← Chapters

ငါးပေ

Vol. 144 Ch. 1989

ငါးပေ

Vol. 144 Ch. 1989

အပြင်ဘက်ရှိ ထိုပုံရိပ်၏မျက်နှာသည် အရေပြားမရှိဘဲ အသွေးအသားမျှသာ ဖြစ်သော်လည်း ဝမ်လင်းသည် သူ မီးသွေးကြောကို စုပ်ယူခဲ့ချိန်၌ ကောင်းကင်ဘုံနွားထီးကို ချိပ်ပိတ်ထားသော ကောင်းကင်ဘုံဘိုးဘေး၏ တုန်လှုပ်ဖွယ်မြင်ကွင်းကို တွေ့မြင်ခဲ့ဖူးပေသည်။

ထိုဝိုးတဝါးပုံရိပ်၏ မျက်နှာက ကောင်းကင်ဘုံဘိုးဘေး၏ မျက်နှာနှင့် အလွန်တရာ ဆင်တူနေသည်။

၎င်းဝိုးတဝါးပုံရိပ်သည် အပြင်းအထန် အော်ဟစ်နေစဉ် အလင်းလိုက်ကာစအနှံ့၌ လှိုင်းဂယက်များ ထလာ၏။ ဝမ်လင်းသည် အောက်ဘက်သို့ ပြန်ဆုတ်သွားသည်။ သူ့အမူအရာက သုန်မှုန်နေပေသည်။ ပေငါးရာအလင်းလိုက်ကာစက တုန်ယင်ကာ ထိုဖိသိပ်မှုအောက်၌ ထပ်မံ ကြုံ့လာပြန်သည်။

၎င်းက ပေငါးရာကနေ သုံးရာသို့ ကြုံ့သွား၏။ ထိုသည်က ဝမ်လင်းနှင့် အင်ပါယာအတုဟိုင်းဇီတို့ကို ပို၍ နီးနီးကပ်ကပ် ဖြစ်သွားစေသည်။

ဝိုးတဝါးပုံရိပ်က အလင်းလိုက်ကာစကို နာရီဝက်လောက် ထုနှက်နေပြီးနောက်မှ ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်သွားသည်။ ၎င်းသည် ဝမ်လင်းနှင့်အင်ပါယာအတု ဟိုင်းဇီတို့ကို စိုက်ကြည့်ပြီးနောက် အမှောင်ထုအတွင်း နောက်ပြန်ဆုတ်သွားသည်။

အင်ပါယာအတုဟိုင်းဇီက သူမ၏အောက်နှုတ်ခမ်းကို ကိုက်ကာ အထက်ရှိ အလင်းလိုက်ကာစကို ကြည့်၏။ တအောင့်အကြာတွင် သူမက သုန်မှုန်စွာ ပြောလာသည်။ “ဒီအလင်းလိုက်ကာစက အချိန်ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ထိုကျိုးပျက်လက်ဝါး၌ ပုန်းကွယ်နေသော လျှို့ဝှက်ချက်အချို့ကို တွေ့မြင်လိုက်ရသည့်အလား ခံစားမိပေသည်။ သို့တည်းမဟုတ်ပါက ကောင်းကင်ဘုံဘိုးဘေးက မည်သည့်အတွက်ကြောင့် ပေါ်လာခဲ့သနည်း။

ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွား၏။ သူက ဟိုင်းဇီကို ကြည့်ကာ ပြောလိုက်သည်။ “နင့်ရဲ့ ဆရာဟာ မဟာအင်ပါယာကျိုးသဲမလား။ နင် ကောင်းကင်ဘုံဘိုးဘေးနဲ့ ပတ်သတ်လို့ ကြားသိခဲ့ဖူးတာ ရှိလား…”

“ကောင်းကင်ဘုံဘိုးဘေးလား…”  အင်ပါယာအတုဟိုင်းဇီက ဝမ်လင်းကို ကြည့်၏။ ဝမ်လင်းသည် ထိုပုံရိပ်ကို ကောင်းကင်ဘုံဘိုးဘေးမှန်း သိရှိလိုက်ချိန်၌ သူက ၎င်းနှင့် ပတ်သတ်၍ တွေးတောခဲ့ရုံသာ ရှိပြီး ခပ်ကျယ်ကျယ် မပြောခဲ့ပေ။ ထို့ကြောင့် အင်ပါယာအတုဟိုင်းဇီသည် ဝမ်လင်း မြင်ခဲ့ရသည့်အရာကို မသိပေ။

“ငါ ဆရာ့ရှိက ကောင်းကင်ဘုံဘိုးဘေးနဲ့ ပတ်သတ်လို့ ပြောခဲ့ဖူးတာ တခါ ကြားခဲ့ဖူးတယ်။ ဟိုးရှည်ကြားလွန်းတဲ့အခါက ကောင်းကင်ဘုံကလန်မှာ ကုန်းမြေတစ်ခုတည်းပဲ ရှိခဲ့တယ်တဲ့။ ကောင်းကင်ဘုံဘိုးဘေးဟာ ပြင်ပက ရောက်လာတဲ့ သက်ရှိဖြစ်တည်မှုတွေကို ချိပ်ပိတ်ပြီး ယနေ့ခေတ် ငါတို့ မြင်နေရတဲ့ ကုန်းမြေခုနစ်ဆယ့်နှစ်ခု ဖြစ်လာခဲ့တာပဲ…”

“အဲ့ဒီ သက်ရှိဖြစ်တည်မှု ခုနစ်ဆယ့်နှစ်ခုကို ချိပ်ပိတ်ပြီးတဲ့နောက် ကောင်းကင်ဘုံဘိုးဘေးဟာ ပျောက်သွားခဲ့တယ်လို့ ဆရာ ပြောခဲ့ဖူးတယ်။ သူ ဘယ်နေရာကို ရောက်သွားလဲတော့ ဘယ်သူမှ မသိခဲ့ဘူး။ သူ့မျိုးဆက်တွေဟာ အချိန်အကြာကြီး ရှာဖွေခဲ့ပေမယ့် ဘာရလဒ်မှ ရှာမတွေ့ခဲ့ကြဘူး…”

“ဒါပေမဲ့ ဆရာဟာ မတော်တဆ ကောင်းကင်ဘုံဘိုးဘေးဟာ ပျောက်ကွယ်သွားတာ မဟုတ်လောက်တဲ့ သဘောမျိုး ခပ်တိုးတိုး ပြောခဲ့မိဖူးတယ်။ ဆရာကတော့ ကောင်းကင်ဘုံဘိုးဘေးဟာ တစ်ံခုခုနဲ့ တွေ့ကြုံခဲ့တယ်လို့ ထင်ကြေးရှိခဲ့တယ်။ အသေးစိတ်ကိုတော့ ဆရာ့အနေနဲ့ ဒီကိစ္စဟာ ဟိုးလေးတကြော် ဖြစ်သွားမှာကို မလိုချင်လို့ မပြောပြခဲ့ဘူး…”

ဟိုင်းဇီက စဉ်းစားရင်း ဖြည်းဖြည်းချင်း ပြောပြနေသည်။

သူမ၏စကားများ ဝမ်လင်းနားထဲ ဝင်ရောက်လာသည့်အခါ သူက ငြိမ်သက်စွာ စဉ်းစားနေ၏။

“ဖြစ်နိုင်တာက ဒီကျိုးပျက်လက်ဝါးဟာ ကောင်းကင်ဘုံဘိုးဘေး ပိုင်ဆိုင်တာလား။ ဒီလိုဆိုရင် ကောင်းကင်ဘုံဘိုးဘေးရဲ့ ဘယ်လက်ကို ဘယ်သူက ဖြတ်တောက်ခဲ့တာလဲ။ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဓား ပျက်စီးသွားတဲ့အပေါ်မှာလည်း ကောလဟာလ စကားမျိုးစုံ ရှိခဲ့တယ်။ ဒီဓားပျက်စီးမှုက ဒီကျိုးပျက်လက်ဝါးနဲ့ရော ပတ်သတ်မှု ရှိနိုင်လား…”

“ဒါပေမဲ့ တောင်တန်းပင်လယ်သစ်ပင်ချိပ်ပိတ်မျုအတွင်းမှာ ဒီကျိုးပျက်လက်ဝါးက ဘာကြောင့် ရှိနေရတာလဲ။ ပြီးတော့ ဒီချိပ်ပိတ်မှု ရှိခဲ့တာ နှစ်ပေါင်း မရေနိုင်တော့ဘူး။ မဟာအင်ပါယာတွေဟာ ဒါကို သတိပြုမိသင့်တာ ကြာခဲ့လောက်ပြီ။ ဒါပေမဲ့ ဒီလက်ဝါးက ဘာကြောင့် ခုမှ လှုပ်ရှားလာခဲ့ရတာလဲ။ ဒါ့အပြင် ဒီဧရိယာဟာ မဟာအင်ပါယာတောက်ရီ အပိုင်ပဲ။ သူ့ကျင့်ကြံမှုအဆင့်နဲ့ သူက ဒါကို ဘယ်လိုလုပ် သတိမမူမိဘဲ ရှိပါ့မလဲ…”

“ဒါမှမဟုတ်…ဖြစ်နိုင်တာက…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာပေ၏။

“အင်ပါယာတောက်ရီအပါအဝင် မဟာအင်ပါယာတွေဟာ တောင်တန်းပင်လယ်သစ်ပင်နဲ့ ထူးခြားတဲ့ချိပ်ပိတ်မှုကို သိနေတာ ကြာခဲ့လောက်ပြီ။ ဒါပေမဲ့ အဆုံးသပ်မှာ သူတို့ထဲက ဘယ်သူကမျှ လက်လွတ်စပယ် မလှုပ်ရှားခဲ့တာလား…”

ဝမ်လင်းက ကျင့်ကြံနေပြီး ဆက်တိုက် ဆင်ခြင်ကောက်ချက် ချနေ၏။ သူသည် အသက်ဝဝရှိုက်သွင်းကာ သူ နောက်ဆုံးဆင်ခြင်မိသော ကောက်ချက်ကြောင့် တုန်လှုပ်မိသွားရသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “အင်ပါယာအတုဟိုင်းဇီ။ နင့်ရဲ့ ဆရာဟာ မဟာအင်ပါယာကျိုးသဲ ဖြစ်မှတော့ နင့်အနေနဲ့ ဗဟိုကုန်းမြေရဲ့ အဝေးကြီးမှာ ရှိတဲ့ ဒီတောင်တန်းပင်လယ်မှာ ဘာကြောင့် လာနေနေရတာလဲ…”

“နင် ငါ့ကို သံသယ ရှိနေတာလား…” အင်ပါယာအတုဟိုင်းဇီက ဝမ်လင်းကို ကြည့်၏။ သူမ၏မျက်လုံးက အရောင်လက်သွားသည်။

“တော်လိုက်တဲ့ အမျိုးသမီး…” ဝမ်လင်းက သူ့ဟာသူ ထိုသို့ တွေးလိုက်၏။ သူ့ထံမှ စကားတခွန်းကို အခြေခံကာ အင်ပါယာအတုဟိုင်းဇီက တော်တော်များများကို ခန့်မှန်းမိသွားသည် မဟုတ်လား။

ဝမ်လင်းက ရှင်းမပြပေ။ သူက ဟိုင်းဇီကို တည်ငြိမ်စွာသာ ကြည့်၏။

ထိုမိန်းမလှက ခဏတာ စဉ်းစားသွားပြီးနောက် တခုခုကို တွေးမိသည့်အလား သူမ၏အမူအရာက ပြောင်းလဲသွားသည်။ အချိန်အတန်ကြာပြီးနောက် သူမက ရုတ်တရက် အပေါ်သို့ မော့ကြည့်သည်။ သူမ၏မျက်လုံးထံမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်သည်။

သူမ မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ဆို၏။ “ငါ့ဆရာက တောင်ပိုင်းကုန်းမြေကို လာပြီး ဒီတောင်တန်းပင်လယ်ကို ငါ့လှိုဏ်ဂူအဖြစ် နေထိုင်ဖို့ ပြောခဲ့တာပဲ…”

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူသည် သူ့ထင်မြင်ချက်များထဲမှ အချို့ကို သေချာသွားစေလိုက်သည်။ သူ ထင်သလိုသာ အမှန်ဖြစ်ခဲ့ပါက ဤကိစ္စသည် အလွန်ပြဿနာ ရှိနိုင်သည်။

ဟိုင်းဇီက မြန်မြန် မေးလိုက်၏။ “နင် တောင်တန်းပင်လယ်သစ်ပင်မှာ စိတ်ဝိညာဉ်တွေ ရှိတဲ့အကြောင်း ဘယ်ကနေ သိလာခဲ့တာလဲ…”

“ငါ မဟာအင်ပါယာဝူဖန်လက်အောက်က အင်ပါယာအတု တစ်ယောက်ရှိကနေ ဒီအကြောင်းကို သိခဲ့တာ…”  ဝမ်လင်းက ပို၍ စဉ်းစားသွား၏။

“အရင်တုန်းက ငါ တောင်တန်းပင်လယ်ကို လာခဲ့ပြီး ဒီမှာ လှိုဏ်ဂူတစ်ခု ရှိခဲ့တယ်။ ဒီလှိုဏ်ဂူရဲ့ သက်တမ်းကတော့ သိပ်ရှိအုံးမှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်နှစ်ရာက ဆရာဟာ ရုတ်တရက် ဒီမှာ အချိန်အကြာကြီးနေဖို့ ငါ့ကို ပြောခဲ့တာပဲ။ နင့်ကိုလည်း မဟာအင်ပါယာဝူဖန်လက်အောက်က အင်ပါယာအတုတစ်ယောက်ယောက်က ဒီကို ညွှန်ပြခဲ့တာမလား။ ပြီးတော့ ဒီဧရိယာနယ်မြေဟာ မဟာအင်ပါယာတောက်ရီရဲ့ အပိုင်ပဲ…”

ဟိုင်းဇိ၏အမူအရာက သုန်မှုန်နေတော့သည်။

ဝမ်လင်းက ခပ်ရေးရေး ပြုံး၏။ အင်ပါယာအတုဟိုင်းဇီ၏ စကားများက သူမသည် ဒီပြဿနာ၏ သော့ချက်ကို နားလည်လိုက်ပြီဟု ဆိုလိုပေသည်။

အင်ပါယာအတုဟိုင်းဇီက မျက်လုံးမှိတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူမက ပြောလာသည်။ “ဆရာက ဒီတောင်တန်းပင်လယ်သစ်ပင်ရဲ့ ချိပ်ပိတ်မှုထဲက ကျိုးပျက်လက်ဝါးကို ဖျားယောင်းဖို့ ငါ့ကို တည်ကြက်အဖြစ် အသုံးပြုခဲ့တာပဲ…”

“ငါ ဒါကို နားလည်ပါတယ်။ ဆရာက ငါ့ကို မြေတောင်မြှောက်ပေးခဲ့သလို ဘယ်လိုကျင့်ကြံရမလဲဆိုတာကိုလည်း သူပဲ သင်ပေးခဲ့တာ။ ငါ တည်ကြက်ဖြစ်ခဲ့ရင်တောင် ဘာမှ အထွန့်တက်စရာ မရှိဘူး။ ဒါပေမဲ့ နင့်ကို ဒီနေရာ ရောက်လာပြီး ဖျားယောင်းဖို့ ဘာကြောင့် လုပ်ဆောင်ခဲ့ကြတာလဲ…”

အင်ပါယာအတုဟိုင်းဇီက မျက်လုံးဖွင့်လာပြီး ဝမ်လင်းကို ကြည့်သည်။

ဝမ်လင်း၏အမူအရာက ပုံမှန်ပင်။ သူက ခေါင်းသာ ယမ်းပြ၏။ သို့သော်လည်း သည်ကိစ္စအပေါ် သူ့ထံ၌ ခန့်မှန်းချက်တစ်ခု ရှိထားပြီးပင်။

“သာမန်ကျင့်ကြံသူတွေက ငါ့မူလဇစ်မြစ်ကို မြင်နိုင်စွမ်း ရှိကြမှာ မဟုတ်လောက်ဘူး။ အင်ပါယာအတုတွေတောင် ဒါကို ထောက်လှမ်းမိဖို့ ခက်ခဲလွန်းလိမ့်မယ်။ ဒါပေမဲ့ မဟာအင်ပါယာတွေအတွက်တော့ ဒါက လျှို့ဝှက်ချက် မဟုတ်တော့ဘူး…”

“မဟာအင်ပါယာဝူဖန်အောက်ကလူက ငါ့ကို ဒီနေရာကို ညွှန်ပြခဲ့တာဟာ ငါ့ရဲ့ နောက်ခံပုံရိပ်ကို သက်သေပြနိုင်အောင်လို့ ဖြစ်လိမ့်မယ်။ ဒါ့အပြင် သူက မဟာအင်ပါယာကျိုးသဲနဲ့လည်း ရည်ရွယ်ချက်တူလောက်တယ်…”

“မဟာအင်ပါယာကျိုးသဲကတော့ သူ့တပည့်ကို တည်ကြက်အဖြစ် လုပ်ထားပေမဲ့ သူ့နည်းလမ်းဟာ ညင်သာနေတုန်းပဲ။ သူဟာ သူမကို ဒီမှာနေထိုင်စေပြီး တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကို ငြိမ်ငြိမ်သက်သက် စွဲဆောင်စေချင်ခဲ့တာ။ ဒါပေမဲ့ ငါ့အနေနဲ့ မဟာအင်ပါယာဝူဖန်နဲ့ ဘာမှ ပတ်သတ်မှု မရှိခဲ့ဘူး။ ဒါ့ကြောင့် သူက ငါ သေတာရှင်တာကိုလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူက ငါ့ပုံရိပ်ကိုလည်း သက်သေပြနိုင်အောင်၊ ကျိုးပျက်လက်ဝါးကိုလည်း စွဲဆောင်ဖျားယောင်းအောင် လုပ်ခဲ့တာပဲ…”

“သူတို့က ငါ လှိုဏ်ဂူလောကထဲကနေ လာခဲ့တာ ဟုတ်၊မဟုတ် ဂရုစိုက်လိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါသာ ရှေးနိုင်ငံကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ရင်တော့…”

ဝမ်လင်းသည် နှစ်ပေါင်းသုံးထောင်နီးပါး ကျင့်ကြံခဲ့ပြီး ဖြစ်၏။ အထူးသဖြင့် လှိုဏ်ဂူလောကတွင် သူသည် သူ့ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားတွေးခေါ်မှုကို အခြေခံကာ ပြဿနာများတစ်ခုပြီးတစ်ခုကို ဖြေရှင်းခဲ့ရသည် မဟုတ်လား။

“မဟာအင်ပါယာတောက်ရီကတော့ ဒီကိစ္စမှာ ဘယ်လိုနေရာကနေ ပါဝင်နေလဲတော့ ငါလည်း မသိဘူး…”  ဝမ်လင်းက ခေါင်းငုံ့လိုက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးသွားသည်။

“ဆရာက ငါ့အကြောင်းကို ကောက်ရီကလန်အနေနဲ့ သိစေဝံ့မှတော့ သူတို့က ဒီအကြောင်းကို မထုတ်ဖော်ဝံ့တာနဲ့ ပတ်သတ်လို့ ဆရာအနေနဲ့ ယုံကြည်လို့ပဲ ဖြစ်လိမ့်မယ်။ ဒီအားနည်းချက်ကလွဲလို့ ဘယ်သူကမှ ငါဟာ မဟာအင်ပါယာရွှမ်လောရဲ့ တဦးတည်းသော တပည့်မှန်း သိကြမှာ မဟုတ်ဘူး…”

“ငါသာ ငါ့နောက်ခံပုံရပ်ကို မဖော်ပြမိသ၍ ငါ လှိုဏ်ဂူလောကထဲကနေ လာခဲ့တယ်ဆိုရင်တောင် အရာအားလုံးဟာ အဆင်ပြေလိမ့်မယ်။ အခုတော့ အချိန်နည်းနည်း ထပ်စောင့်ကြည့်တာပေါ့။ တကယ်တော့ ဒါက ငါ့ထင်မြင်ယူဆချက်သပ်သပ်ပဲလေ…”

ဝမ်လင်းသည် စဉ်းစားနေပြီး ဟိုင်းဇီကို လှမ်းကြည့်၏။ သူမက မျက်လုံးမှိတ်ထားပြီး သူမ၏မျက်နှာထက်တွင် မည်သည့်အမူအရာမှ ရှိမနေပေ။

“မဟာအင်ပါယာကျိုးသဲကသာ သူမကို တည်ကြက်အဖြစ် အမှန်တကယ် အသုံးပြုခဲ့တယ်ဆိုရင် သူမနဲ့ ပတ်သတ်လို့ ထူးခြားတာ တစ်ခုခု ရှိနေရမယ်…”

ဝမ်လင်းသည် အစောပိုင်းတည်းက ထိုသို့ ထင်ခြင်ထားခဲ့ပေ၏။ သို့ပေမည့် သူ့ထံ၌ ထိုကျိုးပျက်လက်ဝါးက မဟာအင်ပါယာများ၏ အာရုံကို စွဲဆောင်ဖို့ မည်သည့်လျှို့ဝှက်ချက်များ ရှိနေသည့်အပေါ်တော့ သံသယအချို့ ရှိနေသေးသည်။

ဝမ်လင်းက ဟိုင်းဇီထံမှ သူ့အကြည့်ကို ပြန်ရုတ်ကာ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကို စုပ်ယူခြင်း၌သာ ဆက်၍ အာရုံစိုက်ထားလိုက်သည်။ ခုချိန်တွင် မည်သို့ပင်ဖြစ်စေဖြစ်စေ သူ့ကိုယ်ပိုင်ကျင့်ကြံမှုကို တိုးတက်စေမှသာ နောက်ပိုင်းကိစ္စရပ်များကို ဖြေရှင်းရာ၌ အခြေခံကျပေလိမ့်မည် မဟုတ်လား။

သည်လိုနှင့် အချိန်သည် တိတ်တဆိတ် ကုန်ဆုံးနေပြန်၏။

ဖြတ်ခနဲအတွင်း နောက်ထပ်သုံးနှစ် ကုန်လွန်သွားခဲ့ပြန်၏။ ပြီးခဲ့သောနှစ်များဖြင့်ဆို ဝမ်လင်းနှင့် ဟိုင်းဇီတို့ ဒီနေရာတွင် ပိတ်မိနေသည်မှာ ခုနစ်နှစ် ရှိသွားခဲ့လေပြီ။

ဒီသုံးနှစ်အတါင်း ကျိုးပျက်လက်ဝါးမှ ဝိုးတဝါးပုံရိပ်သည် စုစုပေါင်းကိုးကြိမ် ပေါ်လာသေး၏။ ၎င်း ပေါ်လာတိုင်းလည်း အလင်းလိုက်ကာစကို ဝုန်းဒိုင်းကြဲ ထိုးနှက်တိုက်ခိုက်ခဲ့သည်ပင်။ ထိုအခါ အလင်းလိုက်ကာစသည် ကိုးကြိမ်တိတိ ကြုံ့သွားခဲ့လေ၏။

သည်နေ့တွင် ၎င်းသည် ကိုးကြိမ်မြောက် ကြုံ့လေသည်။ အလင်းလိုက်ကာစက တုန်ခါနေရင်း အက်သံတစ်ခု ပဲ့တင်ထပ်သည်။ အလင်းလိုက်ကာစက ၎င်း၏အကန့်အသတ်သို့ ရောက်လာသည့်အလား။ ၎င်းသည် ခုဆို ပေသုံးဆယ်ကျယ်ဝန်းသည့်အထိ ကြုံ့သွားခဲ့လေပြီ။

ပေသုံးဆယ်အကွာအဝေးက ဝမ်လင်းနှင့် ဟိုင်းဇီတို့ကို အတော့်ကို နီးနီးကပ်ကပ် ဖြစ်သွားစေသည်။ ဝမ်လင်းက အင်ပါယာအတုဟိုင်းဇီ၏ ကိုယ်သင်းမွှေးရနံ့ကိုပင် ရနေမိလေပြီ။

ထိုသို့ နီးကပ်လွန်းသဖြင့် အင်ပါယာအတုဟိုင်းဇီသည် ဆက်လက်မကျင့်ကြံနိုင်တော့ပေ။ သူမ၏မျက်နှာက အနည်းငယ် နီမြန်းနေကာ မသက်မသာ ဖြစ်နေသလိုပင်။ ဝမ်လင်းထံ သူမ၏အကြည့်ကလည်း ပိုမို၍ ရှုပ်ထွေးလာမိ၏။

အလားတူပင် သူမကလည်း ဝမ်လင်း၏ ကိုယ်ငွေ့ကို ခံစားမိနေရသည်။

“ဒီဧရိယာက သေးငယ်လွန်းတယ်။ ဒီပိတ်မိနေမှုကို မဖြေရှင်းနိုင်ရင် အလင်းလိုက်ကာစက မကြာခင် ပျက်စီးတော့မယ်။ ဒါသာ ထပ်ကြုံ့သွားခဲ့ရင်…”

ဟိုင်းဇီက ဒေါသနှင့်အရှက်ရမှုကို ခံစားမိနေ၏။

ဝမ်လင်းကလည်း မျက်မှောင်ကြုတ်နေမိသည်။ သူ့တဘဝလုံး၌ အမျိုးသမီးအရေအတွက် အနည်းငယ်ကလွဲ၍ သူစိမ်းအမျိုးသမီးတစ်ယောက်နှင့် ဒီမျှ နီးနီးကပ်ကပ် ရှိခဲ့ဖူးတာ ရှားလှပေသည်။ သူလည်း မသက်မသာ ဖြစ်နေ၏။ သူမထံမှ ထွက်ပေါ်လာသော ကိုယ်သင်းမွှေးရနံ့က သူ့ကို မျက်မှောင်ကြုတ်မိနေစေတော့သည်။

ခုနစ်နှစ်တာ အတူရှိနေခဲ့သည့်အချက်အပြင် ဒီအင်ပါယာအတုဟိုင်းဇီက မူပင်းမေကဲ့သို့ အကြွင်းမဲ့အလှ ပိုင်ရှင်ဖြစ်သည် မဟုတ်လား။ ထိုခံစားချက်က ဝမ်လင်းကို ကြိတ်၍ သက်ပြင်းချစေမိသည်။

“ငါ ဒီလို ဆက်ဖြစ်ခွင့် ပြုလို့ မရတော့ဘူး…”  ဝမ်လင်း၏မျက်လုံးက အရောင်လက်သွား၏။ သို့သော် ထိုအခိုက်တွင် အလင်းလိုက်ကာစ ကြုံ့သွားခြင်းကြောင့် အက်ကြော်ငးများ ပေါ်လာကာ အပြင်ဘက်မှ ပုံရိပ်သည် ထပ်မံ ထွက်ပေါ်လာ၏။ ၎င်းက အလင်းလိုက်ကာစကို အပြင်းအထန် တုန်ခိုက်လေရာ ဆူညံသံများ ပိုပြင်းထန်လာ၏။ အလင်းလိုက်ကာစပေါ်ရှိ အက်ကြောင်းများသည် စတင်ပျံ့နှံ့လာချေသည်။

ထိုအဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် အလင်းလိုက်ကာစက ထပ်မံ ကြုံ့လာ၏။

ပေသုံးဆယ်၊နှစ်ဆယ်၊ ဆယ်ပေ။ ငါးပေ။

ငါးပေသာ ကျန်တော့သည့်အခါ ဟိုင်းဇီသည် ဝမ်လင်း၏ညာဘက်နားသို့ ထိကပ်လုနီး ဖြစ်လာခဲ့လေပြီ။ သူတို့နှစ်ယောက်လုံးသည် တစ်ယောက်၏ ကိုယ်သင်းငွေ့ကို တစ်ယောက် ခံစားမိနေရပြီ။

ပတ်ဝန်းကျင်မှာလည်း လုံးဝ နက်မှောင်နေသလို အပြင်ဘက်ရှိ ကျိုးပျက်လက်ဝါးက အချို့အကြောင်းပြချက်များကြောင့် တိုက်ခိုက်နေခြင်းကို ရပ်သွားသဖြင့် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဟိုင်းဇီ၏ အသက်ရှုသံကိုသာ ဒီကျန်ရှိနေသေးသော အလင်းလိုက်ကာစ အဝန်းအဝိုင်းလေးအတွင်း၌ ရှင်းရှင်းလင်းလင်း ကြားရလေသည်။

“ဝမ်…ဝမ်လင်း…”  အမှောင်ထုအတွင်း၌ ဟိုင်းဇီက တိုးညင်းစွာ ဆိုလာ၏။ သူမ၏ နွေးလျသော အသက်ရှုထုတ်သော အငွေ့အသက်က ဝမ်လင်း၏မျက်နှာပေါ် ကျရောက်လာသည်။

All Chapters