မရှောင်လွှဲနိုင်သောသေခြင်းတရား
Vol. 5 Ch. 60
မြို့တော်နှင့် ဝေးသထက် ဝေးကွာ လာသည်။ အချိန်လည်းအတော်ကြာသွားခဲ့ပြီး ဒီအတောအတွင်းတွင်တော့ မန်ဟိုသူ၏ စိတ်နှလုံး ကို တုန်လှုပ်သွားစေသည့် အကြောက်တရားကို တွန်းထုတ် နေခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး သူ့ခန္ဓာကိုယ်ကို စေ့စေ့ ကြည့်မိသည်။ ယခင်ကပိန်သွယ်သော သူ၏ ခန္ဓာကိုယ်သည် ယခုမူ ပို၍ ပိန်ချုံးချည့်နဲ့လာသည်။
ထိုအရာသည်က မန်ဟိုကို ထိတ်လန့်စေသည့် ဒုတိယအရာတစ်ခု ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တွင် လောင်ကျွမ်းနေသကဲ့သို့ အမည်းရောင်အခိုးအငွေ့များ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ သူမည်မျှပင် ခန္ဓာကိုယ်ကိုလှုပ်ယမ်းကာ ထိုအရာများ ရပ်တန့်အောင် ကြိုးစားသော်လည်း ဆက်လက်ထွက်ပေါ်နေသည်။ အမည်းရောင်အခိုးအငွေ့များ သည် လေထုထဲတွင် မြင့်မားစွာမျောလွင့်နေသည်မှာ မည်သူမဆို သူ၏တည်နေရာကို ခန့်မှန်းနိုင်အောင် ဖန်တီးနေသကဲ့သို့ပင် ဖြစ်သည်။
"ငါ့ခန္ဓာကိုယ်က ညှိုးနွမ်းပျက်စီးတာရပ်တန့်သွားပေမယ့် ဒီအမည်းရောင်အခိုးအငွေ့တွေက ရပ်တန့်မှာ မဟုတ်ဘူး။ ဒါက ငါ့ကိုအရမ်းထင်ရှားလွန်းစေတယ်။ " သူသည် တတ်နိုင်သလောက်မြန်မြန်ပျံသန်းပြီး တောင်များအတွင်း ပုန်းအောင်းနေရန် နေရာတစ်ခု ရှာလိုက်သည်။ အမည်းရောင်အခိုးအငွေ့များ မှေးမှိန်ပျောက်ကွယ် သွားသောအခါမှ သူသည် နောက်တဖန် ထွက်လာရန် ဆုံးဖြတ်လိုက်သည်။
သူ ဝေးလံခေါင်သီသောတောင်တန်းများကြားတွင် အချိန်နှစ်နာရီမျှကြာအောင် ဒေါသတကြီးထိုင်နေခဲ့သည်။ သူသည် ကျင့်ကြံခြင်းဂူ ထဲမှာ သူ့ကိုယ်သူ ပိတ်လှာင်ခဲ့ပြီးတဲ့ နောက် အမည်းရောင်အခိုးအငွေ့များ က အချို့အရာဝတ္ထု များကို ဖြတ်သန်းသွားနိုင်တယ်ဆိုတာ သူသိလိုက်ရ သည်။
ဒီအခိုးအငွေ့တွေက ဘယ်လောက်ကြာဦးမှာလဲ ဟု မန်ဟိုက စိတ်မရှည်စွာဖြင့် ရေရွတ် လိုက်သည်။ သူက အံ့ကြိတ်လိုက်ပြီး အခိုးအငွေ့များကြောင့် မည်သည့်နေရာမှာမှ ရပ်တန့်ရဲတော့ပေ။ အကယ်၍ သူရပ်နေပါက အခိုးအငွေ့သည် သူ့အထက်တွင် စုဝေးပြီး သူ့ကို အလွယ်တကူ ရှာဖွေမြင်တွေ့နိုင်သည်။ အခိုးအငွေ့ကိုမြင်သူ မည်သူမဆို ထိုအနီးအနားတွင် တန်ဖိုးကြီးပစ္စည်း တစ်ခုရှိရှိ လိမ့်မည် ဟုထင်ကြလိမ့်မည်။
မန်ဟို မျက်မှောင်ကြုတ်လျက် နက်ရှိုင်းသောတောင်များကြားသို့ ဝင်သွားကာ တတ်နိုင်သလောက် ရှေ့ကိုမြန်မြန် ဆက်သွားခဲ့သည်။ သူ၏ဝိညာဉ်စွမ်းအင် ကုန်ဆုံးသွားသောအခါ သူသည်ဆေးလုံးကိုသောက်သုံးရမည်ဖြစ်သည်။ သူသည် ထိုနည်းဖြင့်သာ အမည်းရောင် အခိုးအငွေ့များ စုစည်းလာမှုကို တားဆီးနိူင်မည်ဖြစ်သည်။ ထိုအရာများသည် အလွန် ပါးလွှာသောကြောင့် ကောင်းကင်တွင် မျောလွင့် နေသော်လည်း အလွယ်တကူမမြင်နိုင်ပေ။
၇ ရက်ကုန်လွန်သွားခဲ့ပြီး… မန်ဟို အနားမယူခဲ့ရသောကြောင့် ကြောက်လန့်ကာ ခြေကုန်လက်ပန်းကျနေခဲ့သည်။ အလွန်ဆိုးဝါးသော အခိုးအငွေ့များသည် နေ့ချိန်တွင် အမည်းရောင် ဖြစ်ပြီး ညချိန်တွင် တောက်ပသော အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။
၇ ရက်နေ့ကုန်ဆုံးပြီးသောအခါ သူ၏ခန္ဓာကိုယ်မှ ထွက်နေသော အခိုးအငွေ့မျာ.သည် တဖြည်းဖြည်း လျော့နည်းလာသည်။ သူ၏ ခန့်မှန်းချက်အရ အခိုးအငွေ့ များ လုံးဝလွင့်ပြယ် သွားရန် ခန့်မှန်းခြေ အားဖြင့် အချိန်တစ်လခန့် ကြာမြင့်နိုင်သည်။
သူ့ထံ မှ အခိုးအငွေ့ များသည် တခြားသူများအား ဆွဲဆောင်နေမည်ဖြစ်သဖြင့် တောင်ပေါ်တွင်လည်း အချိန် ကြာမြင့်စွာ မနေရဲပေ။ ဇီယွင်ဂိုဏ်း သားများ အမှန်တကယ် ထွက်ခွာသွားခဲ့သည်မှာ လည်း မသေချာသောကြောင့်၊ ရှေ့ကိုဆက်သွားရန်မှလွဲလို့ သူ့၌ တခြား ရွေးချယ်စရာ မရှိပေ။
တစ်ရက်တွင် သူသည် ရတနာယပ်တောင်ပေါ်တွင် ခြေထောက် ယှက်ကာထိုင်လျက် သစ်တောတစ်ခွင်ပျံဝဲ၌ နေသည်။ ရုတ်တရက် သူ မော့ကြည့်လိုက်သောအခါ သူ၏ ဦးတည်ရာ လမ်းကြောင်းတွင် အကွာအဝေးတစ်ခုမှ အရှိန်နှင့်လာသော အသွင်ဏ္ဌာန် လေးခုကို မြင်လိုက်ရသည်။
ထို့နောက်မျက်မှောင်ကြုတ်ပြီး ပျံသန်းနေရာ မှတဆင့် မြေပြင်ပေါ် သို့ ဆင်းသက်လိုက်သည်။ သူ၏ သိုလှောင်အိတ်ကို ရိုက်ပုတ်လိုက်သောအခါ ဓားပျံတစ်ချောင်း ထွက်ပေါ်လာပြီး သစ်ပင်အိုအဟောင်းကြီး ဆီသို့ ပစ်လိုက်သည်။ ထို သစ်ပင်တွင် လှိုင်ခေါင်း ပုံစံကဲ့သို့ အပေါက် ဖြစ်အောင်ခုတ်ပိုင်းလိုက် ပြီး မန်ဟိုသည် ထို အခေါင်းပေါက်ထဲ သို့ ဝင် သွားခဲ့သည်။
သူသည် အရင်က ဤနည်းလမ်းကို ကြိုးစားခဲ့ပြီးဖြစ်၍ အခိုးအငွေ့များ အပင်၏ အပြင်သို့ မထွက်နိုင်ကြောင်း သိနေပြီး ဖြစ်သည် ဆယ်ကြိမ်မျှ အသက် ရှူပြီးချိန်တွင် သစ်ပင်ကြီးသည် ညှိုးနွမ်းသွားသည်။
အခြားသော ကျင့်ကြံသူများ နောက်ယောင်ခံလိုက် ခြင်းမှ လွတ်မြောက်ရန် လွန်ခဲ့သောအပတ် များစွာကပင် သူသည် ထိုနည်းလမ်းကို သုံး၍ ခြေရာဖျောက်ခဲ့သည်။
သစ်ပင်ကြီးအတွင်း၌ ထိုင်ရင်း သူ၏နောက်သို့နောက်ယောင်ခံ လိုက်လာသော လူလေးဦး မျက်ခြေပြတ်သွား စေရန် စောင့်ဆိုင်းနေခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုလူလေးဦးသည် သစ်ပင်ကြီးဘေးမှ ဖြတ်ကျော် မသွားဘဲ အနီးအနားတွင်ရပ်ကာ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် အကဲခတ်လိုက်ကြသည်။ ၄င်းတို့ထဲမှ ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် သစ်ပင်ကြီး၏ ထိပ်မှ ပျံသန်းသွားသောအခါ အသက်မပါသော မျက်နှာအမူအရာဖြင့် ကျင့်ကြံမှုအခြေခံကို ဖြန့်ကျက်လိုက်ပြီး သူ၏ လက်၌ ပုလဲဖြူကို ကိုင်ဆောင်ထားသည်။
မန်ဟိုထံ မှ ထွက်ပေါ်လာသော အမည်းရောင်အခိုးအငွေ့ သည် ပုလဲဖြူ ကို ချက်ချင်းစုပ်ယူပြီး အနက်ရောင် အဖြစ်ပြောင်းလဲသွားသည်။
ထို အဖြစ်အပျက် ကို မြင်လိုက်သော အခါ မန်ဟို၏ စိတ်နှလုံးသည် တဒိတ်ဒိတ်နှင့် အဆက်အပြတ် ခုန်နေခဲ့သည်။
လူစုထဲတွင် လူငယ်သုံးဦး နှင့် မိန်းမငယ်တစ်ဦး ပါဝင်သည်။ ထိုမိန်းမငယ်သည် ရှည်သောစကပ် (ခါးမှအောက်သို့ ပတ်လည်တွဲလျားကျနေသည့်အဝတ်ရှည်) ဝတ်ဆင်ထားသည့် အတော်အတန် လှသောသူဖြစ်သည်။ သူမရဲ့ မျက်လုံးထဲ၌ လျှို့ဝှက်ဆန်းကြယ်တဲ့ အရောင်အဆင်းရှိပြီး အခြားသူများက မိစ္ဆာနတ်ဆိုးဟု ဖော်ပြကြလိမ့်မည်။ "ဒါက တကယ့်ကိုထူးဆန်းတယ်" ဟု သူမက ဆိုသည်။ "ဒီသေစေနိုင်လောက်တဲ့စွမ်းအင်အရှိန်အဝါ က မကြာသေးမီက တောင်တွေကြားမှာ အများကြီး ပေါ်ထွက်နေတယ်။"
သူမ၏ ဘေး၌ ရပ်နေသော လူငယ်နှစ်ယောက်သည် တောအုပ်ကို စူးစိုက်စွာ လှမ်းကြည့်လိုက် ကြသည်။
၄င်းတို့ထဲမှ လူငယ်တယောက်က "ဘာပဲဖြစ်ဖြစ် ငါတို့ အရှိန်အဝါ ကို သိမ်းယူ ပြီးတာနဲ့ ထွက်သွားသင့်တယ်" ဟု ကြောက်ကြောက်ရွံရွံ နဲ့ပြောလိုက်သည်။ “အခုဖြစ်ပေါ်လာတဲ့ အရာဟာ တကယ်ထူးဆန်းတယ်။ ဒါက ဘာပဲဖြစ်ဖြစ်ငါတို့ မသိသလိုနေလိုက်တာကပို ကောင်းတယ်။ ”
“မင်းဘာကိုကြောက်တာလဲ” ဟု မိန်းမငယ်က အပြုံးနှင့် အတူဆိုလိုက်သည်။ သူမ သည် နှစ်လိုဖွယ်ကောင်းသော အကြည့်ဖြင့် ခရမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ် ကို ကြည့် လိုက်သည်၊ သူမ၏ မျက်လုံးများသည် လည်း ဆွဲဆောင်မှု အပြည့်နှင့် တောက်ပ နေသည်။ "အစ်ကို ယန် နဲ့ အတူရှိနေရင် ငါတို့ ဘယ်အန္တရာယ်ကနေ မဆို လုံခြုံပါတယ်။ သူက စဦးချီဖွဲ့စည်းခြင်း အဆင့်၈ အတွင်းစည်းဂိုဏ်းသားတဦးပဲ။ သူက ဘယ်ဘေးအန္တရာယ်ကို မဆို ကာကွယ်ပေးနိုင်တယ်။ ငါတို့မှာ ကံကောင်းခြင်းတွေ ရှိကောင်းရှိနိုင်တာပဲ ဘယ်သူသိမှာလဲ”
ပုလဲကိုင်ထားသော ထိုသူသည် စဦးချီဖွဲ့စည်းခြင်း အဆင့်၈ တွင်ရောက်ရှိနေသော သူဖြစ်ပြီး အဖွဲ့ခေါင်းဆောင်တဦးဖြစ်သည် မှာလဲ ထင်ရှားသည်။ ကျန်သူများသည် စဦးချီဖွဲ့စည်းခြင်း အဆင့် ၆ တွင်သာ ရှိသည်။
ပုလဲသည် အမည်းရောင်အခိုးအငွေ့ အားလုံး စုပ်ယူရန် အချိန်မကြာမြင့်ခဲ့ပေ။ ယခုအခါ ပုလဲအဖြူသည် အနက်ရောင်အဖြစ် ပြောင်းလဲ ခဲ့ပြီး နောက်ထပ် အခိုးအငွေ့ကို နောက်ထပ်မစုပ်ယူနိုင်တော့ဟု ထင်ရသည်။ မန်ဟို သည် ဘာမှမတွေးနိုင်ဘဲ ထိုင်လျက်သာ စောင့်ကြည့်နေသည်။
"သွားကြစို့" ဟု အစ်ကိုယန်က ပြောလိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ သူတို့လေးဦးသည် ထိုနေရာမှ ထွက်သွားကြသည်။ သူတို့ထွက်သွားပြီးနောက်ပိုင်းမှ မန်ဟိုသည် မျက်မှောင်ကြုံလိုက်ပြီး သူတို့ကသိပ်ကြာတာပဲ၊ ငါ့အချိန်တွေကုန်ပြီဟု ရေရွတ်နေမိသည်။ အနက်ရောင် အခိုးအငွေ့သည်လည်း သစ်ပင်ကြီး၏ ထိပ်မှ စတင်စိမ့်ထွက် လာသည်။
ယန် ဟု အမည်ရသောသူသည် တောက်ပသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
မန်ဟိုက သက်ပြင်းချပြီး သစ်ပင်ထဲမှ ထွက်လာပြီး အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ကာ တတ်နိုင်သလောက် မြန်မြန် ထွက်ပြေးလိုက်သည်။
အနက်ရောင်အခိုးအငွေ့ ထွက်နေသော မန်ဟို၏ အသွင်အပြင်သည် လူလေးယောက်ကို အံ့အား သင့်စေသည်။ ယန် ဆိုတဲ့လူကသူ့ကို ငေးကြည့်နေမိသည်။
"တာအိုရောင်းရင်းတို့ ငါ့နောက်မှာ နေကြ" ဟုသူကပြောလိုက်သည်၊ သူ့ လက်များကို ဂါထာမန္တယားဆိုင်ရာ မုဒြာပုံစံ ဝှေ့ယမ်းလိုက်သောအခါ ရွံ့မုန်းစရာကောင်းသော ဦးခေါင်းခွံ အသွင်သဏ္ဌာန် အနက်ရောင် လေကြမ်းတခု ဖြစ်ပေါ်လာသည်။ထို ဦးခေါင်းခွံ အသွင်သဏ္ဌာန် သည် ပါးစပ်ပွင့်လာပြီး မန်ဟိုထံ ကို ပစ်လွှတ်လိုက်သည်၊
သူက မန်ဟို ကို ရပ်တန့်ဖို့ပြောလိုက်သည်။ သို့သော် ဦးခေါင်းခွံသည် စဦးချီဖွဲ့စည်းခြင်း အဆင့် ၈ ၏စွမ်းအားများဖြင့် ပြည့်နှက်နေပြီး မယုံကြည်နိုင်သောစွမ်းအားများဖြင့် လျှပ်စီးကဲ့သို့ လျှင်မြန်စွာ ရွေ့လျားသွားသည်၊
တစ်ချိန်တည်းမှာပင်၊ လျှမ်းလျှမ်းတောက် နေသော အကြည့်များနှင့် ကြည့်နေကြသော အခြားလူငယ်နှစ်ယောက်နှင့် မိန်းမငယ်တို့သည် စတင်တိုက်ခိုက်ခဲ့ကြသည်။ ဓားပျံနှစ်ချောင်းနှင့် ကျောက်စိမ်းလက်ကောက်များသည် ရောင်ခြည်အလင်းတန်း များ အဖြစ် ပြောင်းလဲလိုက်သွားပြီး မန်ဟို ထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်သည်။ မိန်းမငယ်၏ ကျောက်စိမ်းလက်ကောက်သည် လေထဲပျံသန်းစဉ် ကျယ်လောင်သောအသံ ထွက်လာပြီး ကြီးမားသောအရွယ်အစား အဖြစ် ပြောင်းလဲကာ မန်ဟိုထံသို့ ထိုးနှက်ရန် ရောက်ရှိသွားသည်။
မန်ဟို ကမျက်မှောင်ကြုတ်လိုက်သည်၊ အမည်းရောင်အခိုးအငွေ့များကြောင့်စိတ်ရှုပ်နေခဲ့ပြီး ကောင်းမွန်သော အနေအထားတွင် ရှိမနေခဲ့ပေ။ ယခုအချိန်တွင် သူတို့သည် မန်ဟိုအား သတ်ဖြတ်ရန်စိတ်ဝိညာဉ် ပြင်းပြနေကြသည်။ မန်ဟို သည် လေအေးများကို မှုတ်ထုတ်လိုက်သည်။
သူ၏ညာဘက်လက်ကို ပင့်တင်လိုက်သောအခါ မီတာ၂ဝမှ၃၀ အထိ ရှည်လျားသော မြွေမီးတောက်ကြီးတခုသည် ကျယ်လောင်သော အသံနှင့်အတူ ထွက်ပေါ်လာသည်။
အလွန်အပူရှိန် မြင့်မားသော မြွေမီးတောက်ကို ဖြန့်ကျက်လိုက်ပြီး သူဆီသို့ ပစ်လွှတ်လိုက်သော မှော်ဆန်တဲ့အရာ လေးခုထံ တန်ပြန်တိုက်ခိုက်လိုက်သည်၊
ဝုန်းခနဲ မြည်ဟိန်းသံကြီးတခု လေထဲတွင် ပေါ်ထွက်လာသည်။ ကျောက်စိမ်းလက်ကောက်သည် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားပြီး ဓားပျံနှစ်စင်းသည် အရည်ပျော် သွားသည်။ တိုက်မိခြင်းကြောင့် ဦးခေါင်းခွံ ပျောက်ကွယ်သွားသည်။ မြွေမီးတောက်ထံမှလည်း အဆင်မပြတ် မြည်သံ တခု ထွက်ပေါ်လာပြီးနောက်ဆုံး၌ ကွယ်ပျောက်သွားသည်။
"စဦးချီဖွဲ့စည်းခြင်း အဆင့်၈"ဟု မိန်းမငယ်ကပြောလိုက်သည်၊ သူမ၏ဘေးတွင်ရှိ လူငယ်နှစ်ဦး သည် သူမ၏ စကားကြောင့် အသက်ရှုရပ်မတတ် ဖြစ်သွားသည်။ ယန်လို့ခေါ်တဲ့ ကျင့်ကြံသူက မန်ဟို ကိုစိုက်ကြည့်နေခဲ့သည်။
သူကအေးစက်စွာဖြင့် “ငါက ယန်ဇီကောင်းပါ ဖုန်ဟန်ဂိုဏ်းက” ဟု ပြောသည်။မျက်လုံးများက လျှပ်စီးကဲ့သို့ တောက်ပနေသည်၊ "တာအိုရောင်းရင်း ဒီလောက်မြန်မြန်ထွက်သွားဖို့မလိုပါဘူး။ ကျေးဇူးပြုပြီး မင်းခန္ဓာကိုယ်ကနေဖြစ်ပေါ်လာတဲ့ သေခြင်းအရှိန်အဝါ အခိုးအငွေ့တွေနဲ့ ပက်သက်ပြီး ရှင်းပြပေးနိုင် မလား။” မန်ဟို သည် စဦးချီဖွဲ့စည်းခြင်း အဆင့်၈ တွင် ရှိခဲ့သော်လည်း ယန်ဇီကောင်း သည်လည်း စဦးချီဖွဲ့စည်းခြင်း အဆင့်၈ ရောက်နေသောသူဖြစ်သောကြောင့် သူ့အသံက အေးစက်မြဲအေးစက်နေလေသည်။
မန်ဟို ဘာမှ ပြန်မပြောဘဲ အေးစက်စွာ စိုက်ကြည့်နေခဲ့သည်၊ သူ၏ သိုလှောင်အိတ်ကို ရိုက်ပုတ်လိုက်ပြီး လျှပ်တစ်ပြက်အတွင်းတွင် ရတနာယပ်တောင် ပေါ်လာသည်။သူက အလျင်မြန်ဆုံးနှုန်းဖြင့် ပစ်ခတ်လိုက်သည်။ ယန်ဇီကောင်း သည် ရတနာယပ်တောင်ကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
“ပျံသန်းနိုင်တဲ့ မှော်ပစ္စည်းပဲ။ သူ စဦးချီအခြေတည်ဖွဲ့စည်းခြင်းအဆင့် မဟုတ်တော့ လေဟုန်စီးရုံပဲ တတ်နိုင်လိမ့်မယ်။ မကြာခင်မှာ သူမြေပြင်ပေါ် ပြန်ဆင်းသက်ရလိမ့်မယ်။” ယန်ဇီကောင်းရဲ့ နှလုံးခုန်သံက မြန်သထက်မြန်လာခဲ့သည်။ ယပ်တောင်သည် မှော်ပစ္စည်းတစ်ခု ဖြစ်ပြီး စဦးချီဖွဲ့စည်းခြင်း အဆင့်၈ ရှိသော ဂိုဏ်းသားများသာ သူ၏ဂိုဏ်းအတွင်း၌ ရနိုင်သည်။ သူသည် အေးဆေးစွာဖြင့် ဟွန့် ဟုအသံပြုလိုက်ကာ လိုက်လံဖမ်းဆီးခဲ့သည်။ ကျန်သုံးဦး သည်လည်း တခဏမျှတွန့်ဆုတ်ပြီးနောက် သူ့နောက်သို့လိုက်ခဲ့ကြသည်။
“သေစမ်း” ဟု မန်ဟိုပြောလိုက်ပြီး သူ့မျက်လုံးများက အေးစက်မြဲ အေစက်နေခဲ့သည်။ သူ့ပြိုင်ဘက်ကို သူ့ကျင့်ကြံဆင့်နှင့် မှော်ပစ္စည်းကို ပြခဲ့သည်မှာ သတိပေးသည့်အနေနှင့်ဖြစ်သည်။ သို့သော်လည်း သူတို့က မန်ဟိုနောက်သို့ဆက်လိုက်နေဆဲ ဖြစ်သည်။ မန်ဟို အလွန်အမင်း စိတ်ရှုပ်လာခဲ့သည်။
သူ၏ လက်များကို ဂါထာမန္တယားဆိုင်ရာ မုဒြာပုံ ဝှေ့ယမ်းလိုက်ပြီးနောက် သူ့ နောက်လိုက်လာသော သူ လေးယောက်ထံသို့ ယပ်တောင်မှ ငှက်မွှေး ၄ချောင်းကို ရောင်ခြည်တန်း၄ခု အသွင် ဖြင့် ပစ်လွှတ်လိုက်သည်။ သူတို့သည်ဓားပျံများကဲ့သို့ လေထု ကိုဖြတ်ပြီး မန်ဟို နောက်၌ရှိနေသော လူလေးယောက်ထံသို့ တည့်တည့် ဦးတည်သွားသည်။
ယန်ဇီကောင်း၏ မျက်လုံးများကျဉ်းမြောင်းသွားကာ သူ့ သိုလှောင်အိတ် ကိုပုတ်လိုက်သည်။ ထို့နောက် လက်ဖဝါးအရွယ်လောက်ရှိသော သစ်သားဒိုင်း အသေးလေးတစ်ခု ပေါ်ပေါက်လာသည်။ မန်ဟို ပစ်လိုက်သော ရောင်ခြည်တန်းလေးခု ကို ကာကွယ်နိုင်ရန် ထိုသစ်သား ဒိုင်းလွှားသည် လေထုထဲတွင် ဦးခေါင်းအရွယ် ပမာဏ ရှိသော အရွယ် အစားသို့ ပြောင်းလဲသွားခဲ့သည်။ ထို နှစ်ခု တိုက်မိသွားသည့်အခါ ပြင်းထန်သော မြည်ဟိန်းသံကြီး ထွက်ပေါ်လာခဲ့သည်။
အခြားသုံးဦး၏ မျက်နှာများ ပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ်ပုံရိပ်များ ထွက်ပေါ်လာပြီး မှော်အတတ်များကို ထုတ်လွှတ်ရန် ကြိုးစားကြ သည်။ ပေါက်ကွဲမှုများကြားတွင် သူတို့၏ ပါးစပ် မှသွေးအနည်းငယ် ထွက်လာပြီး ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြ သည်။
လုံးဝမပျက်စီးသေးသော ငှက်မွှေးသုံးခုကို မန်ဟိုက လက်ဖြင့်ဝှေ့ယမ်းလိုက်ပြီး ယန်ဇီကောင်းဆီသို့ ဦးတည်ကာ နောက်တဖန် ပစ်လွှတ် လိုက်သည်။
ယန်ဇီကောင်း၏ မျက်နှာမှာ တွန့်ချိုးသွားခဲ့ပြီး သူ၏ပါးစပ်မှ အသံတခု ထွက်ပေါ်လာခဲ့သည်။ သူ့ထံမှ အစိမ်းရောင်အခိုးအငွေ့များ ရုတ်တရက် ထွက်လာပြီး ထူထပ်သောမြူအခိုးအငွေ့ထုကြီးသဖွယ် သူ့ပတ်ပတ်လည်တွင် ဝန်းရံလျက် အလွန်ကြီးမားသော အစိမ်းရောင် ဦးခေါင်းခွံကြီး ဖြစ်လာသည်။ ၎င်းသည် ငှက်မွှေးသုံးခုဆီသို့ ဦးတည်ပျံသန်းသွားသည်။
တုန်လှုပ်ချောက်ချားဖွယ် ကောင်းသော အသံ ထွက်လာပြီး ဦးခေါင်းခွံ ပြိုကျသွားသည်။ ထိုငှက်မွှေးသုံးခုသည်လည်း မတောက်ပတော့ဘဲ ပုံပျက်ကာ မန်ဟိုထံ ပြန်လည် ပျံသန်းသွားကြသည်။
မန်ဟိုက စူးစိုက်သောအကြည့်ဖြင့် အေးစက်စွာ “မင်းကိုသတိပေးနေတယ်၊ မင်းငါ့ကို ဆက်ပြီး ဒုက္ခလိုက်ပေးနေမယ် ဆိုရင်…” သူ၏ စကား မဆုံးသေးခင်မှာပင် သူသည်အကွာအဝေးတစ်ခုသို့ ရွေ့လျားသွားပြီး သူ၏ကိုယ်ခန္ဓာသည် အလင်းတန်းတစ်ခု အဖြစ်သို့ပြောင်းလဲသွားသည်။
ယန်ဇီကောင်းက ဆက်မလိုက်ခဲ့ဘဲ မန်ဟို ထွက်သွားတာကိုသာ ငေးကြည့်ရင်း သူ၏ဝတ်ရုံအောက်ရှိ လက်များသည် အနည်းငယ် တုန်နေသည်။ မန်ဟိုက သူ့အတွက် လူစိမ်းတစ်ယောက်ပါ။ ဒီလူစိမ်းက သူ့ကို သက်စောင့်မှော်စွမ်းအား ကိုသုံးဖို့ အတင်းအကျပ်ခိုင်းစေခဲ့သည်။
"ဒီယပ်တောင် ဟာ ပျံသန်းနိုင်သည့်ရတနာ တစ်ခုတင်မကပဲ အင်အားကြီးတဲ့လက်နက်တစ်ခုပဲ!" အံ့သြစွာဖြင့် သူ့ကိုယ်သူပြောလိုက်သည်။ သူဟာ ဒဏ်ရာရ သွားခဲ့သည့် သူ့အဖော်သုံးယောက်ကို လှည့်ကြည့်လိုက်ရင်း “ကျိုးပြည်နယ်မှာ စဦးချီဖွဲ့စည်းခြင်းအဆင့်၈ရှိပြီး ရတနာ ယပ်တောင် ပိုင်ဆိုင်တဲ့သူတစ်ယောက်ယောက်ကို မင်းတို့ကြားဖူးသလား။” ဟု မေးလိုက်သည်။
အခြား ဖုန်းဟန်ဂိုဏ်းသား တစ်ဦးက“အသက်ငယ်ငယ်နဲ့ စချီဖွဲ့စည်းခြင်း အဆင့်၈ ရောက်နေရင် ဒီပြည်နယ်မှာ သေချာပေါက် နာမည် ကျော်ကြားနေမှာပဲ၊ ဒါပေမယ့် သူအရည်အချင်းနဲ့ ကိုက်ညီ တဲ့သူကို ဒီဂိုဏ်းကြီး ၃ ဂိုဏ်း ထဲမှာ မကြားဖူးဘူး " ဟု ပြောလိုက်သည်။
"သူဘယ်သူလဲ။ သူက ကျိုးပြည်နယ်က ကျင့်ကြံသူမဖြစ်နိုင်ဘူးလား။ " ယန်ဇီကောင်း မျက်မှောင်ကြုတ် လိုက်သည်။ မန်ဟို ၏ ရတနာယပ်တောင် ကို ပို၍ စိတ်ဝင်စားနေခဲ့သည်။
မိန်းမငယ်ဂိုဏ်းသား က ချီတုံချတုံ ဖြင့် “အစ်ကိုယန်, လွန်ခဲ့တဲ့ တစ်လလောက်က လူတစ်ယောက်က ရတနာယပ်တောင် တစ်ခုအကြောင်းပြောခဲ့တယ်။ ပြောတဲ့သူက ချွိရွှယ်ဂိုဏ်း က အစ်ကို စွန်းဟွာပါ။ “တောင်ပိုင်းဒေသက ဇီယွင်ဂိုဏ်းသားအချို့က မှီခိုရာဂိုဏ်းက မန်ဟို လို့ခေါ်တဲ့ ဂိုဏ်းသားတစ်ဦး နှင့် အလဲအလှယ် လုပ်ခဲ့ကြပြီး အဲ့ဒီထဲမှာ ရတနာယပ်တောင်လဲ ပါတယ်”
ယန်ဇီကောင်း အံ့အားသင့်သွားပုံရသည်။ သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ သူ့လက်၌ ကျောက်စိမ်းပုရပိုက်တစ်ခု ပေါ်လာသည်။ ဤသည်မှာ အတွင်းစည်းဂိုဏ်းတပည့်များကို ဖြန့်ဝေသောပစ္စည်းဖြစ်သည်။ အတွင်းပိုင်း တွင် မန်ဟို၏ ပုံဖော်ထားသည်။ သူ့ကိုတွေ့သည့် မည်သူမဆို သူမည်မျှခွန်အားကြီးမားနေသည်ကို စမ်းသပ်ရန် အမိန့်ဖြင့် တံဆိပ်ခတ်ထားသည်။
ထိုအမိန့်သည် လပေါင်းများစွာသက်တမ်း ရှိနေပြီဖြစ်သဖြင့် ယန်ဇီကောင်းသည် ထိုအကြောင်းကို မေ့လျော့နေခဲ့သည်။ ကျောက်စိမ်း ပုရပိုက်ကို ကြည့်ပြီး မန်ဟို၏ မျက်နှာပုံကို အနီးကပ်ကြည့်လိုက်သည့်အခါ သူတွေ့လိုက်တဲ့လူနဲ့တူတူပဲ ဖြစ်နေကြောင်း သိလိုက်သည်။
"အဲ့ဒါ သူပဲ" ဟု ယန်ဇီကောင်းက ဝင်းလက်တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။ သူ၏အပြုံးသည် အေးစက်သွားသည်။
သူ တစုံတရာ ကို ပြောမည့် အချိန်တွင် ရုတ်တရက်၊ မြေကြီးသည် တုန်ခါသွားပြီး အထက်ကောင်းကင်သည် ကြက်သွေးရောင် ပြောင်းလဲသွားသည်။ တောင်ပိုင်းဒေသနှင့် မနီးမဝေးတစ်နေရာတွင် တစ်စုံတခုက လှုပ်ခတ်သွားခဲ့သည်။ထိုလှုပ်ခတ်မှုသည် နယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
***