ကျိုးပျက်လက်ဝါး
Vol. 144 Ch. 1985
အင်ပါယာအတုဟိုင်းဇီက ပြန်ကောင်းမွန်လာခိုက်တွင် ဝမ်လင်းက မျက်နှာနှင့် တောင်တန်းပင်လယ်အောက်ခြောရှိ အနက်ရောင်တွင်းနက်ထဲမှ ချိပ်ပိတ်မှုနှင့် ချိတ်ဆက်ထားသော လည်တိုင်ကို ဖြတ်တောက်လိုက်ပြီ ဖြစ်သည်။
ထိုဓားသွား ဖြတ်တောက်လိုက်ချိန်၌ ထိုမျက်နှာက မာန်သွင်းအော်ဟစ်ကာ တဖက်သို့ လုံးဝ လှည့်လာသည်။ သို့ပေမည့် ၎င်းသည် ဝမ်လင်းရှေ့တွင်ပင် တလွှာချင်းပျက်စီးသွားသည်။ ၎င်းက ဖုန်မှုန့်အဖြစ်သို့ ပြောင်းကာ ပင်လယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း၏ညာလက်နှင့် ချိတ်ဆက်ထားသော ယင်ဓားသွားထံမှ သွေးများ တစက်စက်ကျနေ၏။ ပြင်းထန်သောနာကျင်မှု ပျံ့လွင့်လာကာ ၎င်းသည် ညာလက်အတွင်းသို့ ပြန်လည် ပျောက်ကွယ်သွားသည်။
ဝမ်လင်းသည် ထိုဓားသွားကို အသုံးပြုကာ သူ၏ခွန်အားပြည့်ကို ပေါက်ကွဲတိုက်ခိုက်ခဲ့ခြင်းပင်။ သူ့ညာလက်ရှိ ယင်ဓားသွားမှာ တန်ပြန်ကန်အားကြောင့် ပျက်စီးတော့မလား ခံစားလိုက်ရသည်။
“ငါ့ကို ချိပ်ပိတ်ထားချင်တာလား…” ဝမ်လင်း၏အသက်ရှုသံက ကြမ်းရှနေသည်။ သူ၏ကျင့်ကြံမှုအဆင့်မှာ အတော်မြင့်မားသည့်အတွက်ကြောင့် သူ့အနေဖြင့် ရေထဲ၌ပင် သာမန်ကဲ့သို့ အသက်ရှုနိုင်ပေသည်။ သူသည် အသက်ရှိုက်သွင်းလိုက်စဉ် ပူသီပေါင်းများက အထက်သို့ မြင့်တက်၏။ သို့ပေမည့် ၎င်းတို့အတွင်း၌ မည်သည့်ရေမှ မပါဝင်ပေ။ ထိုအစား လေတို့သာ ပြည့်နေပြီး သူ့ပါးစပ်အတွင်းသို့ ထိုလေးများ ရှိုက်သွင်းခံရသည်။
ဝမ်လင်းက တောင်တန်းပင်လယ်သစ်ပင်အပေါ်ရှိ ချိပ်တံဆိပ်အလွှာများထံ ပြန်လှည့်ကြည့်သည်။ သစ်ပင်ပေါ်ရှိ ချိပ်ပိတ်မှုမှာ ဓားသွားကြောင့် မပျက်စီးသွားခဲ့ချေ။ လှိုင်းဂယက်များ ပဲ့တင်ထပ်ကာ ၎င်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူသည် ချက်ခြင်း ထွက်မသွားသေးဘဲ သူ့ဒဏ်ရာများနှင့် သူ၏စိတ်ဝိညာဉ်ချပ်ဝတ်အစွမ်း ကျန်ချိန်တို့ကို စစ်ဆေးကြည့်သည်။ သူ၏ခွန်အားပြည့် ထုတ်ဖော်ခဲ့မှုကြောင့် စိတ်ဝိညာဉ်ချပ်ဝတ်၏ အသုံးပြုနိုင်မည့်အချိန်မှာ များစွာ လျှော့ကျသွားခဲ့ရပေ၏။ သူ့ထံ၌ အမွှေးတိုင်တစ်တိုင်ဝက်စာလောက်မျှသာ ကျန်တော့သည်။
“လုံလောက်ပြီ…” ဝမ်လင်း၏အသက်ရှုသံက ချောမွတ်နေကာ သူက အထက်သို့ ဦးတည်သည်။ သူက အလွန်မြန်လှပြီး တွင်းနက်ဘေးနားတွင် ပေါ်လာသည်။ သူသည် ပင်လယ်အတွင်းနက်ပိုင်းမှ ထွက်လာပြီး တောင်တန်းပင်လယ်ထဲ ပြန်ရောက်ရှိလာသည်။
သူ ထိုပင်လယ်အောက်ခြေတွင်းနက်ထဲမှ ထွက်လာရုံ ရှိသေး ပင်လယ်နဂါးက မြန်ဆန်စွာ ရောက်ရှိလာ၏။ ၎င်းက ဟိန်းသံပေးသည်။ ထိုနဂါး၏မျက်လုံးထဲတွင် ပျော်ရွှင်မှုတို့ ပြည့်နေသည်။ ဝမ်လင်းက ခေါင်းညိတ်ပြကာ သူတို့နှစ်ယောက်သည် အတူတူ ပျံသန်းတက်လာသည်။
သူသည် အင်ပါယာဟိုင်းဇီအပေါ် ရပ်တန့်ခြင်းမန္တာန်အစွမ်းက ပြေလျှော့သွားခဲ့ပြီကို သတိပြုမိခဲ့ပြီးပင်။ ဝမ်လင်း လေထဲသို့ မြန်စွာ ပျံတက်လာချိန်တွင် ပင်လယ်ပြင်အထက်မှ ဒေါသတကြီးအော်ဟစ်သံ ပဲ့တင်ထပ်သည်။
“ဝမ်လင်း…” ထိုအသံ ပဲ့တင်ထပ်လာရင်း အပြာရောင်ပင်လယ်မှာ အနက်ရောင်သို့ ပြောင်းသည်။ ဝမ်လင်းရှေ့ရှိ ရေများသည် ချက်ခြင်းပင် မင်ကဲ့သို့ နက်မှောင်သွားသည်။ ရေဘဝဲက လက်တံများဖြင့် ဝေ့ယမ်းသဖြင့် ဝဲကတော့များဖြစ်ပေါ်ပြီး ယင်းတို့က ဝမ်လင်းထံ ပျံသန်းဝင်လာသည်။
“အင်ပါယာဟိုင်းဇီ၊ နင်ဟာ ငါ့ ရန်သူ မဟုတ်ဘူး။ ငါတို့ကြားမှာလည်း အမုန်းတရား မရှိဘူး။ ဒါ့အပြင် တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ဟာ နင့်အပိုင် မဟုတ်ဘူး။ နင် ဒီလိုဆက်လုပ်ရင် ငါ့ရက်စက်မှုအတွက် အပြစ်လာမတင်လေနဲ့…”
ဝမ်လင်းသည် တည်ငြိမ်စွာပင် ပင်လယ်နဂါးကို ထိန်းချုပ်ကာ အနက်ရောင်ပင်လယ်ရေကို ရှောင်၍ မျက်နှာပြင်ထံ ဦးတည်သည်။
“ဒီတောင်တန်းပင်လယ်တစ်ခုလုံးဟာ ငါ့လှိုဏ်ဂူပဲ။ ဒါ့ကြောင့် နင် စိတ်ရှိသလို လာလိုက်၊သွားလိုက် လုပ်တာကို ငါက ဘယ်လိုလုပ် ခွင့်ပြုပေးရမှာလဲ…”
အင်ပါယာဟိုင်းဇီ၏ အမည်မှာ အမှန်တော့ ရီတင်း ဖြစ်ပေ၏။ သို့ပေမည့် သူမက တောင်တန်းပင်လယ်တွင် တနှစ်ပတ်လုံး နေထိုင်ပြီး ဒီနေရာတွင် အင်ပါယာအတု ဖြစ်လာသူဖြစ်၍ ဝမ်လင်းကို ဆံဖြူအင်ပါယာအတုဟု ခေါ်ဝေါ်သကဲ့သို့ပင် သူမကိုလည်း ဟိုင်းဇီဟု အမည်ပေးထားကြခြင်းပင်။
သူမ ထိုသို့ ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများက နက်မှောင်သွား၏။
ထိုနက်မှောင်သော ပင်လယ်ရေအလွှာက အလွန်အားကောင်းလှကာ တောင်တန်းပင်လယ်တခုလုံးနီးပါးကို ချိပ်ပိတ်လိုက်လုနီးနီးပင်။ လူတစ်ယောက်သည် အပေါ်စီးမှ ကြည့်ပါက တောင်တန်းပင်လယ်သည် နက်မှောင်သောမြေပြင်ကဲ့သို့ ဖြစ်လာသလို ထင်မြင်ရလိမ့်မည်။
ပင်လယ်ရေအတွင်း၌ အင်ပါယာအတုဟိုင်းဇီက ရုတ်တရက် ပေါ်လာသည်။ ရေဘဝဲက မာန်သွင်းအော်ဟစ်ကာ ဝမ်လင်းအောက်ရှိ ပင်လယ်နဂါးထံ ဦးတည်ဝင်လာတော့သည်။
၎င်းက ပင်လယ်နဂါးကို အရိုးထဲကနေ မုန်းတီးနေခြင်းပင်။ ၎င်းသည် တရကြမ်း ဦးတည်လာစဉ် ပင်လယ်ပြင်အနှံ့၌ လှိုင်းဂယက်များထသည်။ ပင်လယ်နဂါးက ကြမ်းကြုတ်သောအကြည့်ကို ထုတ်ဖော်ကာ ၎င်းကလည်း ဟိန်းသံပေးသည်။ ၎င်းသည် တိုးဝင်သွားကာ ရေဘဝဲနှင့် စတင်တိုက်ခိုက်တော့သည်။
ပင်လယ်နေသားရဲနှစ်ကောင်၏ တိုက်ပွဲက ကျယ်လောင်စွာ တုန်ဟည်းမြည်သံများကို ပဲ့တင်ထပ်စေသည်။ လှိုင်းများကို ပျံ့လွင့်စေသည်။
တချိန်တည်းမှာ မိန်းမလှအင်ပါယာအတုဟိုင်းဖီက ဝမ်လင်း ရှေ့သို့ လျှောက်လာသည်ကို စောင့်ကြည့်နေ၏။ သူမသည် ဝမ်လင်းကို အမှန်တကယ် မမုန်းတီးပေ။ လွန်ခဲ့သောသုံးနှစ်က သူမသည် ဝမ်လင်းအပေါ် အမြင်ကောင်းအနည်းငယ် ရှိခဲ့ပေ၏။
လွန်ခဲ့သောသုံးနှစ်က တိုက်ပွဲတွင် ဝမ်လင်းက ရှုံးနိမ့်ခဲ့ပြီးနောက် အင်ပါယာအတုဟိုင်းဇီက သူနှင့်ပတ်သတ်၍ မေ့မေ့ပျောက်ပျောက် ရှိနေခဲ့ပေသည်။ သို့သော် အခုအခါတွင်မူ ကွာခြားသွားပေပြီ။ ဝမ်လင်းသည် သုံးနှစ်ကြာပြီးနောက် ပြန်ပေါ်လာကာ လက်ညွှန်ချက်တစ်ချက်ဖြင့် သူမကို အသက်ဆယ်ရှိုက်စာကျော် အချိန်လောက် ရပ်တန့်စေနေခဲ့ပေသည်။
ထိုသည်ကို သူမ မမျှော်လင့်ထားသလို သူမအနေဖြင့်လည်း အတော့်ကို စိတ်ရှုပ်ခဲ့ရပေ၏။ သူမသည် အင်ပါယာအတု ဖြစ်သော်လည်း အမျိုးသမီးကျင့်ကြံသူတစ်ယောက် ဖြစ်နေသေးသည် မဟုတ်လား။ အမျိုးသမီးတစ်ယောက်အနေဖြင့် သူမအနေဖြင့် မည်သို့မျှ မခုခံနိုင်ဘဲ့ ရပ်တန့်နေခဲ့ရသည့်အဖြစ်အပေါ် ရှက်သလို ဒေါသလည်း ထွက်မိပေသည်။
တောင်တန်းပင်လယ်သစ်ပင်သည် သစ်သားအနှစ်သာရကို သိပ်သည်း စေနိုင်သော်လည်း ၎င်းက သူမအတွက်တော့ အသုံးမဝင်ပေ။ သူမ၏မူလအစီအစဉ်မှာ ဝမ်လင်းကသာ ပိုရိုကျိုးကျိုး တောင်းခံပါက အင်ပါယာအတုကျင့်ကြံသူရောင်းရင်းတစ်ယောက်အဖြစ် ဝမ်လင်းကို တချို့တလေ ပေးပစ်ဖို့ ဆန္ဒရှိခဲ့ပေသည်။
သို့ပေမည့် ဝမ်လင်းကတော့ မထူးခြားနားဟန် ရှိနေခဲ့သည်ပင်။ ထိုသည် မိန်းမလှအင်ပါယာအတုဟိုင်းဇီကို စိတ်ကသိကအောက် ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူမက ရည်ရွယ်ချက်ရှိရှိ ဝမ်လင်းကို ပိုခက်ခဲအောင် လုပ်နေခြင်းပင်။
သူမသည် အစွမ်းထက်ကျင့်ကြံခြင်းကိုလည်း ပိုင်ဆိုင်ထားသလို မြင့်မြတ်သောအဆင့်အတန်းလည်း ရှိပေ၏။ ထို့ကြောင့် ဩဇာအင်ပါယာအချို့မှ လွဲ၍ သာမန်ကျင့်ကြံသူများသည် သူမအတွက် မထိုက်တန်ပေ။ သူမ၏ ကျင့်ကြံခြင်းအစွမ်းထက်မှုနှင့် မြင့်မြတ်သောအဆင့်အတန်းတို့ကြောင့် ဒီတောင်တန်းပင်လယ်တခုလုံးကို သူမ သိမ်းယူထားသော်လည်း မည်သူကမျှ ပြဿနာ လာမရှာဝံ့ခြင်းပင်။
သို့ပေမည့် သူမက ဒီနေရာတွင် အသက်ဆယ်ရှိုက်စာကျော်လောက် ရပ်တန့်ခံရလိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။
အင်ပါယာဟိုင်းဇီ ရောက်ရှိလာသည်ကို တွေ့သည့်အခါ ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူ၏စိတ်ဝိညာဉ်ချပ်ဝတ်သည် အချိန်အကန့်သို့ ရောက်နေခဲ့ပေပြီ။ သူ့အနေဖြင့် သူမနှင့် အချိန်မဖြုံးလိုပေ။ သို့သော်လည်း ထိုအမျိုးသမီးက လက်မလျှော့ ဖြစ်နေမှတော့ သူ့အနေဖြင့် သူမကို တတ်နိုင်သမျှ အမြန်ဆုံးနည်းလမ်းဖြင့် ဒဏ်ရာအပြင်းအထန် ရသွားအောင် လုပ်ပစ်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။
ထိုအခိုက်တွင် သူမက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ အင်ပါယာအတုဟိုင်းဇီက နီးကပ်လာသည့်အခါ ဝမ်လင်းက ရှေ့သို့ ခြေလှမ်းသည်။ ခြေတလှမ်းဖြင့် ပုံရိပ်ကိုးဆယ့်ခုနစ်ခု ပေါ်လာပြီး အင်ပါယာဟိုင်းဇီထံ တိုးဝင်လာတော့သည်။
သူမ နီးကပ်လာသည့်အခါ ဝမ်လင်းက ရုတ်တရက် သူ့ညာလက်ကို ပင့်မြှောက်ကာ အင်ပါယာဟိုင်းဇီထံ ဝေ့ယမ်းလိုက်သည်။
သူ့ လက်ဝါး ပင့်မြှောက်လိုက်ချိန်တွင် ပုံရိပ်ကိုးဆယ့်ခုနစ်ခုမှာလည်း သူတို့၏လက်များကို ပင့်မြှောက်သည်။ စစ်စိတ်ဝိညာဉ်လက်ဝါးကိုးဆယ့်ရှစ်ခုသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းကာ အင်ပါယာအတုဟိုင်းဇီထံ ပျံသန်းဝင်လာကြတော့သည်။
အင်ပါယာအတုဟိုင်းဇီက အံတင်းတင်းကြိတ်ကာ သူမ၏ကျောက်စိမ်းကဲ့သို့လက်ကို ဝေ့ယမ်းလိုက်သည်။ အပြာရောင်အလင်း တောက်ပသွားကာ ဧရာမခေါင်းလောင်းတစ်ခု ပေါ်လာ၏။ ထိုခေါင်းလောင်းသည် ချဲ့ကားထွက်လာကာ ထက်ရှသောစက်ဝန်းတစ်ခုကို ထုတ်လွှတ်သည်။ ထိုခေါင်းလောင်းအတွင်းမှ အပြာရောင်ငှက်တစ်ကောင် ပေါ်လာပြီး၏ ၎င်း၏တောင်ပံကို အကြိမ်ခုနစ်ဆယ် ခတ်လေသည်။ မန္တာန်ခုနစ်ဆယ့်က ရုတ်တရက် ပေါ်လာပြီး ဝမ်လင်း၏ စစ်စိတ်ဝိညာဉ်လက်ဝါးထံ ပျံသန်းဝင်လာသည်။
ထိုအပြာရောင်ငှက် ပျံသန်းလာသည့်အခါ အင်ပါယာအတုဟိုင်းဇီက သူမ၏ကျောက်စိမ်းကဲ့သို့လက်ကို ပင့်မြှောက်ပြီး ရှေ့သို့ ညွှန်သည်။
“ငါ့ဘဝဟာ ကံကြမ္မာနောက်ကို လိုက်လံခဲ့တယ်။ ပထမဆုံးတာအို…” အင်ပါယာအတုဟိုင်းဇီက လက်ညွှန်လိုက်ရာ သူမ၏ရှေ့တွင် ဘဲဥပုံချိပ်တံဆိပ် ပေါ်လာလေ၏။ ထိုဘဲဥပုံထဲ၌ သူမ၏မန္တာန်ခုနစ်ဆယ် ပါဝင်ချေသည်။
“မိုးကောင်းကင်ကို မဖိဆန်နိုင်ဘူးလား။ ဒုတိယတာအို…” အင်ပါယာအတုဟိုင်းဇီက အံတင်းတင်းကြိတ်၏။ သူမ၏လှပသော မျက်နှာက အတန်ငယ် ဖြူရောသွားသည်။ သူမက ညာလက်ကို ပင့်မြှောက်လိုက်ရာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ ကြည့်ရသည်မှာ ထိုမန္တာန်သည် သူမအဖို့ အသုံးပြုရန် အတော့်ကို ခက်ခဲသည့်ပုံပင်။
သူမ ထိုသို့ ပြောလိုက်သည့်နောက် မန္တာန်ခုနစ်ဆယ် ပါဝင်သော ဘဲဥပုံချိပ်တံဆိပ်သည် ရုတ်ချည်း ဖောင်းကြွလာ၏။ နှစ်ဆယ့်ခြောက်ခုသော ရိုက်ချက်များအဖြစ် ကွဲထွက်ကာ မန္တာန်ခုနစ်ဆယ်နှင့်ပေါင်းစည်း၍ ကိုးဆယ့်ခြောက်ခုသော မန္တာန်အဖြစ်သို့ ပြောင်းလဲသည်။
ယင်းတုန်လှုပ်ဖွယ်အော်ရာနှင့် ဘဲဥပုံချိပ်တံဆိပ်က ဝမ်လင်းထံ ပျံသန်းဝင်လာ၏။
ဝမ်လင်း၏စစ်စိတ်ဝိညာဉ်လက်ဝါးသည် အပြာရောင်ငှက်နှင့် ထိပ်တိုက်တွေ့၏။ အပြာရောင်ငှက်မှာ ပျက်စီးသွားကာ ခေါင်းလောင်းအဖြစ်သို့ ပြန်ပြောင်းသွားသည်။ ကျန်သည့်စစ်စိတ်ဝိညာဉ်လက်ဝါးက ရှေ့သို့ ဆက်ပျံလာသည်။ သို့သော် ၎င်းက ဘဲဥပုံချိပ်တံဆိပ်နှင့် ထိမိသည့်အခါ စစ်စိတ်ဝိညာဉ်လက်ဝါးသည် လွင့်ပါးပျောက်ကွယ်ကုန်တော့၏။
“ဒါက ဘယ်လိုမန္တာန်မျိုးလဲ….” ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိ၏။ ထိုဘဲဥပုံချိပ်တံဆိပ်က သူ့ကို အားကောင်းသောအန္တရာယ်အား ခံစားမိစေ၏။ တုံ့နှေးမနေဘဲ ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ခေါင်းအထက်သို့ ပင့်မြှောက်ကာ နောက်ဘက်သို့ ကွေးညွှတ်လိုက်၏။ ပုံရိပ်ကိုးဆယ့်ခုနစ်ခု ပေါ်လာ၏။
“ကောင်းကင်ဘုံနွားထီး တိုးဝှေ့ခြင်း…”
မိစ္ဆာတာအိုကလန်ဘိုးဘေးကို ထိတ်လန့်စေခဲ့သော ကောင်းကင်ဘုံနွားထီးမန္တာန်သည် ထပ်မံ ပေါ်လာခဲ့လေပြီ။ ဝမ်လင်း၏ပုံရိပ်ကိုးဆယ့်ခုနစ်ခုကလည်း အတူတကွ ရွှေ့လျားကာ ကြီးမားသော ကောင်းကင်ဘုံနွားထီးအရိပ် ပေါ်လာချေသည်။ ၎င်းထံ၌ မန္တာန်ပေါင်းကိုးဆယ့်ရှစ်ခု ပါဝင်ကာ ဘဲဥပုံချိပ်တံဆိပ်ထံ တိုးဝင်လာသည်။
ဝမ်လင်းနှင့်အင်ပါယာအတုဟိုင်းဇီတို့က အေးခဲနေသော ပင်လယ်အထက်၌ တိုက်ခိုက်နေကြ၏။ ထိုစဉ် ဝမ်လင်း ဖွင့်လှစ်ခဲ့သော ပင်လယ်အောက်ခြေရှိ တွင်းနက်၊ တောင်တန်းပင်လယ်သစ်ပင် ရှိနေသောနေရာတွင်တော့ အလွန်ထူးခြားသော ပြောင်းလဲမှုတစ်ခု မြန်ဆန်စွာ ဖွဲ့စည်းနေချေ၏။
တောင်တန်းပင်လယ်သစ်ပင်၏ ဘေး၊ ချိပ်ပိတ်မှုအလွှာများ၏ အပြင်ဘက်၌ ဝမ်လင်း ဖျက်စီးခဲ့သော မျက်နှာ ရှိရာနေရာတွင် တစ္ဆေအလင်းများ စုဝေးနေသည်။ ထိုအလင်းများထဲ၌ ရူးသွပ်ဖွယ် ကြမ်းကြုတ်မှုနှင့် သွေးဆာမှုတို့ ပါဝင်နေသည်။ ထိုအလင်းတန်းများထံ၌ ကြောက်မက်ဖွယ်ကောင်းသော အော်ရာတစ်ခုလည်း ပါဝင်နေပေသည်။
သို့ရာတွင် ထိုအော်ရာက အလွန်ထူးခြားကာ အနည်းငယ်မျှပင် ပျံ့လွင့်ခြင်း မရှိပေ။ အပြင်ဘက်တွင် တိုက်ခိုက်နေသော ဝမ်လင်းနှင့်အင်ပါယာအတုဟိုင်းဇီတို့မှာ ၎င်းကို သတိမပြုမိကြချေ။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေလျက် ပိုမိုများပြားသော တစ္ဆေအလင်းစက်များ ပေါ်လာ၏။ ယင်းတို့က အချိန်တိုအတွင်း အတူတကွ စုစည်းကြ၏။ ယင်းတို့သည် အစောပိုင်းတုန်းကကဲ့သို့ မျက်နှာအသွင် ဖွဲ့စည်းခြင်း မဟုတ်တော့၊ ကျိုးပျက်နေသော လက်ဝါးချက်အသွင် ဖွဲ့စည်းခြင်းပင်။
ထိုလက်ဝါးတွင် လက်မပါဘဲ ဖြစ်သည့်အတွက် ကျိုးပျက်နေသော လက်ဝါးဟု ခေါ်တွင်ရခြင်းတည်း။
ထိုလက်ဝါးပျက်က မူလအားဖြင့် အလွန်ကြီးမားပေ၏။ သို့သော်ငြားလည်း ၎င်း ပေါ်လာသည့်နောက် သာမန်လူတစ်ယောက်၏ လက်ဝါးစာအရွယ်လောက်ထိ ကြုံ့သွားခဲ့သည်။
ထိုလက်ဝါး၏ အလယ်တည့်တည့်၌ ဝေဝေဝါးဝါးအမှတ်အသားတစ်ခု ရှိနေသည့်ပုံပင်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်တဲ့ စိတ်ဝိညာဉ်ကို ရှာတွေတယ်။ ချိပ်ပိတ်မယ်…”
ဝိုးတဝါးအသံတစ်ခုက ယင်းလက်ဝါးထံမှ ထွက်ပေါ်လာ၏။ ထိုလက်ဝါးချက် အထက်သို့ တန်းမတ်စွာ ပျံတက်လာသည့်အခါ ပင်လယ်တွင် လှိုင်းဂယက်များထသည်။
ထိုအခိုက်တွင် ဝမ်လင်းက အင်ပါယာအတုဟိုင်းဇီနှင့် တိုက်ခိုက်နေချိန်ပင်။ အနှီလက်ဝါး ရောက်ရှိလာသည်ကို သူတို့နှစ်ယောက်လုံးက သတိမပြုမိကြပေ။