← Chapters

ကြီးမားတဲ့ ကြင်နာမှု

Vol. 5 Ch. 66

ကြီးမားတဲ့ ကြင်နာမှု

Vol. 5 Ch. 66

အရာအားလုံးက သတ်ဖို့အတွက် သစ်သားဓါးကို အခွင့်အရေးပေးနေသည်။

သူ၏ စိတ်နှလုံးတွင် ရုတ်တရက် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသောကြောင့် တင်းရှင့်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။ ဤသို့ခံစားရသည်မှာ ဤဝေးကွာလှသော ကျိုးပြည်တွင်မှ ပထမဆုံး ဖြစ်သည်။ တောင်ပိုင်းဒေသတွင်ပင်လျှင် ချီအခြေတည်အဆင့်၏ အမျက်ဒေါသကို တစ်ခါမျှ သွားမဆွခဲ့ဘူးပေ။ သူနှင့် ကျင့်ကြံဆင့်တူသူများနှင့်သာ သူ ပြဿနာအရှုပ်များ လုပ်ဖူးလေသည်။

အလွန်အံအားသင့်ဖွယ် ဤအခြေအနေတွင် သူ့ညာဘက်လက်ကိုမြှောက်ကာ နဖူးကိုဖိလိုက်သည်။ ပေါက်ကွဲသံကြီး ထွက်လာပြီးနောက် ခရမ်းရောင်ချီအမြောက်အမြားက သူ့ခေါင်းမှထွက်လာသည်။ ထိုအရာသည် လူတစ်ယောက်၏ ပုံသဏ္ဌာန်အဖြစ်သို့ လျင်မြန်စွာပြောင်းသွားပြီး သူ့ နောက်ကျောက မန်ဟိုနှင့် မျက်နှာချင်းဆိုင်ဖြစ်နေပေသည်။

ထိုခပ်ရေးရေး ပုံသဏ္ဌာန်က ခရမ်းရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည်။ ပြင်းထန်သော ဖိအားများကြောင့် ခရမ်းရောင်ချီက နေရာအနှံ့သို့ပျံ့နှံ့သွားပြီး ကျော့ကွင်း ကို ရပ်တန့်သွားစေခဲ့သည်။

ဧရာမကျော့ကွင်းကြီး ရပ်သွားသည့်အခါ တင်းရှင့်၏ မျက်နှာသည်လည်း ဖြူဖျော့နေပေပြီ။ သူ ချက်ခြင်းပဲ နောက်ဆုတ်လိုက်သည်။ သစ်သားဓါးနှစ်လက်က ရပ်တန့်မည့်ပုံမရှိပေ။ ထိုဓါးနှစ်လက်က အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ခရမ်းရောင် တိမ်ကို ဖြတ်ကျော်ကာ တင်းရှင့်ထံသို့ အရှိန်ဖြင့် လာနေလေသည်။

“မဖြစ်နိုင်ဘူး။” တင်းရှင့်၏ ဦးရေပြားထုံသွားကာ မျက်နှာသည်လည်း အံအားသင့်ခြင်းများဖြင့် ပြည့်နေ သည်။ မန်ဟိုရဲ့ သစ်သားဓါးနှစ်လက်က သူ့ရဲ့ သက်စောင့်မှော်အစွမ်းကို အံတုနိုင်လိမ့်မည်ဟု သူ မည်သို့လျှင်တွေးမိပါမည်နည်း။

ဤသက်စောင့်မှော်အစွမ်းကား စဦးချီဖွဲ့စည်းခြင်းအဆင့် (၉)ရှိသော တပည့်များကို ချီးမြှင့်သည့်အရာ ဖြစ်ပြီး ချီအခြေတည်အဆင့် ကျင့်ကြံသူ၏ အားအပြည့်သုံးကာ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်လေ သည်။ ဤအစွမ်းကား တစ်ကြိမ်သာ သုံးနိုင်ပြီး သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှ မသုံးခဲ့ရဖူးပေ။ နောက်ဆုံးတော့ အန္တရာယ်နှင့် ကြုံရသည့်ဒီနေ့တွင် သူအသုံးပြုခဲ့ရပေပြီ။ ထိုသည့်တိုင် သစ်သားဓါး နှစ်လက်ကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။

“ဒါက ဘယ်လိုဓါးမျိုးပါလိမ့်” တင်းရှင့်၏ မျက်နှာကား သွေးဆုတ်ဖြူရော်သွားသည်။ ဤသို့သေရေး ရှင်ရေးကြုံနေရသော အချိန်တွင် စဉ်းစားနေဖို့ သူ့တွင်အချိန်မရှိပေ။ သူမေးရိုးကို တင်းတင်းစေ့လိုက်ကာ ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်သည်။ သူ့လျှာသူ ကိုက်လိုက်ကာ သွေးတစ်ပွက်အန်လိုက်သည်။ ဤ သွေးများကား သူ့ကျင့်ကြံခြင်း အခြေခံဖြစ်ပြီး သူ့သက်တမ်းနှင့် ဆက်နွှယ်နေသည်။ သူ သွေးအန်လိုက် သည်နှင့်တပြိုင်နက် သူ့ကျင့်ကြံဆင့်သည်လည်း အနည်းငယ်လျော့ကျသွားသည်။ သူ ပြန်ကောင်းနိုင်ရန် တံခါးပိတ်ကျင့်ကြံခြင်းကို အတော်ကြာကြာပြုလုပ်ရပေတော့မည်။

သူသွေးအန်လိုက်ပြီးသည်နှင့် ထိုသွေးများက အနီရောင် မြူခိုးများအဖြစ်ပြောင်းသွားပြီး သူ့ခေါင်းပေါ်မှ ခရမ်းရောင် အခိုးအငွေ့များက စုပ်ယူသွားလေသည်။ သူ ကြွေးကြော်လိုက်သည်။

“အရှေ့ဘက်က ခရမ်းရောင်ချီ” ချက်ခြင်းပဲ ခရမ်းရောင်ဝတ်ရုံဝတ်ထားသည့် ပုံက လှည့်လိုက်သည်။ မျက်နှာကား မှုန်ဝါးနေသော်လည်း မျက်လုံးများက ခရမ်းရောင်တောက်ပကာ စွမ်းအားကြီးမားသည်ကို မြင်နိုင်လေသည်။

ခရမ်းရောင်အလင်းပေါ်လာသည့်အခါ မန်ဟို့ခန္ဓာကိုယ် တုန်ခါသွားကာ နာကျင်မှုများက ရေလွှမ်းသကဲ့သို့ သူ့အပေါ်ကျဆင်းလာသည်။ သူ နောက်သို့ဆုတ်လိုက်ရရင်း သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် မြည်ဟည်းသံများဖြင့်ပြည့်နေပြီး သူ့အသိသည်လည်း စတင်ယိမ်းယိုင်လာနေသည်။ ကြိုးပြတ်သွားသည့် စွန်ကဲ့သို့ သူလေထဲတွင် နောက်ပြန်လွင့်မြောနေပြီးနောက် မြောက်ပင်လယ်ထဲသို့ ကျသွားခဲ့ပြီး တဖြည်းဖြည်းနှင့် ရေထဲသို့ နစ်မြှုပ်သွားတော့သည်။

တစ်ချိန်တည်းမှာပဲ သစ်သားဓါးနှစ်လက်ကလည်းတုန်ခါလာခဲ့သည်။ ဓါးတစ်လက်က ခရမ်းရောင် အဖြစ် ပြောင်းသွားခဲ့သည်မှာ မန်ဟို၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့သည့်နှယ်ပင်။ အထိန်းအချုပ်မဲ့စွာပင် လည်နေခဲ့ပြီး မြောက်ပင်လယ်ထဲသို့ ကျသွားခဲ့သည်။

သို့သော်လည်း ထိုသို့ဖြစ်သည်က ဓါးတစ်လက်ပဲ ဖြစ်သည်။ တင်းရှင့်က သူ့ ကျင့်ကြံဆင့်ကို အထိခိုက်ခံကာ သူ့သက်တမ်းကို စတေးပြီး သက်စောင့်မှော်ပညာကို ထုတ်သုံးခဲ့သည်။ သို့သော်လည်း ဓါးတစ်လက် ကိုသာ ရှောင်ရှားနိုင်ခဲ့သည်။ နောက်တစ်လက်က တုန်ခါနေသော်လည်း တည့်တည့်ကြီးပင် ဆက်လက် ပျံသန်းလာနေခဲ့ပြီး ချက်ခြင်းပင် အရာအားလုံးကို ဖြတ်သန်းလျက် တင်းရှင့်၏ ရင်ဘတ်ကို ထိုးဖောက်သွားခဲ့သည်။ ထို့နောက်တွင်တော့ ထိုဓါးကို ထိန်းချုပ်နေသော ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားသည့်အလား ထိုဓါးသည်လည်း မြောက်ပင်လယ်ထဲသို့ ကျသွားခဲ့သည်။

ဓါးက တင်းရှင့်၏ ရင်ဘတ်ကို ထိုးမိသွားတော့လည်း နှလုံးကိုတော့ မထိခိုက်ခဲ့ပေ။ အရှေ့ဘက်မှ ခရမ်းရောင်ချီ၏ အကူအညီဖြင့် သေနိုင်လောက်သည့် ဒဏ်ရာမရရှိအောင် သူရှောင်နိုင်ခဲ့လေသည်။ သို့တိုင် နာကျဉ်သော အော်ဟစ်သံထွက်လာပြီး သူ့ရင်ဘတ်နှင့် ပါးစပ်မှ သွေးများ ထွက်ကျလာခဲ့သည်။

သူ့ဆံပင်များက လွင့်နေကြပြီး သူ့ဝတ်ရုံဖြူက သွေးများဖြင့် ရွှဲနေသည်။ သူ့မျက်လုံးများက သွေးရောင်သန်းနေကာ ဒဏ်ရာရရှိထားသော သူ့ရင်ဘတ်ကို လက်ဖြင့်ကာလိုက်ရင်း ကြောက်မက်ဖွယ် အော်ဟစ်လိုက်သည်။ သူ့ဘဝတစ်လျှောက်လုံး တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများတွင် သူတစ်ခါမှ ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ဖူးပေ။ အခု သူ အထင်သေးတဲ့ ဒီဝေးလံသီခေါင်တဲ့ ကျိုးပြည်မှာတော့ ဘာနာမည်မှ မရှိသည့် သူအထင်သေးခဲ့သည့် ကျင့်ကြံသူကြောင့် သေလုမြောပါး ဒဏ်ရာ ရခဲ့သည်။ ထို့အပြင် သူ့ရဲ့ သက်စောင့်မှော်ပညာကိုပါ ထုတ်သုံးခဲ့ရသည်။ မြောက်ပင်လယ်ကို ငုံကြည့်နေသော သူ့မျက်လုံးများက ခက်ထန်နေလေသည်။

“မင်းရဲ့အသက်က ငါ့ရဲ့ အရှေ့ပင်လယ်က ခရမ်းရောင်ချီကြောင့် ဆုံးရှုံးပြီးသွားပြီ။ ဒါပေမဲ့ မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲမှတော့ မင်းရဲ့ ရုပ်အလောင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်” တင်းရှင့်၏ ရင်ဘတ်က နာကျဉ်နေသည်။ သူ့ကျင့်ကြံဆင့်အခြေခံမှ သွေးကိုယူခဲ့ရပြီး သက်တမ်းကို ထိခိုက်စေခဲ့ သည်။ ထိုအတွက်ကြောင့် သူစဦးချီဖွဲ့စည်းခြင်း အဆင့်(၈)သို့ ကျသွားခဲ့ရသည်။ သူ့မျက်နှာက ဖြူဖျော့နေသော်လည်း ဒေါသများဖြင့် ပြည့်နေသည်။ ဆေးလုံးတစ်လုံး ထုတ်ယူလိုက်ပြီး သောက်လိုက်သည်။ ထို့နောက် သူ့မျက်နှာက ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့သည်။ သူ့ရင်ဘတ်က ဒဏ်ရာကို သူကြည့်လိုက်ပြီး သူမျက်နှာတွင် ကြောက်လန့်ခြင်းများက ကြီးစိုးသွားသည်။

“ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက ဓါးဒဏ်ရာတစ်လျှောက်မှာ စိမ့်ထွက်နေတယ်” ဒါက တင်းရှင့် တစ်ခါမှ မကြုံတွေ့ဖူးသော အတွေ့အကြုံဖြစ်သည်။ သူရုတ်တရက်ပင် မန်ဟို၏ သစ်သားဓါးနှစ်လက်က မည်မျှ အံ့အားသင့်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားခဲ့သည်။ ချက်ခြင်းပင် မြောက် ပင်လယ် ထဲသို့ ဆင်းကာ မန်ဟို့ ရုပ်အလောင်းနှင့် ဓါးနှစ်လက်ကို ရှာတော့သည်။

မြောက်ပင်လယ်၏ ရေအောက်ထဲတွင်တော့ မန်ဟို့ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း အောက်သို့ကျနေသည်။ သူ့မျက်လုံးများက ပိတ်နေကာ သူ့ကိုယ်မှာလည်း လှုပ်ရှားမှုလည်း မရှိပေ။ သူသေသွားပြီကဲ့သို့ပင် ထင်ရလေသည်။ တင်းရှင့်၏ အရှေ့ဘက်မှ ခရမ်းရောင်ချီက သူ့ကျင့်ကြံခြင်း အခြေခံနှင့် သက်တမ်းကို ထိခိုက်စေခဲ့သည်။ တင်းရှင့်၏ စွမ်းအားများက ချီအခြေတည်ခြင်းအဆင့် ကို မယှဉ်နိုင်သော်လည်း သူက စဦးချီဖွဲ့စည်းခြင်းအဆင့်(၉)၏ ထိပ်ဆုံးအဆင့်ဖြစ်သည်။ မန်ဟိုကား အဆင့်(၈)တွင်သာရှိလေသည်။ သူ အသက်ရှင်နိုင်ဖို့ အခွင့်အလမ်းမှာ လုံးဝမရှိနိုင်ပေ။

အခုအချိန်တွင် မန်ဟို့ခန္ဓာကိုယ်က အေးစက်နေပြီး သူ့စိတ်ဝိညာဉ်တွင် တောက်ပနေသည့် မီးပွား သေးသေးလေးသာလျှင် နောက်ဆုံးကျန်နေခဲ့သည်။ ထို မီးပွားလေး ပျောက်ကွယ်သွားဖို့ သိပ်မကြာလိုက် ပေ။ ထို့နောက်တွင်တော့ မန်ဟိုဆိုသည်မှာ ရှိတော့မည် မဟုတ်ပေ။

သူ့ချီလမ်းကြောင်းများက အစိပ်စိပ်အမွှာမွှာကွဲသွားပြီး သူ့ခန္ဓာကိုယ်ကား အသက်ဓါတ်စွမ်းအား ကင်းမဲ့နေသည်။ သူ့အမြုတေပင်လယ်မှာ လုံးဝကို ခြောက်သွေ့သွားပုံရသည်။

သို့ပေမယ့် သူဆန္ဒမရှိပေ။ သူမသေချင်သေးပေ။ ကံမကောင်းစွာဖြင့်ပင် ဒါက ကျင့်ကြံခြင်း ကမ္ဘာ၏ တောတွင်းဥပဒေသ ဖြစ်သည်။ သူမတိုက်ခိုက်နိုင်သလို ခုခံခြင်းလည်း မပြုနိုင်ခဲ့ပေ။ သူ့ကိုယ်ခန္ဓာက တဖြည်းဖြည်း နစ်မြုပ်သည်ထက် နစ်မြုပ်လာခဲ့ကာ သူ့အသက်ဓါတ်သည်လည်း တဖြည်းဖြည်း မှေးမှိန် လာခဲ့သည်။ အရာရာက တိတ်ဆိတ်သွားခဲ့သည်။ မီးပွားလေးက ထွက်သွားပေတော့မည်။

ချီအမျှင်စုလေးက မြောက်ပင်လယ်မှ စီးဆင်းလာခဲ့သည်။ တဝီတီမြည်သံကိုပင်ကြားနိုင်ကာ ရေနက်ထဲ တွင်တော့ မန်ဟို့ကို ဝန်းရံကာ လှိုင်းဂယက်များထနေသည်။ သူခန္ဓာကိုယ်က ရုတ်တရက် တောက်ပ လာခဲ့သည်။

အလင်းတန်းလေး ပျံ့နှံ့လာသည့်အခါ မြောက်ပင်လယ်မှ သဘာဝစွမ်းအင်များက မန်ဟို့ထံသို့ အရပ်လေးမျက်နှာမှ ဝင်ရောက်လာကာ သူ့ခန္ဓာကိုယ်ကို ဖြည့်တင်းလျက် ချီလမ်းကြောင်းကို ပြုပြင်ပေးနေသည်။ ခရမ်းရောင်သွေးများက သူ့ဒွါရပေါက်များမှ ထွက်လာခဲ့သည်။

အရှေ့ဘက်မှ ခရမ်းရောင်ချီကြောင့် ထိခိုက်ခဲ့ရသည်များမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ တကယ်တော့ သူရရှိခဲ့တဲ့ ဒဏ်ရာတစ်ခုချင်းစီကား မြောက်ပင်လယ်မှ သဘာဝစွမ်းအင်များ ကြောင့် ကုသနိုင်ခဲ့ခြင်း ဖြစ်လေသည်။

ချီလမ်းကြောင်း ပြန်လည်စီးဆင်းလာသည်နှင့် သူ့ကိုယ်ထဲတွင် ဖောက်ခနဲမြည်သံကြားလိုက်ရသည်။ အသက်မဲ့နေသော သူ့ခန္ဓာကိုယ်ကလည်း ပြန်လည်ဖြစ်တည်လာကာ ချက်ခြင်းပင် အသက်ဓါတ်များ ပြည့်သွားခဲ့သည်။

မိုးထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ဝိညာဉ်စွမ်းအားများက သူ့အမြုတေပင်လယ်ထဲသို့ စီးဝင်သွားသည်။ အကန့်အသတ်မဲ့သော လှိုင်းဂယက်များ ဖြစ်ပေါ်လာပြန်သည်။ မန်ဟိုကား စဦးချီဖွဲ့စည်းခြင်း အဆင့် (၈) တွင်သာ ရှိနေသေးသော်လည်း တကယ်တော့ အသိသိသာသာ တိုးတက်မှုရှိခဲ့ပြီး သူ၏လက်ရှိ စွမ်းအားမှာ စဦးချီဖွဲ့စည်းခြင်း အဆင့်(၉) တွင်ရှိသော သူနှင့် တူတူပင် ဖြစ်သည်။

သူ့ အမြုတေပင်လယ်အတွင်းတွင်တော့ မိစ္ဆာအမြုတေက တအိအိလှုပ်နေကာ မိစ္ဆာအရှိန်အဝါများကို ထုတ်လွှတ်နေသည်။ မန်ဟို စားသုံးခဲ့သော မိစ္ဆာချီများကို စတင်ဆုပ်ယူနေခဲ့သည်။ မိစ္ဆာအမြုတေ၏ မိစ္ဆာအရှိန်အဝါများက ပို၍ ထင်ရှားလာပြီး ပို၍တောက်ပလာခဲ့သည်။

နောက်ဆုံးတွင် မန်ဟို သူ့ မျက်စိကိုဖွင့်လိုက်သည်။

သူကား တည်ငြိမ်နေသည်။ စိတ်လှုပ်ရှားခြင်း၊ တုန်လှုပ်သွားခြင်း၊ အံ့အားသင့်ခြင်း အလျင်းမရှိပေ။ သူ ရည်ရွယ်ချက်ရှိရှိပင် မြောက်ပင်လယ်ကို အသေအကျေတိုက်ပွဲနေရာအဖြစ် ရွေးခဲ့တာ ဖြစ်သည်။ မြောက်ပင်လယ်က သူ့ကို ကူညီနိုင်မည်လားဆိုသည့်မျှော်လင့်ချက်ဖြင့် သူအလောင်းအစား လုပ်ခဲ့ခြင်းသာ ဖြစ်သည်။

သူမျက်လုံးဖွင့်လိုက်သည့်အခါ ခန္ဓာကိုယ်ကိုတည့်မတ်လိုက်သည်။ ကန်အောက်ခြေကို ဝေးဝေးမှာ မြင်နေရသော်လည်း သူ့ခြေထောက်အောက်တွင်တော့ ရေပြင်သာရှိလေသည်။ အရာအားလုံးက ပိန်းပိတ်အောင် မှောင်နေလေသည်။ သို့သော်လည်း ငွေရောင်သဲမှုန်လေးများ ပြန့်ကျဲနေသည့်အတွက် အလင်းရောင် အနည်းငယ်က ပတ်ဝန်းကျင်တွင် မှိန်ဖျော့ဖျော့ ထွန်းလင်းနေခဲ့လေသည်။

နောက်ကျိနေသော ရေထဲတွင် လှေတစ်စီးကိုတွေ့နိုင်သည်။

လှေက ပျက်စီးနေပြီး ကန်အောက်ခြေမှာ နစ်မြုပ်နေခဲ့သည်။ မန်ဟို ရုတ်တရက်ပင် ထိုလှေလေးကို မှတ်မိသွားခဲ့သည်။ ဒီလှေက….ဒီလှေက သူ အဲ့ဒီနေ့က ကန်ကို ဖြတ်တုန်းက စီးခဲ့သည့်လှေပင်။

သူလှေကို တိတ်ဆိတ်စွာ ငေးကြည့်နေပြီး သူ့လက်ကိုယှက်လိုက်ကာ လေးစားစွာ ဦးညွတ်လိုက်သည်။

သူသည် ဦး ညွှတ်နေစဉ်တွင်ပင် ကန်အောက်ခြေမှ ပဲ့တင်ထပ်နေသော မိန်းကလေးငယ်တစ်ဦး ၏ အသံစာစာနှင့် ရယ်မောသံကိုသူကြားခဲ့ရသည်။ ရယ်မောသံများက ဝှေ့ဝိုက်နေကာ ရယ်သံ၏ မူလအစကို ဆုံးဖြတ်ရန်မဖြစ်နိုင်ပေ။ မန်ဟို မျက်လုံးများ ကျဉ်းမြောင်းသွားကာ ကန်၏ အောက်ခြေကို ကြည့်လိုက်သည်။

ရယ်မောသံများထွက်လာချိန်တွင် ကန်အောက်ခြေရှိ ငွေရောင်သဲ ထဲမှ လက်များ ထွက်ပေါ် လာသည်ကို သူတွေ့မြင်ခဲ့သည်။ လက်များက ကျောက်စိမ်းကဲ့သို့ ဖြူစွတ်နေကြသည်။ လက်များပြီးနောက် အလောင်းများထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံးမှာ မိန်းမငယ်လေးများ၏ အလောင်းများဖြစ်ပြီး ငွေရောင်သဲပြင်အပေါ်တွင် မျောလွင့်နေကြသည်။

ကန်အောက်ခြေမှ မျောလွင့်နေသည့် ဒါဇင်ပေါင်းများစွာသော သူတို့မျက်နှာတွင် အနက်ရောင် ဆံပင်များက လွင့်နေသည်။ သူတို့၏ မျက်လုံးများက ပိတ်ထားပြီး သူတို့မျက်နှာများက ဖြူဖျော့နေကြသော်လည်း လှပနေသည်။ ကန်ရေ၏ ဝဲဂယက်များအလယ်ကို မန်ဟိုသေချာ ကြည့်လိုက် သောအခါ ထိုမိန်းကလေးများ၏ မျက်နှာမှာ အံအားသင့်ဖွယ် ကောင်းလောက်အောင် ထပ်တူညီနေသည် ကို   မန်ဟိုတွေ့လိုက်ရသည်။

ထိုအချိန်တွင်ပင် ပျက်စီးယိုယွင်းနေသော လှေပေါ်တွင် ကောင်မလေးတစ်ယောက်ပေါ်လာသည်။ ထို ကောင်မလေးက မန်ဟိုကို ရှက်ပြုံး ပြုံးပြနေသည်။ သူမကိုကြည့်ရသည်မှာ ကလေးငယ်တစ်ယောက်၏ အပြစ်ကင်းစင်မှုနှင့် ပြည့်နေသော်လည်း မန်ဟို သူမကို ကြည့်လိုက်သည့်အခါ သူ့စိတ်ချာချာ လည်သွားကာ ခေါင်းထဲတွင် အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

အလောင်းတွေရဲ့မျက်နှာက ဒီကောင်မလေးကြီးလာသည့်အခါ ဖြစ်လာမည့် မျက်နှာနှင့် ဆင်တူနေ သည်ကို သတိထားမိသွားသည်။

“အစ်ကိုကြီး ဒီမှာ ညီမနဲ့ တူတူနေမှာလား” ကောင်မလေးက ရယ်ရင်းပြောလိုက်သည်။ သူမ၏ အသံလေးက ကလေးဆန်နေပြီး သူမစကားပြောလိုက်သည့်အခါ သူမ ပတ်ပတ်လည်တွင် မျောလွင့် နေသည့် ဒါဇင်များစွာသော အလောင်းများက ရပ်တန့်သွားပြိး မျက်လုံးများ ပိတ်ထားသော်လည်း မန်ဟိုကို ကြည့်နေသည်ဟု ထင်နေရသည်။

မန်ဟို့စိတ်က ချာချာလည်သွားပြီး ကျယ်လောင်သော အသံက သူ့အတွေးများကို လောင်မြိုက်စေသည် ဟု ထင်ရသည်။ သူ့အရှေ့က အရာအားလုံးက တဖြည်းဖြည်းမှန်သွားကာ နောက်ဆုံးတော့ တစ်စစီ ကွဲသွားသည်။

သူရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူက ကန်ရေထဲတွင် မျောနေဆဲဖြစ်ပြီး သူရှိနေသည့်နေရာနှင့် ကန်အောက်ခြေမှာ အနည်းငယ်ကွာဝေးနေသေးသည်။ အရာအားလုံးက အိပ်မက်တွေများလား။ ထိုနေရာတွင် လှေလည်းမရှိသလို အလောင်းများလည်း ရှိမနေပေ။ မိန်းမငယ်လေး၏ ရယ်သံသည်လည်း မရှိပေ။

မန်ဟိုကား ထိတ်လန့်တုန်လှုပ်မှုဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ခဏကြာသည်တွင်တော့ သူ့ခန္ဓာကိုယ်က သက်သာပျောက်ကင်းသွားပြီးကို သူသိလိုက်ရသည်။ သူ ဘာမှမမြင်နိုင်သောလည်း ကန်အောက်ခြေ ကို တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

သူတွေ့မြင်ခဲ့သမျှသည်ထင်ယောင်ထင်မှားမဟုတ်ကြောင်းသူသိသည်။ ဒါဟာ အမှန်တကယ်ပဲ။

သူသည်မိမိလက်ကိုမြှောက်ပြီးလက်များဖြင့်နက်ရှိုင်းစွာ ဦး ညွှတ်ခဲ့သည်။

“မန်ဟိုက သင့်ရဲ့ကြင်နာမှု နှစ်ခုကို အမြဲသတိရနေမှာပါ။ သင့်အတွက် အရေးကြီးဆုံးက ပင်လယ် ဖြစ်လာချင်တာလို့ ကျွန်တော် မှန်းဆမိတယ်။ ဒီမျိုးဆက်က ကျွန်တော် မန်ဟို ကတိပေးပါတယ်။ တစ်နေ့ ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်က ကောင်းကင်ထိ ကျော်ကြားတဲ့အခါရောက်ရင် သင့်ကို ကူညီဖို့ ဒီကိုပြန်လာ ခဲ့ပါမယ်။ ကျွန်တော် ကူညီနိုင်တဲ့ကိစ္စရှိရင် ကျေးဇူးပြုပြီးပြောပါ” မန်ဟိုက အသက်ဆယ်ခါ ရှူစာ ကြာသည့်အချိန်ထိ ဦးညွတ်လိုက်သည်။ အရာရာက တိတ်ဆိတ်သွားသည်။ မန်ဟိုက မတ်မတ်ရပ်လိုက် ပြီး နောက်ဆုံးအကြိမ်အဖြစ် ကန်အောက်ခြေကို ကြည့်လိုက်ပြီး ကန်ရေထက်သို့ တက်သွားလိုက်သည်။

သူ ကန်ရေမျက်နှာပြင်ဆီသို့ စတင်ရွေ့လျားလိုက်သည့်အချိန်တွင် ရေထဲသို့ နစ်မြုပ်သွားသော သူ့ သစ်သားဓါး နှစ်လက်မှာ စတင်တုန်ခါလာသည်။ ထို့နောက် မန်ဟိုထံသို့ ပြေးဝင်သွားကြသည်။

တင်းရှင့်က ဓါးတစ်လက်ကို ရှာဖွေတွေ့ရှိသွားပြီး သူ့မျက်လုံးများ တောက်ပစွာဖြင့် ဓါးကိုလှမ်းယူလိုက် သည်။ သို့သော်လည်း ဓါးက စတင်ရွေ့လျားသွားခဲ့သည်။ လှိုင်းဂယက်များထသွားပြီးနောက် မျက်စိတ မှိတ်အတွင်းမှာပင် အဝေးသို့ ရောက်သွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် တင်းရှင့်မှာ အလွန်အံ့အားသင့်သွားသည်။ တွေဝေခြင်းမရှိဘဲ သူ ဓါးနောက်ကို လိုက်သွားသည်။

“ဒီရတနာက အသိရှိတယ်” တင်းရှင့်ကတွေးလိုက်သည်။ သူ့နှလုံးက အရိုင်းဆန်စွာခုန်နေပြီး ဓါးကို ကြားဖြတ်ယူနိုင်ရန် သူအရှိန်ကို ပိုပြီး မြန်လိုက်တော့သည်။

***

All Chapters