြည်နယ်၏ ဂိုဏ်းကြီးသုံးခုမှ ဂိုဏ်းသားများ အဝိုင်းခံထားရသည့်အပြင် အရှေ့ဘက်မြို့ရိုးတံခါးမှ ဝတ်ရုံဖြူဝတ်ထားသောသူများ ချဉ်းကပ်လာသောကြောင့် မန်ဟို၏မျက်လုံးများ မှောင်မိုက်သွားသည်။ ဂိုဏ်း၃ခုမှ လူစုလူဝေးကြီးကို အာရုံလွှဲနိုင်ခဲ့လျှင်တောင်မှ သူထွက်ပြေးရန် အခွင့်အရေးမှာ အလွန်ပင်နည်းပါးသည်။
ဇီယွင်ဂိုဏ်းမှ ဂိုဏ်းသားများကိုမြင်သောအခါ ကျိုးပြည်နယ်မှဂိုဏ်းသားများ အလွန်အံ့အားသင့်သွားကြသည်။ ဇီယွင်ဂိုဏ်းသားများနှင့်သာ မိတ်ဆွေဖွဲ့နိုင်ခဲ့ပါက သူတို့သက်ဆိုင်ရာ ဂိုဏ်းများတွင် မျက်နှာသာပေးခံရလိမ့်မည့်အပြင် ရှေ့ရေးတိုးတက်ဖို့ရာလဲ အခွင့်အလမ်းများမည်။ အများစုက ဇီယွင်ဂိုဏ်းသားများက သူတို့ကို လစ်လျူရှူသွားကြမည်ဟု ထင်ထားသော်လဲ တကယ်တွင်တော့ သူ့တို့နားသို့ပင် ချဉ်းကပ်လာကြလေပြီ။
"အစ်ကိုကြီးစွန်းက အရမ်းနာမည်ကြီးတယ်။ ဒါကြောင့်သူတို့လာကြတာဖြစ်မယ်။"
"ဟုတ်တယ်။ သူက ချွိရွှယ်ဂိုဏ်းက ဂိုဏ်ဆရာကြီးတစ်ယောက်နဲ့ သွေးသားတော်စပ်တယ်။ သူ့ကျင့်ကြံမှုကလဲ သာမန်မဟုတ်ဘူး။ ဇီယွင်ဂိုဏ်းသားတွေက သူ့ကို မျက်နှာလုပ်ဖို့ လာကြတာဖြစ်မယ်" ကျိုးပြည်နယ်မှ ဂိုဏ်းသားများ အထူးသဖြင့် စျေးကြီးသောအဝတ်များကို ဝတ်စားထားသော လူရွယ်သည် မျက်နှာလိုမျက်နှာရပြုံးနေ၏။ ထိုသူမှာ အထူးစိတ်လှုပ်ရှားနေပြီး ကြည့်ရှုသူများ၏တီးတိုးပြောသံများကို ကြားပြီး ဂုဏ်ယူနေသည်။ နောက်ဆုံးတွင်တော့ သူ့ဆီကို ဇီယွင်ဂိုဏ်းသားများ ရောက်လာရလောက်အောင်ပင် အတော်အသင့် နာမည်ကျော်နေပြီ။ ထိုအကြောင်းကို ဟိုဟိုဒီဒီက ပြောခံရပြီးနောက်တွင် ဂိုဏ်းတွင်သူ၏နေရာသည်လဲ ချက်ချင်း အပြောင်းအလဲ ဖြစ်လာနိုင်သည်။ သူသည် ကျိုးပြည်နယ်၏ ကျင့်ကြံသူလောကတွင် နာမည်ကျော်ကြားပေတော့မည်။
မန်ဟို့အတွက် ယခုအဖြစ်အပျက်သည် အရေးမကြီးသလိုဖြစ်နေသည်။ သူက ဘာကိုမှ ဂရုမစိုက်သလို ပြုံးနေသည်။ စျေးကြီးသောအဝတ်အစား ဝတ်တင်ထားသော လူရွယ်ကဲ့သို့ အခြားကျိုးပြည်နယ်သားများကလဲ ဝတ်ရုံဖြူဝတ် ဂိုဏ်းသားများကို နှုတ်ဆက်ကြသည်။ အထူးသဖြင့် အမျိုးသမီး ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားနေကြသည်။
မန်ဟိုသည် မြေကြီးတွင် စိုက်ထားသောသံလှံကို နှုတ်ယူကာ ထွက်သွားရန် လှည့်လိုက်သည်။
"ဇီယွင်ဂိုဏ်းက တာအိုရောင်းရင်း နောင်တော်တို့ကို ကျွန်တော် ဖီးနစ်ကောင်းကင်စားသောက်ဆိုင်မှာ စားသောက်ပွဲ ကျင်းပပေးပါစေ" ဟု စွန်းဟွာက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ဖိတ်ခေါ်လိုက်သည်။ "အခြားသော ကျိုးပြည်နယ်မှ ကျင့်ကြံသူများလဲ ကျွန်တော် ဇီယွင်ဂိုဏ်းကနောင်တော်တွေကို ကြိုဆိုတဲ့ပွဲကို လာရောက်ကြပါဦး" သူသည် တခြားသူ့နောက်တွင်ရှိနေသော ကျင့်ကြံသူများထက် အဆင့်မြင့်ပုံပေါက်အောင် လုပ်လိုက်သည်။ သူသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ကျိုးပြည်နယ်မှ ကျင့်ကြံသူများကို ဦးဆောင်ဖို့ လုပ်နေသည်မှာ ထင်ရှားပေသည်။
သူက လက်သီးဆုပ်အရိုသေပေးရင်း စကားများပြောနေသော်လဲ ဇီယွင်ဂိုဏ်းသားများသည် သူ့ကို ကြည့်တောင်မကြည့်ပဲ ကျော်သွားကြလေ၏။ ထိုသူတိုက ကျိုးပြည်နယ်သားများကို တစ်ချက်မှပင်မကြည့်ပဲ အလျင်အမြန် ထွက်ခွာသွားကြသည်။
စွန်းဟွာနှင့် သူ့နောက်လိုက်ဂိုဏ်းသားများသည် ထိုအချင်းအရာကို ပါးစပ်ဟောင်းလောင်းဖြင့် အံ့အားသင့်ကာ ငေးကျန်နေလေတော့သည်။
ထိုအချိန်တွင်ပင် ဇီယွင်ဂိုဏ်းမှ အရေးပါသော ပုဂ္ဂိုဏ်သည် လှိုက်လှဲပျူငှာစွာ ရယ်မောလိုက်သည်။
" တာအိုရောင်းရင်း ခဏနေပါဦး" ဟုသူကပြောလိုက်သည်။ "ညီနောင် ရတနာတောင်ပေါ်က ဆင်းလာတာလား။ ညီနောင့်ဆီမှာ ထူးခြားတဲ့အမူကျင့်ရှိတယ်။ ညီနောင်ရဲ့ စွမ်းဆောင်မှုများကို မြင်ပြီးတော့ ကျွန်တော်တို့က လေးစားနေကြ တာပါ။ ကျွန်တော်က ဇီယွင်ဂိုဏ်းက ချင်းရွှယ်ဟန်ပါ။ တာအိုရောင်းရင်းညီနောင်ကို နှုတ်ခွန်းဆက်သပါတယ်။ ညီနောင်ရဲ့ နာမည်ကို လေးစားစွာဖြင့် မေးပါရစေ"
"တာအိုရောင်းရင်း ညီနောင့်ကို ကျွန်တော်တို့ လိုက်ရှာနေတာပါ" ဟု အခြားတစ်ယောက်ကပြောသည်။ " ညီနောင်နဲ့ ဒီမှာဆုံတွေ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဟားဟားဟား ။ ညီနောင်သာအချိန်ရှိရင် ကျွန်တော် တစ်ယောက် လွှတ်ပြီး ဂုဏ်ပြုစားပွဲ ပြင်ဆင်ခိုင်းလိုက်မယ်။ ကျွန်တော်က ဇီယွင်ဂိုဏ်းက လွီစုန့်ပါ။ ကျွန်တော့်ကို ညီနောင့်အတွက် စားသောက်ပွဲ ကျင်းပခွင့်ပေးပါခင်ဗျာ"
ဇီယွင်ဂိုဏ်း ဂိုဏ်းသား ၁၀ယောက်ကျော်တွင် ထို၂ယောက်သည် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးတွင် ရှိ၏။ နှစ်ယောက်စလုံး စဦးချီ ဖွဲ့စည်းခြင်း အဆင့်၈တွင်ရှိကြသည်။ ပြုံးကာ မန်ဟို့လမ်းကို အလျင်အမြန် ပိတ်ရပ်နေကြသည်။
သူတို့က အလွန်ချိုသာယဉ်ကျေးစွာ ပြောဆိုကြပြီး မန်ဟို့အနားသို့က်လာရာတွင် လက်သီးဆုပ် အရိုအသေပေးထားကြသည်။ ကျောက်ပြည်နယ်သားများမှာ ထိုအရာကိုမြင်သောအခါ အလွန်အံ့အားသင့်ကာ လေးစားသွားကြတော့သည်။
မန်ဟိုက ခဏလောက် မျက်မှောင်ကျုံ့လိုက်သည်။ ထို့နောက် ပြုံးပြီး ယဉ်ကျေးစွာ အရိုသေ ပြန်ပေးလိုက်သည်။ ထို့နောက် သူ့နာမည်အား မပြတ်မသားရေရွတ်လိုက်သည်။ သူသည် သူ့နာမည်ကို သဲကွဲစွာ မပြောသော်လဲ ထိုလူအုပ်သာ ဆန္ဒရှိပါက သူ့ကို အလွယ်တကူရှာနိုင်ကြောင်းကို သူသိ၏။
ကျိုးပြည်နယ်သားတို့သည် ထိုအဖြစ်ပျက်ကို မယုံကြည်နိုင်ပဲ ရပ်ကြည့်နေကြသည်။ ဇီယွင်ဂိုဏ်းသားများ မန်ဟို့ကို ထိုကဲ့သို့ဆက်ဆံခြင်းက သူတို့ကို ခေါင်းမူးစေလေသည်။
စွန်းဟွာသည် အလွန်မယုံကြည်နိုင်ဖြစ်ကာ မန်ဟို့ကိုကြည့်ရင်း အစော်ကားခံရသလို ခံစားနေသည်။
ဝတ်ရုံဖြူနှင်လူများကား တောင်ပိုင်းက ဇီယွင် ဂိုဏ်းသားများဖြစ်ကြောင်း သူသိသည်။ ထိုသူတို့သည် အလွန်မာနကြီး မောက်မာပြီး ကမ္ဘာပေါ်တွင် သူတို့ကို ယှဉ်ပြိုင်နိုင်သူမရှိဟု ယူဆထားကြသောသူများဖြစ်ကြ၏။ ထိုကဲ့သို့သော သူများက မန်ဟို့ကို လေးမှုအပြည့်ဖြင့် ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေကြလေသည်။
ထိုအခြင်းအရာကိုမြင်သောအခါ သူ့နဖူးတွင် ချွေးစေးများ စို့လာသည်။ သူသာ ရှေ့တိုးပြီး သံလှံကို စမ်းသပ်ကြည့်ပါက အလွန်မျက်နှာပျက်ရပေတော့မည်။
ထိုသို့အံ့အားသင့်နေသည်မှာ သူတစ်ယောက်ထဲမဟုတ်။ ကျောက်ခိုင်မှာလဲ အလွန်အံ့သြနေသည်။ အစက သူမန်ဟို့နာမည်ကိုခေါ်မိ၍ နောင်တရနေသည်။ သိုသော် ထိုမြင်ကွင်းကိုမြင်ပြီးနောက် သူသည်မန်ဟို့အား လေးစားစွာ ကြည့်နေသည်။
"အစ်ကိုမန်က အတွင်းစည်းဂိုဏ်းသားဖြစ်ဖို့ တကယ်ထိုက်တန်ခဲ့တာပဲ။ သူ့ကိုငါ အရင်က ဝိညာဉ် ကျောက်တုံးတွေပေးခဲ့တာ တကယ်ကောင်းတာပဲ။ ဂိုဏ်းဖျက်သိမ်းခဲ့ပြီး ငါတို့လည်း လမ်းဘေးခွေးတွေလို ကန်ထုတ် ခံရတယ်။ အစ်ကိုမန်ကတော့ ဒုက္ခတွေ မွှေနှောက်ရှာနေတုန်းပဲ။ ဒါပေမဲ့လဲ သူကို တောင်ပိုင်းက ဂိုဏ်းသားတွေက ကောင်းကောင်းဆက်ဆံနေကြတာပဲ" ကျောက်ခိုင်စိတ်ထဲတွင် သက်ပြင်းချရင်း တွေးနေသည်။
"အစ်ကိုကြီးမန်" ချင်းရွှယ်ဟန်က မန်ဟို့လက်ထဲမှ သံလှံဆီသို့စကားလွှဲရန် ခေါ်လိုက်သည်။ "ဒီဟာက ရတနာတောင်ပေါ်မှာ မိစ္ဆာသားရဲတွေကို နှိမ်နင်းရာမှာ အသုံးပြုခဲ့တဲ့ ရတနာသံလှံလား" သူက အထူးအစွမ်း သတ္တိများ မရှိသကဲ့သို့ သာမန်ဖြစ်နေသာ လှံကို ကြည့်ရင်းမေးလိုက်သည်။ သို့သော်လည်း မန်ဟို ထို သံလှံကို ကိုင်ပြီး မိစ္ဆာသားရဲများအား မည်သို့ တိုက်ခိုက်ခဲ့ကြောင်းကို သူ ကောင်းစွာ မှတ်မိသေးသည်။
"ဟုတ်တာပေါ့ ဒီဟာပဲ" လွီစုန့်က ရယ်ရင်းပြောသည်။ "အစ်ကိုမန် အဲ့နေ့ကတောင်ပေါ်မှာ တိုက်ခိုက်ခဲ့ပုံကို ကျွန်တော် အလွန်လေးစားမိတာပဲ။ ငြင်းစရာကို မရှိပါဘူး။"
မန်ဟိုမှာ ခဏတာ ထူးဆန်းစွာ ကြည့်နေမိသည်။ ထို့နောက် သူက ပြုံးရင်းခေါင်းညိတ်လိုက်သည်။
" ဟုတ်ပါတယ် ဒါက ကျွန်တော် အဲ့နေ့က တောင်ပေါ်မှာ သုံးခဲ့တဲ့ လှံပါ" ဟု မန်ဟိုက ပွင့်ပွင့်လင်းလင်းပင် ဖြေလိုက်သည်။
"ဒီသံလှံဟာ တကယ်ကို မြင့်မြတ်တဲ့ရတနာတစ်ပါးလို့ ခေါ်လို့ရပါပေတယ်" လွီစုန့်က ပြောသည်။ " အစ်ကိုမန် ဒီလှံကိုသုံးပြီး မိစ္ဆာသားရဲတွေကို ဒါဏ်ရာ ရစေခဲ့တယ်။ တကယ်ကို အတိုင်းအဆ မရှိပါဘူး။ အစ်ကိုမန်ရဲ့ ရဲရင့်တဲ့ တိုက်ခိုက်မှုတွေကို ကျွန်တော့စိတ်ထဲ ထပ်ခါထပ်ခါ မြင်ယောင်မိပါတယ်။" ဟု သူကလှံကို တပ်မက်စွာကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ချင်းရွှယ်ဟန်ကို အေးစက်စက်လှမ်းကြည့်ရာ ချင်းရွှယ်ဟန်နှင့် မျက်လုံးချင်းဆုံမိသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်မရကြချေ။ သူတို့ထဲကတစ်ယောက်ကတော့ အဆင့်မြင့်လာ တော့မည်ကိုလဲ သိနေကြသည်။
ကျိုးပြည်နယ်သားများသည် ထိုသို့ကြားပြီးနောက် သံလှံပေါ်သို့ အကြည့်ရောက်သွားကြသည်။ သူတို့၏ မူလရည်ရွယ်ချက်သည် မန်ဟို၏ ရတနာအားစစ်ဆေးရန်ဖြစ်ခဲ့၏။ အခုတော့မလိုတော့ချေ။ ဇီယွင် ဂိုဏ်းသားများက သံလှံ၏ စွမ်းအားကို ထုတ်ဖော်ချီးကျူးနေပေရာ ရတနာအစစ်အမှန် ဖြစ်လောက်သည်။
စွန်းဟွာ၏မျက်လုံးများ လင်းသွားပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ သံလှံကို ကြည့်ရှုလေသည်။
“ဒါပေမဲ့ ကျွန်တော်ပြောရဦးမယ်” လွီစုန့်က ခေါင်းခါရမ်းကာ ရယ်လျက်ပြောသည်။ “အစ်ကိုမန် က ကျွန်တော်တို့ မီးဖြင့်စမ်းသပ်ခြင်းပွဲကို ဖရိုဖရဲဖြစ်စေခဲ့တယ်။ အစ်ကိုမန်က ဆေးလုံးတွေ၊ ဝိညာဉ်ကျောက်တုံးတွေ၊ မှော်ဝင်ရတနာတွေအများကြီးကိုလဲ ရတနာတောင်ပေါ်ကနေ ယူသွားတယ်။” သူ့အပြုအမူကို ကြည့်ခြင်းအားဖြင့် သူက ထိုအရာကို စိတ်ထဲမထားကြောင်း သိသာ၏။
“ဪ….ဒါလား” မန်ဟိုက ရယ်ပြီး နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
“ဒါက ကိစ္စမရှိပါဘူး” ချင်းရွှယ်ဟန်သည် သံလှံကို ကြည့်ရင်း ခြေလှမ်းအနည်းငယ်တိုးကာ ပြောလိုက်၏။
“အဲဒီ ရတနာတောင်က လူထူးဆန်းစုန့် ပိုင်တာပါ။ သူကိုယ်တိုင်က အရည်အချင်းရှိတဲ့ ဘယ်သူမဆို သူတို့အလိုရှိတဲ့ဟာကို ယူနိုင်တယ်လို့ ပြောခဲ့တာပဲ။ တကယ်တော့ အစ်ကိုမန်ရဲ့ စွမ်းဆောင်မှုတွေက ကျွန်တော့ကို အလွန်အမင်း စိတ်ကျေနပ်အားရစေတယ်။ ဒါပေမဲ့ ……အစ်ကိုမန်၊ ဒီသံလှံကို ခင်ဗျား ရောင်းချင်စိတ်ရှိသလား။ ဇီယွင်ဂိုဏ်းက စျေးကောင်းပေးပြီး ဝယ်ချင်ပါတယ်။” မန်ဟိုက သံလှံကို သူ့လက်ထဲတွင် ကိုင်ထားသောကြောင့် ချင်းရွှယ်ဟန်မှာ သေသေချာချာ စူးစမ်း၍မရပေ။ သူသည် ချီအခြေတည်အဆင့်ကို မရောက်သေးသောကြောင့် စိတ်ဝိညာဉ်အာရုံမရှိသဖြင့် အသေးစိတ်စူးစမ်းနိုင်ခြင်း မရှိပေ။
“ကောင်းပါပြီ။” မန်ဟိုမှာတွေဝေနေပုံရလေသည်။
“အစ်ကိုကြီး မန်” လွီစုန့် က ပြောလိုက်သည်။ “ ဒီသံလှံက ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ရောင်းပေးပါ” သူရဲ့ ပထမရည်ရွယ်ချက်က မန်ဟို သဘောတူအောင် တွန်းအားပေးရန်ဖြစ်သည်။ ထို့နောက် သူနှင့် ချင်းရွှယ်ဟန် တိုက်ခိုက်ကာ ဆုံးဖြတ်မည်။ သူသည် ပြောရင်းဖြင့် ရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။ သူ၏မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် ပြည့်နက်နေပေသည်။
“လူထူးဆန်း စုန့်က လူတွေကို မညှာမတာ ရက်ရက်စက်စက် ဆက်ဆံတတ်တယ်။ အစ်ကိုကြီး မန်က သူ့ အလေးထားဆုံး ရတနာတွေကို ယူသွားခဲ့တယ်။ ကျွန်တော်တို့ ဇီယွင်ဂိုဏ်းက အကြီးအကဲ ဝူသာ သူ့ကို ဆွဲမထားရင် အစ်ကိုမန် ခုချိန်ဆို ဒုက္ခရောက်နေလောက်ပြီ။” ချင်းရွှယ်ဟန်က ရှေ့သို့ ခြေဆက်လှမ်းရင်း သူ၏ စွမ်းအင်များအား ဖုံးကွယ်ရန် မကြိုးစားဘဲ ပြောလိုက်သည်။
ဇီယွင်ဂိုဏ်းမှာ အခြားဂိုဏ်းသားများ တဖြည်းဖြည်းရှေ့တိုးလာကြပြီး မန်ဟိုအား စက်ဝိုင်းပုံစံ ဝန်းရံလိုက်ကြသည်။ သူတို့ မျက်လုံးများသည် သံလှံအားလိုချင်စိတ်ဖြင့် အရောင်လက်နေကြ၏။
“ဒီ သံလှံက သာမာန်ပစ္စည်းတစ်ခုပါ။” မန်ဟိုက သူ့အား ဝန်းရံလာသော လူများအား ကြည့်ရင်း လွီစုန့်နှင့် ချင်းရွှယ်ဟန်အား မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“အစ်ကိုကြီး မန်…ဟာသ လုပ်ပစ်ဖို့ မလိုပါဘူး။” လွီစုန့်က သံလှံဖျားကို ကြည့်ကာ ရယ်ရင်း ပြောလိုက်သည်။ “ကျွန်တော် အမှတ်မမှားဘူးဆိုတာ သိပါတယ်။ ဒါက အစ်ကိုကြီး မန်သုံးခဲ့တဲ့ သံလှံပဲ။ သံလှံဘေးက အထစ်ကို အဲနေ့က ကျွန်တော် သေသေချာချာမြင်ခဲ့တယ်။”
မန်ဟိုမှာတော့ ငေးကြည့်နေမိသည်။ ဒီလူကား သူ့ထပ်ပင် လှံကို ပိုမြင်ဖူးနေသယောင်ပင်။ သူသည် အရင်က အထစ်ကို သတိမပြုမိပေ။ ယခု သူလှမ်းကြည့်လိုက်သောအခါ သံလှံတွင် အထစ်ရှိနေသည်။
လွီစုန့်သည် မန်ဟို၏ အမူအရာကို မြင်လိုက်သောအခါတွင် သူ့အတွေးမှန်ကြောင်း ပိုသေချာသွားသည်။ သူကား ပြုံးနေပေမဲ့လည်း မျက်လုံးများက အေးစက်နေသည်။ ဇီယွင်ဂိုဏ်းက အမဲစက်ဖြစ်မည်စိုး၍ သူ့အား မန်ဟိုကို သတ်ခွင့် မပေးသော်လည်း သူ့အနေဖြင့် လက်မလျော့ပဲ တခြားနည်းလမ်းများကို အသုံးပြုနိုင်သည်။
“တကယ်လို့ ဒါက သာမာန် ပစ္စည်းဆိုရင်လည်း ကျွန်တော်တို့ ဝယ်ချင်ပါတယ်။” ချင်းရွှယ်ဟန်က ခြိမ်းခြောက်ဟန်ဖြင့် အေးစက်စက် ပြောသည်။ “ကျွန်တော်တို့က ဒီလှံကို ရအောင်ယူဖို့ ဆုံးဖြတ်ပြီးပြီ။ ကျေးဇူးပြုပြီး အစ်ကိုကြီး မန် ..ခက်ခဲအောင် မလုပ်ပါနဲ့။ အဲလိုဆိုရင် ကျွန်တော်ကော အစ်ကိုကြီး မန်ရော စိတ်ပျက်ရလိမ့်မယ်။ အခုတော့ သံလှံက အစ်ကိုကြီးမန် လက်ထဲမှာပဲ ရှိနေတယ်။ ဒါပေမဲ့ ဇီယွင်ဂိုဏ်းက တောင်ပိုင်းဒေသက ကြီးကျယ်မြင့်မြတ်တဲ့ ဂိုဏ်းကြီး ၅ ဂိုဏ်းထဲမှာပါတယ်။ အခုလို အဝေးကြီးရောက်နေတာတောင်မှပဲ ကျွန်တော်တို့ရဲ့ စွမ်းအားက ခင်ဗျားထင်ထားတာထက် ပိုကြီးမားတယ်။ ပြီးတော့ ဒီသံလှံကို လိုချင်နေတာက ကျွန်တော်တို့ မဟုတ်ဘူး။ ကျွန်တော်တို့ ဂိုဏ်းက အကြီးအကဲဝူ က လိုချင်နေတာပါ”
ထိုအရာကို ကြားပြီးသည့်နောက် ကျိုးပြည်နယ်သားများ အချင်းချင်းအကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် မန်ဟိုအား သရော်ပြုံးဖြင့်ကြည့်လိုက်သော်လည်း ခပ်ဆိတ်ဆိတ်သာ နေလိုက်ကြ၏။
စွန်းဟွာက အထူးပြုံးနေသည်။ သံလှံအကြောင်းအား သိရှိရန် ထိုလူများ၏ အကူအညီကို ရခြင်းသည် ကောင်းသောအရာဖြစ်သည်။ နောက်တွင် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ယခုအခြေအနေကို အသုံးပြုပြီး သူ လှုပ်ရှားနိုင်လေသည်။ ထို့အပြင် မန်ဟိုတွင် ရတနာသံလှံရှိသော်လည်း သူသည် တောင်ပိုင်းဒေသမှ ဂိုဏ်းကြီးအား အာမခံနိုင်ပေ။
“တကယ်လို့ ကျွန်တော် သဘောမတူရင် အတင်းအကျပ်လုပ်ကြမှာလား” မန်ဟိုက မေးလိုက်သည်။
“ကျွန်တော်တို့ ဂိုဏ်းက တခြားလူတွေဆီက ရတနာကို မခိုးယူပါဘူး။” လွီစုန့်က ရယ်ရင်း ပြောလိုက်သည်။ “ဒါပေမဲ့ အစ်ကိုကြီး မန်…ခင်ဗျား အရာရာကို ဂရုတစိုက် စဉ်းစားသင့်တယ်။ ကျွန်တော်တို့ကို အာခံလို့ ခင်ဗျားမှာ ဘာကောင်းကျိုးရှိမှာလဲ။ ပြီးတော့ ကျွန်တော်တို့သာ တကယ်လို့ သံလှံကို ခိုးယူချင်ရင် တခြားသူတွေကို ခိုင်းပြီး ခိုးယူခိုင်းလို့ ရတယ်။ ကျွန်တော်တို့တောင် ဘာမှ လုပ်စရာမလိုဘူး။” သူက အနီးမှာ ရှိသော ကျိုးပြည်နယ်မှ ဂိုဏ်းသားများအား ကြည့်ရင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ စွန်းဟွာနှင့်အခြားသူများသည် အလွန်စိတ်လှုပ်ရှား လာကြသည်။
“အစ်ကိုကြီးမန် ..ကျွန်တော် ချင်းရွှယ်ဟန်က အစ်ကိုကြီး မန်ရဲ့ ရတနာတောင်ပေါ်က လုပ်ဆောင်ချက်တွေကို အလွန်လေးစားခဲ့ပါတယ်။ ဒါပေမဲ့ သံလှံကို ရောင်းချင်ချင် မရောင်းချင်ချင် ရောင်းရလိမ့်မယ်။” ချင်းရွှယ်ဟန်၏ မျက်လုံးများသည် အေးစက်နေသည်။
အကယ်၍ ဒီလူတွေသည် သူတို့ဒုက္ခသူတို့ သယ်လာတာဆိုလျှင်တော့ သူ တားဆီးနေမှာ မဟုတ်ပေ။ သူ့မျက်နာတွင် အမူအရာများစွာ ဖြတ်ပြေးသွားပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ ရေရွှတ်လိုက်သည်။ ထို့နောက် သူသည် အံကြိတ်ကာ ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးများက နီနေသည်။
“လေးစားရသော ဇီယွင်ဂိုဏ်းသားများ ခင်ဗျား။ တကယ်လို့ သင်တို့သာ ကျွန်တော့လှံကို ဝယ်ချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ပေးနိုင်တဲ့ စျေးပြောပါ။” မန်ဟိုသည် သူ၏ အင်္ကျီလက်ကို ခါလိုက်ကာ သံလှံအား မြေကြီးပေါ်သို့ စိုက်လိုက်သည်။ သူ၏ မျက်နှာကား တင်းမာခက်ထန်လျက် .....။