← Chapters

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်

Vol. 144 Ch. 1987

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်

Vol. 144 Ch. 1987

ထိုအလင်းလိုက်ကာစ အပြင်ဘက်တွင် ၎င်းကို အဆက်မပြတ် တဝုန်းဝုန်း တိုက်ခိုက်နေသော လက်ဝါးသည် ရုတ်တရက် အလင်းလိုက်ကာစပေါ်တွင် ကပ်သွားလေ၏။

သို့သော် ထိုမျှက ဝမ်လင်းတို့၏ အမူအရာကို ပြောင်းလဲသွားစေဖို့ မလုံလောက်သေးပေ။ သူတို့ကို တုန်လှုပ်သွားစေသည်က ထိုလက်ဝါးက ချက်ခြင်း ချဲ့ကားကြီးမားလာခြင်းပင်။ မျက်စိတမှိတ်အတွင်း ယင်းလက်ဝါးသည် ပေတစ်ထောင်ကနေ ပေတစ်သောင်းထိ ကြီးမားလာပေ၏။

ထိုကျိုးပျက်လက်ဝါးက မြန်ဆန်စွာ ကြီးမာလာပြီး စက္ကန့်ပိုင်းအတွင်း ပေတစ်သိန်းထိ ရှည်လျားလာကာ အလင်းလိုက်ကာစကို ထပ်၍ ခြုံလွှမ်းဝန်းရံသည်။

ထိုအခါ အလင်းလိုက်ကာစသည် အပြင်းအထန် တုန်ခါ၏။ လှိုင်းဂယက်များ ထကုန်သည်။ အလင်းလိုက်ကာစသည် အလင်းစက်လုံးဝ မရှိဘဲ နက်မှောင်လာချေသည်။

မည်သို့ပင်ဖြစ်စေ ဝမ်လင်းနှင့် ဟိုင်းဇီတို့၏ ကျင့်ကြံမှုအဆင့်ဖြင့် သူတို့သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရ၏။ ဝမ်လင်းက ငြိမ်သက်စွာ စဉ်းစားနေ၏။

အင်ပါယာဟိုင်းဇီက ဖြည်းဖြည်းချင်း ပြောလာ၏။ “၎င်းက ငါ့ရဲ့ အကာအကွယ်အလင်းလိုက်ကာစကို ဝါးမြိုပြီး မြန်မြန်ဆန်ဆန် ရွှေ့လျားနေတာပဲ…”

“ဒါက ဘာများ ဖြစ်မလဲ…” ဟိုင်းဇီက ဝမ်လင်းကို လှမ်းကြည့်၏။

ဝမ်လင်းသည် ပေတစ်ထောင်အကွာတွင် ရှိနေပြီး အသစ်နီးပါး ပြန်ဖြစ်လာသော သူ့ဘယ်လက်ကို ကြည့်၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။

“တောင်တန်းပင်လယ်သစ်ပင်ရဲ့ ချိပ်ပိတ်မှု…”

အင်ပါယာအတုဟိုင်းဇီ၏ မျက်နှာက ဖြူရောသွားကာ သူမက ခါးသက်သက် ပြုံးမိ၏။ သို့သော် သူမက စကားမဆိုပေ။ သူမသည် ထိုင်ချကာ နက်မှောင်နေသော ဘေးပတ်လည်သို့ ကြည့်၏။ သူမ မည်သည်ကို တွေးနေသည်ကိုမူ မသိရနိုင်ပေ။

အချိန် တဖြည်းဖြည်း ကုန်လာ၏။ မကြာမီတွင် ဝမ်လင်း၏စိတ်ဝိညာဉ်ချပ်ဝတ်က လွင့်ပြယ်သွား၏။ ထို့နောက် အားနည်းမှုခံစားချက်က ဝမ်လင်း၏စိတ်ထဲတွင် ပြည့်လာသည်။

ဝမ်လင်းက သက်ပြင်းချကာ အပေါ်သို့ မော့ကြည့်ပြီး ပြောလိုက်သည်။ “နင့်ဆရာ ဒီနေရာကို အချိန်တိုအတွင်း ရှာမတွေ့နိုင်မှာ ငါ စိုးမိတယ်။ ဒီကျိုးပျက်လက်ဝါးက အကာအကွယ်အလင်းလိုက်ကာစကို ဝါးမြိုပြီး ပြင်ပအရာအားလုံးကိုလည်း ချိပ်ပိတ်မှုတစ်ခုလိုမျိုး တားဆီးပိတ်ဆို့ထားလောက်တယ်…”

“နင်က တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်တွေကိုပဲ ယူခဲ့တာမလား။ ဘာကြောင့်များ ဒီတောင်တန်းပင်လယ်သစ်ပင်ချိပ်ပိတ်မှုကို ရန်သွားစခဲ့ရတာလဲ။ ဒီချိပ်ပိတ်မှုဟာ ကောင်းကင်ဘုံဘိုးဘေး ချမှတ်ထားခဲ့တာ။ နင်…”  အချိန်အတန်ကြာပြီးနောက် အင်ပါယာအတုဟိုင်းဇီက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် လှမ်းကြည့်သည်။

ဝမ်လင်းက ဟိုင်းဇီကို ပြန်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ငါ နင့်ကိုသာ မကယ်တင်ပေးခဲ့ရင် ဒီတောင်တန်းပင်လယ်ထဲကနေ ထွက်သွားနိုင်နေလောက်ပြီ…”

အင်ပါယာအတုဟိုင်းဇီက ငြိမ်သက်စွာ စဉ်းစားနေလေ၏။

အချိန်သည် ကုန်လွန်လာခဲ့လေပြီ။ မျက်စိတမှိတ်အတွင်း သုံးရက်တာ ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

ဒီသုံးရက်အတွင်း သူတို့နှစ်ယောက်က စကားမဆိုကြပေ။ အင်ပါယာအတုဟိုင်းဇီက အလင်းလိုက်ကာစပေါ်သို့ မော့ကြည့်လျက် သူမ၏မျက်လုံးထဲတွင် မရေရာမှုတို့ ပြည့်နေ၏။ ဝမ်လင်းကမူ မျက်လုံးမှိတ်၍သာ ကျင့်ကြံနေသည်။ သူက တောင်တန်းပင်လယ်သစ်ပင် စိတ်ဝိညာဉ်များကို ယူဆောင်လာခဲ့ပြီး ဖြစ်၍ ယင်းတို့ကို စတင် စုပ်ယူနေ၏။

အင်ပါယာဟိုင်းဇီက ဒီသုံးရက်လုံး ငြိမ်သက်နှုတ်ဆိတ်နေ၏။ ဝမ်လင်းက တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်များကို စုပ်ယူနေသည်အား တွေ့မြင်သည့်နောက် သူမက မမေးဘဲ မနေနိုင် ဖြစ်မိ၏။

“နင့်ရဲ့ ကျင့်ကြံမှုက အတော့်ကို ထူးခြားတယ်။ နင်ဟာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ဒါပေမဲ့ အင်ပါယာအတုစွမ်းအားမျိုး ပိုင်ဆိုင်နေပြီ။ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်က သစ်သားအနှစ်သာရ ဖြစ်ပေါ်ဖို့ ကျင့်ကြံသူတစ်ယောက်ကို ကူညီပေးနိုင်ပေမယ့်လည်း လေဟာနယ်အတိဒုက္ခအဆင့်မှာဆို အနှစ်သာရအနည်းငယ်လောက်နဲ့ နင့်ရဲ့ ကျင့်ကြံမှုအဆင့်ကို တိုးတက်လာဖို့ အကူအညီ ဖြစ်စေလောက်မှာ မဟုတ်တော့ဘူး…”

ဝမ်လင်းသည် ထူးထူးထွေထွေ ပြန်မရှင်းပြပေ။ သူက မျက်လုံးဖွင့်လာကာ ဟိုင်းဇီထံ တချက် လှမ်းကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ငါက နင်နဲ့ မတူဘူး…”

“နင့်ကြည့်ရတာ ဒီကနေ အလျင်စလို ထွက်သွားချင်တာ၊ ဒါမှမဟုတ် အခုလိုအခြေအနေအပေါ် သိပ်စိတ်မပူပန်တဲ့ပုံပဲ…”  ဟိုင်းဇီ၏ လှပသောမျက်ခုံးတို့က တွန့်ကွေးသွား၏။

ဝမ်လင်းသည် ငြိမ်သက်စွာ နှုတ်ဆက်နေပြီး မျက်လုံးပြန်မှိတ်ကာ သူ၏ခန္ဓာကိုယ်တွင်းရှိ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကို ဆက်လက် စုပ်ယူနေလေ၏။

အင်ပါယာအတုဟိုင်းဇီက ဝမ်လင်း မျက်လုံးမှိတ်ကာ သူမကို လစ်လျူရှုသည်ကို တွေ့မြင်သည့်အခါ သူမသည် စိတ်ကွက်သွားသော်လည်း ထပ်ပြောလာပြန်သည်။ “ငါ့အကာအကွယ်အလင်းလိုက်ကာစက ဝါးမြိုခံနေရပြီ။ နင် စောစောပိုင်းတုန်းက ပြောခဲ့သလိုပဲ ဆရာ့အနေနဲ့ ဒီတောင်တန်းပင်လယ်ရှိ ရောက်လာခဲ့ရင်တောင် သူဟာ ငါတို့ကို အချိန်တိုအတွင်း ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်…”

“အခု ငါတို့က ပြင်ပလောကနဲ့ အဆက်အစပ်မဲ့နေတယ်။ နင် ဒါကို မစိုးရိမ်ဘူးလား…”

ဝမ်လင်းသည် စကားမပြောဘဲ ဆက်ရှိနေသည်ကို တွေ့မြင်သည့်နောက် အင်ပါယာအတုဟိုင်းဇီက ဝမ်လင်းကို သူမ၏လှပသောမျက်လုံးတို့ဖြင့် စိုက်ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူမသည် ဒေါသထွက်ဟန်အမူအရာကို ပြသလာသည်။

“ဒီမှာ ငါတို့နှစ်ယောက်ပဲ ရှိနေတာ။ ဒါကို နင်က သစ်ပင်လို လုပ်နေပြီး စကားလည်း မပြောဘူး။ နင်က ငါ့တယောက်တည်း ကိုယ့်ကိုယ်ကို ပြောနေတာကိုပဲ ကြည့်နေတယ်…။ စိတ်ဝင်စားစရာပဲ…”

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက အကူအညီမဲ့သလို ခံစားမိကာ ဟိုင်းဇီထံ လှမ်းကြည့်သည်။

“နင်သာ ငါ့ကို နှောက်ယှက်တာ ရပ်လိုက်ရင် ဒီပတ်ဝန်းကျင်ဟာ ကျင့်ကြံဖို့ ကောင်းတဲ့နေရာတစ်ခု ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်…”

“နင်…” အင်ပါယာအတုဟိုင်းဇီက ချက်ခြင်း ထရပ်ကာ အေးစက်စက် နှာခေါင်းရှုံ့၏။ သူမ၏ လှပသော ခန္ဓာကိုယ်က တဖက်သို့ လှည့်ကာ ထွက်သွားတော့သည်။ သူမသည် ပေတစ်သောင်းအကွာထိ ဆက်သွားကာ ဝမ်လင်းကို လစ်လျူရှုထားလိုက်တော့၏။

ဝမ်လင်းကလည်း မျက်လုံးမှိတ်ကာ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကို စုပ်ယူခြင်း၌သာ သူ့ကိုယ်သူ နစ်မြုပ်ထားပေသည်။ သို့သော်လည်း သူ့နတ်ဘုရားအာရုံကိုမူ ဖြန့်ကျက်ထားဆဲ ဖြစ်ကာ သူက အတော့်ကို သတိအနေထားဖြင့် ရှိနေပေသည်။

ပင််လယ်နဂါးကမူ ဝမ်လင်းကို ရစ်ခွေထားပြီး ရေဘဝဲထံ ကြမ်းကြုတ်ရန်လိုစွာ စိုက်ကြည့်နေ၏။

အချိန် ကုန်လွန်လာသည်။ ဆယ်ရက်၊ ရက်နှစ်ဆယ်၊ တစ်လ၊ နှစ်လ၊ သုံးလ…။

မျက်စိတမှိတ်အတွင်း လေးလတာ ကုန်လွန်သွားခဲ့လေပြီ။

ထိုလေးလအတွင်း ဝမ်လင်းသည် စကားတခွန်းမှ မဆိုခဲ့ပေ။ သူက တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကို စုပ်ယူခြင်း၌သာ အာရုံစူးနစ်ထား၏။

ပင်လယ်နဂါးနှင့်ရေဘဝဲတို့၏ တစ်ကောင်နှင့်တစ်ကောင် ရန်လိုစွာ စိုက်ကြည့်နေသည်မှာလည်း လေးလ ဖြစ်လာခဲ့ပေပြီ။

“ဝမ်…ဝမ်လင်း…တစ်ခုခုတော့ မှားနေပြီ…” လေးလပြည့်ပြီးနောက် အင်ပါယာအတုဟိုင်းဇီက ပူပန်ဟန် ပေါ်လာ၏။ သူမက ပေထောင်ချီ လှမ်းလျှောက်လာပြီး ဝမ်လင်းနှင့် ပေနှစ်ရာအကွာတွင် ထိုင်ချလိုက်၏။

ဝမ်လင်းက မျက်လုံးဖွင့်လာကာ သူမကို လှမ်းကြည့်သည်။ သူက သူမကို ဒီလေးလတွင် မမြင်ခဲ့ပေ။ သူမ၏ လှပသောမျက်နှာလေးက အနည်းငယ် အားနည်းနေပုံ ရ၏။ သို့သော်လည်း သူမ၏ခန္ဓာကိုယ်ကအလှကတော့ နှလုံးခုန်သံ မှားစေနိုင်တုန်းသာ။

“ဒီလေးလမှာ ဆရာ ငါတို့ကို ရှာမတွေ့နိုင်တာ မဖြစ်နိုင်လောက်ဘူး။ သူ့အနေနဲ့ ငါ အန္တရာယ်ကြုံနေတာ သိတဲ့အတွက် ဒီကျိုးပျက်လက်ဝါးဟာ တောင်တန်းပင်လယ်ကနေ ထွက်သွားခဲ့ရင်တောင် ၎င်း ဘယ်နေရာကို ရောက်သွားလဲဆိုတာကို ဆရာ့အနေနဲ့ ရှေ့ဖြစ်ကြည့်နိုင်စွမ်း ရှိမှာပဲ။ လေးလကြာပြီးတဲ့နောက် သူ့အနေနဲ့ ငါတို့ကို ရှာမတွေ့နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး…”

အင်ပါယာအတုဟိုင်းဇီက သူမ၏ စိုးရိမ်ပူပန်မှုကို မဖုံးကွယ်ထားပေ။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလာ၏။ “ဖြစ်နိုင်ချေ သုံးခု ရှိတယ်…”

“ပထမဖြစ်နိုင်ချေကတော့ ကျိုးပျက်လက်ဝါးဟာ ဘယ်သူမှ မထောက်လှမ်းနိုင်တဲ့ နေရာတစ်ခုကို ရောက်သွားခဲ့တာ။ ရှေ့ဖြစ်ကြည့်တာကတောင် ဒါကို မရှာနိုင်နိုင်တာပဲ…”

“ဒုတိယဖြစ်နိုင်ချေက နင့်ဆရာဟာ နင် ထင်သလို နင့်ကို ချက်ခြင်း လာမကယ်တာပဲ…”

“မဖြစ်နိုင်ဘူး။ ဆရာကသာ ငါ အန္တရာယ် ရှိနေတာကို သိရင် သူ ချက်ခြင်း ရောက်လာမှာပဲ။ နင့်ရဲ့ ပထမဖြစ်နိုင်ချေဟာလည်း မဖြစ်နိုင်ပြန်ဘူး။ ဆရာ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို ကောင်းကင်ဘုံကလန်မှာ သူ ရှေ့ဖြစ်မကြည့်နိုင်တဲ့ နေရာ မရှိလောက်ဘူး…”

အင်ပါယာအတုဟိုင်းဇီက ခပ်မြန်မြန် ပြန်ပြောလာ၏။ ထို့နောက် သူမက ဝမ်လင်းကို ကြည့်ကာ ချီတုံချတုံ ဖြစ်နေပြီးနောက် ထပ်မံ ပြောလာသည်။

“နင် ဒါကို ခန့်မှန်းမိလောက်မှာပါ။ ငါ့ဆရာဟာ မဟာအင်ပါယာကျိုးသဲပဲ…”

ဝမ်လင်း၏အမူအရာက ပုံမှန်အတိုင်းပင်။ သူက ထိုအချက်ကိုလည်း အံ့အားမသင့်သွားပေ။ အရင်တုန်းက သူမ ဆေးပုလင်းကို ထုတ်ယူခဲ့ချိန်က ၎င်းပေါ်၌ သဲ ဟူသော စာသား ပါဝင်ခဲ့သည် မဟုတ်လား။ ထိုစဉ်တည်းက ဝမ်လင်းသည် ထင်မြင်ချက်များ ရှိထားနှင့်ပြီးပင်။ အင်ပါယာအတုတစ်ယောက်ကို တပည့်အဖြစ် လက်ခံထားခြင်းနှင့် ဟိုင်ဇီ၏ ယုံကြည်မှု ရှိနေပုံအရ သူမ၏ ဆရာဖြစ်သူတွင် တုန်လှုပ်ဖွယ်စွမ်းအား ပိုင်ဆိုင်မည်မှာ သေချာပေသည်။

“ဒီလိုဆိုမှတော့ တတိယဖြစ်နိုင်ချေ ရှိသေးတယ်။ ကျိုးပျက်လက်ဝါးက အလင်းလိုက်ကာစကို ထွေးခြုံရစ်ပတ်ပြီးတဲ့နောက် အချိန်စီးဆင်းမှုဟာ အပြင်ဘက်နဲ့ မတူတော့တာပဲ။ ဒီမှာ နှစ်ပေါင်းရာချီက အပြင်ဘက်မှာဆို တစ်ရက်လောက်ပဲ ဖြစ်နိုင်တယ် မဟုတ်လား…”

ဝမ်လင်းက ဖြည်းဖြည်းချင်း တည်ငြိမ်စွာ ပြောလိုက်၏။

အင်ပါယာအတုဟိုင်းဇီ၏ မျက်နှာက ချက်ခြင်း ဖြူရောသွား၏။ သူမသည်လည်း မခေသူ ဖြစ်၍ ဝမ်လင်းကဲ့သို့ အတွေးမျိုး ရှိပေသည်။

“ဆရာက ငါ့ကို ဒီအလင်းလိုက်ကာစေ ပေးခဲ့ပေမယ့်လည်း ဒါဟာ နှစ်ပေါင်းရာချီ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကသာ ချိုးဖျက်ခံလိုက်ရရင်…”  ကျိုးပျက်လက်ဝါး၏ ကြောက်မက်ဖွယ်ကောင်းပုံက သူမ၏မျက်လုံးထဲတွင် ပေါ်လာသည်။

သူတို့နှစ်ယောက် စကားဆိုနေကြစဉ် အလင်းလိုက်ကာစသည် ရုတ်တရက် တုန်ခါသွား၏။ ၎င်းသည် ပေတစ်သိန်းကနေ ကိုးသောင်းထိ ကြုံ့သွားလေ၏။

ဝိုးတဝါး ပုံရိပ်တစ်ခုက အလင်းလိုက်ကာစအပြင်ဘက်ရှိ နက်မှောင်သောလေဟာနယ်တွင် ပေါ်လာ၏။ ၎င်းက ဝမ်လင်းနှင့်အင်ပါယာအတုဟိုင်းဇီတို့ထံ လှမ်းကြည့်၏။ ၎င်းပုံရိပ်ထံမှ  ကြမ်းကြုတ်ရန်လိုသော အော်ရာကို ပေးစွမ်းနေသည်။

“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေက မဟုတ်တဲ့ စိတ်ဝိညာဉ်ကို ရှာတွေ့တယ်။ ချိပ်ပိတ်မယ်…” ထိုဝိုးတဝါးပုံရိပ်က ၎င်းဘာသာ ခပ်တိုးတိုး ရေရွတ်၏။

အလင်းလိုက်ကာစ ကြုံ့လာသည့်အခါ အင်ပါယာအတုဟိုင်းဇီက အပေါ်သို့ မော့ကြည့်လိုက်ရာ အပြင်ဘက်တွင် နက်မှောင်သောပုံရိပ်တစ်ခုကို ခပ်ရေးရေး လှမ်းမြင်သည်။

ဝမ်လင်းကလည်း ထိုပုံရိပ်ကို မြင်၏။ သူ့မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက ဖြည်းဖြည်းချင်း ဆိုသည်။ “ဒီအလင်းလိုက်ကာစကို ပေတစ်ထောင်ထိ ခြုံ့လိုက်။ ဒါမှသာ ပိုကြာကြာ ခုခံနိုင်မှာ…”

သူ ထိုသို့ ပြောပြီးနောက် ဝမ်လင်းက ပင်လယ်နဂါးထံ လက်ဝေ့ယမ်း၏။ ပင်လယ်နဂါးသည် အပြာရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ဝမ်လင်းက ၎င်းကို သိမ်းဆည်းလိုက်၏။ အင်ပါယာအတုဟိုင်းဇီက အနည်းငယ် ချီတုံချတုံ ဖြစ်နေ၏။ သူမကလည်း ရေဘဝဲကို သိမ်းဆည်းလိုက်ပေသည်။ သူမ၏လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ အလင်းလိုက်ကာစထံ ဝေ့ယမ်း၏။ ထိုအခါ အလင်းလိုက်ကာစသည် ပေကိုးသောင်းကနေ တစ်ထောင်ထိ ကြုံ့သွား၏။

တချိန်တည်းမှာ ဝမ်လင်းနှင့်ဟိုင်းဇီတို့သာ ဒီအလင်းလိုက်ကာစအတွင်း၌ ကျန်နေတော့၏။

အင်ပါယာအတုဟိုင်းဇီက သက်ပြင်းချမိ၏။ သူမသည် ထောင့်တစ်ခုတွင် ထိုင်ကာ မျက်လုံးမှိတ်၍ ကျင့်ကြံတော့သည်။

အချိန် တဖြည်းဖြည်း ကုန်လာသည်။ လေးလမြောက်၊ ငါးလမြောက်။ မကြာမီပင် တနှစ် ပြည့်သွားခဲ့လေပြီ။

ထိုတစ်နှစ်သည် အပြင်ဘက်တွင်ဆို သိပ်ကြာရှည်တာ မဟုတ်ပါ။ သို့သော် သည်ပေတစ်ထောင်ဧရိယာအတွင်း ပိတ်မိနေသော အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်အတွက်တော့မူ အချိန်က အနည်းငယ် ပိုနှေးကွေးနေ၏။

ဝမ်လင်းအဖို့တော့ အထီးကျန်ခြင်းနှင့် အသားကျနေခဲ့ပြီ ဖြစ်၏။ သူက သည်အချိန်ကို အသုံးပြုကာ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်များထဲမှ တစ်ခုကို ပေါင်းစပ်နိုင်ခဲ့ပြီ ဖြစ်၏။ သစ်သားအနှစ်သာရ အစုအဝေးတစ်ခုက သူ့ဒြပ်စင်ငါးခုအစစ်အမှန်ခန္ဓာကိုယ်ထဲ၌ ပေါ်လာခဲ့ကာ မြန်ဆန်စွာ ကြီးထွားနေလေ၏။

သို့သော် ရှစ်လတာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ဟိုင်းဇီက မျက်လုံးဖွင့်လာကာ ဝမ်လင်းကို ကြည့်၏။ သူမရှေ့ရှိ ထိုအမျိုးသားက သူမကို မုန်းတီးမှု ဖြစ်စေသလို စိတ်ရှုပ်ထွေးမှုကိုလည်း ဖြစ်နေစေသည်။

အင်ပါယာအတုဟိုင်းဇီက ညင်သာစွာ ပြောလာ၏။ “ငါ စကျင့်ကြံခဲ့တည်းက ငါ့အနေနဲ့ သူစိမ်းတစ်ယောက်နဲ့ တစ်နှစ်လုံး အတူတူ မရှိဖူးဘူး။ နင်…ငါ နင့်နာမည်ဟာ ဝမ်လင်း ဆိုတာကိုပဲ သိတယ်။ ဒါတောင် နင် ပြောပြလို့။ နင် ဘယ်ကလန်ကနေ လာခဲ့တာလဲ…”

All Chapters