← Chapters

ငွေရောင်လှံ ကြောင့် သတ်ဖြတ်ကြခြင်း

Vol. 5 Ch. 64

ငွေရောင်လှံ ကြောင့် သတ်ဖြတ်ကြခြင်း

Vol. 5 Ch. 64

သစ်သားဓါးနှင့် မြားတို့ ထိမိသွားချိန်တွင်‌ မြည်သံထွက်ပေါ်လာခဲ့ပြီး ဓါးက မြား၏အရှိန်ဖြင့် အနောက်သို့လှန်သွားကာ မန်ဟို၏ နဖူးအား ရိုက်မိခဲ့သည်။ အနောက်သို့ ဆုတ်လိုက်ရရင်း မန်ဟို ပါးစပ်မှ သွေးအန်လိုက်ရသည်။ မြားကတော့ သူ့စွမ်းအင်ကုန်သွားသည့်အလား ပြာအဖြစ်ပြောင်းသွားကာ လေထဲသို့ လွင့်ပျံသွားသည်။

မန်ဟိုအနောက်လှည့်ပြေးလိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး မိစ္ဆာအမြုတေကို ယူကာ မြိုချလိုက်သည်။ သူ့တွင် မြေကမ္ဘာဝိညာဉ်ဆေးလုံး နည်းနေပြီဖြစ်သည့်အတွက် မိစ္ဆာအမြုတေကိုသာ သူ ရွေးခြယ်နိုင်လေသည်။  သူပြင်းထန်စွာ ဒဏ်ရာရနေပြီး သူ့မျက်လုံးများက သွေးနီရောင်ရဲနေသည်။ အခုတစ်ကြိမ်က သူ ကျင့်ကြံသူဖြစ်လာပြီးနောက်တွင် အပြင်းထန်ဆုံးသော ဒဏ်ရာရခြင်း ဖြစ်သည်။

တော်သေးသည်က သစ်သားဓါး မပျက်စီးသွားခြင်းပင်။ တကယ့်ကို ရတနာဓါးပီသလေသည်။ တကယ်တော့ သူနောက်ဆုတ်လိုက်ရသည့်အကြောင်းက ဓါးကို ထိန်းချုပ်ဖို့ သူ့ကျင့်ကြံဆင့်က လုံလုံလောက်လောက်  မမြင့်မားသေး သည် ကြောင့်ဖြစ်လေသည်။ အကယ်၍ သူသာ ဓါးကို သေချာစွာ ထိန်းချုပ်နိုင်ခဲ့လျှင် မြားကား ဓါးကို တစ်လက်မ လေးမျှပင် ရွေ့စေနိုင်မည် မဟုတ်ပေ။

မန်ဟို့ခန္ဓာကိုယ်ကား နာကျင်မှုဝေဒနာခံစားနေရပြီး အသိစိတ်မှာလည်း ဝေဝါးနေသည်။ သို့သော် သူအသက်ဆက် ရှင်ချင်သည့် ဆန္ဒကလည်း ပြင်းထန်နေလေသည်။ သူ့လျှာသူ ကိုက်ကာ သတိမမေ့အောင် ထိန်းထားလိုက်သည်။ အဖြူရောင်ဝတ်ရုံ ဝတ်ထားသောလူငယ်တစ်ယောက် ဧရာမအစိမ်းရောင် အရွက်ပေါ်တွင်ပျံသန်းကာ သူ့ထံလာ နေသည်ကို တွေ့လိုက်ရသည်။

သူ့မျက်နှာကာ တည်ငြိမ်နေပြီး သူ့မျက်လုံးများက အေးစက်စက်နိုင်လှသော်လည်း မောက်မာသည့်ဟန်ကား နည်းနည်းမှပင် ရှိမနေပေ။ သို့သော်လည်း တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူကား တစ်ခြားသူများထက် သာလွန်သည်ကို သိနိုင်သည်။

သူကား ၂၂ နှစ် (သို့) ၂၃ နှစ်ခန့်သာ ရှိဦးမည်ဖြစ်သော်လည်း သူ့ကျင့်ကြံဆင့်ကား စဦးချီဖွဲ့စည်းခြင်း အဆင့်(၉)တွင်ရှိနေပြီဖြစ်သည်။ သူ လာသည်ကို မြင်သည့်အခါ စဦီးချီဖွဲ့စည်းခြင်း အဆင့်(၉)တွင် ရှိသော လျှိုတောက်ယွင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားကြသည်။

သူသေသေချာချာသိလိုက်သည်။ "ဒီအသက်အရွယ်နဲ့......သူက သေချာပေါက် ဂိုဏ်းကြီးတစ်ခုရဲ့ ရွေးချယ်ခံဖြစ်ရမယ်"ဟု သူ့ကိုယ်သူ ပြောလိုက်လေသည်။

“အဖြူရောင်ဝတ်ရုံတွေ…” မန်ဟို သူ့ပါးစပ်မှ သွေးကိုသုတ်လိုက်ပြီးအဖြူရောင်ဝတ်ရုံနှင့် လူငယ်ကိုကြည့်နေသည်။

“ငါက ဇီယွင်ဂိုဏ်းက တင်းရှင့်ပါ" သူက အေးစက်စက်ပြောလိုက်သည်။ "မင်းအသက်ကိုယူဖို့ ဂိုဏ်းက အကြီးအကဲ က မှာလိုက်တယ်" မန်ဟိုကို ရှာဖွေရန် သူ လွန်ခဲ့တဲ့လ အနည်းငယ်က ကျိုးပြည်ကို စေလွှတ်ခြင်းခံရသည်။ သူ၏ကိုယ်ပိုင်အထူးနည်းလမ်းများကို အသုံးပြုခဲ့ရပြီး နောက်ဆုံးတော့ မန်ဟိုကို တွေ့ခဲ့ရပြီဖြစ်သည်။ သူလှုပ်ရှားဖို့အတွက် အချိန်အတော်ကြာကြာကတည်းက သေချာစောင့်ကြည့်နေခဲ့တာ ဖြစ်သည်။

သူကား ချင်းရွှယ်ဟန်၊လွီစုန့် တို့နှင့် လုံဝကွဲပြားလေသည်။ အတွင်းစည်း တပည့်တစ်ယောက်အနေဖြင့် ဂိုဏ်း၏ ကိစ္စများအတွက် သူမကြာခဏ အပြင်ထွက်ခဲ့ဖူးသည်။ သူကား ဇီယွင်ဂိုဏ်း၏ ချီအခြေတည်အဆင့် ရောက်နိုင်သည့် ပါရမီရှင် ရွေးချယ်ခံများထဲမှ တစ်ယောက်ဖြစ်သည်။ အခုကိစ္စအောင်မြင်ပြီးလျှင်တော့ သူက စစ်မှန်သော ရွေးချယ်ခံတစ်ယောက် ဖြစ်လာလိမ့်မည်။ သူ့အတွက်တော့ ဂိုဏ်းအပြင်ဘက်တွင် ကိစ္စများကို လုပ်ဆောင်ရသည်မှာ လေ့ကျင့်ခြင်းတစ်မျိုးပင် ဖြစ်သည်။

သူကား ချင်းရွှယ်ဟန်ထက် အတွေ့အကြုံပိုများပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းကပင် သူ့နာမည်က တောင်ပိုင်းဒေသ တစ်လျှောက် ကျော်ကြားခဲ့ပြီးသားဖြစ်သည်။ သူ့စရိုက်က အေးစက်စက်ဖြစ်ကာ သူ့တိုက်ခိုက်မှုကတော့ ရက်စက်လွန်းလှ သည်။ တောင်ပိုင်းဒေသတွင်တော့ သူ့ဂိုဏ်း၏ သိက္ခာကိုထောက်ကာ သူအလွန်အကျွံမလုပ်ခဲ့ဖူးပေ။ ဒီကျိုးပြည်တွင်တော့ သူထောက်ထားစရာ ဘာမှရှိမနေပေ။

မန်ဟို အန္တရာယ်ကြုံနေရသော အချိန်တွင် သူ မန်ဟိုကို တိုက်ခိုက်ခဲ့ပြီး မန်ဟို သူ့ရဲ့ မြားချက်ကနေ အသက်ရှင် နိုင်လိမ့်မည်ဟု သူတွေးပင် မတွေးခဲ့ဖူးပေ။

မန်ဟိုမျက်နှာကား ခက်ထန်နေသည်။ ဒီနေ့တွင် တိုက်ခိုက်မှု သုံးကြိမ်ကို သူ ကြုံတွေ့ခဲ့ရသည်။ နှစ်ယောက်က စဦးချီစုဆောင်းခြင်းအဆင့် (၆) တွင် ဖြစ်ပြီး နှစ်ယောက်က အဆင့်(၉)တွင် ဖြစ်သည်။ သူ့ကျင့်ကြံဆင့် တစ်ခုကိုသာ မှီခိုရလျှင် သူတို့၏ တိုက်ခိုက်မှုကို ခံနိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် သူက ဒဏ်ရာပြင်းထန်စွာရနေသေးသည်။ အခြေအနေကား အလွန်ပင် အန္တရာယ်များလှပေသည်။

တင်းရှင့် တိုးကပ်လာသည်ကို ကြည့်ရင်း လျှိုတောက်ယွင်၏ မျက်လုံးများက အရောင်တောက်လာပြီး စိတ်လှုပ်ရှားနေသည်။ သူ့မျက်လုံးများက သူအရှုံးပေးလိမ့်မည် မဟုတ်ကြောင်း ဖော်ပြနေသည်။

ချွိရွှယ်ဂိုဏ်းမှ ကျိုးနဲ့ ရွှီတို့ကား ပို၍ပင် တွန့်ဆုတ်နေပုံရသည်။ လျှိုတောက်ယွင် တစ်ယောက်တည်း သာဖြစ်လျှင်တော့ သူတို့ ရင်ဆိုင်နိုင်လောက်သည်။ အခုတော့ ဇီယွင်ဂိုဏ်းက ပါဝင်ပက်သက် လာသည့် အခါတွင်တော့ သူတို့ ယုံကြည်မှုလျော့နည်းလာလေသည်။

မန်ဟို၏ မျက်လုံးများက ခပ်ဖျော့ဖျော့တောက်ပနေသည်။ သူ့ညာလက်က သူ ကိုင်ထားသည့် သိုလှောင်အိတ်ကို ပုတ်လိုက်လျှင် ငှက်မွှေးငါးချောင်း ပျံထွက်လာပြီး သူ့ခြေထောက်အောက်တွင် ရှိသည့် လေးချောင်းနှင့်ပေါင်းကာ အမွှေးကိုးချောင်းယပ်တောင် အဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် လျင်မြန်သော အရှိန်နှုန်းဖြင့် မန်ဟိုကို သယ်ဆောင်သွားတော့သည်။

တင်းရှင့်၏ မျက်လုံးများကား အေးဆေးတည်ငြိမ်နေသည်။ သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ သူ့ခြေထောက်အောက်တွင်ရှိသည့် ဧရာမ သစ်ရွက်ကြီးကလည်း အရှိန်နှုန်းဖြင့် ပျံကာ မန်ဟိုအနောက်သို့ သူ လိုက်သွားသည်။ လျှိုတောက်ယွင်လည်း လှုပ်ရှားလာသည်။ ချွိရွှယ်ဂိုဏ်းမှ ကျိုးနဲ့ ရွှီတို့လည်း သူတို့သွားများကို တင်းတင်းကြိတ်ကာ မန်ဟိုနောက်သို့ ဆက်လိုက်ကြသည်။

စွန်းဟွာကား လျင်မြန်ခြင်းမရှိသည့်အပြင် မြေပြင်ပေါ်ပြုတ်ကျခဲ့သည်။ သို့သော်လည်း သူအရှုံးမပေးလိုပေ။ ထို့ကြောင့် ခြေလျင်ဖြင့်ပြင် မြန်နိုင်သမျှ မြန်မြန်လိုက်သွားခဲ့သည်။

သူ့နောက်က လိုက်လာသော သုံးယောက်၏ အရှိန်မှာ မယုံနိုင်လောက် အောင်မြန်လွန်းသဖြင့် မန်ဟို မိစ္ဆာအမြုတေ တစ်ခုကို မြိုချလိုက်ရပြန်သည်။ သူ့တစ်ကိုယ်လုံး ဓါးဒဏ်ရာမှ သွေးများပြည့်နေကာ သူ့ကိုယ်အတွင်းထဲမှ လှိုက်ကာအေးနေမှုကလည်း လျော့ပါးသွားခြင်း မရှိသေးပေ။

သူအံကြိတ်လိုက်ကာ ဝိညာဉ်စွမ်းအားများကို လှည့်ပတ်လိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ပြန်သည်။ ငွေရောင်အလင်းတန်းက သူ့လက်ထဲမှ ပေါ်လာလေသည်။ ထိုအရာကား ငွေရောင်လှံပင် ဖြစ်သည်။

လျှိတောက်ယွင်၏ အကြည့်က လှံတံဆီ ချက်ခြင်းရောက်သွားပြီး သူ အနည်းငယ် အရှိန်လျော့လိုက်သည်။ တင်းရှင့်၏ မျက်လုံးမှာလည်း အရောင်များ လက်သွားပြီး ချွိရွှယ်ဂိုဏ်းမှ ကျိုးနဲ့ ရွှီတို့လည်း ငွေရောင်လှံရှည်ကနေ မျက်လုံးများ မခွာတော့ပေ။ သို့သော်လည်း ခြေလျင်လိုက်နေသာ စွန်းဟွာကား "ဒါက ငွေရောင်လှံတံပဲ။ မှီခိုရာဂိုဏ်းတော်ချုပ်ပေးခဲ့တဲ့ ရတနာပဲ" ဟု အော်ဟစ်ကြွေးကြော်လိုက်သည်။

ထိုသို့ကြားလိုက်ရသည့်အခါ ကျိုးနှင့်ရွှီက အရှိန်အနည်းငယ်လျော့လိုက်ပြီး သူတို့မျက်လုံးများမှာ ရူးမူးစွာတောက်ပနေကြသည်။

"မင်းတို့အားလုံးက ဒီလှံအတွက်လာကြတာပေါ့" မန်ဟိုက ပြောလိုက်သည်။ " ကောင်းပြီလေ။ ဒီလှံကို အသုံးပြုနိုင်ဖို့အတွက် ဝိညာဉ်စွမ်းအား အများကြီးလိုအပ်တယ်။ ချီအခြေတည်အဆင့်မရောက်သေးဘဲနဲ့ မင်းတို့တွေ ဒီလှံကို လုံးဝအသုံးမပြုဘူး။ မင်းတို့တွေ ဒါကို အသုံးပြုနိုင်တဲ့အထိ စွမ်းအားကြီးတယ်ဆိုရင်တော့ ငါ့ဧည့်သည်လို့ သတ်မှတ်တာပေါ့" မန်ဟို့ မျက်နှာကား အနှိုင်းမဲ့သော နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး သူ အသက်ရှင်နိုင်ဖို့အတွက် အရာအားလုံးကို လုပ်မည့်ပုံဖြင့် လှံကို သူတတ်နိုင်သမျှ ဝေးဝေးရောက်အောင် ပစ်လိုက်သည်။

သူ့စိတ်ဝိညာဉ်စွမ်းအား အားလုံးကို လက်မောင်းသို့ပို့လိုက်ကာ ပစ်လိုက်သည်ဟုပင် ထင်ရသည်။ ငွေရောင်လှံတံက တဝီဝီအော်ကာ ငွေရောင် သက်တံ့ကဲ့သို့ပြောင်းလဲသွားလျက် ခပ်ဝေးဝေးသို့ရောက်သွားပြီး တောက်ပနေသည်မှာ လူတိုင်းကို အနောက်သို့လိုက်ခဲ့ရန် တွန်းအားပေးနေသကဲ့သို့ပင် ဖြစ်သည်။

ထိုခဏမှာပဲ မန်ဟို့ ယပ်တောင်က အလင်းတန်းအဖြစ်ပြောင်းသွားကာ လှံတံ ပစ်လွှတ်လိုက်သည့် ဆန့်ကျင့်ဘက်သို့ ပြေးထွက်သွားတော့သည်။

စိတ်၀င်စားဖွယ်ကောင်းသည်မှာ (တမင်ရည်ရွယ်သည်ဖြစ်စေ တိုက်ဆိုင်သည်ဖြစ်စေ) လှံသည်ဖုန်းဟန်ဂိုဏ်းမှ တပည့်သုံးထံသို့ ပျံသန်းသွားလေသည်။ ငွေရောင်လှံက သူတို့ထံပျံသန်းလာသည်ကို မြင်သည့်အခါ ထိတ်လန့်မှုကြောင့် ကြက်သေ သေသွားကြသည်။

စွန်းဟွာ၏ မျက်လုံးများမှာ နီရဲနေပြီး အသံနက်ကြီးဖြင့် အော်လိုက်ကာ သူပြေးနေသောလမ်းကြောင်းကို ပြောင်းလိုက်ပြီး ငွေရောင်လှံရှိရာသို့ ပြေးလိုက်သည်။ သူ့မျက်နှာတွင် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပြည့်နေလျက် သူကိုင်ထားသည့် သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ ဓါးအရှိန်အဝါ ထွက်ပေါ်လာသည်။ သူ့ထံမှ ငွေရောင်လှံကို လုယူမည့် မည်သူကို မဆို သူ သတ်ဖို့ ဝန်မလေးပေ။

သူ့နောက်မှာတော့ ၁၀ ယောက် (သို့) ဒီထက်ပိုသော ချွိရွှယ်ဂိုဏ်း မှ ဂိုဏ်းသားများကလည်း အသည်းအသန်ပြေးနေကြသည်။

လျှိတောက်ယွင်၏ မျက်နှာသည်လည်း ပြောင်းလဲသွားပြီး ငွေရောင်လှံက အစစ်ဟုတ်မဟုတ် တွေး‌နေလေသည်။ သူကား ချီအခြေတည်ခြင်းအဆင့် မဟုတ်သည်ကြောင့် ဝိညာဉ်အသိအမြင်မရှိသဖြင့် ဒီကိစ္စကို ဆုံးဖြတ်နိုင်ရန်က ခက်ခဲနေလေသည်။ ၅၀ ရာခိုင်နှုန်းခန့်သာ သေချာသော်လည်း ဒါက ပြဿနာမဟုတ်ပေ။ ချွိရွှယ်ဂိုဏ်း မှ ဂိုဏ်းသားများ ငွေလှံကို ရသွားမည့် အရေးကို သူခွင့်မပြုနိုင်ပေ။

အကယ်၍ သူတို့သာ ရသွားပြီး ထိုအကြောင်းအရာ အပြင်သို့ ပျံ့သွားပါက ဂိုဏ်းကို ပြန်ရောက်သည့်အခါ သူ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရနိုင်သည်။

အကယ်၍ လှံသာ အစစ်ဖြစ်နေခဲ့လျှင်တော့.......သူ သာ လက်လွှတ်ခဲ့ရလျှင် ဂိုဏ်းကို ပြန်ရောက်သည့်အခါ အပြစ်ပေးခံရမည်က ပြင်းထန်သည်ထက်ကို ကျော်လွန်သွားပေလိမ့်မည်။ ရှေ့တိုးလည်း သေမည်။ နောက်ဆုတ်လည်း သေမည်။ သူ မေးရိုးကို တင်းတင်းစေ့လိုက်သည်။

"သေစမ်း" လျှိုတောက်ယွင်က မန်ဟိုနောက်လိုက်နေရာက ငွေရောင်လှံနောက်ကိုသာ လိုက်တော့သည်။

ကျိုးနဲ့ရွှီက တွန့်ဆုတ်နေပြီး စွန်းဟွာနဲ့ ချွိရွှယ်ဂိုဏ်းက ဂိုဏ်းသားများ ငွေရောင်လှံတံနောက် လိုက်နေသည်ကို ကြည့်နေခဲ့သည်။ ပထမတော့ လှံနောက်ကို လိုက်သင့် မလိုက်သင့် သူတို့ မသေချာခဲ့သော်လည်း လျှိုတောက်ယွင် လိုက်နေသည်ကို မြင်သည့်အခါ သူတို့လည်း လှံနောက်သို့ ပြေးလိုက်သွားကြတော့သည်။

ဇီယွင်ဂိုဏ်းမှ တင်းရှင့်တစ်ယောက်သာ ရပ်နေပြီး သူ့မျက်လုံးများက တောက်ပနေသည်။ သူ့တာဝန်က မန်ဟိုကို သတ်ရန်ဖြစ်ပြီး လှံက အတုလား အစစ်လားဆိုသည်ကို သူဂရုစိုက်စရာမလိုအပ်ပေ။ သူ အေးစက်စက်ရယ်မောလိုက်ရင်း ဧရာမသစ်ရွက်ကြီးကို အရှိန်မြှင့်လိုက်ကာ မန်ဟို အနောက်သို့ လိုက်သွားတော့သည်။

လူနှစ်ယောက်မှာ တစ်ယောက်က အရှေ့က တစ်ယောက်က အနောက်က။ တစ်ယောက်က အစွန်းကုန်ပြေးနေပြီး တစ်ယောက်ကလည်း သူ့ရဲ့ စဦးချီဖွဲ့စည်းခြင်း အဆင့်(၉)၏ စွမ်းအားကို သုံးပြီး အစွမ်းကုန် လိုက်နေသည်။ သူတို့ကား မိုးကုပ်စက်ဝိုင်းဆီသို့ ပြေးဝင်ပျောက်ကွယ်သွားကြသည်။

လျှိုတောက်ယွင် အလျင်အမြန်ပျံသန်းပြီးနောက်တွင် ငွေရောင်လှံနှင့် အလွန်နီးကပ်နေချိန်တွင် တစ်စုံတစ်ယောက်က သူ့အနောက်မှ အော်ဟစ်လိုက်သည်။

"ကောင်းကင်မိုးကြိုးဝိညာဉ်"

ထိုအသံထွက်ပေါ်လာသည်နှင့်တပြိုင်နက် အနက်ရောင်တိမ်တိုက်များက လျှိုတောက်ယွင်အထက်တွင် ဖြစ်ပေါ်လာပြီး မိုးကြိုးပစ်သံများကြားရသည်မှာ သူ့ကို မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ဖြစ်သည်။

သူ့မျက်နှာ မည်းမှောင်သွားပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ အေးစက်မှုက မိုးကြိုးထံသို့ ပြေးဝင်သွားလေသည်။

မိုးကြိုးကား အသံကျယ်ကြီးမြည်ပြီးနောက် ပျောက်ကွယ်သွားသော်လည်း အေးစက်မှုက အနက်ရောင်တိမ်တိုက်များထဲသို့ ဆက်လက်တိုးဝင်နေလေသည်။ တိမ်တိုက်များက ပြိုကွဲတော့မည်ကဲ့သို့ အုန်းအုန်းမြည်လာသည်။

"ကောင်းကင်မိုးကြိုးဝိညာဉ် ပေါက်ကွဲစမ်း"

သာမန်အခြေနေတွင်သာဆိုလျှင် ကျိုးနဲ့ရွှီတို့က ထိုအရာမျိုးကို ဘယ်တော့မှ လုပ်လိမ့်မည် မဟုတ်ပေ။ သို့သော် ငွေလှံကို ရရန် ချွိရွှယ်ဂိုဏ်း သားများက အားသာနေသည့်အချိန်တွင် လျှိုတောက်ယွင်ကို တိုက်ပွဲထဲသို့ ဝင်ခွင့်မပြုနိုင်ပေ။ သူတို့အခု မန်ဟိုနောက်လိုက်ခြင်းကို စွန့်လွှတ်လိုက်ပြီဖြစ်၍ သူတို့၏ အရာအားလုံးကို ဒီလှံအပေါ်တွင် ပုံထားရတော့မည် ဖြစ်လေသည်။

မိုးကြိုးတိမ်တိုက်ပေါက်ကွဲမှုကြောင့် ပြင်းထန်သော ပေါက်ကွဲမှုကြီးပေါ်ပေါက်လာပြီး အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ကျိုုးနှင့် ရွှီသည်လည်း သွေးများအန်လိုက်ရသည်။ လျှိုတောက်ယွင်လည်း ဒဏ်ရာ ရသွားကာ အခြေအနေမကောင်းလှပေ။  သူ့ ပါးစပ်ထောင့်များမှသွေးယိုစိမ့်နေသောကြောင့် သူ့အရှေ့တွင် သလင်းရောင် အလင်းထွက်ပေါ်လာသည်။

ထိုအချိန်မှာပဲ ငွေလှံကား မြေပြင်ပေါ်သို့ကျသွားလေသည်။ ဖုန်းဟန်ဂိုဏ်းမှ ဂိုဏ်းသားများက လှံကိုယူတော့မည့်ဆဲဆဲတွင် စွန်းဟွာရောက်လာကာ ရက်စက်သော အကြည့်က သူ့မျက်နှာတွင် ပေါ်လာသည်။ သူ့အနောက်မှာတော့ ချွိရွှယ်ဂိုဏ်းမှ ဂိုဏ်းသားများ ရှိနေကာ သူတို့မျက်နှာတွင်လည်း ရက်စက်ကြမ်းကြုတ်ခြင်းဖြင့် ပြည့်နေလေသည်။

"ဒီရတနာက ငါတို့ ချွိရွှယ်ဂိုဏ်းက ပိုင်တာ" စွန်းဟွာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူသာ ဒီလှံကို ယူနိုင်ခဲ့လျှင် သူမပိုင်ဆိုင်ရသည်မှာ သေချာသော်လည်း ဂိုဏ်းက သူ့ကို ဆုလာဘ်များပေးလိမ့်မည်မှာ သေချာသည်။ သူ ကျင့်ကြံဆင့်တက်သွားပြီး စဦးချီဖွဲ့စည်းခြင်း အဆင့်(၈) ရောက်သွားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်လေသည်။

ဖုန်းဟန်ဂိုဏ်းက ဂိုဏ်းသား သုံးယောက်မှာ အခုမှ လှံကို လက်လှမ်းယူမယ့်ဟန်ပြင်ရသေးသော်လည်း လူ ၁၀ ယောက်လောက်၏ ဝိုင်းရံခြင်းကို ခံလိုက်ရသည်။ ချွိရွှယ်ဂိုဏ်းသားတွေ တိုက်ခိုက်သည့်အခါ သူတို့‌ အော်ဟစ်လိုက်ကြသည်။ စောစောက သူတို့၏ ဆုလာဘ်ဖြစ်လာရတော့မည့်အရာအား ယူဆောင်သွားခြင်းကို ကြည့်နေခြင်းထက် သူတို့ နည်းနည်းတော့ လုပ်နိုင်သင့်သည်။

"အရှက်မဲ့လိုက်တာ" လျှိုတောက်ယွင်က အော်လိုက်ပြီး ဘာတွေဖြစ်နေသလဲဆိုတာ သိဖို့ လှည့်ကြည့်လိုက်သည်။ သူအော်ဟစ်လိုက်ပြီး ကျိုးနဲ့ရွှီကို လုံးဝလျစ်လျူရှုထားလိုက်သည်။ သူ့လက်ကို စွန်းဟွားထံဝှေ့ယမ်းလိုက် သည့်အခါ ဖုန်းဟန်လက်ချောင်းသိုင်း ဖြစ်ပေါ်လာကာ အလင်း၏ လျင်မြန်ခြင်း ဖြင့် ပြေးထွက်သွားသည်။

စွန်းဟွာ၏ ကျင့်ကြံဆင့်က ထို တိုက်ခိုက်မှုကို ရှောင်လွဲ၍ မရနိုင်ပေ။ သူ့မျက်နှာတွင် ရက်စက်သည့်ဟန်များပေါ်လာပြီး အံကြိတ်လိုက်သည်။ သူ့မျှော်လင့်ချက်က ရတနာလှံပင်ဖြစ်သည်။ လေအေးလက်ချောင် နီးကပ်လာသည်နှင့်အမျှ သူလှံကို ယူလိုက်ကာ ခန့်ညားသည့်ဟန်ဖြင့် ဝှေ့ယမ်းလိုက်သည်။

"မင်းရှုံးပြီ" ဟု သူအော်လိုက်သည်။ လျှိုတောက်ယွင်၏ မျက်လုံးများက လှံပျံထွက်လာသည့် ကိုသာ အာရုံစိုက်နေသည်။ ကျိုးနဲ့ရွှီကလည်း အသက်ပင် မရှုကြပေ။

ငွေရောင်လှံက ပျံထွက်သွားစဉ် လှပတဲ့ ငွေရောင်အလင်းစက်ဝန်းကို ထုတ်လွှတ်နေသည်။ ဖုန်းဟန်လက်ချောင်းသိုင်းနှင့် ထိတွေ့သည့်အချိန်တွင်တော့ ကျယ်လောင်သော အသံကြီးထွက်ပေါ်လာလေသည်။ လှံက အစိပ်စိပ်အမြွာမြွာကွဲသွားပြီး အပိုင်းအစများသာ ကျန်လေသည်။

စွန်းဟွာ အလွန်အံ့အားသင့်သွားသည်။ ဖုန်းဟန်လက်ချောင်းသိုင်းက သူ့ ရင်ဘတ်ထဲ ထိုးဝင်သွားသဖြင့် ဒါက သူမြင်တွေ့ခဲ့ရသည့်နောက်ဆုံးအံ့အားသင့်မှုဖြစ်သည်။ သူ့ ခန္ဓာကိုယ်တုန်လှုပ်သွားပြီး ပေါက်ကွဲသွားသံကား ငွေရောင်လှံ ပေါက်ကွဲသည့်အသံထက် ကျယ်လောင်လေသည်။

လျှိုတောက်ယွင် ထိတ်လန့်ကာ ကြက်သေ သေသွားသလို ကျိုးနှင့် ရွှီမှာလည်း ထို့အတူပင် ဖြစ်သည်။ ဖုန်းဟန်ဂိုဏ်းနှင့် ချွိရွှယ်ဂိုဏ်းမှ တပည့်များမှာလည်း အံ့အားသင့်ကာ ကြက်သေ သေသွားကြသည်။

စွန်းဟွာကို တိုက်ခိုက် မှုမှထွက်ပေါ်လာသောအသံ မှလွဲ၍ အရာအားလုံးရုတ်တရက်တိတ်ဆိတ်သွားသည်။

လျှိုတောက်ယွင်က ပထမဆုံး သတိပြန်ဝင်လာသောသူဖြစ်သည်။ သူရှေ့သို့သွားလိုက်ပြီး လှံအပိုင်းအစများကို ကောက်ယူလိုက်သည်။ ကျိုးနဲ့ရွှီကလည်း ရောက်လာကာ အပိုင်းအစများကို ကောက်လိုက်သည်။

"ငွေ....ဒါက တကယ့်ငွေတွေပဲ။ ဒါက ငွေလှံအစုတ်ကြီးပဲ" လျှိုတောက်ယွင်၏ မျက်လုံးများက သွေးရောင်လွှမ်းနေကာ ဒေါသအိုးပေါက်ကွဲတော့မည့် ဟန်ပေါ်လေသည်။ သူခေါင်းကင်ပေါ်မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ သူ အရှက်ရသွားသဖြင့် ဒေါသအမျက်ခြောင်းခြောင်းထွက်နေပေပြီ။ သူ စွန်ဟွာကို သတ်လိုက်မိပြီ။ အကယ်၍ ဒီလှံကသာ ရတနာလှံအစစ်ဖြစ်လျှင် ထိုသို့ သတ်လိုက်သည်က ပြဿနာမရှိပေ။ ဒါပေမဲ့ သူက ချွိရွှယ်ဂိုဏ်း၏ အတွင်းစည်းတပည့်ကို သာမန်ငွေလှံလေးကြောင့် သတ်လိုက်သည်ဆိုလျှင်တော့ ဒါက ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ ကြီးမားသော ပြဿနာ ဖြစ်သွားပေပြီ။

"မန်ဟို" သူ မန်ဟိုနောက်သို့ပြေးလိုက်ချင်သော်လည်း မန်ဟိုက ထွက်သွားတာ ကြာလှပြီဖြစ်သည်။ ကျိုးနဲ့ရွှီတို့ကလည်း ဒေါသထွက်နေကြသည်။ သူတို့ မန်ဟိုကြောင့် မခံမရပ်နိုင်ဖြစ်နေချိန်မှာ စွန်းဟွာက လျှိုတောက်ယွင်၏ အသတ်ခံလိုက်ရသည်။ သူတို့ ဒီအတိုင်း ထားလိုက်ဖို့ ခွင့်မပြုနိုင်ပေ။

***

All Chapters