← Chapters

မဟာအင်ပါယာတွေကို တွေ့မြင်ခွင့် ပြုတယ်

Vol. 144 Ch. 1990

မဟာအင်ပါယာတွေကို တွေ့မြင်ခွင့် ပြုတယ်

Vol. 144 Ch. 1990

“စကား မပြောတော့နဲ့…”  ဝမ်လင်းက ရုတ်တရက် ထိုသို့ ပြော၏။  သူက အလင်းလိုက်ကာစထံ မော့ကြည့်သည်။ ကျိုးပျက်လက်ဝါးကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ကလည်း လှည့်ပြန်စိုက်ကြည့်သည်။

“ဒီအလင်းလိုက်ကာစက မကြာခင် ပျက်စီးတော့မှာ ဒီအစီအရင် ပျက်စီးသွားတားကို ထိန်းချုပ်ပြီး ပျက်စီးအားကို အသုံးချပြီး ငါတို့ တတ်နိုင်သမျှ အမြန် ထိုးထွက်ရမယ်…”

“ငါတို့ အတင်း ထိုးထွက်တဲ့အခါကျရင် ငါတို့နှစ်ယောက်လုံး အစွမ်းထက်ဆုံးမန္တာန်တွေကို အသုံးပြုကြမယ်။ နင့်ဆရာ ဒီကို ရောက်နေလောက်ပြီလို့ နင်လည်း ခန့်မှန်းမိမယ်လို့ ငါ ထင်တယ်…”  ဝမ်လင်းက အင်ပါယာအတုဟိုင်းဇီထံ ရုတ်တရက် ထိုသို့ ပြောကာ ဝိုးတဝါးပုံရိပ်ကို လှမ်းကြည့်သည်။

ဟိုင်းဇီက စဉ်းစားပြီးနောက် ခေါင်းညိတ်၏။

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်သည်။ မရည်ရွယ်ပါဘဲ သူက ဟိုင်းဇီ၏ ကိုယ်သင်းမွှေးရနံ့ကိုပါ ရှိုက်သွင်းမိသွား၏။ သို့သော် သူ့ထံ၌ မသက်မသာ ဖြစ်နေဖို့ အချိန်မရှိပေ။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေ၏။

ဟိုင်းဇီက လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အထက်ရှိ အလင်းလိုက်ကာစထံ ညွှန်လိုက်သည်။

ထိုအခါ ယင်းအလင်းလိုက်ကာစသည် တုန်ဟိန်းသွားသည်။ မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်လေ၏။ ကျန်သည့်အားက သူတို့နှစ်ယောက်ကို တွန်းထုတ်သွားသည်။ ထိုအားကို အသုံးချကာ ဝမ်လင်းနှင့်ဟိုင်းဇီတို့သည် အလင်းလိုက်ကာစ ပျက်စီးနေချိန်၍ အတင်းထိုးထွက်သည်။ ထို့အပြင် ဟိုင်းဇီက၏ ဝမ်လင်း၏ အမိန့်ပေးမှုအတိုင်း လိုက်ပါလာသည်။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ မန္တာန်ကိုးဆယ် ပါဝင်သော ဘဲဥပုံချိပ်တံဆိပ်တစ်ခု ပေါ်လာလေ၏။ ၎င်းထံမှ အလွန်အမင်း တောက်ပသောအလင်းကို ထုတ်လွှတ်လေသည်။

ယင်းဘဲဥပုံချိပ်တံဆိပ်က ကျိုးပျက်လက်ဝါးမှ အရိပ်ထံ ဦးဆုံး ထိုးနှက်သွားကာ ကျယ်လောင်စွာ တုန်ဟည်းသံတစ်ခုကို ဖန်တီးလေသည်။ ထိုတုန်ဟည်းသံက ကျယ်လောင်လှ၏။ ၎င်းသည် လေဟာနယ်ကို ပွင့်ထွက်စေသည့်အလား။ အရိပ်သည် နောက်သို့ လွင့်သွားသည်။

ထိုအခိုက်တွင် တောင်တန်းပင်လယ်၏အထက်၌ ပုံရိပ်သုံးခု ရှိနေပြီး အောက်ဘက်သို့ ကြည့်နေသည်။ သူတို့သုံးယောက်က ဒီနေရာတွင် ရှိနေသော်ငြားလည်း အကယ်၍ ကျင့်ကြံသူများက ဖြတ်သွားခဲ့လျှင်ပင် သူတို့ကို သတိပြုမိနိုင်စွမ်း ရှိကြလိမ့်မည် မဟုတ်ပေ။

သူတို့ထဲမှ တစ်ယောက်က တာအိုဝတ်ရုံဖြင့် လူငယ်တစ်ယောက်ပင်။ သူ့မျက်လုံးတို့က ကြယ်များကဲ့သို့ တောက်ပနေ၏။

သူသည် ငယ်ရွယ်ပုံပေါက်သော်လည်း ရှေးအော်ရာတစ်ခုက သူ့အား ဝန်းရံထား၏။ သူက တည်ငြိမ်စွာ ရှိနေသော်လည်း သူ့ဘေးပတ်လည်ရှိ အရာအားလုံးကမူ အေးခဲနေသည်။

သူက မဟာအင်ပါယာတောက်ရီတည်း။

သူနှင့် ပေအတော်အတန်အကွာတွင် ဒုတိယပုံရိပ်တစ်ခု ရှိနေသည်။ ထိုသူက အရပ်မြင့်မြင့် သက်လတ်ပိုင်းလူတစ်ယောက်ပင်။ သူက ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ကာ လက်နောက်ပစ်ထားပေသည်။

သူ့ထံ၌ ဆံချည်မျှင်တို့ မရှိသော်လည်း ဦးခေါင်းပြောင်ဟုလည်း မထင်ရပေ။ သူ့ပုံပန်းသွင်ပြင်က ကြမ်းတန်းပုံ ပေါ်ကာ ရူပကာ မချောမောပေ။ သို့သော် သူ့ထံမှ မုန်တိုင်းကဲ့သို့ ပုံရိပ်ယောင်ကို ပေးစွမ်းနေ၏။ သူ၏မျက်လုံးထဲမှ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေပြီး လောကသည် သူ့ခြေဖဝါးအောက် ဝပ်ဆင်းရမည့်အလား။

သူ၏ထံမှ ဖော်ပြနိုင်စွမ်းမဲ့သော အော်ရာတစ်ခု ပျံ့လွင့်နေ၏။ ယင်းအော်ရာက ကောင်းကင်ဘုံတာအို၊ အကြွင်းမဲ့ သိုင်းပညာရပ်၏ အကန့်အသတ်ကဲ့သို့အလား။ ထိုသူက သိုင်းပညာရပ်များ၏ တာအိုဖြင့် မဟာအင်ပါယာအဆင့်သို့ ခြေလှမ်းခဲ့သူအလား။

သူကား မဟာအင်ပါယာဝူဖန်ပင်။

မဟာအင်ပါယာတောက်ရီ ပတ်လည်ရှိ ဧရိယာ၌ မည်သည့်လှုပ်ရှားမှုမျှ မရှိသော်ငြားလည်း ထိုလူ၏ ဝတ်ရုံကမူ တဖျတ်ဖျတ်လွင့်နေ၏။ သူ့အပေါ် တောက်ရီ၏ အော်ရာက သက်ရောက်မှု မရှိပေ။

နောက်ဆုံးပုံရိပ်ကတော့ အဘိုးအိုတစ်ယောက်ပင်။ ထိုအဘိုးအိုက အစိမ်းရောင်ဝတ်ရုံကို ဝတ်ကာ နေရာတွင် တည်ငြိမ်စွာ ရပ်နေ၏။ သူနှင့် ပတ်သတ်၍ ထူးထူးထွေးထွေး ရှိမနေဘဲ သာမန်ကျင့်ကြံသူတစ်ယောက်ကဲ့သို့ပင်။ သူ၏ပုံပန်းသွင်ပြင်မှာလည်း ထူးခြားနေတာ မရှိသလို သူက အနည်းငယ်ပင် ခါးကိုင်းနေသေး၏။

သူ၏မျက်နှာထက်တွင် အရေးအကြောင်းများ ပြည့်နေသေး၏။ သို့သော် တောက်ရီ၏ အရာအားလုံးကို အေးခဲစေသော အော်ရာ၊ ဝူဖန်၏ တမူထူးသော အော်ရာတို့က သူ့အပေါ်သို့ မည်သို့မျှ မသက်ရောက်ပေ။

“ကျိုးသဲ…သင့်ရဲ့ တပည့်က ပြဿနာ တက်နေပြီ…”  တောက်ရီက ပြုံး၍ ထိုအဘိုးအိုကို ကြည့်၏။ ထိုအဘိုးအိုသည် သာမန်သာ ဖြစ်သော်လည်း တောက်ရီကမူ ယင်းကျိုးသဲဟူသည်မှာ ခုလက်ရှိ မဟာအင်ပါယာငါးယောက်တွင် အသက်ကြီးဆုံး ဖြစ်မှန်း သိထားပေ၏။ သူသည် ကောင်းကင်ဘုံဘိုးဘေး ရှိခဲ့စဉ် အချိန်ကာလတည်းက ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တာ ဟူလည်း ကောလာဟာ ဆိုကြ၏။

အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်းတို့နှစ်ယောက်ကြောင့်သာ မဟုတ်ရင် ငါ့တပည့်က လွတ်မြောက်နေတာ ကြာနေလောက်ပြီ…”

“ဒါ ငါနဲ့ ဘာမှ မပတ်သတ်ဘူး။ ဒီဝမ်လင်းအပေါ် ငါ့အနေနဲ့ အထင်ကောင်းအမြင်ကောင်း ရှိပါတယ်…”

တောက်ရီက ပြုံး၍ ခေါင်းယမ်း၏။

“ငါလည်း သူ့အပေါ် အထင်အမြင်ကောင်း ရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာ သူ့မူလဇစ်မြစ်နဲ့ ပတ်သလို့ စမ်းသပ်ကြည့်ဖို့ လိုသေးတယ်…”

ယင်းသို့ ပြောလာသူက ဝူဖန်ပင်။

“အတိတ်တုန်းက ရွှမ်လောဟာ ကောင်းကင်ဘုံကလန်ကို ရောက်လာခဲ့တယ်။ သူဟာ ရွှမ်လောနဲ့ မပတ်သတ်သရွှေ့ အဆင်ပြေတယ်…”  တောက်ရီက အောက်ဘက်ရှိ ပင်လယ်ထံသို့ လှမ်းကြည့်သည်။

သို့ပေမည့် တောက်ရိသည် ရုတ်တရက် အံ့အားတသင့်အသံ ထွက်ပေါ်သွားသည်။ သူသာမက ဝူဖန်ကလည်း အလေးအနက်အသွင်ဖြင့် လှမ်းကြည့်၏။ အဘိုးအိုကျိုးသဲကလည်း လှမ်းကြည့်ကာ အံ့အားသင့်သွားသည်။

အောက်ရှိ တောင်တန်းပင်လယ်သည် မင်နက်အလွှာဖြင့် ဖုံးနေ၏။ ယင်းမင်နက်အောက်တွင် အဆုံးမဲ့ပင်လယ်ရှိကာ ပင်လယ်၏အောက်ခြေတွင် တွင်းနက်တစ်ခု ရှိပေသည်။ ထိုတွင်းနက်ထဲ၌ တောင်တန်းပင်လယ်သစ်ပင် ရှိသည်။ ၎င်းပတ်လည်ရှိ ချိပ်ပိတ်မှုအလွှာများထံမှ ပြင်းထန်ကျယ်လောင်သော တုန်ဟည်းသံများ ထွက်ပေါ်နေ၏။

ဤသည်မှာ အင်ပါယာဟိုင်းဇီ တိုက်ခိုက်နေခြင်းကြောင့်ပင်။ ဘဲဥပုံချိပ်တံဆိပ်က ကျိုးပျက်လက်ဝါးနှင့် ထိပ်တိုက်တွေ့လေ၏။ သို့သော် ကျိုးပျက်လက်ဝါးက ပျက်စီးသွားပြီးနောက် ပြန်ဖွဲ့စည်းလေ၏။ ဝမ်လင်းကလည်း လက်နှစ်ဖက်ကို ပင့်မြှောက်၏။ သူ၏မျက်နှာထက်ရှိ ကောင်းကင်ဘုံနွားထီးအမှတ်အသားကလည်း လင်းလက်သွားသည်။ စိတ်ဝိညာဉ်ချပ်ဝတ်က သူ့ခန္ဓာကိုယ်တခုလုံးကို ဖုံးလွှမ်းသွားပြီး သူက သူ၏အစွမ်းထက်ဆုံးမန္တာန်ကို အသုံးပြုသည်။

“အပြင်ဘက်မှာ မဟာအင်ပါယာတွေဖြစ်တဲ့ ဝူဖန်၊ တောက်ရီ၊ ဒါမှမဟုတ် ကျိုးသဲတို့ ရှိနေရမယ်။ သင်တို့က ငါ့ရဲ့ မူလဇစ်မြစ်နဲ့ ခွန်အားကို မြင်ချင်တယ်ဆိုရင် မြင်ခွင့်ပြုလိုက်မယ်…”

ဝမ်လင်းက ထိုးထွက်လာရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းသည်။

ထိုသို့ ဝေ့ယမ်းသည့်အခါ လောကသည် အရောင်များ ပြောင်းလဲကုန်သည်။ လှိုင်းသံများက နက်မှောင်သောလေဟာနယ်အတွင်း၌ ပဲ့တင်ထပ် မြည်ဟိန်းသည်။ ပင်လယ်တစ်ခု ပေါ်လာပြီး ထိုပင်လယ်၏အစွန်းတွင် ရွှေရောင်နေမင်းတစ်စင်း မြန်ဆန်စွာ မြင့်တက်လာတော့သည်။

ထိုအခါ အဘက်ဘက်သို့ အဆုံးမဲ့ရွှေရောင်အလင်းများ ပျံ့နှံ့လေ၏။ ထိုနေအလင်း၌ အမှောင်ထုကို ဆုတ်ဖြဲပစ်မည့် စွမ်းအား ပါဝင်ကာ ညအမှောင်သည် နောက်သို့ လွင့်စင်ရ၏။

ပုံရိပ်တစ်ခုသည် ထိုနေမင်းအတွင်း၌ ပေါ်လာ၏။ ယင်းပုံရိပ်မှာ ဝမ်လင်းပင်။

သူ့မျက်လုံးကို မှိတ်လိုက်ပြီး သူသည် နေမင်းနှင့်အတူ မြင့်တက်လာသည်။ ရွှေရောင်အလင်းက အမှောင်ထုကို ဆုတ်ဖြဲပစ်နေစဉ် သူက မျက်လုံးဖွင့်လာသည်။

သူ မျက်လုံးဖွင့်လာသည့်အခါ၌ နေမင်းကနေ ထုတ်လွှတ်လာသော အဆုံးမဲ့ရွှေရောင်အလင်းသည် ယုံကြည်မှုအငွေ့အသက် ပါဝင်ချေ၏။ ဤသည်မှာ ဝမ်လင်း၏ ယုံကြည်မှုပင်။ သည်ယုံကြည်မှုက ဝမ်လင်း၏ နေသာသောညကို ယုံကြည်မှုမန္တာန် ဖြစ်စေခြင်းတည်း။

“သင်တို့အားလုံး တွေ့မြင်ချင်ရင် ငါ တွေ့မြင်ခွင့်ပြုလိုက်မယ်…”  ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။

“အမှောင်ထုအားလုံး လွင့်ပါးရမယ်လို့ ငါ ယုံကြည်တယ်…”

“အလင်းဟာ အမှောင်ထုကောင်းကင်ကို ထွင်းဖောက်ပြီး မြေကမ္ဘာပေါ် ထိန်လင်းစေမယ်လို့ ယုံကြည်တယ်…”

“ငါ့ရန်သူအားလုံးဟာ လွင့်ပါးပြန့်ကြဲသွားရလိမ့်မယ်လို့ ယုံကြည်တယ်…”

ဝမ်လင်းက ထိုသို့ ခပ်တိုးတိုး ရေရွတ်စဉ် နေအလင်းက ညအမှောင်ထုကို ဆုတ်ဖြဲဖွင့်လှစ်ကာ ကျိုးပျက်လက်ဝါးအရိပ်ထံ ဦးတည်ထွင်းဖောက်သည်။ ထိုအရိပ်က စတင် သိပ်သည်းလာ၏။ သို့သော် ၎င်းသည် မရေမတွက်နိုင်သော အလင်းစက်များအဖြစ်သို့ ချက်ခြင်း ပျက်စီးကာ မှိန်ဖျော့သွားရသည်။ ယင်းတို့သည် လွင့်ပျောက်သွားခြင်းတော့ မရှိပေ။ သို့သော် နောက်ဆုတ်သွားရပြီး ပြန်ဖွဲ့စည်းမည့်အရိပ်အယောင်များ ပေါ်သည်။

သို့ပေမည့် ထိုကျိုးပျက်လက်ဝါးက ဝမ်လင်း၏ အစွမ်းထက်ဆုံးမန္တာန်ကနေ မထိမခိုက် မလွတ်မြောက်နိုင်ပေ။

အဆုံးမဲ့နေအလင်းက ဆက်လက် ပျံ့နှံ့နေ၏။ ၎င်းသည် ညအမှောင်ကိုသာမက တောင်တန်းသစ်ပင်ပင်လယ်ကိုပါ ထွင်းဖောက်သည်။

နေအလင်းက တောင်တန်းသစ်ပင်ပင်လယ်၏ ပင်စည်ကို ဖြတ်၍ တောက်ပကာ ချိပ်ပိတ်မှုကို ထွင်းဖောက်၏။ ၎င်းက တွင်းနက်ကို လစ်လျူရှုပြီး တောင်တန်းပင်လယ်ကြမ်းပြင်ထံ တိုက်ရိုက် လင်းလက်စေသည်။ ပင်လယ်အတွင်းရှိ အမှောင်ထုသည် နေအလင်း ဖြတ်သန်းသည့်အခါ လျော့ပါးသွားရသည်။

၎င်းက ပင်လယ်မျက်နှာပြင် မင်နက်အလွှာထိ ထွင်းဖောက်သွားကာ တောက်ရီ၊ဝူဖန်နှင့် ကျိုးသဲတို့၏ မျက်လုံးအတွင်းသို့ ဝင်ရောက်သွား၏။

“ယုံကြည်မှုမန္တာန်…” မဟာအင်ပါယာတောက်ရီ၏ မျက်လုံးက တောက်ပသွား၏။

“သူက အင်ပါယာအတုကျင့်ကြံသူတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့မှာ ယုံကြည်မှုစွမ်းအားမျိုး ပိုင်ဆိုင်နေပြီ…”

မဟာအင်ပါယာဝူဖန်၏မျက်လုံးထံမှလည်း အရောင်တောက်လာ၏။

အဘိုးအိုကျိုးသဲကတော့ မျက်မှောင်ကြုတ်သွား၏။ သူက ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်ရှိ ပင်လယ်ပြင်ထံ လက်ညွှန်သည်။ ၎င်းမှာ သာမန်လှုပ်ရှားမှုတစ်ခုကဲ့သို့သာ။

ပင်လယ်သည် အဆုံးမဲ့နေအလင်း၏ ထွင်းဖောက်ခံနေရပြီး ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ပင်လယ်က ဆူပွက်လာဟန်တူကာ တဝီဝီလည်ပတ်သည်။ ဧရာမလက်ချောင်းတစ်ချောင်းက ပင်လယ်အောက်ခြေထံသို့ ထိုးစိုက်ကျလာသလို ထင်ရ၏။

ကျယ်လောင်စွာ မြည်ဟိန်းသံများ ထွက်ပေါ်နေစဉ် ဝမ်လင်းက တုံ့နှေးမနေဘဲ ပင်လယ်ထဲမှ ထိုးထွက်လာ၏။ သူက မဟာအင်ပါယာများကို မတွေ့မြင်သည့်အလား အလျင်အမြန် ပျံသန်းသွားသည်။

သူ့နောက်တွင် မဟာအင်ပါယာအတု ဟိုင်းဇီက လိုက်ပါလာ၏။ သို့သော် သူမ၏အောက်ရှိ ပင်လယ်က ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ထိုကြီးမားသော ကျိုးပျက်လက်ဝါးက သူမနောက်သို့ လိုက်လံလာတော့သည်။

သို့ပေမည့် အနှီလက်ဝါး နီးကပ်လာစဉ် ပင်လယ်ရေနှင့် ပြုလုပ်ထားသော လက်ချောင်းက ရောက်ရှိလာကာ ကျိုးပျက်လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။

ထိုအခါ ကျိုးပျက်လက်ဝါးသည် ခဏတာ တုန့်ဆိုင်းသွား၏။ အင်ပါယာအတုဟိုင်းဇီသည် ပင်လယ်ထံမှ အသည်းအသန် ထွက်ပြေးလာ၏။ သူမ၏မျက်နှာမှ ဖြူရောနေသည်။

ကျိုးပျက်လက်ဝါးက ထိုလက်ချောင်း၏ တွန်းထုတ်ခြင်းကို ခံရ၏။ သို့သော်လည်း ကြမ်းကြုတ်သောအော်ဟစ်သံ ပဲ့တင်ထပ်လာသည်။ ကျိုးပျက်လက်ဝါးက အရိပ်အဖြစ်သို့ ပြောင်းကာ ကောင်းကင်ထက်သို့ မာန်သွင်းအော်ဟစ်၏။ ၎င်း၏မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပိုလာကာ ၎င်းက ကောင်းကင်ထက်ရှိ မဟာအင်ပါယာသုံးယောက်ကို တွေ့မြင်သည့်အလား။ ၎င်းက ဟိုင်းဇီကို လစ်လျူရှုကာ ထိုသုံးယောက်ထံ တိုးဝင်လာချေသည်။

အဘိုးအိုကျိုးသဲ၏ မျက်လုံးက အရောင်တောက်သွား၏။ သူက ရှေ့သို့ ခြေလှမ်းကာ ဟိုင်းဇီနှင့် ကျိုးပျက်လက်ဝါးကြားတွင် ရပ်၍ သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။

“ဆရာ…” ဟိုင်းဇီက ထိုအဘိုးအိုကို ကြည့်၏။ သူမသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ အလိုလို လှမ်းကြည့်မိလိုက်၏။ သူမသည် သက်ပြင်းချမိကာ စိတ်ရှုပ်ထွေးဟန် အမူအရာ ဖြစ်ပေါ်သည်။

All Chapters