မျက်နှာ
Vol. 144 Ch. 1984
ထိုရှေးဟောင်းအသံက ဝမ်လင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်၏။ ယင်းအသံသည် လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သည့်အချိန်က ထွက်ပေါ်လာခဲ့သလား ထင်ရသည်။
ထိုအသံ ထွက်ပေါ်လာသည့်အခါ ဝမ်လင်း၏မူရင်းခန္ဓာကိုယ်သည် တုံ့နှေးမနေဘဲ ချက်ခြင်း နောက်ဆုတ်၏။ သူ နောက်ဆုတ်နေစဉ် သူ၏ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်ကတော့ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ထံ တရကြမ်း ဦးတည်သည်။ တချိန်တည်းမှာ ချိပ်ပိတ်မှုအလွှာများထံမှ ဧရာမမျက်နှာတစ်ခု ပေါ်လာကာ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ကို ဝါးမြိုရန် တာဆူလာသည်။
ထိုမျက်နှာ ပေါ်လာသည်နှင့် ပြင်းထန်သောစုပ်အားတစ်ခုသည် ရွှေရောင်ဓားအစိတ်အပိုင်းပတ်လည်တွင် ပေါ်လာ၏။
ထိုအခိုက်တွင် ဝမ်လင်း၏မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ကက ထိုဓားအစိတ်အပိုင်းကို လက်လွှတ်ကာ နောက်ဆုတ်လိုက်ပါက သူ့အနေဖြင့် ဝါးမြိုရန် တာဆူလာသော မျက်နှာထံမှ လွတ်မြောက်သွားနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် သူသာ ထိုသို့ မလုပ်ပါက အန္တရာယ် ကျရောက်သွားနိုင်၏။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ တုံ့နှေးမနေဘဲ သူ၏မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ထံမှ ကျယ်လောင်စွာ တုန်ဟည်းသံများ ထွက်ပေါ်လာကာ မိုးကြိုးသည် ပြန့်ကြဲသည်။ မိုးကြိုး၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပါဝင်၏။၎င်းမှာ သတ်ဖြတ်ခြင်းမိုးကြိုးတည်း။
ထိုမိုးကြိုး ပြန့်ကြဲကာ တုန်ဟည်းသံများ ပင်လယ်အောက်ခြေ၌ ပဲ့တင်ထပ်၏။ ပြန့်ကြဲနေသော မိုးကြိုးတို့က ကြီးမားသောလက်တစ်ဖက်အဖြစ် သိပ်သည်းကာ ဝါးမြိုလာသော မျက်နှာထံ ဖိချလာ၏။
ထိုမျက်နှာသည် ဝေဝါးလှ၏။ သတ်ဖြတ်ခြင်းမိုးကြိုးက ၎င်းမျက်နှာပေါ်သို့ ဖိချလာသည့်အခါ တဝုန်းဝုန်းအသံများ ထွက်ပေါ်ကုန်သည်။
ထိုမျက်နှာက နာကျင်ဟန်အမူအရာကို ပြသ၏။ ထိုခဏတာ တုံ့ဆိုင်းသွားသည့်အခိုက်တွင် ဝမ်လင်း၏မိုးကြိုးအနှစ်သာရခန္ဓာကိုယ်က ဓားအစိတ်အပိုင်းကို ဆွဲထုတ်ယူ၏။ အားကောင်းလှသော စုပ်အားကို ဆန့်ကျင်၍ အတင်းနှုတ်ယူသည့်အခါ မျက်နှာအတွင်း၌ တစ်နေသော ဓားအစိတ်အပိုင်းက တစ်လက်မမျှ ဆွဲထုတ်ခြင်း ခံလိုက်ရသည်။
သို့ပေမည့် ထိုတစ်လက်မသည် အကန့်အသတ် ဖြစ်မည့်ပုံ ရသည်။ မိုးကြိုးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က ဆွဲထုတ်နေစဉ် ဝမ်လင်း၏ဒြပ်စင်ငါးခုအနှစ်သာရခန္ဓာကိုယ်က ရှေ့တိုးလာကာ မိုးကြိုးအနှစ်သာရခန္ဓဦကိုယ်ကို ဆွဲယူ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ထိုဓားအစိတ်အပိုင်းသည် နောက်ထပ် တစ်လက်မမျှ ဆွဲနှုတ်ခြင်း ခံရသည်။
အခုအခါ၌ ဓား၏အစိတ်အပိုင်းအများစုသည် အပြင်ဘက်သို့ ဆွဲထုတ်ယူခြင်း ခံရကာ ချိပ်ပိတ်မှုအတွင်း၌မူ တစ်လက်မမျှသာ ကျန်တော့လေ၏။
ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် နီးကပ်လာကာ မိုးကြိုးလက်ဝါးဖြင့် ဟန့်တားထားသော မျက်နှာထံ လက်သီးတစ်ချက် ပစ်သွင်း၏။ ရှေးတောက်အရိပ် ပေါ်လာကာ ၎င်းကလည်း အလားတူ လက်သီးပစ်သွင်းသည်။
ဝုန်းဒိုင်းကြဲ ကျယ်လောင်သောအသံများ ပဲ့တင်ထပ်ကုန်ကာ ပတ်ဝန်းကျင်ပင်လယ်ကို တဝီဝီလှည့်ပတ်သွားစေသည်။ အထက်ရှိ ရေများသည် ပြင်းထန်သောဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေ၏။ လက်သီးချက်က မိုးကြိုးလက်ဝါးနှင့် ပေါင်းစပ်ကာ မျက်နှာကို ဟန့်တားထားလေ၏။ ဝမ်လင်းက ဒြပ်စင်ငါးခုခန္ဓာကိုယ်ကို လှမ်းဆုပ်ကိုင်ကာ ဆွဲယူလိုက်သည်။
သူ၏မူရင်းခန္ဓာကိုယ်စွမ်းအားက ဒြပ်စင်ငါးခုခန္ဓာကိုယ်ထဲ ဝင်ရောက်သွား၏။ ထိုအားက မိုးကြိုးအနှစ်သာရခန္ဓာကိုယ်ထဲ ဆက်လက် ဝင်ရောက်သည်။ ထိုအခါ မိုးကြိုးအနှစ်သာရခန္ဓာကိုယ်က ဓားအစိတ်အပိုင်းကို ဆွဲထုတ်ယူလိုက်ရာ ဘန်းခနဲ ပေါက်ကွဲ၍ ၎င်းအစိတ်အပိုင်းက မျက်နှာထံမှ ထွက်လာတော့သည်။
ထိုအစိတ်အပိုင်းကို ထုတ်ယူပြီးနောက် ပြင်းထန်သောအားတစ်ခုက ဝမ်လင်း၏ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်နှစ်ခုပေါ်သို့ တအား ဝင်ဆောင့်၏။ သူ၏အနှစ်သာရအစစ်အမှန်န္ဓာကိုယ်သည် ဝမ်လင်း၏မူရင်းခန္ဓာကိုယ်ထဲ ပျက်စီးဝင်ရောက်သွားပြီး သူလည်း နောက်သို့ လွင့်ထွက်သွားသည်။
သို့ပေမည့် ပြင်းထန်သောအားက မလွင့်ပြယ်သွားသေးချေ။ ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကို အရှိန်အဟုန်ဖြင့် ဝင်ဆောင့်၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ အင်ပါယာအတုကျင့်ကြံခြင်းနှင့် သူ့ရှေးတောက်ခန္ဓာကိုယ်တို့ဖြင့်ပင် သူသည် ဒဏ်ရာရသွားတုန်းပင်။ ဤသည်မှာ ထိုချိပ်ပိတ်မှုသည် မည်မျှအစွမ်းထက်တာကို ပြသနေ၏။
ဝမ်လင်းသည် ဒဏ်ရာရကာ နောက်သို့ လွင့်ထွက်သွားချိန်၌ မျက်နှာကို ဟန့်တားထားသော မိုးကြိုးလက်ဝါးသည် ရုတ်တရက် ပျက်စီးသွားကာ မိုးကြိုးများ ပြန့်ကြဲသွားတော့သည်။
ထိုလက်ဝါး၌ သတ်ဖြတ်ခြင်းမိုးကြိုး မြောက်များစွာ မပါဝင်ပေ။ အကြောင်းမှာ ဝမ်လင်း၏ကိုယ်ပွားက သတ်ဖြတ်ခြင်းမိုးကြိုးများများစားစား အသုံးမပြုခဲ့သောကြောင့်ပင်။ တကယ်တော့ သတ်ဖြတ်ခြင်းမိုးကြိုး၌ ဝမ်လင်းသည်ပင် ကြောက်ရသော စွမ်းအား ပါဝင်နေသည် မဟုတ်လား။
ထိုအခိုက်တွင် သည်လက်ဝါး ပျက်စီးသွားခိုက်၌ သတ်ဖြတ်ခြင်းမိုးကြိုးကတော့ ပြန့်ကြဲသွားရုံသာ ရှိပြီး တစ်စက်လေးမျှ မထိခိုက်သွားပေ။၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာ၏။
ထိုလက်ဝါးချက်က ဟန့်တားထားခြင်း မရှိသည်နှင့် မျက်နှာက မာန်သွင်းကာ ဝမ်လင်းထံ တိုးဝင်လာ၏။ ၎င်းသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ မဟုတ်သော ကျင့်ကြံသူဖြစ်သည့် ဝမ်လင်းကို မဝါးမြိုရချင်း လက်မလျှော့မည့်ပုံ ပေါ်၏။
ဖြတ်ခနဲအတွင်း ၎င်းသည် ဝမ်လင်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာ၏။ သူ မည်မျှ နောက်ဆုတ်ပါစေ အတားအဆီးအလွှာများ ဖုံးနေသော ထိုမျက်နှာက သူ့နောက်သို့ နီးကပ်စွာ လိုက်ပါလာသည်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်တဲ့သူရဲ့ စိတ်ဝိညာဉ်ကို ရှာတွေ့ပြီ။ ချိပ်ပိတ်မယ်…”
၎င်းသည် လိုက်လံလာရင်း ရှေးဟောင်းအသံ ထပ်မံ ထွက်ပေါ်လာ၏။
ဝမ်လင်း၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေ၏။ သူသည် အင်ပါယာအတုတိုက်ပွဲဝင် စွမ်းအား ပိုင်ဆိုင်ထားခဲ့သည့်အချိန်မှစ၍ လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်အတွင်း အခုလို အန္တရာယ်မျိုးကို လုံးဝ မကြုံခဲ့ရတော့ပေ။ သို့ပေမည့် သူ့ထံ၌ အချိန်များများ ရှိမနေပေ။ ချမ်းသာမှုဟူသည် အန္တရာယ်ကြားကနေသာ ရနိုင်သည် မဟုတ်လော။ သူသည် ဆုံးဖြတ်ပြီးသည်ဖြစ်၍ ထိုအတွက် နောင်တရနေမည် မဟုတ်ပါ။
နောက်ဆုတ်နေရင်း ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၏။ သူ့လက်ဖြင့် လက်သီးဆုပ်ဟန် ပြုသည်။ သူ့ပတ်လည်တွင် ပုံရိပ်ကိုးဆယ့်ခုနစ်ခု ပေါ်လာလေ၏။
ထိုပုံရိပ်အားလုံးက ချိပ်ဟန်များ ဖြစ်ပေါ်စေကာ သူတို့၏လက်ဝါးများဖြင့် ကောင်းကင်ထက်သို့ ဖိချသည်။
“နတ်ဘုရားတုန်ဟည်းခြင်း၊ စစ်တပ်အစီအရင်…”
“နတ်ဆိုးမန္တာန်၊ လေနဲ့မီးတောင်….”
“မိစ္ဆာတာအို၊ သေခြင်းရှင်ခြင်း ပြောင်းပြန်ဖြစ်ခြင်း…”
“နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ၊ ရှေးတောက်၊ ကောင်းကင်ဘုံသားဟူ၍ မရှိ…”
ထိုပုံရိပ်တစ်ခုစီတိုင်းက သည်စကားလေးခွန်းကို ဆိုကာ လက်သီးချက် ပစ်သွင်းကြသည်။ ပုံရိပ်ကိုးဆယ့်ခုနစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းသို့ ပြန်ရောက်လာပြီး လက်သီးချက် ပစ်သွင်းလေ၏။ မီးခိုးရောင်လှိုင်းဂယက်များသည် တိုးဝင်လာသော မျက်နှာထံ ပျံ့လွင်လာတော့သည်။
ဤသည်မှာ စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့် သူ့အပြည့်အဝ စွမ်းအားဖြစ်ကာ မည်သည်ကိုမျှ မထိန်ချန်ထားပေ။ နှစ်ပေါင်းငါးဆယ် အင်ပါယာအတုများနှင့် စိန်ခေါ်တိုက်ခိုက်ပြီးသည့်နောက်တွင်လည်း သူ့အနေနှင့် ဒီတိုက်ခိုက်မှုမျိုးကို အသုံးမပြုခဲ့ရပေ။ သို့သော် အခုအခါတွင်မူ ဒီချိပ်ပိတ်မှုကို ရင်ဆိုင်ရသည့်အခါ သူ့အနေဖြင့် ဒီတိုက်ခိုက်မှုကို ထုတ်လွှတ်မှ ဖြစ်ပေမည်။
မီးခိုးရောင်လှိုင်းဂယက်များသည် ဧရာမမျက်နှာနှင့် ထိပ်တိုက်တွေ့၏။ အက်သံများသည် အရူးအမူး ပဲ့တင်ထပ်ကာ ထိုမျက်နှာသည် ဝမ်လင်းနှင့် ပေသုံးဆယ်အကွာတွင် ကျောက်သားအဖြစ်သို့ မြန်ဆန်စွာ ပြောင်းလဲ၏။ ၎င်းမျက်နှာသာမက ချိပ်တံဆိပ်နှင့် ချိတ်ဆက်ထားသော လည်တိုင်နှင့်တူသည့် အရာမှာလည်း ကျောက်သားစတင် ဖြစ်လာသည်။
သို့သော် ထိုအရာတို့မှာ ယာယီမျှသာ။ ၎င်းသည် လုံးဝ ကျောက်သွား မဖြစ်သွားခင်၌ မီးခိုးရောင်သည် ပျံ့နှံ့ဆဲ ဖြစ်နေခိုက်တွင် ကျောက်သားဖြစ်သွားသော မျက်နှာ၏ ပထမဆုံးအစိတ်အပိုင်းမှာ ပြေလျှော့လာ၏။ ၎င်းက ပြန်ကောင်းမွန်သည့် အရိပ်အယောင် ပြသလာသည်။
“ရှေးတောက်၊ ကောင်းကင်ဘုံသားမရှိ မန္တာန်ကတောင် ဒါကို လုံးဝ မဖျက်စီးပစ်နိုင်ဘူးလား။ ဒီချိပ်ပိတ်မျက်နှာဟာ ပြန်ကောင်းမွန်နှုန်း မြန်ဆန်လှတယ်…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်မိနေ၏။ သူသည် သည်အခိုက်၌ နောက်ဆုတ်ဖို့ ရွေးချယ်ပါက သူ ပေါက်ကွဲဖန်တီးခဲ့သော ဒီတွင်းနက်ထံမှ လွတ်မြောက်ပြီး တောင်တန်းပင်လယ်ထဲ ပြန်ရောက်ဖို့ကို ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက် ရှိပေ၏။ ထိုအခါကျလျှင် သူ့အနေဖြင့် ပင်လယ်ထံမှ တိုက်ရိုက် ပျံသန်းတက်နိုင်မည် ဖြစ်သည်။
သို့ပေမည့် ဝမ်လင်းသည် ထိုသို့ ထွက်သွားချင်စိတ် မရှိပေ။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ ထိုချိပ်တံဆိပ်က သူ့ကို ဒဏ်ရာရစေခဲ့ပြီး ဖြစ်၏။ သူ့အနေဖြင့် ထွက်ပြေးနိုင်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက် ရှိသော်လည်း နှစ်ဆယ်ရာခိုင်နှုန်းကမူ တစ်ခုခု ဆိုးရွားတာ ဖြစ်နိုင်နေသေးသည် မဟုတ်လား။ ထိုသို့ ဖြစ်လာပါက အင်ပါယာအတုဟိုင်းဇီ ပြန်ကောင်းမွန်လာသည့်အခါကိုပါ ထည့်ပေါင်းလိုက််ပါက သူသည် နှစ်ဘက်တိုက်ခိုက်ခြင်း ခံရကာ အခြေအနေ အတော်လေး ဆိုးသွားနိုင်ပေသည်။
ဝမ်လင်းသည် ထိုသို့သော အရာမျိုးကို လောင်းကြေးထပ်မည့်လူမျိုး မဟုတ်ပေ။ သူက သူ့ကိုယ်ပိုင်ကံကြမ္မာကို သူသာ ထိန်းချုပ်ယူမည့်သူ ဖြစ်၏။
“ငါ နောက်မဆုတ်နိုင်ဘူး…” ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်လာ၏။ နောက်ဆုတ်ရမည့်အစား သူက ရှေ့သို့ ခြေလှမ်းရာ ထိုမျက်နှာရှေ့တွင် ပေါ်လာသည်။ မျက်နှာပေါ်ရှိ ကျောက်သားအလွှာက တစစီဖြစ်ကာ ၎င်းသည် လွတ်လပ်သွားတော့မည် ဖြစ်၏။ မျက်နှာပေါ်ရှိ လည်တိုင်ကလည်း တွန့်လိမ်ကာ ဝမ်လင်းကို ဝါးမြိုဖို့ ဦးတည်လာသည်။
သို့ပေမည့် ၎င်း၏လည်တိုင် အများစုက ကျောက်သား ဖြစ်နေချေ၏။ ၎င်းက ပြန်ကောင်းမွန်နေသော်လည်း ၎င်း၏ဦးခေါင်းအဖြစ်သို့ ပြန်ပြောင်းလဲဖို့ အသက်ရှိုက်စာအကြိမ်ရေများများ လိုနေသေးသည်။
ဝမ်လင်းက မာန်သွင်း၏။ သူက ညာလက်ကို ပင့်မြှောက်သည်။ သူက စူးရှရှ နာကျင်မှုကို ခံစားလိုက်ရပြီး ယင်ဓားသည် သူ့ညာလက်မှ ပေသုံးဆယ်လောက်ထိ ထိုးထွက်လာသည်။
ထိုယင်ဓား ပေါ်လာသည့်အခါ ပတ်ဝန်းကျင်ပင်လယ်ပြင်မှာ အေးခဲသွား၏။
“သေလိုက်တော့…” စိတ်ဝိညာဉ်ချပ်ဝတ်စွမ်းအားကို ငှားယမ်းထားပြီး ဝမ်လင်းက မာန်သွင်းလိုက်သည်။ ပုံရိပ်ကိုးဆယ့်ခုနစ်ခုက ထပ်မံ ပေါ်လာပြန်၏ ထိုပုံရိပ်အားလုံးသည် နီရဲသောမျက်လုံးတို့ဖြင့် ရှိနေကာ သူတို့၏ယင်ဓားများကိုလည်း ပင့်မြှောက်သည်။
ထိုဓားသွား ပိုင်းဖြတ်လာသည့်အခါ ပုံရိပ်ကိုးဆယ့်ခုနစ်ခုကလည်း ခုတ်ပိုင်းချက်ကိုးဆယ့်ခုနစ်ချက်ကို ဖြစ်ပေါ်စေပြီး ဝမ်လင်းထံ ပြန်ပေါင်းစည်းသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ဓားသွားစုစုပေါင်းကိုးဆယ့်ရှစ်ခုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသည်ဟု ထင်ရပြီး ယပ်တောင်အသွင် ဖြစ်ပေါ်ကာ ချိပ်ပိတ်မှုနှင့် ဆက်နေသော လည်တိုင်ထံသို့ ဆင်းသက်လာသည်။
တောင်တန်းပင်လယ်တခွင်လုံး တဝုန်းဝုန်းအသံများ ပဲ့တင်ထပ်ကုန်၏။ မျက်နှာနှင့် ချိတ်ဆက်ထားသော လည်တိုင်သည် ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။ ကျန်သည့်ဓားသွားများကလည်း ကပ်ပါလာကာ တုန်လှုပ်ဖွယ်ကောင်းလောက်သည့် မြည်ဟိန်းဆူညံသံ ပေါက်ကွဲထွက်လေ၏။
မျက်နှာနှင့် ချိတ်ဆက်ထားသော လည်တိုင်မှာ ဓားသွား၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။
ပင်လယ်ပြင်တခုလုံး တုန်ဟည်းမြည်ဟည်းလာကာ ဝဲကတော့တစ်ခု ဖြစ်ပေါ်၏။ ထိုစဉ် ပင်လယ်နဂါးက ၎င်း၏ခန္ဓာကိုယ်ကို တွန့်ခေါက်ကာ ရေဘဝဲထံ ၎င်းတို့သာ နားလည်နိုင်သော ဘာသာစကားဖြင့် ပြောဆိုဟန် ပြုသည်။
ထိုအခါ ၎င်းရေဘဲဝ၏ မျက်လုံးထဲ၌ ဒေါသနှင့်ရူးသွပ်မှုတို့ ဖြစ်ပေါ်လာသည်ကို မြင်ရသည်။ ၎င်းက ပင်လယ်နဂါး၏ စကားကို ကြားသည့်ပုံ ရ၏။
သို့သော် ပင်လယ်အောက်ခြေမှ တုန်ခါမှုများ ထွက်ပေါ်လာသည့်အခါ ပင်လယ်နဂါးကို ထိုအခိုက်၌ တုန်လှုပ်သွားစေ၏။ ၎င်းက ရုတ်တရက် အန္တရာယ်အာရုံကို ခံစားမိကာ တုံ့နှေးခြင်းမရှိ ထွက်ပြေးတော့သည်။
၎င်း ထွက်သွားသည့်နောက် အင်ပါယာအတုဟိုင်းဇီ၏ခန္ဓာကိုယ်ကလည်း တုန်ယင်သွားကာ သူမ၏မျက်လုံးထံမှ အေးစက်မှု လှစ်ဟပေါ်သည်။
“ဝမ်လင်း…” အင်ပါယာအတုဟိုင်းဇီသည် ရပ်တန့်ခြင်းမန္တာန်ကြောင့် အေးခဲတောင့်တင်းနေရာကနေ ပြန်ကောင်းမွန်လာတော့သည်။