← Chapters

နောင်တမရှိ စူးနစ်ထားခြင်း

Vol. 144 Ch. 1991

နောင်တမရှိ စူးနစ်ထားခြင်း

Vol. 144 Ch. 1991

ဝမ်လင်း၏ပုံရိပ်သည် ရုတ်တရက် တောင်တန်းပင်လယ်အစွန်းအဖျားတွင် ပေါ်လာ၏။ ခြေတစ်လှမ်းဖြင့်ပင် သူသည် လောကနှင့် တသားတည်းဖြစ်ကာ ပျောက်ကွယ်သွားသည်။

ဝမ်လင်းသည် တောင်တန်းပင်လယ်ကုန်းမြေနှင့် အဝေးရှီ တောင်တန်းပင်လယ်တောအုပ်ကုန်းမြေရှိ ရှေးထင်းရှုးတော၏အထက်တွင် ပေါ်လာသည်။ သူသည် ထိုတောအုပ်အထက်တွင် လွင့်မြောလျက် သူ့နောက်သို့ လှည့်ကြည့်လိုက်သည်။

အစောပိုင်းတုန်းက သူသည် ကျိုးပျက်လက်ဝါးကို တိုက်ခိုက်ဖို့ နေသာသောညမန္တာန်ကို အသုံးပြုခဲ့ပြီးနောက် တုံ့နှေးမနေဘဲ ထွက်ပြေးလာခဲ့ခြင်းပင်။ သူ ထွက်လာသည့်အခါ၌ အင်မတန်အစွမ်းထက်လှသော အော်ရာသုံးခုကို ခပ်ရေးရေး ခံစားမိခဲ့၏။ အရင်တုန်းက သူ့ထင်မြင်ချက်များကိုပါ ထည့်ပေါင်းပါက ထိုအော်ရာသုံးခု၏ ပိုင်ရှင်တို့မှ မည်သည်မည်ဝါမှန်း ခန့်မှန်းကြည့်ဖို့ မခက်တော့ပေ။

ဝမ်လင်းသည် ထင်းရှုးပင်တစ်ခု၏ ထိပ်တွင် ထိုင်ချကာ အသက်ဝဝရှိုက်သွင်း၏။

“ကျိုးပျက်လက်ဝါးနဲ့ ပတ်သတ်လို့ လျှို့ဝှက်ချက်အချို့ ရှိမှာပဲ။ တောင်တန်းပင်လယ်သစ်ပင်ရှိ သွားခဲ့တဲ့ ခရီးစဉ်မှာ ငါ တော်တော်များများ ရရှိခဲ့တယ်။ စိတ်ဝိညာဉ်တွေအပြင်ငါဟာ ကောင်းကင်ဘုံဘိုးဘေးရဲ့ ဓားအစိတ်အပိုင်းတစ်ခုကိုလည်း ရခဲ့သေးတယ်…”  ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူ့လက်ထဲတွင် ရွှေရောင်အလင်း အငွေ့အသက် ရှိနေသည်။

“ငါ ဒါကို အင်ပါယာအတုဟိုင်းဇီရဲ့ အလင်းလိုက်ကာစထဲမှာတုန်းက မစုပ်ယူနိုင်ခဲ့ဘူး။ အခုတော့ ငါ လွတ်လွတ်လပ်လပ် ဖြစ်သွားပြီဆိုတော့ ဒီအစိတ်အပိုင်းကို ငါ့မျက်လုံးနဲ့ တတ်နိုင်သမျှ အမြန် ပေါင်းစည်းရလိမ့်မယ်…”

ဝမ်လင်းသည် မဟာအင်ပါယာတစ်ယောက်ယောက်က သူ့ကို မေးခွန်းထုတ်လိမ့်မည်ဟု ယူဆထားခဲ့၏။ သို့သော် အခု သူ့ကို ထွက်သွားခွင့်ပြုခဲ့သည့်အတွက် သူသည် သူတို့၏စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီပင်။

ဖြတ်ခနဲအတွင်း ဝမ်လင်း၏ခန္ဓာကိုယ်က ဝေဝါးသွားကာ အောက်ဘက်မှ ထင်းရှုးပင်နှင့် ပေါင်းစည်းသွားသည်။ ထိုသစ်ပင်အတွင်း၌ ဝမ်လင်းက ထိုင်ချကာ နောက်ဆုံးလက်ကျန်တောင်တန်းပင်လယ်သစ်ပင် စိတ်ဝိညာဉ်နှစ်ခုကို ထုတ်ယူလိုက်သည်။

“ဒီပြီးခဲ့တဲ့နှစ်တွေအတွင်း ငါ့သစ်သားအနှစ်သာရဟာ ပြီးပြည့်စုံမှုကို ရောက်ခဲ့ပြီး ငါ့ပတ်လည်က လောကရဲ့ သစ်သားအနှစ်သာရကို ခံစားမိနိုင်ခဲ့တယ်။ ငါ့မှာ စိတ်ဝိညာဉ်နှစ်ခု ရှိသေးတယ်။ ဒါပေမဲ့ ဒီနှစ်ခုကို စုပ်ယူခဲ့ပြီးရင်လည်း အနှစ်သာရအစစ်အမှန်ခန္ဓာ ဖွဲ့စည်းနိုင်မလားတော့ ငါလည်း မသိဘူး…”

“ဒါပေမဲ့လည်း ဒီသစ်သားအနှစ်သာရဟာ နည်းနည်းတော့ ထူးခြားတယ်။ ဒါကို ငါ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီးတဲ့နောက် စုပ်ယူနှုန်းဟာ နှေးသထက်နှေးလာခဲ့တယ်။ ဒါဟာ ငါ့အပိုင် ဘယ်အချိန် ဖြစ်လာမလဲ ငါ သိချင်မိတယ်…”

ဝမ်လင်းက စိတ်ဝိညာဉ်နှစ်ခုကို ထုတ်ယူလိုက်ပြီး ချက်ခြင်း သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ကာ ဖြည်းဖြည်းချင်း စုပ်ယူသန့်စင်သည်။

“ဒီကိစ္စက အလျင်လိုစရတော့ မလိုဘူး။ ငါ ဒါကို အချိန်တခုအသုံးပြုပြီး စုပ်ယူမယ်။ ငါ့အနေနဲ့ ဓားအစိတ်အပိုင်းကို စုပ်ယူမှုအပေါ်မှာလည်း အာရုံစိုက်ထားဖို့ လိုတယ်…”

ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ အသက်စွန့် ယူလာခဲ့သော ဓားအစိတ်အပိုင်းက သူ့လက်ထဲတွင် ပေါ်လာ၏။ ထိုအစိတ်အပိုင်းက အဆုံးမဲ့ရွှေရောင်အလင်းကို ပေးစွမ်းလာသည်။

ထိုအစိတ်အပိုင်းသည် လက်ဝါးအရွယ်အစားလောက်သာ ရှိပြီး၏ ၎င်း၏အနားသပ်တို့က မညီမညာပေ။ သို့သော် ၎င်းထံမှ ထက်ရှသောအော်ရာကို ပေးစွမ်းနေပြီး လောက၏ မည်သည့်အရာကိုမဆို ဖြတ်တောက်ပစ်နိုင်သည့်အလား။

သူ့လက်ထဲရှိ အစိတ်အပိုင်းကို စိုက်ကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲတွင်လည်း ရွှေရောင်အလင်း ထုတ်လွှတ်လာ၏။ သူ၏မျက်လုံးထဲတွင် ဓားအစိတ်အပိုင်း၏အရိပ် ပေါ်လာသည်။

သူ့မျက်လုံးထံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းက သူ့လက်ထဲရှိ ရွှေရောင်အလင်းနှင့် ရောယှက်သွားသလို ထင်ရသည်။ ထူးခြားသော ဆွဲအားတစ်ခုက ဝမ်လင်း၏စိတ်နှလုံးအတွင်းမှ ထွက်ပေါ်လာသည်။ သူ့ကို တစုံတစ်ခု ခေါ်နေသော ခံစားမှုက စိတ်ထဲတွင် ပေါ်လာသည်။

ထိုခံစားမှုက ပို၍ အားကောင်းလာနေရင်း ဓားအစိတ်အပိုင်းသည် မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများအဖြစ်သို့ ပြောင်း၏။ ထို့နောက် ယင်းတို့က ဝမ်လင်း၏မျက်လုံးထံ ပျံသန်းလာသည်။

ထိုရွှေရောင်အလင်းက ဝမ်လင်း၏မျက်လုံးအတွင်းသို့ ဝင်ရောက်လာသည့်အခါ ထင်းရှုးပင်မှ ထွက်ပေါ်လာသော အနှီရွှေရောင်အလင်းက လုံးဝ ပျောက်ကွယ်ကာ တဖန် မှောင်မိုက်သွားတော့သည်။ ဝမ်လင်းကမူ နေရာတွင် ထိုင်ကာ တည်တည်ငြိမ်ငြိမ် ကျင့်ကြံနေသည်။

အချိန် ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ နေမင်းနှင့်လမင်းတို့သည် ကောင်းကင်ယံတွင် တလှည့်စီ ပြောင်းနေလျက် ခုနစ်ရက်တာ ကုန်လွန်သွားခဲ့လေပြီ။ ဒီထင်းရှုးတောအုပ်အတွင်းရှိ ဆောင်းဦးရာသီတွင် ထင်းရှုးရွက်တို့က လေအဝှေ့၌ တရှပ်ရှပ် မြည်သံ ထွက်ပေါ်နေသည်။

ဒီခုနစ်ရက်အတွင်း ကျင့်ကြံသူများက ဒီတောအုပ်ကို ဖြတ်သွားခဲ့ကြသော်လည်း မည်သူကမျှ သည်ထင်းရှုးပင်များထဲမှ တစ်ပင်အတွင်း ကျင့်ကြံသူတစ်ယောက် ထိုင်နေသည်ကိုမူ မသိရှိကြပေ။

သည်ခုနစ်ရက်အတွင်း ဝမ်လင်းက မလှုပ်မယှက် ရှိနေ၏။ သို့သော် သူ့မျက်လုံးထဲ၌ ပုန်းကွယ်နေသော ကြောက်မက်ဖွယ်ရွှေရောင်အလင်းတစ်ခု ရှိနေသည်။ သူ့စိတ်ထဲတွင် ဒီခုနစ်ရက်အတွင်း နှစ်ပေါင်းများစွာ ကုန်လွန်သွားခဲ့သလို ခံစားမိရသည်။

သူ့စိတ်ထဲတွင် ထိုဓားအစိတ်အပိုင်းနှစ်ခုက ပေါင်းစပ်နေ၏။ နှစ်ခုလုံးသည် လက်ဝါးအရွယ် ရှိပြီး အနားစွန်းများက မညီမညာပေ။ သို့သော် ဒီခုနစ်ရက်အတွင်း ထိုအစိတ်အပိုင်းနှစ်ခုက လုံးဝ ပေါင်းစပ်သွားခဲ့လေပြီ။

ယင်းသို့ ပေါင်းစပ်မှုဖြင့် သေးငယ်ကာ၊ တစ်လက်မလောက်သာ ရှည်သည့် ရွှေရောင်ဓားငယ်တစ်ခု ပေါ်လာ၏။ ထိုဓားက အလွန်အမင်း ထက်ရှပြီး အဆုံးမဲ့ဖိအားတစ်ခု ပါဝင်နေသည့်အလား။ ၎င်းကို ဖွဲ့စည်းပြီးနောက် ဝမ်လင်း၏စိတ်ထဲတွင် အနှီဓားက ပို၍ အထည်ဒြပ်ဆန်လာခဲ့သည်။

ရှစ်ရက်မြောက်နေ့တွင် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာပြီး သူ၏မျက်လုံးထံမှ မွန်းစတားဆန်သော ရွှေရောင်အလင်း ထွက်ပေါ်လာသည်။ ထိုရွှေရောင်အလင်းက အရင်ထက် အဆများစွာ ပိုအားကောင်း၏။ ၎င်း သယ်ဆောင်ထားသော ဖိနှိပ်မှုအားက ဒြပ်ထု ရှိလာသည်ဟုပင် ထင်ရသည်။ ဝမ်လင်းရှိနေသော ထင်းရှုးပင်မှာ ဒီဓားထံမှ ရွှေရောင်အလင်းနှင့် ပြည့်လျှံ့နေသည်။

သို့သော်လည်း မကြာမီတွင် ဝမ်လင်း၏မျက်လုံးမှ ထွက်ပေါ်နေသော ရွှေရောင်အလင်းက တစ်လက်မချင်း လျော့ပါးသွားသည်။ နာရီများစွာ ကြာပြီးနောက် ထိုရွှေရောင်အလင်းက ဝမ်လင်း၏မျက်လုံးအတွင်း သိပ်သည်းသွားကာ တစ်စက်မျှ အပြင်သို့ စိမ့်ထွက်ခြင်း မရှိတော့ပေ။ သူ့မျက်လုံးက ကြည်လင်နေပြီး သာမန်အတိုင်း ဖြစ်၏။

သို့သော် ထိုကြည်လင်မှုအတွင်း ပုန်းကွယ်နေသော ခွန်အားနှင့်ထည်ဝါခမ်းနားမှု ရှိချေ၏။ လူတစ်ယောက်သည် ထိုမျက်လုံးနှင့် တွေ့ဆုံပါက မတိုက်ခိုက်ရသေးခင်မှာပင် နောက်ဆုတ်မိကာ စိတ်နှလုံး တုန်ယင်ရလိမ့်မည်။

ယင်းကာ ဖိနှိပ်ခြင်းစွမ်းအားပင်။ သူက ကောင်းကင်ဘုံဘိုးဘေး၏ ဓားကို အသုံးပြုကာ သက်ရှိအားလုံးကို ဖိနှိပ်မည်။

အသက်ခပ်ပြင်းပြင်း ရှိုက်သွင်းပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သည်အခိုက်၌ ပုန်းကွယ်နေသော ခွန်အားနှင့်ခမ်းနားမှုတို့သည်ပင် ပျောက်ကွယ်သွားခဲ့၏။ သူသည် မူလဖြစ်သော အဆင့်တစ်ခုသို့ ပြန်ရောက်သွားသည့်အလား။

“ကောင်းကင်ဘုံဘိုးဘေးရဲ့ဓား၊ သတ္တုအနှစ်သာရရဲ့ အထွတ်အထိပ်။ ဒီ ဓားအစိတ်အပိုင်းနှစ်ခုကို ပေါင်းစပ်လိုက်တာဟာ နောက်ဆုံးအနှစ်သာရဖြစ်တဲ့ သတ္တုအနှစ်သာရကို ပေါ်လာစေလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး…”

ဝမ်လင်းက တည်ငြိမ်နေ၏။ ထိုပြောင်းလဲမှုက ရုတ်တရက် ဆန်လှသော်လည်း ခုနစ်ရက်ကြာ သန့်စင်ပြီးနောက် သူ့ထံ၌ ဉာဏ်အလင်းအချို့ ရလာသည်။

“အစိတ်အပိုင်းတစ်ခုဟာ တောင်တန်းပင်လယ်သစ်ပင်စိတ်ဝိညာဉ်ကို နှစ်ချီ စုပ်ယူတာနဲ့ ညီမျှတယ်…”  ဝမ်လင်းက ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်း၏။ ပုံရိပ်စုစုပေါင်းကိုးဆယ့်ရှစ်ခုသည် ပေါ်လာကာ သူ့လက်နှင့်ပေါင်းစပ်ပြီး သူက လက်သီးဆုပ်ဟန် ပြုသည်။

အက်သံလှိုင်းများက သူ့လက်ဝါးထံမှ ထွက်ပေါ်လာ၏။ ယင်းက ပျက်စီးသံ ဖြစ်သော်လည်း ဖျက်စီးခြင်းအော်ရာတစ်ခု ပါဝင်ချေ၏။ သူ့လက်သီး ပတ်လည်တွင် အနက်ရောင်ဝဲကတော့ကိုးခုလည်း ပေါ်လာသည်။ တစ်ခုစီတွင် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားသော မန္တာန် ပါဝင်၏။

ဝမ်လင်းက တောင်တန်းပင်လယ်ထံသို့ မသွားရောက်ခင်က သူ့အနေဖြင့် သူ့တိုက်ခိုက်မှုများတွင် မန္တာန်ကိုးခုကိုသာ ပေါင်းစပ်နိုင်ခဲ့သေး၏။ အခု သူက သူ့ညာလက်ကို စိုက်ကြည့်ပြီး သူ့ညာလက်သီး ပတ်လည်ရှိ ဝဲကတော့ကိုးခုကို စောင့်ကြည့်နေပေသည်။ အက်သံများ ပဲ့တင်ထပ်ကာ ဆယ်ခုမြောက်ဝဲကတော့တစ်ခုသည် တခြားကိုးခု ပတ်လည်တွင် ပေါ်လာ၏။

“ဆယ်ခုထက် ကျော်သင့်တယ်…”  ဝမ်လင်းက သူ့ညာလက်ကို ဖြေလျှော့ကာ ထပ်မံ ဆုပ်၏။ ခပ်အုတ်အုပ်အသံ ပဲ့တင်ထပ်ကာ ဆယ့်တစ်ခုမြောက်ဝဲကတော့ ပေါ်လာလေ၏။

ဆယ့်တစ်ခုမြောက်ဝဲကတော့သည် ဝမ်လင်းအနေဖြင့် သူ၏မူရင်းခန္ဓာကိုယ်ဖြင့်ပင် မန္တာန်ဆယ့်တစ်ခုကို ပေါင်းစပ်နိုင်ခြင်းဟု ဆိုလိုပေ၏။ သူ၏အနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်များ ပေါ်လာပါက ဝမ်လင်း၏ တိုက်ခိုက်မှုတွင် မန္တာန်လေးဆယ့်လေးခု ပါဝင်ချေတော့မည်။

သူ၏ဒြပ်စင်ငါးခုခန္ဓာကိုယ်က သူ့မူရင်းခန္ဓာကိုယ်ကို ပုံတူကူးကာ သူ့မန္တာန်များကို နှစ်ဆ ဖြစ်စေနိုင်လိမ့်မည်။ ထို့နောက် သူ့မိုးကြိုးအနှစ်သာရခန္ဓာကိုယ်က ၎င်းကို သုံးဆ ဖြစ်စေလိမ့်မည်။ နောက်ဆုံးတွင် သူ၏ ဆန်းကြယ်အနှစ်သာရများလည်း ရှိသေး၏။ သူသည် ယင်းတို့အတွက် အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို မဖွဲ့စည်းရသေးသော်လည်း ဆန်းကြယ်အနှစ်သာရများက အမြဲတမ်းအားဖြင့် ထူးခြားဆန်းကြယ်လှပေ၏။ ဝမ်လင်း၏ပေါင်းစပ်ထားသော ဆန်းကြယ်အနှစ်သာရသုံးခုက ထိုသို့ ဖြစ်လာဖို့ လုံလောက်ပေမည်။

ဤတိုးတက်မှုသည် လွန်ခဲ့သောနှစ်ပေါင်းငါးဆယ်အတွင်း သူ တခြားသူများနှင့် တိုက်ခိုက်ရာကနေ သူ့ကိုယ်တိုင် ဆင်ခြင်နားလည်ခဲ့သော တိုက်ပွဲနည်းလမ်းတစ်ခုပင်။

“ငါ နောက်ထပ် ပိုလုပ်နိုင်စွမ်း ရှိသင့်တယ်…”  ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်ကာ သူ့ဘယ်လက်ကို ညာလက်ဝါးထံ ညွှန်၏။ ထိုအခါ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူက မာန်သွင်းလိုက်သည်။

ရုတ်တရက် သူ့ညာလက် ပတ်လည်တွင် ဆယ့်ခုနစ်ခုမြောက် ဝဲကတော့ ပေါ်လာ၏။ ယင်းနောက်တွင် ဆယ့်သုံးခုမြောက်ဝဲကတော့ ပေါ်လာသည်။

ဝမ်လင်း၏အသက်ရှုသံက အနည်းငယ် ကြမ်းလာ၏။ သူက သူ၏အကန့်အသတ်သို့ ရောက်လာပြီဟု ခံစားမိ၏။

“မန္တာန်ဆယ့်သုံးခု၊ စိတ်ဝိညာဉ်ချပ်ဝတ် မပါဘဲ ငါ့အနေနဲ့ ငါ့ရဲ့ အနှစ်သာရတွေကို အသုံးပြုမယ်ဆို မန္တာန်ငါးဆယ့်နှစ်ခု ပေါင်းစပ်နိုင်တဲ့ အင်ပါယာအတုနဲ့ ယှဉ်တိုက်ခိုက်နိုင်ပြီ…”

“ခုလက်ရှိ ငါ့ခွန်အားနဲ့ အင်ပါယာအတုစမ်းသပ်ကွင်းရဲ့ အဆင့်ငါးကို ဖြတ်ကျော်နိုင်မလား ငါ သိချင်မိတယ်…” ဝမ်လင်းက ပြုံးလိုက်၏။

သို့ပေမည့် သူ့ထံ၌ အင်ပါယာအတုစမ်းသပ်ကွင်းသို့ ထပ်သွားရန် ရည်ရွယ်ချက် မရှိသေးပေ။ ဝမ်လင်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်ထားပေ၏။ သူသည် သူ ထိုနေရာသို့ နောက်တစ်ကြိမ် သွားသည့်အခါ၌ လူတိုင်းကို တုန်လှုပ်စေမည်ပင်။

“မဟာအင်ပါယာတွေရဲ့ အာရုံကို စွဲဆောင်နိုင်ဖို့ဟာ အင်ပါယာစမ်းသပ်ကွင်းကို ဒုတိယအကြိမ် သွားရောက်တဲ့အပေါ် မူတည်တယ်။ အခု ငါ့အနေနဲ့ တခြားအင်ပါယာအတုတွေကို စိန်ခေါ်ဖို့လည်း မလိုအပ်တော့ဘူး။ ငါ အရှေ့ပိုင်းကုန်းမြေ၊ တန်လင်းကလန်ရှိ သွားရမယ်။ တန်လင်းရေကန်ဟာ ငါ လှိုဏ်ဂူလောကမှာတုန်း ကြုံခဲ့ရတဲ့ ပုံရိပ်ယောင်နဲ့ အတူတူပဲလားဆိုတာ သိချင်မိတယ်။ ဒါမှ မဟုတ် ကွဲပြားမှု ရှိလား…”

ဝမ်လင်းက ထရပ်၏။ သူ၏မျက်လုံးက တောက်ပနေသည်။

“ငါ တန်လင်းကလန်ကို သွားရမယ်။ ပြီးရင် ငါ အဆင့်ဘယ်နှစ်ခုလောက်ကို ကျော်ဖြတ်နိုင်မလဲ သိရဖို့ အင်ပါယာစမ်းသပ်ကွင်းကို ဒုတိယအကြိမ် သွားရမယ်။ ပြီးရင်တော့ မဟာအင်ပါယာတစ်ယောက်ကို ငါ ရွေးချယ်ဖို့ လိုမယ်။ အဲ့တာပြီးရင်တော့ ကောင်းကင်ဘုံကလန်မှာ ငါ့ နောက်ဆုံးခြေလှမ်းဖြစ်တဲ့ ဗဟိုကောင်းကင်ဘုံကုန်းမြေမှာ ရှိတဲ့ အင်ပါယာမြို့တော်ကို သွားရောက်ရမယ်…”

“အင်ပါယာမြို့တော်အတွင်းက ကိစ္စကို ဖြေရှင်းပြီးရင်တော့ ငါ ကောင်းကင်ဘုံကလန်ကနေ ထွက်ခွာပြီး ရှေးနိုင်ငံကို သွားရောက်မယ်။ ငါ ဆရာ၊ရွှမ်လောကို ရှာပြီး ငါ့ကတိကို ဖြည့်ဆည်းပေးရမယ်…”

ဝမ်လင်းက အသက်ဝဝရှိုက်သွင်းလိုက်ပြီး ဒီထင်းရှုးပင်ကနေ ပျောက်ကွယ်သွား၏။ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ အဝေးရှိ အရှေ့ပိုင်းကုန်းမြေထံ ဦးတည်တော့သည်။

“ငါ့ကိုယ်ငါ ပိုသန်မာလာနေတယ်လို့ ခံစားမိနိုင်တယ်။ ဝမ်အာ…ငါ မဟာအင်ပါယာတစ်ယောက် ဖြစ်လာတာနဲ့ ငါကိုယ်တိုင် ငါ့ဇနီးကို ပြန်အသက်သွင်းမယ်…”

“အဲ့နေ့ဟာ သိပ်မဝေးတော့ပါဘူး။ သိပ် နီးနေပါပြီ။ နီးနေပါပြီ…။ ဝမ်အာရေ…အဲ့နေ့ရောက်လာဖို့ နီးနေပါပြီ…”

ဝမ်လင်းက ရှေ့သို့ ဆက်လာနေရင်း သူ့မျက်လုံးထဲ၌ ဖြစ်တောင့်ဖြစ်ခဲ နွေးထွေးမှုအရိပ်အယောင် လှစ်ဟပေါ်သည်။ ထိုနွေးထွေးသောအကြည့်ထဲ၌ သူ၏ နှစ်ထောင်ချီ မဆုတ်မနစ်သည်းခံခဲ့မှု၊ ဇွဲသတ္တိတို့ ပါဝင်လေ၏။

All Chapters