အင်မောတဘ်ကောင်းကင်ဘုံကုန်းမြေမှ စိတ်ဝိညာဉ် မဟုတ်သော
Vol. 144 Ch. 1983
“ငါ နင့်ကို အနိုင်ယူဖို့ မလိုပါဘူး။ ငါ နင့်ကို ဒီမှာပဲ နေနေအောင် လုပ်ရုံပဲ လိုတာ…”
ဝမ်လင်း၏ခန္ဓာကိုယ်က လှုပ်ရှား၏။ သူ့မန္တာန်သွေးကြောငါးခုလုံးသည် အလျင်အမြန် လှည့်ပတ်လာသည်။ ရုတ်တရက် ဝမ်လင်းပုံရိပ်ကိုးဆယ့်ခုနစ်ခု ပေါ်လာ၏။
သူ၏မူရင်းခန္ဓာကိုယ်နှင့်ဆို စုစုပေါင်းဝမ်လင်းကိုးဆယ့်ရှစ်ယောက်ပင်။
ထိုပုံရိပ်တစ်ခုချင်းစီသည် ဝမ်လင်း၏မူရင်းခန္ဓာကိုယ်နှင့် ထပ်တူတူကာ အလွန်အစစ်အမှန်ဆန်သည်။
ရပ်တန့်ခြင်း။
ရပ်တန့်ခြင်း။
ပုံရိပ်ကိုးဆယ့်ခုနှစ်ခုနှင့် မူရင်းခန္ဓာကိုယ်တို့သည် တချိန်တည်းမှာ ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုလိုက်လေသည်။
ထိုမန္တာန် ပေါ်လာသည့်အခါ၌ လောကသည် အရောင်များ ပြောင်းကုန်သည်။ ဝမ်လင်းကိုးဆယ့်ရှစ်ယောက်က သူတို့၏ညာလက်များကို ဆန့်ထုတ်ကာ အောက်ဘက်မှ မိန်းမလှထံ လက်ညွှန်၏။
ထိုလက်ညွှန်ချက်တွင် ပုံရိပ်ကိုးဆယ့်ခုနစ်ခုက ဝမ်လင်း၏မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားပြီး ဧရာမအရိပ်တစ်ခု လောကတွင် ပေါ်လာ၏။ ၎င်းအရိပ်က လက်တချောင်းဖြင့်ပင် ကောင်းကင်နှင့်မြေကြီးကို ထောက်ပိုးထားသည့်အလား။
ထိုလက်ချောင်း ပေါ်လာပြီး အင်ပါယာအတုဟိုင်းဇီထံ လက်ညွှန်သည်။
လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်က ဝမ်လင်းသည် စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ကာ တပြိုင်နက်တည်း မန္တာန်ကိုးဆယ့်ရှစ်ခုကို တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ သူက မိစ္ဆာတာအိုကလန်ဘိုးဘေးကို ထိုသို့ တိုက်ခိုက်ကာ ထိုသူ၏ အသက်ကယ်မန္တာန်ဖြစ်သော မဟာအင်ပါယာတောက်ရီ၏ ဝတ်ရုံကို အသုံးပြုစေသည့်အထိ လုပ်ဆောင်နိုင်ခဲ့ပေသည်။
ဝမ်လင်း၏ ကောင်းကင်ကြေမွသွားလောက်သော ရိုက်ချက်ကို ဖယ်ရှားပစ်ဖို့ မဟာအင်ပါယာတောက်ရီ၏ နတ်ဘုရားအာရုံသည်ပင် ပေါ်လာခဲ့ရ၏။
ယနေ့တွင် ဝမ်လင်းက သူ၏စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့လေပြီ။ စိတ်ဝိညာဉ်ချပ်ဝတ် မပါဘဲဖြင့်ပင် သူက အင်ပါယာအတုများစွာကို အနိုင်တိုက်နိုင်စွမ်း ရှိလာခဲ့ချေပြီ။ မိစ္ဆာတာအိုကလန်ဘိုးဘေးဖြစ်သူကိုလည်း ဝမ်လင်းအနေဖြင့် အခုအခါတွင် စိတ်ဝိညာဉ်ချပ်ဝတ် မပါဘဲ အနိုင်ယူနိုင်နေပြီ ဖြစ်၏။
သူက အလွန်သန်မာခဲ့ပြီးဖြစ်ကာ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်နှင့် လုံးဝကွဲပြားသူ ဖြစ်လာခဲ့လေပြီ။ ခုခါ၌ စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ကာ အမြန်နှုန်းမန္တာန်ပညာရပ်ကို သုံး၍ မန္တာန်ကိုးဆယ့်ရှစ်ခုကို တစ်ခုတည်းအဖြစ်သို့ ပြောင်းလဲစေသည်၏။ သူ၏စွမ်းအားက အရင်ထက် များစွာ ပိုသန်မာလာချေ၏။
အင်ပါယာဟိုင်းဇီ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ မယုံကြည်နိုင်မှုတို့ ပြည့်ကုန်၏။ သူမအနေဖြင့် ဝမ်လင်း၏ စွမ်းအားအပြည့်အဝကို ပထမဆုံးအကြိမ် တွေ့မြင်ရပြီပင်။ ထိုမန္တာန်ကိုးဆယ့်ရှစ်ခုက သူမ၏စိတ်နှလုံးကို တုန်ယင်သွားစေ၏။
ဝမ်လင်း၏ လက်ချောင်းညွှန်သည့်အခါ လောကရှိ အရာအားလုံးမှာ ရပ်တန့်သွားသလို ထင်ရ၏။ ပင်လယ်လေညင်းများ ရပ်တန့်ကုန်၏။ လှိုင်းများ ငြိမ်သက်ကုန်၏။ လောကရှိ လှုပ်ရှားရွှေ့လျားမှုအားလုံး တန့်ကုန်သည်။
ထိုအားက အရာအားလုံးကို ရပ်တန့်စေကာ ၎င်းသည် အင်ပါယာအတုဟိုင်းဇီပေါ် ဆင်းသက်လာသည်။ ထိုအား သူမအပေါ်သို့ ကျရောက်လာသည့်အခါ သူမ၏ညာလက်သည်ပင် ရပ်တန့်ရ၏။ သူမ၏မူလစိတ်ဝိညာဉ်ပါ လှုပ်ရှားတာကနေ ရပ်တန့်သွားသည်။
ကိုးဆယ့်ရှစ်ခုသော ရပ်တန့်ခြင်းမန္တာန်။
ဝမ်လင်း၏မျက်နှာက ဖြူရောသွား၏။ ထိုလက်ညွှန်ချက်တွင် သူ့စွမ်းအားအပြည့် ပါဝင်၏။ ရပ်တန့်ခြင်းမန္တာန်ကိုးဆယ့်ရှစ်ခု ပေါ်လာသည့်နောက် ဝမ်လင်းပင် ရှင်းမပြနိုင်သော ကွယ်ဝှက်ပုန်းလျှိုးသည့် ပြောင်းလဲမှုအချို့ ဖြစ်ပွားလာ၏။ ၎င်းမှာ မဟာအင်ပါယာတောက်ရီ ပေါ်လာခဲ့ချိန်က လောက တောင့်တင်းအေးခဲသွားရပုံနှင့် အတော့်ကို ဆင်တူချေသည်။
“ငါတို့ကြားမှာ ဘာအမုန်းတရားမှ မရှိဘူး။ ငါ နင့်ကို မသတ်ချင်ဘူး…”
ဝမ်လင်းက အေးခဲတောင့်တင်းသွားသော ဟိုင်းဇီကို ကြည့်ကာ ပင်လယ်ထဲသို့ ပျောက်ကွယ်သွားတော့၏။
အတိတ်တုန်းက သူ၏မန္တာန်ကိုးဆယ့်ရှစ်ခုကို အင်ပါယာအတုတစ်ယောက်ကဲ့သို့ တစ်ခုတည်းအဖြစ်သို့ မပေါင်းစည်းနိုင်ခဲ့ပေ။ အဆုံးသပ်၌ ၎င်းမှာ ဗိုလ်မရှိသော စစ်သားများသာ ရှိသည့် စစ်တပ်တစ်ခုနှင့် တူနေခဲ့၏။ ထို့ကြောင့်လည်း မဟာအင်ပါယာတစ်ယောက်က သူ၏မန္တာန်ကို လက်သီးတချက်တည်းဖြင့် ဖျက်စီးပစ်နိုင်ခဲ့တာပင်။
သို့သော် ခုခါတွင်မူ သူ၏ကိုယ်ပွားများ မပါဘဲဖြင့်ပင် သူ့အနေဖြင့် မန္တာန်ကိုးခုကို သူ့ခန္ဓာကိုယ်ထံ ပေါင်းစည်းနိုင်နေပြီ ဖြစ်၏။ ထို့နောက် သူ့ကိုယ်ပွားများ၏ ဆန်းကြယ်သောဖိသိပ်ခြင်းစွမ်းအားကြောင့် ဝမ်လင်းသည် မန္တာန်သုံးဆယ့်ခြောက်ခုကို ပေါင်းစည်းနိုင်လေပြီ။ သို့ဖြစ်၍ သူက အရင်ထက် များစွာ ပိုအစွမ်းထက်နေချေပြီ။
အင်ပါယာအတုဟိုင်းဇီကို ရပ်တန့်စေပြီးနောက် ဝမ်လင်းက ၎င်းမှာ အချိန်သိပ်ကြာမည် မဟုတ်တာကို သိ၏။ သူသည် အလွန်မြန်ဆန်စွာ ရွှေ့လျားကာ ပင်လယ်အောက်ခြေသို့ ဦးတည်တော့သည်။
အချိန်ဖြည်းဖြည်း ကုန်ဆုံးလာ၏။ လေးခုမြောက်အသက်ရှိုက်စာ အချိန်၌ ဝမ်လင်းသည် ပင်လယ်၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်လာသည်။ သည်နေရာရှိဖိအားသည် သာမန်ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ကို ခြေမွပစ်ဖို့ရာ လုံလောက်၏။ သို့သော် ဝမ်လင်း၏ ရှေးတောက်ခန္ဓာကိုယ်အတွက်မူ ပြဿနာ မဟုတ်ပေ။
ဝမ်လင်းသည် ပင်လယ်ကြမ်းပြင်ထံ လက်သီးတချက် ရုတ်တရက် ပစ်သွင်းလိုက်၏။ ထိုလက်သီးချက်က ပင်လယ်ပြင်ကို ဝုန်းဒိုင်းကြဲ သွားစေပြီး ဝဲကတော့ကိုးဆယ့်ရှစ်ခု ဝမ်လင်းရှေ့တွင် ပေါ်လာစေ၏။ ၎င်းတို့က ပင်လယ်ကြမ်းပြင်ထံ ဦးတည်တော့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ပင်လယ်ကြမ်းပြင်သည် ပျက်စီး၍ ဧရာမတွင်းပေါက်တစ်ခု ပေါ်လာ၏။ ရေများသည် ၎င်းအတွင်းသို့ တရဟော စီးဝင်သည်။
ဝမ်လင်းက တုံ့နှေးမနေပေ။ သူက လွန်ခဲ့သောသုံးနှစ်တည်းက တောင်တန်းပင်လယ်ကို ရှာဖွေခဲ့ပြီး ဖြစ်၏။ သူ့အနေဖြင့် တေင်တန်းပင်လယ်သစ်ပင်က ဒီတောင်တန်းပင်လယ်ကို မည်သို့မည်ပုံ ထောက်ပိုးပေးထားသည်ကိုလည်း ရှာဖွေသိရှိခဲ့ပြီးပင်။ သူက တွင်းနက်ထံ တရကြမ်း ဦးတည်ဝင်ရောက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ထိုအခိုက်တွင် အသက်ရှုချိန်ခြောက်ကြိမ်စာ ရှိလာခဲ့လေပြီ။ ရေဘဝဲမှာလည်း ရပ်တန့်ခြင်းမန္တာန်၏ အဝန်းအဝိုင်းတွင်း ရောက်နေသဖြင့် ၎င်းမှာ မလှုပ်နိုင် ဖြစ်နေသည်။ မိန်းမလှကလည်း သူမ၏မျက်တောင်ကိုပင် မလှုပ်နိုင် ဖြစ်နေ၏။
အချိန်ကုန်လွန်လာသည်။ ရှစ်ကြိမ်မြောက်အသက်ရှိုက်စာတွင် ဝမ်လင်းသည် တောင်တန်းပင်လယ်အောက်ခြေတွင် ပေါ်လာ၏။ သည်တွင်းနက်ထဲရှိ လောကအတွင်း၌ အလွန်ကြီးမားလှသော သစ်ပင်တစ်ပင် ရှိနေချေသည်။
ထိုသစ်ပင်မှာ တောင်တန်းပင်လယ်၏ တစ်ဝက်ပင်။ လူတစ်ယောက်သည် ၎င်း၏အဆုံးသပ်ကို အကြည့်တချက်တည်းဖြင့် မြင်နိုင်လိမ့်မည် မဟုတ်ပါ။ ထိုသစ်ပင်၏ ပင်စည်သည် သွေ့ခြောက်နေသော်လည်း အကိုင်းအခတ်တို့ကမူ ပင်လယ်ကို ထောက်ပိုးပေးထားလေ၏။
နှိုင်းယှဉ်ကြည့်ပါက ဝမ်လင်းသည် အတော့်ကို သေးနုပ်နေပေသည်။ အနှီသစ်ပင်တွင် သေခြင်းအော်ရာတို့ ပြည့်နေကာ ချိပ်ပိတ်မှုအလွှာလိုက် ရှိ၏။ ထို့အပြင် ၎င်းထံတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်လည်း ပါဝင်နေသေး၏။ ထိုသစ်ပင်သည် မရေမတွက်နိုင်သော သက်ရှိဖြစ်တည်မှုများကို သတ်ဖြတ်ပစ်ခဲ့ပြီးသည့်အလား။
သွေ့ခြောက်နေသော ပင်စည်အပြင် ထိုသစ်ပင်ပတ်လည်၌ အစိမ်းရောင်အလင်း သစ်ပိုင်အခိုင်အစုအဝေး ခုနစ်ခု ရှိနေ၏။ တစ်ခုစီက လက်သီးအရွယ်မျှသာ ရှိပြီး ထိုဧရာမသစ်ပင်နှင့် မစပ်အပ်သလို ထင်ရသည်။
ထိုအစိမ်းရောင်သစ်ပင်အခိုင်တို့က ဝမ်လင်း လိုချင်သော အရာပင်။ ယင်းတို့သည် တောင်တန်းပင်လယ်သစ်ပင် သေဆုံးပြီးနောက် မွေးဖွားလာခဲ့သော တောင်တန်းပင်လယ်သစ်ပင် စိတ်ဝိညာဉ်များပင်။ ထိုစိတ်ဝိညာဉ်များက ကျင့်ကြံသူတစ်ယောက်ကို သစ်သားအနှစ်သာရရဖို့အတွက် ကူညီပေးနိုင်၏။
တောင်တန်းပင်လယ်သစ်ပင်သည် မူလတုန်းက ထိုသို့သော စိတ်ဝိညာဉ်များစွာ ရှိ၏။ သို့သော် ၎င်း သေဆုံးပြီးနောက် အများစုသည် ယူဆောင်ခြင်း ခံခဲ့ရသည်။ အခုအခါ၌ ခုနစ်ခုသာ ကျန်တော့သည်။
ထိုတောင်တန်းသစ်ပင်စိတ်ဝိညာဉ်များသည် ချိပ်ပိတ်မှုအတွင်း၌ မဟုတ်ပေ။ အချို့အကြောင်းရင်းများကြောင့် အပြင်ဘက်တွင် လွင့်မြောနေခြင်းပင်။ ချိပ်ပိတ်မှုက ထိုစိတ်ဝိညာဉ်များအပေါ် သက်ရောက်မှု မရှိဟု ထင်ရ၏။
အခုအခါ၌ အသက်ရှိုက်စာဆယ်ကြိမ် ကုန်လွန်သွားခဲ့လေပြီ။
တုံ့နှေးမနေဘဲ ဝမ်လင်းက တောင်တန်းပင်လယ်သစ်ပင်နား ရွှေ့လျားလာကာ သူ့လက်ကို ဝေ့ယမ်းသည်။ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ခုနစ်ခုထဲမှ ခြောက်ခုသည် ဝမ်လင်း၏ယူဆောင်ခြင်း ခံလိုက်ရပြီးနောက် သူက ထွက်ခွာရန် ပြန်လှည့်သည်။
လှည့်လိုက်ရုံရှိသေး ဝမ်လင်းသည် သူ့မျက်လုံးထဲ၌ စူးခနဲ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့မျက်လုံးထဲရှိ ရွှေရောင်အလင်းသည် သူ့ထိန်းချုပ်မှုကနေ လွတ်ထွက်ကာ တောက်ပလာ၏။ ထိုရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်းကို ရပ်တန့်သွားစေသည်။
သူ့မျက်လုံးထဲရှိ နာကျင်မှု၌ ခေါ်နေဟန် ပါဝင်နေ၏။ တောင်တန်းပင်လယ်သစ်ပင်အတွင်းရှိ တစုံတစ်ခုက ဝမ်လင်း၏မျက်လုံးထဲရှိ တစုံတစ်ခုကို ခေါ်နေသည့်အလား။
ဝမ်လင်း၏မျက်လုံးထဲတွင် ကောင်းကင်ဘုံဘိုးဘေး၏ဓားအစိတ်အပိုင်းတစ်ခု ပါဝင်နေပေသည်။ ဤသည်က သူ့မျက်လုံးကို ထိုဓားစွမ်းအား၏ ဖိနှိပ်မှုကို ပိုင်ဆိုင်စေခြင်းတည်း။
သူ ရုတ်တရက် နောက်ပြန်လှည့်သည်။ သူ့မျက်လုံးထံမှ ရွှေရောင်အလင်း တောက်ပနေရင်း သူက သူ့ထံ ရွှေရောင်အလင်းတန်းတစ်ခု ထိုးထွက်လာသည်ကိုလည်း တွေ့မြင်သည်။
ထိုအဖြစ်အပျက်တို့က မြန်ဆန်လှ၏။ ဝမ်လင်းက အနှီရွှေရောင်အလင်းကို သတိပြုမိသည့်အခါ သူက တောင်တန်းပင်လယ်သစ်ပင်အတွင်း၌ လက်ဖဝါးအရွယ်အစားရှိသော ရွှေရောင်အစိတ်အပိုင်းတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။
“ကောင်းကင်ဘုံဘိုးဘေးရဲ့ ဓားအစိတ်အပိုင်းတစ်ခု…” ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားလေ၏။
လက်ဝါးအရွယ်ခန့် ရွှေရောင်အစိတ်အပိုင်းက ဝမ်လင်းထံ ပျံသန်းလာချေသည်။ ၎င်းက ဝမ်လင်းကို ခေါ်နေသည့်အစား ဝမ်လင်းက ထိုသစ်ပင်၏ အနှီရွှေရောင်အစိတ်အပိုင်းကို ခေါ်နေသလို ထင်ရသည်။
သို့ပေမည့် တောင်တန်းပင်လယ်သစ်ပင် ပတ်လည်ရှိ ချိပ်တံဆိပ်မှာ ထိုအစိတ်အပိုင်း ထွက်ခွာဖို့ ကြိုးစားလာချိန်၌ လွန်စွာ တောက်ပလာ၏။ လှိုင်းဂယက်များ ထလာကာ အဆုံးသပ်၌ အစိတ်အပိုင်းတစ်ဝက်ကသာ ချိပ်ပိတ်မှုကနေ ထိုးထွက်လာပြီး ကျန်တစ်ဝက်က ချိပ်ပိတ်မှုအတွင်း ကျန်ရှိနေကာ ပျံသန်းထွက်လာနိုင်ခြင်း မရှိလေတော့ပေ။
ဝမ်လင်း၏မျက်လုံးက ပိုတောက်ပလာသည်။
“ဒီတောင်တန်းပင်လယ်သစ်ပင်မှာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဓားအစိတ်အပိုင်းတစ်ခု ဘယ်လိုလုပ် ရှိနေရတာလဲ…”
လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်တည်းက ဝမ်လင်းသည် အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ဘုံကျောင်းထဲက အဘိုးအို သူ့ခန္ဓာကိုယ်အတွင်း ထည့်သွင်းပေးခဲ့သော အမျိုးအမည်ပစ္စည်းများနှင့် ပတ်သတ်၍ ဝမ်လင်းသည် ရှာဖွေခဲ့ဖူးသည်။ သူ့အနေဖြင့် သူ့ခန္ဓာကိုယ်၏ အရှင်သခင် ဖြစ်ချင်ပါက သူ့ခန္ဓာကိုယ်တွင်းရှိနေသော ထိုပစ္စည်းများ၏ ဇာစ်မြစ်ကို နားလည်ရမည် မဟုတ်လား။
ပြောကြသည်မှာ ကောင်းကင်ဘုံဘိုးဘေး၏ ဓားက အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်နှင့် တိုက်ပွဲအတွင်း ထိုသားရဲ၏ အမြှီးကြောင့် တစစီပျက်စီးခဲ့သည်ဟု ကောလာဟာလ ရှိသည်။ သို့သော်လည်း ဝမ်လင်းသည် ထိုသို့သော သတင်းစကားများကို ဆယ်ခုထက်မနည်း ကြားခဲ့ရပေသည်။
ကုန်းမြေတိုင်း၌ ထိုကုန်းမြေတွင် ချိပ်ပိတ်ထားသော စိတ်ဝိညာဉ်ကို ဖော်ကျူးသည် ကောလဟာလစကားများ ရှိပေသည်။ ဝမ်လင်းအနေဖြင့် မည်သည်ကအမှန်၊မည်သည်ကအမှားဖြစ်သည်ကို ပြောနိုင်ဖို့ နည်းလမ်းမရှိ ဖြစ်ခဲ့သည်။
ကောင်းကင်ဘုံဘိုးဘေး ပျောက်ကွယ်သွားသည့်နောက်တွင် ထိုဓားက ၎င်းဘာသာ တစစီဖြစ်သွားတာဟုလည်း ကောလဟာလ စကားများ ရှိသေးပေ၏။ ထိုအစိတ်အပိုင်းတို့က ကုန်းမြေအမျိုးမျိုးအနှံ့ ပြန့်ကြဲခဲ့သည်ဟုလည်း ဆိုခဲ့ကြသည်။
ဝမ်လင်း၏စိတ်ထဲတွင် အတွေးများ ဖြတ်ပြေးနေ၏။ သူက ချီတုံချတုံ ဖြစ်နေသည်။
“ဒီချိပ်ပိတ်မှုကို ကောင်းကင်ဘုံဘိုးဘေးက နေရာချထားခဲ့တာ။ ဒီအစိတ်အပိုင်းကို ယူလိုက်ရင် ဒါဟာ ဒီချိပ်ပိတ်မှုစွမ်းအားကို သွားခလုတ်တိုက်တာနဲ့ တူလိမ့်မယ်…”
သည်ဖြစ်စဉ် အစကနေ အခုအခါထိဆို အသက်ရှိုက်စာ ဆယ့်ငါးကြိမ် ကုန်ဆုံးလာခဲ့လေပြီ။ ဝမ်လင်းသည် ပြတ်သားစွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်၏။ သူ၏မူရင်းခန္ဓာကိုယ်ကတော့ မလှုပ်ရှားပေ။ ထိုအစား သူ့မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က ဓားအစိတ်အပိုင်းထံ ဦးတည်ပျံသန်းလာ၏။ သူက ၎င်းထံ တိုးဝင်ကာ သစ်ပင်၏ ချိပ်ပိတ်မှုမှ တဝက်ထွက်ပေါ်နေသော ထိုအစိတ်အပိုင်းကို ဖမ်းဆုပ်လိုက်သည်။
“အစိမ်းရောင်မိစ္ဆာဘုံကျောင်းမှာလည်း ချိပ်တံဆိပ်တစ်ခုရှိခဲ့တာပဲ။ ဒါပေမဲ့ အဲ့တာက ပြသနာကြီး မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ အခုဒီချိပ်တံဆိပ်ကတော့ မတူတဲ့ပုံပဲ။ ဒါပေမဲ့လည်း ချမ်းသာမှုဆိုတာ အန္တရာယ်ကြားမှာ တွေ့နိုင်တာ။ ဒါ့ကြောင့် ငါ့အနေနဲ့ ဒီအတိုင်း ပြန်မထွက်သွားချင်ဘူး…”
မိုးကြိုးအနှစ်သာရခန္ဓာကိုယ်သည် လက်ဆန့်ထုတ်ကာ ဓားအစိတ်အပိုင်းကို ဖမ်းဆုပ်လိုက်ပေပြီ။
သူ့ညာလက်ဖြင့် ထိုဓားအစိတ်အပိုင်းကို ဖမ်းဆုပ်လိုက်သည့်အခါ၌ တောင်တန်းသစ်ပင်ထံမှ ချိပ်ပိတ်ခြင်းအားသည် ပေါက်ကွဲထွက်လာတော့သည်။
လှိုင်းဂယက်များက ထိုဓားအစိတ်အပိုင်းရှိနေသော နေရာ၌ ပေါ်လာ၏။ ယင်းတို့သည် ခမ်းနားကြီးမြတ်မှုအပြည့်ဖြင့် မျက်နှာတစ်ခုကို ဖွဲ့စည်းဖြစ်ပေါ်စေပြီး ဖိနှိပ်မှုအားတစ်ခုက ဝမ်လင်း၏ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ထံ နီးကပ်လာ၏။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်တဲ့ စိတ်ဝိညာဉ်တစ်ခုကို ရှာတွေ့တယ်။ ချိပ်ပိတ်လိုက်…”
ရှေးဟောင်းအသံတစ်သံ ပင်လယ်အောက်ခြေ၌ ပဲ့တင်ထပ်၏။
“ဒီမှာ အမှန်တကယ် ပြဿနာ တစ်ခု ရှိနေတယ်…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာတော့သည်။