လှည့်ဖြားခြင်း
Vol. 144 Ch. 1993
“တန်လင်းကလန်ဟာ ကလန်ကိုးခု၊အင်အားစု ဆယ့်သုံးခုကြားမှာ အမြဲတမ်း ထူးခြားဆန်းကြတယ်။ သူတို့မှာ မဟာအင်ပါယာအတု တစ်ယောက်ယောက်များ ရှိနေမလား ငါ သိချင်မိတယ်…”
ဝမ်လင်းတွင် ရှိသော လိပ်ခွံနှင့် မြေပုံကျောက်စိမ်းပြားများထံ၌ တန်လင်းကလန်နှင့် ပတ်သတ်သည့် အချက်အလက် အနည်းငယ်ကိုသာ ဖော်ပြထားပေသည်။
ဤသည်မှာ ထိုကလန်၏ လူများက အပြင်သို့ ထွက်ခဲလှပြီး လူများနှင့် ပတ်သတ်ခဲ၍ပင်။
“ဒီကလန်ဟာ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုထဲ ပါနေမှတော့ သာမန်အဆင့်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အင်ပါယာအတုအဆင့်ထိပ်သီးတွေ ရှိနေခဲ့ရင်လည်း ပြဿနာ မရှိပါဘူး…”
ဝမ်လင်းသည် စဉ်းစားလိုက်ပြီး သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ သူက တန်လင်းကလန်ထံ ဦးတည်ရန် ဟန်ပြင်ပြီးမှ ရုတ်တရက် ရပ်လိုက်၏။
သူ၏ နတ်ဘုရားအာရုံ ပျံ့နှံ့သွားစဉ် သူသည် ကီလိုမီတာထောင်သောင်းချီအကွာရှိ သေမျိုးမြို့တစ်မြို့တွင် ရင်းနှီးသောတုန်ခါလှိုင်းတစ်ခုကို ခံစားမိလိုက်၏။ ဝမ်လင်းက ပြန်လည်မွေးဖွားမည့်သူများပေါ်၌ ချိပ်ပိတ်မှုများကို နေရာချထားခဲ့ပေသည်။ သူသည် ယင်းတို့ကို အဝေးမှ မထောက်လှမ်းနိုင်ချေ။ သို့သော် သူ နီးကပ်လာသည်နှင့် ချိပ်ပိတ်မှုများကို အာရုံခံနိုင်ပေသည်။
“ဒီတုန်ခါလှိုင်း။ ဘယ်သူ ဖြစ်မလဲ…” ဝမ်လင်းက ပြုံးလိုက်၏။ သူ့ထံ၌ မျှော်လင့်ချက် အရိပ်အယောင် ရှိလာသည်။ သူသည် ကျောက်ရီနှင့်ချင်းရှောင်တို့ တုန်းကလို မည်သူမည်ဝါမှန်း သိဖို့ သူ့အတွက် မဖြစ်နိုင်ပေ။
သူက သူတို့ကို ထောက်လှမ်းနိုင်ရုံသာ ရှိ၏။ သူ့မျက်လုံးနှင့် မမြင်ရပါက ထိုသူ၏နောက်ခံပုံရိပ်ကို မြင်နိုင်ဖို့ ခက်ပေမည်။
တကယ်တော့ လူတိုင်းပေါ်ရှိ နေရာချခဲ့သော ချိပ်ပိတ်မှုက သိပ်များများစားစား ကွာခြားခြင်း မရှိလေသောကြောင့်ပင်။
သူက ပျော်ရွှင်ဟန် ပြုံးလိုက်၏။ တစိမ်းတပြနယ်မြေ၌ အသိဟောင်းတစ်ခုကို တွေ့ရခြင်းက ဝမ်လင်းကို ပျော်ရွှင်စေမည်သာ။
ဝမ်လင်းက တန်လင်းကလန်သို့ သွားမည့် အကြံကို ပြောင်းလိုက်ပြီး ကီလိုမီတာထောင်သောင်းချီ အကွာရှိ သေမျိုးမြို့ထံ ဦးတည်ပျံသန်းလာသည်။
သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ကီလိုမီတာထောင်သောင်းချီကို ဖြတ်ခနဲ သွားလာနိုင်၏။ သူ သေမျိုးမြို့သို့ နီးကပ်လာသည့်အခါ အနှီရင်းနှီးသောခံစားချက်က ပိုအားကောင်းလာ၏။ သူက မြို့အထက်သို့ ရောက်လာပြီး အောက်သို့ ငုံ့ကြည့်ကာ မြို့ထဲရှိ ကောင်းကင်ဘုံသားတစ်ယောက်၏ အော်ရာနှင့် ဆံဖြူအဘိုးအိုကို တွေ့မြင်၏။ သူ့ထံမှ ထူးခြားသောအမူအရာ လှစ်ဟပေါ်သည်။
ထိုအဘိုးအိုသည် ဒီတုန်ခါလှိုင်း၏ အရင်းအမြစ်ပင်။
ယခုအခါ ယင်းတုန်ခါလှိုင်း မရှိလျှင်ပင် ဝမ်လင်းသည် ဆံဖြူအဘိုးအို၏ ရင်းနှီးသောမျက်နှာကို ချက်ခြင်း သိရှိလိုက်ပေသည်။
“လျှိုကျင်းပြောင်…” ဝမ်လင်း၏မျက်နှာထောင့်၌ အပြုံးတစ်ခု ပေါ်လာ၏။
“လျှိုကျင်းပြောင်ဟာ လှည့်ဖြားခြင်းတာအိုကို ဆင်ခြင်နားလည်ခဲ့တယ်။ ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာတောင် သူဟာ တူညီတဲ့လမ်းကြောင်းကို လျှောက်လှမ်းနေတုန်းပဲ…”
ဝမ်လင်း၏ အသိအမြင်နှင့် လျှိုကျင်းပြောင်အပေါ် နားလည်မှုအရ လျှိုကျင်းပြောင် ဘေးနား၌ သေမျိုးတစ်ရာနီးပါး ဘာကြောင့် ဝန်းရံနေသည်ကို သဘောပေါက်ပေ၏။
သေမျိုးများက သူ့ကို ဝန်းရံထားသည့်အပေါ် လျှိုကျင်းပြောင်၏ ကြိတ်၍ ဂုဏ်ယူနေမှုကို တွေ့မြင်သည့်အခါ ဝမ်လင်းက ပို၍ ပြုံးမိလာ၏။ သို့သော် သူ့အပြုံး၏ တစိတ်တပိုင်း၌ ခေါင်းခဲ၍ ပြုံးမိခြင်းပင်။
“သေမျိုးတွေကို လှည့်ဖြားတာ။ လျှိုကျင်းပြောင်ဟာ ကျင့်ကြံသူတွေကိုတောင် လှည့်ဖြားနိုင်တဲ့သူပဲ။ ဒါကို ဘာကြောင့် သူ့အနေနဲ့ သေမျိုးတွေကို လှည့်ဖြားနေရတာလဲ။ သူ့ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ တုန်ခါလှိုင်းအရလည်း သူဟာ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ…”
“သူ့ကျင့်ကြံမှုအဆင့်ကို အသုံးပြုပြီး သေမျိုးတွေကို လှည့်ဖြားတာ။ သူ ဘာတွေ တွေးနေလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းသည် စောင့်ကြည့်နေရင်း မျက်မှောင်ကြုတ်ကာ စဉ်းစား၏။ သူသည် လျှိုကျင်းပြောင်၏ မှတ်ဉာဏ်များကို ချက်ခြင်း မနိုးထစေပေ။ သူက လျှိုကျင်းပြောင် သည်လူများကို မည်သို့ လှည့်ဖြားမည်အား စောင့်ကြည့်နေသည်။
ဝမ်လင်းကသာ သူ့ကို တခြားသူများ သတိမပြုမိစေလိုပါက အလွန်နည်းပါးသောလူအချို့ကသာ သူ့ကို မြင်နိုင်ပေလိမ့်မည်။
မြို့တွင်းသို့ ဝင်ရောက်လာသော လျှိုကျင်းပြောင်ကမူ ရုတ်တရက် တုန်ယင်သွားကာ တခုခု ဆိုးရွားတာ ဖြစ်တော့မည်ကဲ့သို့ ခံစားမိ၏။ ထိုခံစားချက်က ရုတ်တရက် ဆန်လှသည်။ သူသည် ထိုသို့ အရင်က လုံးဝ မခံစားမိခဲ့ဖူးပေ။ သူသည် ဘေးပတ်လည်သို့ ဂရုတစိုက် ကြည့်လိုက်ပြီး ကောင်းကင်ထက်သို့ မော့ကြည့်သည်။ ထို့နောက် သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အံ့အားသင့်သွား၏။
“ထူးဆန်းလိုက်တာ။ ငါ ဘာကြောင့် ရုတ်တရက် ဒီလိုမျိုး ခံစားမိရတာလဲ။ ထူးဆန်းတယ်…”
လျှိုကျင်းပြောင်က မျက်မှောင်ကြုတ်ကာ သူ့သံသယကို ဖိနှိပ်၏။ ကံကောင်းစွာပင် ထိုခံစားမှုက ခဏတဖြုတ်သာ ကြာလိုက်ခြင်းပင်။
မြို့ထဲသို့ ဝင်လာပြီးနောက် သုံးရက်သည် မသိမသာ ကုန်ဆုံးသွားလေ၏။ ဒီသုံးရက်အတွင်း မြို့ထဲရှိ ကျော်ကြားသောလူအများက သူတို့၏ ကလေးများကို လျှိုကျင်းပြောင်း တွေ့မြင်စေဖို့ ခေါ်လာခဲ့ကြ၏။ သူက ထိုကလေးများကို ကြင်နာစွာ ကြည့်ရှုပေးပြီး လေးရက်မြောက်နေ့တွင်မူ ကလေးငါးယောက်နှင့်အတူ ထွက်သွားတော့သည်။
ထိုကလေးများမှာ ယောက်ျားလေးသုံးယောက်၊ မိန်းကလေးနှစ်ယောက်ပင်။ အသက်ကြီးဆုံးက ဆယ့်သုံးနှစ်၊ အငယ်ဆုံးက ရှစ်နှစ် ဖြစ်၏။
လူတိုင်းက လေးစားစွာ၊ စိတ်လှုပ်ရှားစွာ နှုတ်ဆက်နေကြစဉ် လျှိုကျင်းပြောင်က ထိုကလေးငါးယောက်ကို ကုလားထိုင်ပေါ်သို့ တင်ခေါ်ကာ လေထဲသို့ ပျံတက်သွားတော့သည်။
သည်သုံးရက်အတွင်း ဝမ်လင်းက လျှိုကျင်းပြောင်၏ အပြုအမူများကို စောင့်ကြည့်နေကာ မျက်မှောင်ကြုတ်နေသည်။
“ဒီလျှိုကျင်းပြောင်က ဘာတွေ လုပ်နေတာလဲ။ သူက ဘာအကျိုးအမြတ်အတွက်မှ မလှည့်ဖြားခဲ့ဘဲ ပါရမီအနည်းငယ်ပါတဲ့ ကလေးငါးယောက်ကိုပဲ ခေါ်သွားခဲ့တယ်။ ဒီကလေးတွေက အရည်အချင်း နည်းနည်း ရှိပေမဲ့ ဘယ်ကလန်ကမှ သူတို့ကို ခေါ်လိမ့်မှာ မဟုတ်ဘူး။ လျှိုကျင်းပြောင်မှာသာ ဒီကလေးတွေအပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိရင် ငါ သူ့ကို ချမ်းသာမပေးဘူး..”
ဝမ်လင်းသည် လျှိုကျင်းပြောင်နောက်သို့ တည်ငြိမ်စွာ လိုက်ပါလာ၏။
လျှိုကျင်းပြောင်သည် ပျော်ရွှင်ဟန်ဖြင့် ကုလားထိုင်ပေါ်၌ ထိုင်နေသည်။ သူ့အကြည့်က ကလေးငါးယောက်ထံ မကြာဆိုသလို ဝေ့ခတ်ကျရောက်သွားတတ်သည်။
“ဒီမြို့ထဲမှာ သင့်တော်တဲ့ ကလေးငါးယောက် ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ ဟားဟား…မဆိုးပါဘူး။ ငါ ကျိန်းသေပေါက် အကျိုးအမြတ် များများ ရနိုင်တော့မယ်…”
ကလေးငါးယောက်သည် သူ၏ကြည့်ရှုခြင်းကို ခံရသည့်အခါ စိတ်ပူပန်သွားကြ၏။ သို့သော် တချိန်တည်းမှာ သူတို့က မျှော်လင့်ချက်တို့နှင့် ပြည့်နေသည်။ သူတို့က ကလန်သို့ ဝင်ရောက်ကာ ကောင်းကင်ဘုံသားများ ဖြစ်ချင်ကြပေ၏။ ဤသည်က သူတို့၏ အတွေးစိတ်ကူးသာမဟုတ် သူတို့ မိဘများ။ သူတို့ကို ချစ်ခင်သူများ၏ အိပ်မက်လည်း ဟုတ်ပေသည်။
ရက်ပေါင်းများစွာ ကြာပြီးနောက် သူတို့က တောင်တန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်လာသည်။ လျှိုကျင်းပြောင်က ကုလားထိုင်ကို ရပ်ကာ သူ့နောက်လိုက်များကို ကြည့်လိုက်၏။
“မင်းတို့အားလုံး…ငါ ပြန်လာမှာကို စောင့်နေကြ…”
လူသန်ကြီးလေးယောက်နှင့် ကလေးအားလုံးက ခပ်သွက်သွက် ခေါင်းညိတ်လိုက်ကြသည်။ လူသန်လေးယောက်သည် အခြေခံတည်ဆောက်ခြင်းအဆင့်တွင် ရှိနေကြပေ၏။ ကလေးအများစုကမူ ချီသိပ်သည်းခြင်းအဆင့်တွင် ရှိကြပေသည်။ သူတို့ထဲမှ အများစုက လျှိုကျင်းပြောင်၏ ကျင့်ကြံခြင်းနည်းလမ်းများ သင်ပေးထားခြင်းကို ခံရပြီး သူတို့၏ ကိုယ်ပိုက် ကျင့်ကြံခြင်းများ ရှိသည်။
လျှိုကျင်းပြောင်က ကလေးငါးယောက်ကို အနက်ရောင်လေပြင်းအတွင်းသို့ ခေါ်ဆောင်ကာ ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းသည် လျှိုကျင်းပြောင်ကို ကြည့်နေ၏။ သူသည် နောက်မှ လိုက်ပါလာရင်း သူ့အမူအရာက အနည်းငယ် သုန်မှုန်နေသည်။
ထိုအနက်ရောင်လေပြင်းက တောင်တန်းများကို အရှိန်အဟုန်နှင့် ဖြတ်သန်းသွားပြီးနောက် လူသူကင်းမဲ့သောတောင်ကြားတစ်ခုတွင် ပြန်ပေါ်လာသည်။ ထိုတောင်ကြားသည် ကြီးမားခြင်း မရှိပေ။ လျှိုကျင်းပြောင်က နေရာတွင် ထိုင်ချကာ ကလေးငါးယောက်က သူ့ရှေ့တွင် ထိုင်ကြသည်။
သူ၏မျက်လုံးက အရောင်တောက်သွား၏။ သူ့အကြည့်က အလေးအနက်ဖြစ်လာပြီး သူ့ရှေ့ရှိ ကလေးငါးယောက်ကို ကြည့်သည်။
ထိုကလေးငါးယောက်က ချက်ခြင်းပင် စိုးရိမ်ပူပန်တကြီး ဖြစ်လာကြ၏။ သို့သော်လည်း သူတို့က အံတင်းတင်းကြိတ်ကာ မငိုကြပေ။
“မဆိုးပါဘူး။ တကယ်တော့ ဒီအဘိုးအိုက မင်းတို့ရဲ့ ချစ်ရသူတွေရှေ့မှာ အမှန်ကို မပြောခဲ့တာ။ မင်းတို့ရဲ့ ပါရမီက ဆိုးဝါးလှပြီး ကျင့်ကြံနိုင်တယ် ဆိုရုံလောက်ပဲ။ ဒီအဘိုးအိုက မင်းတို့ကို ရွေးချယ်ခဲ့တာဟာ မင်းတို့ရဲ့ ခိုင်မာတဲ့ စိတ်နှလုံးကြောင့်ပဲ…”
“ကျင့်ကြံသူတွေဟာ ပါရမီမရှိတာကို မစိုးရိမ်၊ မထိတ်လန့်သင့်ဘူး။ ခိုင်မာတဲ့ စိတ်နှလုံးကသာ အလွန်အရေးကြီးတယ်…”
ထိုကလေးငါးယောက်က လျှိုကျင်းပြောင်ကို စိုးရိမ်ကြောက်လန့်စွာ ကြည့်ကာ ငြိမ်သက်နေကြ၏။
ဝမ်လင်းကလည်း ငြိမ်သက်စွာ စဉ်းစားနေ၏။ မည်သူကမျှ သူ လျှိုကျင်းပြောင်ကို စောင့်ကြည့်နေသည်ကို သတိမပြုမိကြပေ။
“လျှိုကျင်းပြောင် မင်း ကျင့်ကြံသူတွေကို လှည့်ဖြားတာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်း ဒီကလေးကို လိမ်ညာလှည့်ဖြားရင်တော့ ငါ မင်းကို စိတ်ပျက်ရလိမ့်မယ်…”
ဝမ်လင်းက သူ့ဟာသူ ထိုသို့ တွေးလိုက်၏။
လျှိုကျင်းပြောင်က ရုတ်တရက် ပြောလိုက်သည်။ “ငါက လူလိမ်တစ်ယောက်ပဲ…”
ထိုစကား ထွက်လာသည့်အခါ ကလေးငါးယောက်လုံးသည် မင်သက်ကုန်၏။ ဝမ်လင်းသည်ပင် အံ့အားသင့်မိသွားသည်။
“ငါက လူလိမ်လူညာတစ်ယောက်ပဲ။ မင်းတို့ရဲ့ ချစ်ရသူတွေကို လိမ်ညာပြီး မင်းတို့ကို ဒီနေရာထိ ခေါ်လာခဲ့တာ…” လျှိုကျင်းပြောင်က ကလေးငါးယောက်ကို ထိုသို့ ပြောနေစဉ် သူ့အမူအရာက ပြောင်းလဲမသွားပေ။
ကလေးငါးယောက်လုံးက သူ့ကို ပါးစပ်အဟောင်းသားဖြင့်သာ ကြည့်နေမိ၏။
“ဒါပေမဲ့လည်း…” လျှိုကျင်းပြောင်က ပြုံး၍ သူ့ဘေးပတ်လည်သို့ ကြည့်ကာ ဆက်ပြောလာသည်။
“ဒါပေမဲ့လည်း ငါ မဟာပဏ္ဍိတကလန်တွေထဲ မင်းတို့ကို ဝင်ရောက်အောင် လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီကိစ္စဟာ မင်းတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ် လိုမယ်။ အရင်ဆုံး မင်းတို့ဟာ ကလန်က ချမှတ်ထားတဲ့ စမ်းသပ်မှုတွေကို ဖြတ်ကျော်ဖို့ လုံလောက်တဲ့ အရည်အချင်း မရှိဘူး။ ဒါ့ကြောင့် မင်းတို့ တပည့်တွေအဖြစ်တော့ လက်ခံခံရလိမ့်မှာ မဟုတ်ဘူး။ မင်းတို့က ကျင့်ကြံသူတွေ ဖြစ်လာဖို့ အရည်အချင်း နည်းနည်း ရှိပေမဲ့လည်း မင်းတို့အတွက် တိုးတက်ဖို့ဟာ ခက်ခဲလွန်းလိမ့်မယ်…”
“မဟာပဏ္ဍိတကုန်းမြေရဲ့ ကလန်အမျိုးမျိုးနဲ့ ပတ်သတ်လို့ ငါ သိသလောက်ဆိုရင် သူတို့ဟာ မင်းတို့ကို တပည့်အဖြစ် လက်ခံပြီး သူတို့ရဲ့ အချိန်ကို ဖြုန်းလိမ့်မှာ မဟုတ်ဘူး။ ဒီကိစ္စကတော့ ငါ မင်းတို့ကို ညာပြောတာ မဟုတ်ဘူး…”
လျှိုကျင်းပြောင်က ထိုနေရာတွင် သူ့စကားကို ရပ်လိုက်၏။
ဝမ်လင်းကလည်း ဤမြင်ကွင်းကို စောင့်ကြည့်ကာ စဉ်းစားနေသည်။ သူက လျှိုကျင်းပြောင် အမှန်ပြောတာကို သိ၏။ သည်ကလေးများ၏ ပါရမီဖြင့်ဆို ကလန်များ၏ အာရုံစိုက်ခံရဖို့ ခက်ခဲပေလိမ့်မည်။
“ဒါပေမဲ့ မင်းတို့ ကလန်ထဲ ဝင်ရောက်နိုင်ဖို့အတွက် ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်။ ဒါက မင်းတို့ရဲ့ ပါရမီကိုလည်း အလွန်ကောင်းမွန်တဲ့ပုံ ပေါ်အောင် လုပ်ပေးနိုင်လိမ့်မယ်…”
“ဒါပေမဲ့ ဒါတွေအားလုံးဟာ အတုအယောင်ပဲ။ မင်းတို့က ကလန်ကို ဝင်ပြီးတဲ့နောက် လုပ်ဆောင်မှု ညံ့ဖျင်းရင်တော့ ထုတ်ဖော်ခံရနိုင်တယ်။ ဒါပေမဲ့ မင်းတို့ဟာ အသက်ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမှာ မဟုတ်သလို ကလန်ကနေလည်း ထုတ်ပယ်ခံရလိမ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ဟာ မေ့ဖျောက်ခံရလိမ့်မယ်…”
“ဒါ့ကြောင့်လည်း ပါရမီက အရေးမကြီးဘူးလို့ ငါ ပြောခဲ့တာ။ အရေးကြီးတာက မင်းတို့ရဲ့ စိတ်နှလုံးသား ခိုင်မာမှုပဲ…”
လျှိုကျင်းပြောင်က သူ့ရှေ့ရှိ ကလေးငါးယောက်ကို ကြည့်ကာ ဆက်တိုက် ပြောနေ၏။
“ပြီးတော့ မင်းတို့ရဲ့ ပါရမီက ကောင်းမွန်တဲ့အတွက်ကြောင့် ငါ့အနေနဲ့ အဲ့ကလန်က အဖိုးတန်သတ္တုပစ္စည်းတွေနဲ့ မင်းတို့ကို လဲလှယ်နိုင်လိမ့်မယ်။ မင်းတို့ရဲ့ ပါရမီ ပိုကောင်းလေလေ မင်းတို့ကို ကလန်ကို လာပို့ပေးတဲ့အတွက် ငါ ရမယ့် ဆုလဒ်ကလည်း ပိုကောင်းလေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ပါရမီပိုမြင့်တဲ့ တစုံတစ်ယောက်ဟာ ပိုပြီး ထင်ပေါ်မယ့် အခွင့်အရေးတော့ ပိုများလိမ့်မယ်…”
“ငါ မင်းတို့ကို ကလန်တစ်ခုဆီ ဝင်ရောက်ဖို့ လှည့်ဖြားနိုင်အောင် ကူညီပေးနိုင်တယ်။ တကယ်တော့ ဒါတွေက မင်းတို့ပေါ်ပဲ မူတည်တာ။ ငါ့အတွက်ကတော့ မင်းတို့လှည့်ဖြားနိုင်အောင် ကူညီပေးတဲ့အတွက် အကျိုးအမြတ် ရဖို့ ကိစ္စလေးတစ်ခုပဲ…”
“ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ သေချာစဉ်းစားပါ။ မင်းတို့ သဘောမတူရင်တော့ ငါ မင်းတို့ရဲ့ အခု အဖြစ်အပျက်နဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေကို ပယ်ဖျက်ပြီး မင်းတို့ရဲ့ ချစ်ရသူတွေရှိ ပြန်ပို့ပေးမယ်။ မင်းတို့ သဘောတူရင်တော့ မင်းတို့ ကလန်ကို ဘယ်လိုပါရမီမျိုးနဲ့ ဝင်ရောက်ချင်လည်း ရွေးချယ်နိုင်တယ်။ အလွန်ကောင်းတဲ့ ပါရမီလား။ ကောင်းမွန်ရုံလား၊ ပုံမှန် ပါရမီလားဆိုတာကို မင်းတို့ ရွေးချယ်နိုင်တယ်…”
“မင်းတို့ ကလန်ကို သာမန်ပုံစံပဲ ဝင်ရောက်ဖို့တော့ ငါ အကြံပြုတယ်။ တကယ်တော့ ငါ ဒီလိုပုံစံနဲ့ စီးပွားရေးလုပ်လာခဲ့တာ ကြာပြီ။ ခုထိ အမဲလိုက်မခံရ၊ ထုတ်ဖော်မခံရသေးဘူး….”
လျှိုကျင်းပြောင်က ထိုသို့ ပြောပြီးနောက် သူ့လက်ကောက်ဝတ်မှ သိုလှောင်နေရာလွတ်ကို ပုတ်လိုက်ပြီး မြေပဲဆံတချို့ကို ထုတ်ယူပြီး စိမ်ပြေနပြေ စားသောက်လေ၏။
ဝမ်လင်းက ထိုသည်ကို တွေ့မြင်သည့်အခါ ခါးသက်သက် ပြုံးမိ၏။ လျှိုကျင်းပြောင်သည် အတိတ်တုန်းကလည်း လူလိမ်တစ်ယောက် ဖြစ်ခဲ့ပေ၏။ ခုဘဝတွင်လည်း သူ့လှည့်ဖြားခြင်းအတတ်က ပို၍ပင် တော်လာသေးသည်။
ကလေးငါးယောက်ထဲ၌ သုံးယောက်က ထိတ်လန့်ကြောက်ရွှံ့နေကြကာ အိမ်ပြန်ရန် ရွေးချယ်ကြ၏။ သို့သော် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့က ပြတ်သားသောအမူအရာကို ထုတ်ဖော်ကြ၏။ ထိုကောင်မလေးဖြစ်သူက သာမန်ပါရမီကို ရွေးချယ်ပြီး ကောင်လေးကတော့ ကောင်းမွန်သောပါရမီကို ရွေးချယ်လိုက်လေသည်။
လျှိုကျင်းပြောင်က ကောင်းမွန်သောပါရမီကို ရွေးချယ်သောကောင်လေးကို လေးလေးနက်နက် ကြည့်လိုက်၏။ သည်ငါးယောက်တွင် သူသည် ပါရမီအရှိဆုံး ဖြစ်သလို အပြတ်သားဆုံးလည်း ဖြစ်ပေသည်။ သူ့မိသားစုက မချမ်းသာဘဲ သာမန်သာ ဖြစ်၏။ လျှိုကျင်းပြောင်က သူ့ကို အမှတ်မထင် သတိပြုမိခဲ့တာပင်။
လျှိုကျင်းပြောင်က ခေါင်းညိတ်ကာ အိမ်ပြန်ရန် ရွေးချယ်သော ကလေးသုံးယောက်၏ မှတ်ဉာဏ်များကို ပယ်ဖျက်လိုက်သည်။ ထိုကလေးသုံးယောက်ကို တောင်၏အပြင်ဘက်ရှိ သူ့နောက်လိုက်များ ရှိနေသော လှိုဏ်ဂူထံ ပို့ပေးလိုက်သည်။ သူက သူ့နောက်လိုက်များကို ထိုကလေးတို့အား ကလန်ကို ဝင်ရောက်ဖို့ ကျရှုံးသည့်အတွက်ကြောင့် သူတို့၏ သက်ဆိုင်ရာမိဘများထံ ပြန်ပို့ခိုင်းလိုက်သည်။