ပြောင်းလဲခြင်း
Vol. 144 Ch. 1986
တောင်တန်းပင်လယ်၏ မျက်နှာပြင် အများစုကို နက်မှောင်သောမင်နက်က ချိပ်ပိတ်ထားပေ၏။ ထိုမင်နက်က အားကောင်းလွန်းပေသည်။ ၎င်းမှာ အင်ပါယာအတုဟိုင်းဇီ၏ အစီအရင်ကြောင့် ဖြစ်ပေါ်လာသည့်အတွက် အလွယ်တကူ မချိုးဖျက်နိုင်ပေ။
ပင်လယ််အတွင်း၌ ဝမ်လင်းနှင့်အင်ပါယာအတုဟိုင်းဇီတို့က အကြမ်းပတမ်း တိုက်ခိုက်နေကြ၏။
အင်ပါယာအတုဟိုင်းဇီက ထူးခြားသောမန္တာန်ကို အသုံးပြုကာ သွေးအန်လိုက်ရပြီး မန္တာန်ကိုးဆယ့်ခြောက်ခုပါဝင်သော ချိပ်တံဆိပ်ကို ဖန်တီးခဲ့ပေ၏။ ထိုဘဲဥပုံချိပ်တံဆိပ်က ဝမ်လင်းထံ ပျံသန်းဝင်လာသည်။
ဝမ်လင်းသည် တုန်လှုပ်မိသွားသော်လည်း သူက ကောင်းကင်ဘုံနွားထီးတိုးဝှေ့ခြင်းဖြင့် ခုခံသည်။ ဧရာမကောင်းကင်ဘုံနွားထီးအရိပ်က အနှီဘဲဥပုံချိပ်တံဆိပ်နှင့် ထိပ်တိုက်တွေ့၏။
ယင်းတို့ ထိပ်တိုက်တွေ့ကြစဉ် ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပင်လယ်အနှံ့ ပဲ့တင်ထပ်သည်။
အင်ပါယာအတုဟိုင်းဇီ၏မျက်နှာမှာ ဖြူရောသွားကာ သူမသည် နောက်သို့ လွင့်သွား၏။ ထိုမန္တာန်မှာ သူမဆရာ သင်ပေးခဲ့သော မန္တာန်ဖြစ်ပြီး အလွန့်ကို အစွမ်းထက်၏။ သူမသည် ထိုမန္တာန်၏ ဒုတိယဟန်ကို ခုထိ မထိန်းချုပ်နိုင်သေးသော်လည်း ထိုမန္တာန်ကြောင့် ဩဇာအင်ပါယာအဆင့်အောက်ရှိ အလွန်နည်းပါးသောလူအချို့ကသာ သူမကို ယှဉ်နိုင်ပေလိမ့်မည်။
သို့ပေမည့် အခုတော့ သူမက ဝမ်လင်းနှင့် တွေ့နေလေပြီ။
ဝမ်လင်းသည်လည်း နောက်ဆုတ်လိုက်ရ၏။ သူ၏အသက်ရှုသံက မမှန်တော့ပေ။ ကောင်းကင်ဘုံနွားထီးအရိပ် ပျက်စီးသွားချိန်၌ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်ချပ်ဝတ်မှာလည်း ပျက်စီးမည့် အရိပ်အယောင်များ ပြသလာသည်။
သူ နောက်ဆုတ်လိုက်စဉ် ဝမ်လင်း၏မျက်လုံးက ဖြတ်ခနဲ လင်းလက်သွား၏။ သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ ပုံရိပ်ကိုးဆယ့်ခုနစ်ခု ပေါ်လာပြန်၏။ သူက နောက်ဆုတ်နေသော အင်ပါယာအတုဟိုင်းဇီထံ ခပ်ကြမ်းကြမ်း လက်ညွှန်သည်။
ရပ်တန့်ခြင်း။
ရပ်တန့်ခြင်း။
ဝမ်လင်းသည် ရပ်တန့်ခြင်းမန္တာန်ကို အင်ပါယာဟိုင်းဇီရှေ့၌ ဒုတိယအကြိမ် အသုံးပြု၏။ ပုံရိပ်ကိုးဆယ့်ခုနစ်ခုကို အသုံးပြုပြီးနောက် သူမကို အရှက်ရ၊ ထိတ်လန့်၊ ဒေါသထွက်စေခဲ့သော ထိုလက်ညွှန်ချက်က သူမအပေါ်သို့ ကျရောက်လာတော့သည်။
“ဝမ်လင်း…နင်…” အင်ပါယာအတုဟိုင်းဇီက စကားဆို၍မျှ မပြီးသေး၊ သူမ၏ဒဏ်ရာကြောင့် လုံးဝ ရပ်တန့်ခြင်း ခံလိုက်ရတော့သည်။ သူမ၏မူလစိတ်ဝိညာဉ်ပါ ရပ်တန့်သွားသည့်အတွက် သူမအနေဖြင့် ရေဘဲဝကိုပါ မထိန်းချုပ်နိုင်တော့ဘဲ သူမသည် ပင်လယ်အောက်ခြေသို့ စတင် နစ်မြုပ်လာသည်။
သို့ပေမည့် သူမသည် ဝမ်လင်းကို ဟန့်တားဝံ့မှတော့ သူမအနေဖြင့် ပြင်ဆင်ထားခဲ့ပြီးပင်။ သူမ၏ ပြင်ဆင်မှုက အနည်းငယ် လက်နှေးသွားသော်လည်း သူမက ဝမ်လင်း၏ ကျွမ်းကျင်လှသော ချိန်သားကိုက် တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း သူမ၏မူလစိတ်ဝိညာဉ်သာ ရပ်တန့်သွားခဲ့ခြင်း ဖြစ်၏။ သူမ၏မျက်လုံးနှင့် အတွေးတို့ကမူ ပုံမှန်အတိုင်းသာ ဆက်ရှိသည်။
သူမက ပိုပိုဝေးသွားသော ဝမ်လင်းကို စိုက်ကြည့်လျက် အရှက်တရားနှင့် ဒေါသကို ခံစားမိသည်။ သူမက ပါးစပ်မလှုပ်နိုင်သည့်အတွက် အံတင်းတင်းသာ ကြိတ်ထားရုံ ရှိ၏။
ဝမ်လင်း ရပ်တန့်ခြင်းမန္တာန်ကို ချက်ခြင်း အသုံးမပြုခဲ့တာ အကြောင်းရင်းနှစ်ခု ရှိပေ၏။ ပထမတစ်ခုမှာ သူမက သူ့ကို ဟန့်တားဖို့ ကြိုးစားမှတော့ သူမအနေဖြင့် ကြိုပြင်ဆင်ထားပြီး ဖြစ်ရပေမည်။
ဒုတိယတစ်ခုမှာ ဝမ်လင်းအနေဖြင့် အင်ပါယာအတုဟိုင်းဇီအပေါ် ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုပါက သူ့အနေဖြင့် သူမကို ဒဏ်ရာအပြင်းအထန်ရအောင် မလုပ်နိုင်ဘဲ ချက်ခြင်း အဝေးထွက်သွားခဲ့လျှင်လည်း သူမအနေဖြင့် ရပ်တန့်ခြင်းမန္တာန် ပြေလျှော့သွားသည်နှင့် သူ့နောက်သို့ လိုက်လံလာမည် ဖြစ်သည်။
အင်ပါယာအတုဟိုင်းဇီကို ရပ်တန့်စေပြီးနောက် ဝမ်လင်းက ရေဘဝဲကို ကန်ထုတ်ကာ ပင်လယ်နဂါးကို ခေါ်ဆောင်ရန် ဟန်ပြင်လိုက်သည်။ သူ့နတ်ဘုရားအာရုံကလည်း ရေထဲ နစ်မြုပ်သွားသော အင်ပါယာအတုဟိုင်းဇီပေါ်သို့ အလိုလို ဝေ့ခတ်ကျရောက်သွားသည်။
ထိုအခါ သူသည် မင်သက်မိသွား၏။
သူနှင့် အင်ပါယာဟိုင်းဇီတို့ တိုက်ခိုက်နေသောနေရာမှာ ပင်လယ်ကြမ်းပြင်နှင့် သိပ်မဝေးလှသော နေရာတွင်ပင်။ သူမက တွင်းနက်နှင့် သိပ်မဝေးသော နေရာသို့ နစ်မြုပ်နေခြင်း ဖြစ်၏။
ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ဝိုးတဝါးလှိုင်းဂယက်များနှင့် ထိုတွင်းနက်ထံမှ တစုံတစ်ခုက ခုခံနိုင်စွမ်း မဲ့နေသော အင်ပါယာဟိုင်းဇီထံ ဦးတည်လာနေသည်ကို ခပ်ရေးရေး တွေ့မြင်လိုက်၏။
ထိုလှိုင်းဂယက်များထဲတွင် တစုံတစ်ခု ရှိနေသည့်ပုံ ရ၏။ သို့သော် ၎င်းကို ပကတိမျက်လုံးဖြင့် ရှင်းရှင်းလင်းလင်း မြင်ရနိုင်မည် မဟုတ်ပါ။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်တဲ့ စိတ်ဝိညာဉ်ကိုတွေ့တယ်။ ချိပ်ပိတ်မယ်…”
ဝမ်လင်း၏စိတ်အတွင်းသို့ ထိုစကားသံ ဝင်ရောက်လာပြန်၏။ ထိုအခါ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားတော့သည်။
“မသေ သေးဘူးလား…”
ဝမ်လင်း၏ ဦးရေပြားသည်ပင် ထုံထိုင်းသွားသလို ခံစားမိရ၏။ သူသည် ယင်းမျက်နှာက မည်မျှအစွမ်းထက်သည်ကို ကောင်းကောင်း သိထားပေ၏။ သူက ထွက်သွားရန်ဟန်ပြင်လိုက်သည်။ သို့သော် သူက ထပ်မံရပ်သည်။
အင်ပါယာဟိုင်းဇီ၏ မူလစိတ်ဝိညာဉ်က ရပ်တန့်ခြင်း ခံထားရ၏။ သို့သော်လည်း သူမ၏ မျက်လုံးနှင့်အတွေးတို့ကမူ လှုပ်ရှားနိုင်တုန်းပင်။ သူမက ပင်လယ်ရေအတွင်းရှိ တုန်ခါလှိုင်းကို ရှင်းရှင်းလင်းလင်းမြင်ကာ သူမထံ ဝိုးတဝါးအရိပ်တစ်ခု မြန်ဆန်စွာ နီးကပ်လာနေတာကို တွေ့မြင်သည်။
သူမ၏စိတ်ထဲတွင် အတိုင်းမသိအန္တရာယ်ခံစားမှု ပေါ်လာ၏။ ထိုအန္တရာယ်က သူမ ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့ချိန်ကထက် များစွာ ပိုအားကောင်းသည်။ တကယ်တော့ သူမဘဝတွင် ခုလောက် အန္တရာယ်ရှိသည့် ခံစားမှုမျိုးကို အရင်က မကြုံခဲ့ဖူးပေ။
သူမ မျက်လုံးပြူးသွားသည်။ သူမသည် မလှုပ်နိုင်ပေ။ ခုခံနိုင်စွမ်းလည်း မရှိ ဖြစ်နေသည်။ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသော လှိုင်းဂယက်များထံမှ ထွက်ပေါ်လာသည့် ထိုအရိပ်က သူမထံ တိုးဝင်လာသည်ကိုသာ ဒီအတိုင်း စောင့်ကြည့်ရုံ တတ်နိုင်တော့သည်။
သန်မာလှသော အင်ပါယာအတုဟိုင်းဇီထံမှ အကြောက်တရားနှင့် သူမ အရင်တုန်းက လုံးဝ မဖြစ်ဖူးသော အားနည်းမှု လှစ်ဟပေါ်သည်။ သူမ၏ခန္ဓာကိုယ်သည် တုန်ယင်နေလျက် ရပ်တန့်ခြင်းမန္တာန်ကို ချိုးဖျက်ဖို့ ကြိုးစားလေ၏။
သေဘေးအန္တရာယ်ခံစားချက်က သူမကို အင်ပါယာအတုထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ မဟုတ်တော့ဘဲ အားနည်းသောမိန်းမသားအလား ခံစားမိစေတော့သည်။ ထိုသို့ ကြောက်မက်ဖွယ်အရာကို ရင်ဆိုင်ရသည့်အခါ သူမ၏မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ပေါ်လာသည်။
ထိုပင်လယ်ရေတွင်းရှိ လှိုင်းဂယက်မှာ တွင်းနက်ထဲမှ ချဲ့ကားထွက်လာသော ကျိုးပျက်လက်ဝါးပင်။ ၎င်းသည် ရူးသွပ်သွားဟန် တူသည်။ ၎င်းနှင့် တွေ့ကြုံသော မည်သူ့ကိုမဆို ‘အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှ မဟုတ်တဲ့ စိတ်ဝိညာဉ်ကို ရှာတွေ့တယ်၊ ချိပ်ပိတ်မယ်’ ဟူသော သတင်းစကားကို ပို့လွှတ်လေမည့်အလား။
ထိုအခိုက်တွင် ဝမ်လင်းသာ ထွက်သွားလိုပါက သူ့အနေဖြင့် အင်ပါယာအတုဟိုင်းဇီကို လစ်လျူရှုထားရမည်ပင်။ ဟိုင်းဇီ သားကောင် ဖြစ်နေချိန်တွင် သူ့အနေဖြင့် မြန်မြန် လွတ်မြောက်အောင် လုပ်နိုင်၏။
သို့သော် ခဏတာ ရုန်းကန်ပြီးနောက် သူက နောက်ပြန်လှည့်ကာ ဟိုင်းဇီထံ ဦးတည်လာ၏။
“ငါ့ဘဝတခုလုံးမှာ ငါဟာ လူယုတ်မာလည်း မဟုတ်သလို လူကောင်းတစ်ယောက်လည်း မဟုတ်ဘူး။ ငါဟာ အမြဲတမ်း ငါ့ဆုံးဖြတ်ချက်အတိုင်း ရှင်သန်နေထိုင်တယ်။ အင်ပါယာအတုဟိုင်းဇီနဲ့ ငါ့ကြားမှာ ဘာအမုန်းတရားမှ မရှိဘူး။ ဒါဟာ သူမရဲ့ လှိုဏ်ဂူပဲ။ သူမအနေနဲ့ ဒါကို စောင့်ကြပ်နေတာ ပုံမှန်ပဲ…”
ဝမ်လင်းက အလွန်မြန်၏။ သူသည် ချက်ခြင်းပင် ပေတစ်သောင်းလောက်ကို ရွှေ့လျားလာခဲ့လေပြီ။
“တောင်တန်းပင်လယ်ချိပ်တံဆိပ်က ငါ့ကြောင့် ပေါ်လာခဲ့တာ။ အခုချိန်မှ သူမကလည်း ငါ့ကြောင့် ရပ်တန့်ခြင်း ခံထားရတယ်။ ငါသာ အခု ထွက်ပြေးပြီး သူမကို ဒီအတိုင်း လက်လွတ်စပယ် ထားခဲ့ရင် ဒါဟာ ငါ့အတွက် စိတ်ပဋိပက္ခ ဖြစ်စေလိမ့်မယ်….”
ဝမ်လင်း၏မျက်လုံးထံမှ ပြတ်သားသောအကြည့် လှစ်ဟပေါ်၏။ သူက အင်ပါယာအတုဟိုင်းဇီထံ တရကြမ်း တိုးဝင်လာတော့သည်။
ဝမ်လင်း၏အပြုအမူက အင်ပါယာအတုဟိုင်းဇီကို မင်သက်သွားစေတော့သည်။
ဝမ်လင်းက အတော့်ကို မြန်၏။ သူသည် အင်ပါယာဟိုင်းဇီနှင့် ပေလေးရာအတွင်းသို့ ရောက်လာခဲ့ပေပြီ။ သို့သော် သူ မည်မျှ မြန်ပါစေ ကျိုးပျက်လက်ဝါးထက် ပိုမမြန်ပေ။ ၎င်းသည် အင်ပါယာဟိုင်းဇီနှင့် ပေသုံးရာအတွင်းသို့ ရောက်လာခဲ့လေပြီ။
ထိုလက်ဝါးချက်က ကြမ်းကြုတ်မှု၊ သွေးဆာမှုနှင့် ပြောမပြတတ်လောက်အောင် ရူးသွပ်မှုတို့ကို သယ်ဆောင်ထားပြီး ၎င်းက လက်ငါးချောင်းကို ဖြန့်ကားကာ အင်ပါယာအတုဟိုင်းဇီထံ ဦးတည်လေသည်။
ဝမ်လင်းသည် ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုနိုင်၏။ သို့သော် သူက သူ့ပစ်မှတ်၏ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းခြင်း မရှိပါက ၎င်းကို ပြန်မဖြေလျှော့နိုင်ချေ။ အင်ပါယာအတုဟိုင်းဇီသည် ဝမ်လင်းထက် ကျင့်ကြံမှုအဆင့် မြင့်မားသူ ဖြစ်၏။ ထို့ကြောင့် သူ့အနေဖြင့် ရပ်တန့်ခြင်းမန္တာန် သက်ရောက်မှုကို မချိုးဖျက်ပေးနိုင်ပေ။
ထို့အပြင် ဒီတောင်တန်းပင်လယ်ကိုလည်း သူမက ချိပ်ပိတ်ထားခဲ့သည် ဖြစ်၍ ဒီနေရာတွင် တည်နေရာရွှေ့ပြောင်းဖို့မှာလည်း မဖြစ်နိုင်ပေ။ ထိုကျိုးပျက်လက်ဝါးက အင်ပါယာဟိုင်းဇီကို ဝါးမြိုတော့မည် ဖြစ်၏။ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်လာရင်း ဝမ်လင်းက မာန်သွင်းလိုက်ချေ၏။ သူ၏ခန္ဓာကိုယ်ရှိ မန္တာန်သွေးကြောငါးခုက ပေါက်ကွဲထွက်လာတော့သည်။ ယင်းတို့က ရူးလောက်သော အမြန်နှုန်းဖြင့် လှည့်ပတ်လာကာ ဝမ်လင်းကို အစောပိုင်းတုန်းကထက် ပိုမြန်ဆန်သွားစေ၏။
ထိုအမြန်နှုန်းမှာ အမြန်နှုန်းမန္တာန်ပညာရပ်ကို အပြည့်အဝ အသက်သွင်းလိုက်ခြင်းကြောင့်ပင် ဖြစ်၏။ ဝမ်လင်းက ရှေ့သို့ ရွှေ့လျားလာစဉ် ပုံရိပ်ကိုးဆယ့်ခုနစ်ခု ပေါ်လာပြီးနောက် နောက်ထပ်ကိုးဆယ့်ရှစ်ခုမြောက် ပုံရိပ်ကပါ ကပ်ပါလာ၏။
ထိုပုံရိပ်ကိုးဆယ့်ရှစ်ခုနှင့် သူ၏မူရင်းခန္ဓာကိုယ်ဖြင့်ဆို ဝမ်လင်းကိုးဆယ့်ကိုးယောက် ဖြစ်လာခဲ့သည်။
ယင်းအပိုပုံရိပ်၏ စွမ်းအားကို အသုံးချကာ ဝမ်လင်း၏အမြန်နှုန်းက တိုးလာ၏။ ကျိုးပျက်လက်ဝါးက အင်ပါယာအတုဟိုင်းဇီနှင့် သုံးပေအကွာသို့ ရောက်လာသည့်အခါတွင် ထိုလက်ဝါးနှင့်သူမကြား၌ ပြင်းထန်သောအားတစ်ခုက ရောက်ရှိလာကာ အင်ပါယာအတုဟိုင်းဇီကို မြန်ဆန်စွာ နောက်သို့ လွင့်သွားစေလေ၏။
သူမ နောက်သို့ လွင့်သွားစဉ် ဟိုင်းဇီက ဝမ်လင်း၏ပုံရိပ်ကို တွေ့မြင်၏။
သူမ၏ခန္ဓာကိုယ်က တုန်ယင်သွားကာ ဒီအခိုက်၌ သူမသည် ရုတ်တရက် ပြန်လှုပ်ရှားနိုင်သွား၏။ ထိုအခါ၌ ဝမ်လင်းက သူ့ညာလက်ကို ယင်ဓားသွားအဖြစ်သို့ ပြောင်းကာ ကျိုးပျက်လက်ဝါးထံ ခုတ်ပိုင်းချလိုက်လေ၏။
ထိုကျိုးပျက်လက်ဝါးက အင်ပါယာအတုဟိုင်းဇီထံ လွဲချော်ကာ ဝမ်လင်းထံ ရောက်လာချေ၏။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်တဲ့ စိတ်ဝိညာဉ်ကို ရှာတွေ့တယ်။ ချိပ်ပိတ်မယ်…” အနှီဝိုးတဝါးနတ်ဘုရားအာရုံက ဝမ်လင်း၏စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ ယင်ဓားသွားနှင့် ထိပ်တိုက်တွေ့ချေသည်။
ထိုအခါ ဝမ်လင်းသည် နောက်သို့ လွင့်ထွက်သွားပြီး သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။ သို့သော် ညက်အိလှသော ခန္ဓာကိုယ်တစ်ခုက သူ့ကို လှမ်းထိန်းပေးလိုက်ပေသည်။ ထိုခန္ဓာကိုယ်ပိုင်ရှင်မှာ အင်ပါယာအတုဟိုင်းဇီပင်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်လင်းကို ခပ်မြန်မြန် ဆွဲခေါ်ပြီး ပင်လယ်မျက်နှာပြင်ထံ ဦးတည်လေ၏။
ကျိုးပျက်လက်ဝါးက ယင်ဓားသွား၏ ထက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရ၏။ သို့သော်လည်း ၎င်းက ပျောက်ကွယ်မသွားပေ။ ၎င်းသည် မြန်ဆန်စွာ ပြန်ကောင်းမွန်လာကာ သူတို့နှစ်ယောက်သို့ လိုက်လံတော့သည်။
ပင်လယ်ပြင်တွင် လှိုင်းဂယက်များ ထလေသည်။ ကျိုးပျက်လက်ဝါးက အရင်ထက် ပိုမြန်သောနှုန်းဖြင့် ရွှေ့လျားလာသဖြင့် ၎င်းက ချက်ခြင်းပင် ဝမ်လင်းနှင့် အင်ပါယာအတုတို့ကို ရှောင်ဖို့ပင် အချိန်မပေးဘဲ နီးကပ်လာတော့၏။ ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်ကာ လက်သီးချက် ပစ်သွင်း၏။
သူ လက်သီးချက် ပစ်သွင်းသည့်အခါ ပုံရိပ်ကိုးဆယ့်ရှစ်ခုက သူ့ပတ်လည်တွင် ပေါ်လာပြီး လက်သီးချက်တစ်ခုတည်းအဖြစ် သိပ်သည်းလေသည်။ ယင်းလက်သီးချက်က မိုးကြိုးတန်းအလား လက်ဝါးထံ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားသည်။
တချိန်တည်းမှာ အင်ပါယာအတုဟိုင်းဇီက သူမ၏လက်ကို ဝေ့ယမ်းပြီး မန္တာန်ကိုးဆယ့်ပါဝင်သော ဘဲဥပုံချိပ်တံဆိပ်ကို အတင်းအကြပ် ဖြစ်ပေါ်စေသည်။ ၎င်းချိပ်တံဆိပ်ကလည်း ဝမ်လင်း၏လက်သီးချက်နောက်တွင် ကျိုးပျက်လက်ဝါးထံ တရကြမ်း ဝင်ရောက်လာသည်။
တဝုန်းဝုန်း၊တညံညံအသံများ ပဲ့တင်ထပ်ကုန်ကာ ပင်လယ်ရေပြင်ကို မြင့်တက်လှိုင်းထသွားစေ၏။ လှိုင်းဂယက်များ ထကာ ကျိုးပျက်လက်ဝါးသည် ပျက်စီးသွားသည်။ သို့သော် ၎င်းက မရေမတွက်နိုင်သော တစ္ဆေအလင်းများအဖြစ်သို့ ပြောင်းလဲပြီး ဝမ်လင်း၏ ဘယ်လက်ထံ ချက်ခြင်း ဝင်ရောက်လာသည်။
ထိုကျိုးပျက်လက်ဝါးမှာလည်း ဘယ်လက်ဝါးပင် ဖြစ်၏။
မရေမတွက်နိုင်သော တစ္ဆေအလင်းစက်များက ဝမ်လင်းဘယ်လက်တွင် စုဝေးနေလျက် သူ့ဘယ်လက်မှ ပြင်းထန်သောနာကျင်မှုကြောင့် ဝမ်လင်း၏မျက်နှာကို ဖြူရောသွားစေသည်။ ထိုနာကျင်မှုက ဝမ်လင်း၏ခန္ဓာကိုယ်ကို အပြင်းအထန် နာကျင်စေသည်။ အလင်းစက်မြောက်များစွာ စုဝေးနေလျက် အနက်ရောင်လက်အိတ်ကဲ့သို့ အရာမျိုးသည် ဝမ်လင်း၏ဘယ်လက်ပေါ်တွင် ပေါ်လာခဲ့သည်။
သူ့ဘယ်လက်မှာ လုံးဝ နက်မှောင်သွား၏။ ထိုလက်အိတ်မှာ သူ့လက်များထိ စတင် ပျံ့နှံ့လာ၏။
ထိုတုန်လှုပ်ဖွယ်မြင်ကွင်းက အင်ပါယာဟိုင်းဇီ၏မျက်လုံးထဲတွင် တုန်လှုပ်မှု ဖြစ်ပေါ်သွားစေသည်။ ဝမ်လင်း၏မျက်နှာက ဖြူရောနေ၏။ သူ့ထံမှ ကြမ်းကြုတ်သောအကြည့်တစ်ခု လှစ်ဟပေါ်သည်။ သူ့ဘယ်လက်တွင် နာကျင်မှုနှင့်သာ ပြည့်နေပြီး တခြားအာရုံခံစားနိုင်မှုတို့ကမူ ဆုံးရှုံးသွားခဲ့လေပြီ။ ၎င်းက သူ့အပိုင် မဟုတ်တော့သည့်အလား။ သူ့အနေဖြင့် ထိုလက်အိတ်ကသာ ဆက်လက် ပျံ့နှံ့ပါက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများသည် သူ့အပိုင် မဟုတ်လေတော့မည်ဟု ခံစားမိနေ၏။
မရေမတွက်နိုင်သော တစ္ဆေအလင်းများက သူ့ဘယ်လက်ပေါ်တွင် စုဝေးကာ လက်အိတ်အသွင် ဖြစ်ပေါ်နေစဉ် သူ့စိတ်ထဲ၌ အစွန်းစွန်သော အခဲမကျေမှု ပေါ်လာ၏။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူ့ညာလက်ရှိ ယင်ဓားကို ပင့်မြှောက်ကာ သူ့ဘယ်လက်ကို တွေဝေခြင်းမရှိ ခုတ်ပိုင်းချလိုက်၏။
ဝမ်လင်း၏ ပြတ်သားသော လုပ်ဆောင်မှုက အင်ပါယာဟိုင်းဇီကို အချိန်ရသွားစေ၏။ သူမက ညာလက်ကို ပင့်မြှောက်ကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး ၎င်းကို ခြေမွလိုက်ရာ အပြာရင့်ရောင်အလင်းလွှာတစ်ခု ပေါ်လာလေ၏။ ထိုအလင်းလွှာက သူမနှင့်ဝမ်လင်းတို့ကို ဝန်းရံခြုံလွှမ်းပေးသွားသည်။ ထိုအလင်းသည် ပေတစ်သိန်းထိ ပျံ့နှံ့သွားကာ နောက်ဆုတ်လာသော ပင်လယ်နဂါးနှင့် ရေဘဝဲတို့ကိုပါ ကာကွယ်ပေးသွား၏။ ထို့နောက် ၎င်းအလင်းလိုက်ကာစက ဝမ်လင်၊ ဟိုင်းဇီ၊ ကြောက်ရွှံ့နေသော ပင်လယ်နဂါးနှင့် ရေဘဝဲတို့နှင့်အတူ ရေထဲသို့ နစ်မြုပ်သွားလေ၏။
မကြာမီတွင် အလင်းလိုက်ကာစက ပင်လယ်ကြမ်းပြင်ထိ ကျရောက်သွား၏။ အပြင်ဘက်ရှိရေများမှာလည်း အစောပိုင်းတုန်းက မင်နက်ကြောင့် နက်မှောင်နေရာ မည်သည့်အရာကိုမှှျ မမြင်ရတော့ပေ။ အလင်းလိုက်ကာစကို တစုံတစ်ခုက တိုက်ခိုက်နေသော ပေါက်ကွဲသံတစ်ခုကိုသာ ကြားရလေ၏။ သို့သော် အလင်းလိုက်ကာစသည် တုန်ယင်သွားသော်လည်း မပျက်စီးသွားချေ။
ကျိုးပျက်လက်ဝါးက အလင်းလိုက်ကာစကို ဆက်တိုက် တိုက်ခိုက်နေ၏။ သို့သော် ၎င်းက အချိန်တိုးအတွင်း ဤအလင်းလိုက်ကာစကို ချိုးဖျက်နိုင်မည် မဟုတ်ပါ။ သို့သော်လည်း ပေါက်ကွဲဆူညံသံများက ပို၍ ပြင်းထန်လာ၏။
ဝမ်လင်း၏အမူအရာက သုန်မှုန်နေ၏။ သူက မျက်လုံးမှိတ်ကာ ဘေးတဖက်တွင် ထိုင်ချသည်။ ပင်လယ်နဂါးက ဝမ်လင်းကို လှည့်ပတ်နေပြီး မနီးမဝေးရှိ အင်ပါယာအတုဟိုင်းဇီအနားမှ ရေဘဝဲထံ လှမ်းကြည့်သည်။ ၎င်း၏အကြည့်ထဲ၌ ရန်လိုမှုတို့ ရှိနေသည်။ သို့သော် ၎င်းက အလင်းလိုက်ကာစကိုလည်း ကြောက်ရွှံ့မှုဖြင့် ကြည့်နေပြန်သည်။
ရေဘဝဲကလည်း ပင်လယ်နဂါးကို ဒေါမာန်တကြီး စိုက်ကြည့်နေ၏။ ထိုသားရဲနှစ်ကောင်က အတူတူ အကြာကြီး ရှိ၍ မရနိုင်သည့်အလား။
အင်ပါယာအတုဟိုင်းဇီက ဝမ်လင်းနှင့် ပေတစ်ထောင်အကွာတွင် ရှိနေ၏။ သူမ၏ လှပသောမျက်နှာလေးမှာ ဖြူရောနေသလို သူမ၏ဆံပင်တို့မှာလည်း ဖရိုဖရဲ ဖြစ်နေ၏။ သူမက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းကြည့်နေ၏။ ဝမ်လင်း သူမအတွက် ထိုလက်ဝါးကို တားဆီးပေးသော မြင်ကွင်းပုံရိပ်က သူမ၏စိတ်ထဲတွင် ပြန်ပေါ်လာသည်။
“နင်…နင် အဆင်ပြေရဲ့လား။ ငါ ဆရာပေးခဲ့တဲ့ အသက်ကယ်ရတနာကို ချိုးဖျက်လိုက်တယ်။ ဆရာ သတိထားမိပြီး သူ သိပ်မကြာခင် ရောက်လာတော့မှာပါ။ ငါ့မှာ ဆေးပုလင်းအချို့ရှိတယ်။ နင်….နင့်လက်ဝါး…” အင်ပါယာအတုဟိုင်းဇီက ထိုသို့ ပြောနေရင်း သူမ၏လက်ကို ဝေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်းတစ်ခု ထွက်ပေါ်လာ၏။ ထိုပုလင်းပေါ်တွင် ‘သဲ’ ဟူသော ရှေးဟောင်းစာလုံးတစ်လုံး ရှိနေပြီး ဖိအားလှိုင်းတို့ကို ပေးစွမ်းနေ၏။
ထိုပုလင်းကို ကိုင်ကာ ဟိုင်းဇီက ဝမ်လင်းထံ လျှောက်လာ၏။ သူမက ဆေးလုံးတလုံးကို ခွဲခြေကာ ဝမ်လင်း၏ ဘယ်လက်ပေါ်သို့ ကြဲပေးရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။
“မလိုပါဘူး…” ဝမ်လင်းက အေးစက်စက် ပြော၏။ ထို့နောက် သူက နောက်သို့ ပေတစ်ထောင်ထိ ဆုတ်သွားသည်။ သူ့လက်ဝါး ဆုံးရှုံးသွားသော နေရာမှ သွေးအလင်း ထွက်ပေါ်လာ၏။ သူ့ဘယ်လက်မှ စတင်ပြန်ကြီးထွားလာချေ၏။ ဤသည်မှာ သူ၏ အစွမ်းထက်သော ခန္ဓာကိုယ် ပြန်ကောင်းမွန်နိုင်စွမ်းတည်း။
အင်ပါယာအတုဟိုင်းဇီက ခဏတာ မင်သက်သွားမိ၏။ သူမက စကားပြောရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် သူမ၏အမူအရာသည် ပြောင်းလဲသွားသည်။ သူမက အလင်းလိုက်ကာစထံ မော့ကြည့်ကာ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်၏။ ဝမ်လင်းသည်လည်း အလင်းလိုက်ကာစထံ စိုက်ကြည့်လိုက်သည်။
သိသိသာသာ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာလေ၏။