အစ်ကိုကြီးမန် သင်ရောင်းချင်သည်ဖြစ်စေ မရောင်းချင်သည်ဖြစ်စေ ရောင်းရပါလိမ့်မယ်
Vol. 4 Ch. 56
မန်ဟိုပြောပြီးနောက် အရာရာသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အားလုံးကား မြေကြီးထဲတွင် စိုက်ထားသော သံလှံအား ကြည့်နေကြသည်။
ချင်းရွှယ်ဟန်က ကျယ်လောင်စွာရယ်မောပြီး မန်ဟိုအား လက်သီးဆုပ်ကာ အရိုသေပေးလိုက်သည်။
“ ဒါဆို အစ်ကိုကြီးမန်က ရတနာသံလှံကို ရောင်းဖို့ဆုံးဖြတ်လိုက်ပြီပေါ့။ ကျွန်တော် ချင်းရွှယ်ဟန် အစ်ကိုကြီးမန် မရှုံးစေရဘူးလို့အာမခံပါတယ်” သူက သူ့သိုလှောင်အိတ်ကို မြေကြီးပေါ်သို့ သွန်ချလိုက်သည်။ “ဒီမှာ ဝိညာဉ် ကျောက်တုံးပေါင်း ၅၀၀ ပါ” တချွှင်ချွှင်အသံနှင့်အတူ ဝိညာဉ်ကျောက်တုံးများ ထွက်ကျလာကာ အပုံလိုက် ဖြစ်သွားသည်။ ဘေးဘက်မှကျိုးပြည်နယ်သားများသည် မန်ဟို၏ကံဆိုးမှုကို သရော်စွာ ကြည့်နေကြ၏။ ဝိညာဉ်ကျောက်တုံး ၅ဝဝဆိုသည့်ပမာဏမှာ နည်းလဲမနည်း များလဲမများပေ။ သူသာ ရတနာပစ္စည်းကို ထိုပမာဏလောက်နှင့်ရောင်းလိုက်လျှင် ရယ်စရာကောင်းပေလိမ့်မည်။
စျေးအကြောင်းတွေးနေသည်မှာ သူတို့ချည်းမဟုတ်။ မန်ဟိုသည်လည်း မျက်မှောင်ကြုတ်နေလေသည်။ သို့သော် သူသည် ကျိုးပြည်နယ်သားများနှင့် အတွေးမတူချေ။ သူ့တွက်ချက်မှုအရ သံလှံသည် ငွေ၂ပြားမျှသာ တန်လောက်သည်။ သံလှံကို ဝိညာဉ်ကျောက်တုံး ၅ဝဝနှင့်သာ လဲလိုက်လျှင် သူ့အတွက် အမြတ်များပင် ရသေးသည်။
“မနောက်ပါနဲ့ဗျာ” ဟု လွီစုန့်ကပြောလိုက်သည်။ “အစ်ကိုကြီးမန်ကို အနိုင်မကျင့်ပါနဲ့။ ခင်ဗျားက ဒီလိုရတနာ ပစ္စည်းမျိုးကို ဝိညာဉ်ကျောက်တုံး ၅၀၀ လောက်နဲ့ရမယ် ထင်နေတာလား။ ကျွန်တော်က ဝိညာဉ်ကျောက်တုံး ၁၅၀၀ ပေးပြီးဝယ်မယ်” သူက လည်ချောင်းရှင်းကာ အင်္ကျီလက်ကို ခါလိုက်ပြီး သိုလှောင်အိတ်ကို ထုတ်လိုက်သည်။ တချွင်ချွင်သံမြည်ပြီး ချင်းရွှယ်ဟန်၏ ဝိညာဉ်ကျောက်တုံးအပုံထက် ပိုကြီးပြီး ပြောင်လက်သော ဝိညာဉ်ကျောက်တုံးများ ပေါ်လာသည်။ ထိုကဲ့သို့ အမိုက်စားမြင်ကွင်းသည် အားလုံးကို စိတ်လှုပ်ရှားကျန်ခဲ့စေသည်။
ကျိုးပြည်နယ်သားများ အလွန်စိတ်လှုပ်ရှားလာကြသည်။ သူတို့အတွက် ဝိညာဉ်ကျောက်တုံးပေါင်း ၁၅ဝဝ သည် အလွန်များသော ပမာဏဖြစ်သည်။ သူတို့သည် ကြီးကျယ်သော ဂိုဏ်းကြီးများ၏ ဂိုဏ်းသားများဖြစ်သော်လည်း ထိုပမာဏ စုဆောင်းမိဖို့ရာ အလွန်ခက်၏။ သူတို့မှာ ကြည့်ရင်း ရင်မောနေကြသည်။ စွန်းဟွာပင်လျှင် စိတ်အားထက်သန်စွာ တုန်ယင်နေသည်။ သူ့နောက်မှ ကျောက်ခိုင်သည် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေလေ၏။ သူသည် မန်ဟိုကို ပို၍လေးစားလာပြီး နောင်တရမိသည်။ သူ မန်ဟို့ နာမည်ကို မခေါ်မိလျှင်ကောင်းသားဟု တွေးနေသည်။ သူသည် သက်ပြင်းချရင်း မန်ဟို၏ ရတနာကို အတင်းအကြပ် ရောင်းချခိုင်းခံရခြင်းမှာ သူ့အပြစ်ကြောင့်ဟု တွေးနေတော့၏။
“ညီလေးစုန့် က တော်တော်အတင့်ရဲ ရိုင်းစိုင်းတာပဲ” ချင်းရွှယ်ဟန်က လွီစုန့်အား အေးစက်စွာကြည့်ရင်း ပြောသည်။ သူသည် ရတနာကိုရအောင်ယူမည်ဟု စိတ်ဆုံးဖြတ််ပြီးပြီ။ ထိုရတနာသည် အတွင်းစည်းဂိုဏ်းသို့ရောက်ရန် လက်မှတ်သဖွယ်ဖြစ်နေသောကြောင့် သူဘာပဲပေးရပေးရ ရအောင်ယူရမည်။ အခုအချိန်မှာတော့ သူ၏ အဓိက ပြိုင်ဘက်မှာ လွီစုန့်ဖြစ်သည်။
“အားလုံးပဲ မင်းတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေ ငါ့ကိုပေးကြ” ချင်းရွှယ်ဟန်က သူ့နောက်မှ လူ၅ယောက် ၆ယောက်အား ပြောလိုက်သည်။ “ဂိုဏ်းကိုပြန်ရောက်ရင် ငါနည်းလမ်းရှာပြီး မင်းတို့ကို ပြန်ပေးမယ်” ထိုလူများသည် များစွာစဉ်းစားမနေကြဘဲ သူတို့၏သိုလှောင်အိတ်များကို ထုတ်ပေးလိုက်ကြသည်။
“ဝိညာဉ်ကျောက်တုံးပေါင်း ၂၁၀၀” ချင်းရွှယ်ဟန်က ဘာမှဂရုမစိုက်သလို အေးစက်စွာပြောသည်။ “အစ်ကိုကြီး မန် ဒါက ကျွန်တော်ပိုင်ဆိုင်သမျှအကုန်ပါပဲ” ဟု သူကလွီစုန့်ကို အေးစက်စက်ကြည့်ရင်းပြောလိုက်သည်။
လွီစုန့်သည် မဲ့ရွဲ့လိုက်၏။ သူပေးခဲ့သော ဝိညာဉ်ကျောက်တုံး ၁၅ဝဝမှာ သူ့နောက်လိုက်များဆီက ချေးထားပြီးသားဖြစ်သည်။ ချင်းရွှယ်ဟန်ပေးသည်ကိုကြည့်ကာ မန်ဟိုမှာ စိတ်ရှုပ်နေဟန်ဖြစ်နေသည်။ လွီစုန့်က သူ့သိုလှောင်အိတ်အားပုတ်လိုက်သည်။
“အစ်ကိုကြီးမန် ကျွန်တော့မှာ ဝိညာဉ်ကျောက်တုံးတော့ မရှိတော့ပါဘူး။ ဒါပေမဲ့ ဆေးလုံးတွေတော့ ရှိပါတယ်” ပုလင်းတစ်လုံး သူ့လက်ထဲသို့ရောက်လာလေသည်။ “ဒါက စဦးချီ ဖွဲ့စည်းခြင်းအဆင့် ၈အောက်ကို အသုံးဝင်တဲ့ နတ်ရေစင်ဆေးလုံး ၃လုံးဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ဇီယွင်ဂိုဏ်းရဲ့ ဆေးဝါးအဖွဲ့က ထုတ်တဲ့ အကောင်းဆုံး ဆေးတွေထဲမှာပါပါတယ်။ ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံး ၅၀၀ တန်ကြေးရှိပါတယ်။”
နတ်ရေစင်ဆေးလုံး မည်မျှအဖိုးတန်ကြောင်းသိသော ကျိုးပြည်နယ်သားများ၏ မျက်လုံးများမှာ မီးတောက်မတက်ဖြစ်လာကြသည်။
စွန်းဟွာ၏ အသက်ရှုသံကတော့ ပိုပြင်းလာသည်။ နတ်ရေစင်ဆေးလုံးသည် စဦးချီ ဖွဲ့စည်းခြင်းအဆင့် ၈ ရှိသူများအတွက် အကျိုးအရှိဆုံးဆေးသုံးလုံးထဲတွင် ပါဝင်ကြောင်းကို သူ့ဂိုဏ်းက ဆရာကြီးများထံမှ ကြားဖူး၏။ ဇီယွင်ဂိုဏ်း အပြင်စည်းမှ နာမည်ကြီးသောသူများသည်ပင် ဆေးတစ်လုံးရရန် အလွန်ခက်ခဲသည်။
ချင်းရွှယ်ဟန်က မျက်မှောင်ကြုတ်၍ လွီစုန့်အား ကြည့်လိုက်ပြီး သိုလှောင်အိတ်ကို ပုတ်ကာ သူ့ဆေးပုလင်းအား ထုတ်လိုက်သည်။
“ကျွန်တော့မှာ နတ်ရေစင်ဆေးလုံးတော့ မရှိပါဘူး” ဟု ချင်းရွှယ်ဟန်က ပြောလိုက်သည်။ “အစ်ကိုကြီးမန်က စဦးချီ ဖွဲ့စည်းခြင်းအဆင့်၇မှာ ရှိနေတော့ ဒီ မြေကြီးဝိညာဉ်ဆေးလုံး ၇လုံးကိုယူပါ။ ဒါက ကျွန်တော်ဂိုဏ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် ဆုရရှိထားတဲ့ ဆေးလုံးပါ။ ဒါက စဦးချီ ဖွဲ့စည်းခြင်းအဆင့် ရရှိတဲ့သူအတွက် အကောင်းဆုံး ဆေးလုံးပါပဲ”
“ကျွန်တော့မှာလဲ မြေကြီးဝိညာဉ်ဆေးလုံးတချို့ ရှိပါတယ်” ဟု လွီစုန့်က အေးစက်စက်ရယ်ရင်း ပြောလိုက်သည်။ သူက သူ့နောက်က ဂိုဏ်သားများအား ကြည့်လိုက်သောအခါ ထိုသူတို့သည် အံကြိတ်ရင်းသူတို့၏ သိုလှောင်အိတ််များကို ထုတ်လိုက်ကြကာ မြေကြီးဝိညာဉ်ဆေးလုံးများအား လွီစုန့်ကို ပေးလိုက်ကြ၏။ သူတို့က မျက်ထောင့်နီများဖြင့် ချင်းရွှယ်ဟန်အဖွဲ့ကို ကြည့်နေကြလေသည်။
“ အစ်ကိုချင်း …. ဟိုလေ” မန်ဟိုက ရင်ခုန်စွာဖြင့် ပြောလိုက်သည်။
ချင်းရွှယ်ဟန်က သူပေးသောစျေးသည် လွီစုန့်ပေးသည်ကို လိုက်မမှီမှန်းသိလိုက်သည်။ သို့သော် သူသည် အတွင်းစည်းဂိုဏ်းသားဖြစ်ရန် အခွင့်အရေးကို အလွယ်တကူ အရှုံးမပေးနိုင်။
“ညီလေးလွီ မင်းက ငါနဲ့ ထိပ်တိုက်တွေ့ဖို့ကို ဆုံးဖြတ်ထားတာလား။ ကောင်းပြီ…။” သူက လွီစုန့်အားစိုက်ကြည့်လိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင် အလင်းတန်းထွက်လာသည်။ ထိုအနက်ရောင် အလင်းတန်းက အနက်ရောင်သံချွန်အဖြစ် သူ့လက်ထဲသို့ရောက်လာသည်။ ထိုသံချွန်သည် လင်းလက်နေပြီး ပုံရိပ်ယောင်များ ထုတ်လွှတ်နေသည်။ ထိုပုံရိပ်ယောင်များသည် ချင်းရွှယ်ဟန်၏လက်ထဲသို့ ဆင်းသက်သွားပြီး အရာအားလုံး ငြိမ်သက်သွားသည်။
ထိုအရာမှာ ပိန်းပိတ်အောင်မှောင်နေပြီး ဖော်ပြ၍မရလောက်အောင် ချွန်မြနေသည်။
“အစ်ကိုကြီးမန် ဒီအရာက ကျွန်တော့ကို ဂိုဏ်းကဆုချထားတဲ့ မှော်ပစ္စည်းပါ။ ဒါကို ငရဲတိုက်ခိုက်သံချွန်လို့ ခေါ်ပါတယ်။ အေးမြပြီးမှောင်မိုက်တယ်။ ဒီသံချွန်နဲ့ရန်သူကို ဒါဏ်ရာ ရအောင်လုပ်လိုက်မယ်ဆိုရင် အဲ့ဒီ့ဒါဏ်ရာကနေ ရန်သူ့ကိုယ်ထဲကို အအေးဓာတ်တွေ ပို့လွှတ်ပေးလိမ့်မယ်။” ချင်းရွှယ်ဟန်က ခေါင်းကိုက်လာသည်ကို မသိကျိုးကျွန်ပြုကာ ပြောလိုက်သည်။
အနက်ရောင်သံချွန်ကို မြင်သောအခါ ချင်းရွှယ်ဟန်နောက်မှ ဂိုဏ်းသားများသည် မနာလိုဟန် ပေါ်လာကြသည်။ လွီစုန့်လဲ စိတ်ဓာတ်ကျဟန်ပေါ်နေသည်။ သူက ချင်းရွှယ်ဟန်သည် အနက်ရောင်သံချွန်ကို ထုတ််ပြမည်မဟုတ်ဟု ထင်ခဲ့မိသည်။
မန်ဟို မျက်လုံးများ ကျယ်လာပြီး ရင်ပိုခုန်လာသည်။ ထိုသို့ဖြစ်သည်မှာ သူတစ်ယောက်ထဲမဟုတ်။ ကျိုးပြည်နယ် သားများသည် တီးတိုးပြောဆိုနေကြသည်။
“ဒါက ဇီယွင်ဂိုဏ်းက ငရဲသံချွန်ပဲ။ ငါ့ဂိုဏ်းက ဆရာကြီးပြောတာကြားဖူးတယ်။ ဇီယွင် ဂိုဏ်းသားတွေမှာပဲ ဒီသံချွန်ရှိတယ်။ စုစုပေါင်း ၁၀၈ခုပဲ ရှိတယ်တဲ့။ တစ်ခုချင်းစီက မယုံနိုင်စရာ စွမ်းအားကြီးမားကြတယ်”
စွန်းဟွာသည် သံချွန်အားစိုက်ကြည့်ရင်း အာခေါင်ခြောက်လာသည်။ ထိုရတနာအား ပိုင်ဆိုင်ချင်လွန်း၍ မန်ဟိုသာ ဖြစ်လိုက်ချင်တော့သည်။
လွီစုန့်၏ မျက်နှာသည် မဲ့ရွဲ့နေသည်။ ဒေါသနှင့် အံကြိတ်ထားသည်။ အတွင်းစည်းဂိုဏ်တွင် နေရာ တစ်နေရာစာ ရှိနေရာ ထိုနေရာကို သူယူမည်ဟု တွေးထားသည်။ သူသည် ထိုအခွင့်အရေးကို လက်လွှတ််မခံနိုင်။ စိတ်ပျက်သည်ကို ကျော်လွှားရင်း ရတနာကို ထုတ်ယူရန် သူ့သိုလှောင်အိတ်အား ပုတ်လိုက်သည်။
ထိုအရာသည် ရောင်စုံ ငှက်မွှေး ၁၆ချောင်းဖြင့် ပြုလုပ်ထားသော ငှက်မွှေးယပ်တောင် ဖြစ်၏။ ထိုငှက်မွှေးယပ်တောင်ကား တုန်လှုပ်စရာ သဘာဝစွမ်းအင်များကို ထုတ်လွှတ်နေပြီး ကြည့်ရှုနေသူတိုင်းကို ကြောက်ရွံ့စေသည်။
“အစ်ကိုကြီးမန် ဒါက ကျွန်တော်တန်ဖိုးအထားရဆုံးရတနာပါ။ ဒါက နဂါးငွေ့တန်းယပ်တောင်ပါ။ ဒါကို အသုံးပြုဖို့ရာ လေ့ကျင့်နေစရာတောင်မလိုပါဘူး။ ချက်ချင်းသုံးလို့ ရပါတယ်။ ဒါက အသုံးပြုသူကို ပျံတတ်စေပြီး အရွယ်အစားကို ပြောင်းလဲပေးနိုင်ပါတယ်။ ငှက်မွှေး ၁၆ချောင်းက ပျံတတ်ပြီး ရန်သူကို တိုက်ခိုက်နိုင်သလို အသုံးပြုသူကို စက်ဝိုင်းပုံ ဝန်းရံပေးပြီး အကာအကွယ် ဖြစ်ပေါ်စေပါတယ်။ တိုက်ခိုက်ရာမှာရော ခုခံရာမှာပါ အသုံးပြုလို့ ရပါတယ်။ ဒါက ကျွန်တော်တို့ဂိုဏ်းက ရတနာမဟုတ်ပါဘူး။ ကျွန်တော် ကံကောင်းပြီး ရထားတာပါ။ ကျွန်တော် ဒီယပ်တောင်ကို လက်ဆောင်ပေးခွင့်ပြုပါ။” သူသည် အတော် စိတ်ဓါတ်ကျနေသည်။ နှမြောလွန်း၍ နှလုံးသွေးကျမတတ် ဖြစ်နေလေသည်။ သို့သော် အတွင်းစည်းဂိုဏ်းသို့ဝင်ရန် ချင်းရွှယ်ဟန်နှင့် ပြိုင်ဆိုင်ရာတွင် သူအကျိုးအကြောင်း မဆင်ခြင်နိုင်တော့ပေ။
ယပ်တောင်ပေါ်လာသောအခါ ချင်းရွှယ်ဟန် မျက်နှာပျက်သွားသည်။ သူက နောက်သို့ခြေနှစ်လှမ်း ဆုတ်လိုက်မိရင်း မျက်လုံးများတွင် သွေးကြောများ ထင်းလာလေသည်။ ထိုယပ်တောင်သည် တန်ဖိုးကြီး ရတနာမှန်း သူသိသည်။ ထိုအရာကို ပေးလိုက်ခြင်းသည် အသက်အန္တရာယ်ကို ရင်းသကဲ့သို့ ဖြစ်နေသည်။
ကျိုးပြည်နယ်သားများကမူ တုန်လှုပ်ကာ ခေါင်းမူးချင်သလိုပင် ဖြစ်နေသည်။ သူတို့သည် ယပ်တောင် အကြောင်းမကြားဖူးပေ။ သို့သော်ကြည့်လိုက်ရုံဖြင့် သာမန်ရတနာပစ္စည်း မဟုတ်နိုင်မှန်း သိနိုင်ပေသည်။ ထိုယပ်တောင် သည် သဘာဝစွမ်းအင်များ ထုတ်လွှတ်ကာ သူတို့ကို ရင်တုန် စိတ်လှုပ်ရှားစေသည်။
စွန်းဟွာ၏မျက်လုံးများ ပြူးကျယ်လာပြီး ခန္ဓာကိုယ်သည် မနာလိုစိတ်ဖြင့် တုန်လှုပ်လာသည်။
မန်ဟိုကား အသက်ဝဝရှူလိုက်သည်။ သူသည် အခုချိန်တွင် ပျော်ရမည့်အစား စိုးရိမ်လာလေသည်။ လူထူးဆန်းစုန့်အား သူ အာခံခဲ့ပြီးပြီ။ အခု ဇီယွင် ဂိုဏ်းသားများအား အာခံဖို့တွေးလိုက်သည်နှင့် သူ့တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်လာချေသည်။ သို့သော် ကြည့်ရသည်မှာ သူရောင်းချင်သည်ဖြစ်စေ မရောင်းချင်သည်ဖြစ်စေ ရောင်းရပေတော့မည်။
သူ့အခြေအနေ၊ သူ့မျက်နှာအနေအထား ကို ကြည့်ပြီး စောင့်ကြည့်သူများသည် သူ့အားစျေးပေးဝယ်ယူသောရတနာများမှာ သူ့လှံကို ရယူနိုင်လောက်ရန် မတန်ဟု ထင်နေကြတော့သည်။
“အစ်ကိုကြီးမန် ကျွန်တော့မှာ စဦးချီဖွဲ့စည်းခြင်းအဆင့် ၉အတွက် အသုံးဝင်တဲ့ လွင်ပြင်အားဖြည့် ဆေးလုံးရှိပါတယ်” ရင်နာနေသည်ကို ကြိုးစားမေ့ဖျောက်ရင်း ချင်းရွှယ်ဟန်က သူ့သိုလှောင်အိတ်ကို ပုတ်ကာ ဆေးပုလင်းကို ထုတ်လိုက်သည်။ “ဒါက အရမ်းကို အဖိုးတန်ပါတယ်။ စဦးချီဖွဲ့စည်းခြင်း အဆင့်၉ ရောက်နေတဲ့သူတွေဟာ ဒီဆေးလုံးတစ်လုံးကို မြင်ရုံနဲ့ရူးသွားလောက်တယ်။ ဒါက ချီအခြေတည်ခြင်းဆေးလုံးကို ယှဉ်လို့မရပေမဲ့ တန်ဖိုးရှိပါတယ်” သူပြောရင် မန်ဟို့အားမကြည့်ဘဲ လွီစုန့်အား ကြည့်နေလိုက်သည်။
“ဒီလှံ …..” မန်ဟိုသည် စိတ်ရှုပ်ထွေးနေသည်။ သူပြောရန်ကြိုးစားစဉ်မှာပဲ လွီစုန့်ကခေါင်းမော့ကာ အော်ရယ်လိုက်သည်။ သူက လက်ရွှေ့ကာ သူ့ခါးစည်းကြိုးထဲက ဘရိုကိတ်အိတ်လေးကို ဆွဲထုတ်လိုက်သည်။ သူ အိတ်ကိုခါလိုက်သောအခါ ထူထူလုံးလုံး ဆေးလုံး ထွက်လာလေသည်။ ထိုဆေးလုံးသည် အနက်ရောင်ဖြစ်ပြီး သဘာဝစွမ်းအင် မထုတ်လွှတ်နေပါ။ သို့သော် လွီစုန့်က အသေအချာ ကိုင်တွယ်နေပုံထောက်လျှင် ရတနာတစ်ပါး ဖြစ်နိုင်သည်။
“အစ်ကိုကြီးမန် ဒီဆေးလုံးက ပြန်သုံးလို့တော့ မရပါဘူး။ တကယ်တော့ ဒါက ရှားပါးမှော်ဝင်ဆေးလုံးပါ။ ဒါကိုချေလိုက်ရင် အနက်ရောင် အဆိပ်ပြင်း ကင်းမြီးကောက်ဖြစ်သွားပြီး စဦးချီ ဖွဲ့စည်းခြင်းအဆင့်၉ ရှိတဲ့သူကို ဒါဏ်ရာရအောင်လုပ်နိုင်ပါတယ်။ သေတောင် သေစေနိုင်ပါတယ်။ ဒီဆေးက ကျွန်တော့ကို ကျွန်တော့အဖွဲ့က ဆုချထားတာပါ။ ဒီမှာပါ။ ယူလိုက်ပါ။” လွီစုန့်မျက်လုံးများနီနေသည်။ သို့သော် မန်ဟို့အား မကြည့်ဘဲ ချင်းရွှယ်ဟန်အား ကြည့်နေသည်။ သူက သရေကျနေသည်ကို ချိုးဖျတ်ကာ ချင်းရွှယ်ဟန်အား ခြိမ်းခြောက်ရန် ဆေးလုံးကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။
ချင်းရွှယ်ဟန်က သတ်ချင်စိတ်ပြင်းကာ မျက်လုံးများအရောက်လက်၍ အမူအယာပြောင်းသွားသည်။ ထို့နောက် သူ့ကိုယ်သူထိန်းချုပ်ကာ ပြောလိုက်သည်။ “ငါတို့ နှစ်ယောက်ပေါင်းပြီးတော့ ဒီပစ္စည်းတွေနဲ့ ရတနာကို လဲရအောင်။ နောက်မှ အကြီးအကဲဝူဆီယူသွားပြီးတော့ ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ခိုင်းမယ်။”
လွီစုန့်က မတုန့်ပြန်ဘဲနေနေသည်။ သူ တကယ်ကို မတိုက်ခိုက်ချင်ပေ။ တကယ်လို့ ဘယ်သူမှမမြင်နိုင်သည့် ဝေးကွာသော နေရာကိုသာရောက်နေပါက သူ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သည်။ သို့သော် လူတွေအများကြီး ကြည့်နေတုန်း တိုက်ခိုက်ပါက အရာရာ ရှုပ်ထွေးသွားနိုင်၍ ချင်းရွှယ်ဟန်ကို ခြိမ်းခြောက်ရုံသာ လုပ်ချင်သည်။ ချင်းရွှယ်ဟန် အကြံပေးချက်ကို ကြားပြီးသည့်နောက် သူက ခေါင်းညိတ်လိုက်သည်။ ယင်းက သူ့အတွက် နည်းနည်းနာသော်လည်း ချင်းရွှယ်ဟန်၏ လက်ထဲမှ လွင်ပြင်အားဖြည့်ဆေးလုံးကို မြင်သောအခါ သူသည် အံကြိတ်ကာ သူ့မှော်ဆေးလုံးကို အောက်ချလိုက်ရ၏။
ထိုသည်ကို မြင်ပြီး ချင်းရွှယ်ဟန်မှာ အနည်းငယ် စိတ်ချမ်းသာသွားသည်။ မန်ဟို့အား ခွင့်တောင်းမနေတော့ပဲ သံလှံအား ဆွဲထုတ်လိုက်သည်။ လွီစုန့်လည်း သံလှံကိုကိုင်ကာ သူနှင့်လိုက်သွားသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် သံသယဖြင့် စောင့်ကြည့်ရင်း မြို့ရိုးတံခါးသို့ လျှောက်သွားကြသည်။
အခြားဇီယွင်ဂိုဏ်းသားများသည်လဲ သူတို့နောက်သို့ လိုက်သွားကြသည်။ ချက်ချင်းပင် မြို့ရိုးတံခါးဆီရောက်ကာ အဝေးသို့ ထွက်ခွာသွားကြသည်။ သူတို့ကား ဒေသကာကွယ်ရေးတောင်တန်းများဆီသို့ ဦးတည်သွားနေပုံပေါ်သည်။
မန်ဟို့မှာတော့ ရင်တွေခုန်လာရင်း တွေဝေမနေဘဲ အင်္ကျီလက်ကိုခေါက်ကာ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အလျင်အမြန် လှည့်ထွက်လိုက်သည်။ ကျိုးပြည်နယ် ဂိုဏ်းသားများသည် မျက်လုံးများလက်လာသည်။ အထူးသဖြင့် စွန်းဟွာသည် လောဘစိတ်ဖြင့် မန်ဟို့နောက်လိုက်ကာ တိုက်ခိုက်ဖို့ပြင်လိုက်သည်။ သို့သော် မန်ဟိုသည် ညာလက်ကို ယမ်းလိုက်ရာ ယပ်တောင်က သူ့ခြေအောက်ရောက်သွားသည်။ ထို့နောက် သူသည် အရှိန်မြှင့် ပျံသန်းသွားရာ အဝေးသို့ ချက်ချင်းရောက်သွားလေ၏။
ထိုအချိန်မှာပဲ သတမရတနာဆောင် ဆေးမီးဖိုဘေးတွင် ထိုင်နေသော လူကြီးသည် မျက်လုံး အနည်းငယ် ဖွင့်လိုက်၏။ မန်ဟိုပျောက်ကွယ်သွားသည်ကို ကြည့်နေသော ထိုမျက်လုံးများကား အလင်းရောင် လက်နေသကဲ့သို့ ရှိသည်။
“ဒီဇီယွင်ဂိုဏ်းကလူတွေက မျိုးဆက်တစ်ဆက်နဲ့တစ်ဆက် ပိုဆိုးလာတာပဲ။” ဟု သူက အေးစက်စက် ပြောသည်။ “လူမိုက်တွေပဲ။ ချီအခြေတည်အဆင့်ကို မရောက်သေးလို့ စိတ်ဝိညာဉ်အာရုံ မရသေးပေမယ့် ဒီပစ္စည်းက အသုံးမဝင်ဘူးဆိုတာ သိသင့်တယ်။”
ထိုစကားကို ကြားပြီးနောက် အဖြစ်အပျက်အားလုံးကို စောင့်ကြည့်နေသော ချောင်လင်နှင့် အခြားမိန်းမပျိုများသည် မယုံကြည်နိုင်အောင်ဖြစ်သွားကြသည်။
“ဒါက ရိုးရိုး သံလှံတစ်ချောင်းထက်မပိုဘူး” ထိုလူသည် တိုးတိုးပြောလိုက်သည်။ “ဒါကို လူငယ်လေးမန်တောင် သူ့ဘာသာသူ ပြောလိုက်သေးတာပဲ” ထိုသို့ပြောပြီးနောက် သူ့မျက်လုံးကို ပြန်ပိတ်လိုက်လေသည်။