ထျန်းဟယ်ဖန်းမြို့
Vol. 5 Ch. 68
မြောက်ပင်လယ်တိုက်ပွဲပြီးနောက် ကန်အောက်ခြေတွင် ပြန်လယ်မွေးဖွားပြီးနောက် သေခြင်းအရှိန်အဝါက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူ လေနှင့်ဆီးနှင်းများကြား လျှောက်သွားနေသော်လည်း အသက်ကင်းမဲ့နေသည့်ဟန်မှာ နည်းနည်းလေးမှပင် ထွက်ပေါ်မလာတော့ပေ။
တစ်လထက်မက သူ့ကိုဝိုင်းရံထားသည့် အနက်ရောင် အရှိန်အဝါကား အခုပျောက်ကွယ်သွားခဲ့ပြီး ထိုသည်က နှင်းများကြား ဖြတ်လျှောက်နေသော မန်ဟို၏ ခြေလှမ်းများကို အေးအေးလူလူဖြစ်နေစေခဲ့သည်။
နှင်းများကာ ယခုနှစ်နောက်ဆုံးနှင့်အဆိုးရွားဆုံးနှင်းမုန်တိုင်းဖြစ်ပုံရသည့်ဟန်ဖြင့် ပို၍ ပြင်းထန်စွာကျဆင်းခဲ့သည်။ ရောက် လာတော့မယ့် ရာသီက တွန်းအားပေးနေသကဲ့သို့ပင် ဆီးနှင်းပွင့်လေးများက ကောင်းကင်မှ မြန်နိုင်သမျှ မြန်မြန် ကျဆင်းနေကြသည်။
ဆီးနှင်းများက မန်ဟို့ကို ဖုံးလွှမ်းထားသည်မှာ သူနှစ်ပေါင်းများစွာက ယူထားခဲ့သည့် တာ့ချင်းတောင်တွင်ရှိသော ဂူပေါက်သို့ ရောက်သည့်တိုင်ဖြစ်သည်။ သူတင်ပလင်ခွေထိုင်လိုက်ကာ ဆီးနှင်းများကြနေသည်ကိုကြည့်ရင်း လေတိုးသံများကို နားဆင်နေခဲ့သည်။
ညရောက်လာခဲ့ပြီ။
နှင်းများက ညကောင်းကင်ယံကို ဖုံးအုပ်ထားကာ ကြယ်များကို မမြင်နိုင်တော့ပေ။ တစ်ခုတည်းသော မြင်သည့်အရာမှာ ရှုခင်းကို လွှမ်းခြုံထားသည့် အဆုံးမရှိသော နှင်းလွှာကြီးပင်ဖြစ်သည်။
မန်ဟိုရှေ့တွင် မီးပုံသေးသေးလေးရှိနေကာ ပတ်ဝန်းကျင်ကို အလင်းပေးနေခဲ့သည်။ အလင်းများက ထိုင်ကာတွေးနေသော မန်ဟို့မျက်နှာပေါ်သို့ ကျရောက်နေသည်။
လေးနှစ်နီးပါး ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
မှီခိုရာဂိုဏ်းကို သူစတင်ဝင်ရောက်ခဲ့သည်မှာ လေးနှစ်နီးပါးရှိပြီဖြစ်သည်။ ငယ်ရွယ်တဲ့ ဆယ်ကျော်သက်လေးအဖြစ်ကနေ အခုတော့ လူငယ်တစ်ယောက်အဖြစ် အရွယ်ရောက်လာခဲ့ပြီး သူ့ အသက်က ၂၀ ရှိနေပြီဖြစ်သည်။
အချိန်အကြာကြီး ထိုင်နေပြီးနောက် မန်ဟို သူ့လက်များကို ကြည့်လိုက်မိသည်။ အညစ်ကြေးတစ်မှုန်မျှပင် မတွေ့ရဘဲ လက်များက သန့်စင်နေသည်။ သို့သော်လည်း ထိုလက်များမှာ သွေးစွန်းနေသည်ကို မန်ဟို သိလေသည်။
လွန်ခဲ့သည့် လေးနှစ်အတွင်း သူအကြိမ်ကြိမ်သတ်ဖြတ်နေခဲ့ရသည်။ အစပိုင်းတွင်တော့ သူစိတ်ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရ သည်။ အခုတော့ သူယဉ်ပါးသွားပြီဟု မဆိုနိုင်သော်လည်း သူလက်ခံနိုင်ခဲ့ပြီဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးက မမြင်နိုင်သော စွမ်းအားများက သူ့စိတ်၊ သူ့ကံကြမ္မာနှင့် သူ့အနာဂါတ်ကို ပြောင်းလဲပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။
“ အဆုံးသတ်မှာ ငါ ဘာဖြစ်လာမှာလဲ” မန်ဟိုက ဂူအပြင်ဘက်က ဆီးနှင်းများကို ကြည့်လိုက်ပြီး သူ့တွင် အဖြေမရှိခဲ့ပေ။
အချိန်ကား တဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီး မကြာမီ အရုဏ်ပင်တက်တော့မည်။ မြင်မြင်သမျှက အနက်ရောင်လွှမ်းနေခဲ့သည်။ ပစ္စုပ္ပန်ရှိ တစ်ခုတည်းသောအရာက လေတိုးသံများနှင့် အေးစက်သော နှင်းများသာ ဖြစ်သည်။ မန်ဟို အရှေ့ရှိ မီးပုံငယ်လေးသည်လည်း တဖြည်းဖြည်း မီးစာကုန်သွားပြီး ဂူထဲတွင် အမှောင်ထုများ ကြီးစိုးသွားလေသည်။
မန်ဟို အမှောင်ထဲတွင် ထိုင်နေရင်း အထီးကျန်မှုကို ခံစားနေရသည်။ ထို ခံစားချက်က တဖြည်းဖြည်းပို၍ ပြင်းထန်လာခဲ့လေသည်။
“အဖေ၊ အမေ၊ ဘယ်တွေရောက်နေကြတာလဲ….” သူ့မိဘတွေကို တွေးလိုက်မိသည့်အခါ သူ့အသံက ညင်သာသွားခဲ့သည်။ သူတို့ကို သူအရမ်းလွမ်းနေခဲ့သည်။
“ဖက်တီး မင်းကရော အခုဘယ်မှာလဲ” ဖက်တီး သူ့သွားသူ တိုက်နေသည့် ပုံကိုမြင်ယောင်လာကာ မန်ဟိုက သက်ပြင်းချ လိုက်သည်။
“အစ်မရှု၊ အစ်ကိုကြီးချန် အစ်ကိုတို့က တောင်ပိုင်းဒေသမှာ…ဒါက ကောင်းပါတယ်…” တောင်းပိုင်းဒေသကို လှမ်းမြင်ရသည့်အလား သူဂူအပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အတွေးလွန်နေသည့်ဟန်ကို သူ့မျက်နှာတွင်တွေ့ နိုင်လေသည်။
“ စာအုပ် ရာပေါင်းများစွာကို ဖတ်ခြင်းက ခရီးမိုင် တစ်သောင်းသွားသလိုပဲတဲ့…. တစ်နေ့တော့ ငါကျိုးပြည်ကနေထွက်ပြီး တောင်ပိုင်းဒေသကို ရောက်အောင်သွားမယ်” ဆုံးဖြတ်ချက်ချလိုက်သည့်ဟန်က မန်ဟို့မျက်လုံးထဲတွင် အထင်းသားပေါ်နေ သည်။ ကျိုးပြည်က တောင်ပိုင်းဒေသ၏ အစွန်အဖျားတွင်တည်ရှိသည်။ တောင်ပိုင်းဒေသ၏ အလယ်ပိုင်းကတော့ ကျိုးပြည်က နေ အလွန့်အလွန့်ကို ဝေးကွာလွန်းလှသည်။
သူ နန်ရှင်း တိုက်ကြီးကို မြင်တွေ့ခဲ့ရသည့် မြေပုံကိုသတိရသွားမိသည်။ ကျိုးပြည်နှင့် တောင်ပိုင်းဒေသ၏ အချက်အချာ ကျသော နေရာကြားတွင် ကျယ်ပြန့်သော ကန္တာရတစ်ခုရှိပြီး တိုင်းငယ်ပြည်ငယ်များလည်း အများအပြားရှိသေးသည်။
အခု သူ့ကျင့်ကြံဆင့်လေးနှင့်သာ သွားမည်ဆိုပါက မယုံနိုင်လောက်အောင် ကြာမြင့်ပေလိမ့်မည်။
“အကယ်၍ ငါသာ ချီအခြေတည်အဆင့်ကို ရောက်ခဲ့မယ်ဆိုရင်” သူ့မျက်လုံးများက တောင့်တမှု များနှင့် ပြည့်နေသည်။ ထိုတောင့်တမှုမှာ ကောင်းကင်ပေါ်၌ ပျံသန်းလိုခြင်းပင်။ ထိုသို့ပျံသန်းနိုင်ရန် ချီအခြေတည်အဆင့်သို့ ရောက်ရှိရန် လိုအပ်ပေ သည်။
“ချီအခြေတည်အဆင့်ကို ရောက်မှသာ တကယ့်ကျင့်ကြံသူ အစစ်ဖြစ်လာပြီး ငါ့ရဲ့ သက်တမ်းကလည်း နှစ် ၁၅၀ ထိ ရှည်သွားလိမ့်မယ်” အသက်ကို ပိုရှည်လာမည့် သဘောတရားမှာ မန်ဟို့အတွက် မလိုအပ်သေးသည်မှာ အမှန်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် လူများက အသက်ကြီးလာမှသာ အသက်ရှည်လိုကြသည်။ မန်ဟိုလည်း အခုချိန်ထိ ဂရုမစိုက်သေးပေ။ သူ ဂရုစိုက်သည်မှာ အန္တရာယ်များကြားတွင် သူဘယ်လို အသက်ရှင်ရမလဲဆိုသည်ကိုပင် ဖြစ်သည်။
သာမန်သက်တမ်းထက် ကျော်လွန်ပြီးနေချင်သည်ဆိုပါက ကျင့်ကြံခြင်းအခြေခံရဲ့ သတ်မှတ်ချက်များနှင့် ပင်ကိုယ်ပါရမီ စွမ်းရည်များနှင့် တိုက်ခိုက်ရမည် ဖြစ်သည်။
မန်ဟို အသက်ပြင်ပြင်းရှူလိုက်ကာ ရောင်နီသန်းလာသည်ကို ကြည့်နေသည်။ တင်းရှင့်၏ သိုလှောင်ကိုအိတ်ယူပြီး အထဲတွင် ရှိသည့်ပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက စတင်တောက်ပလာကြသည်။
“ သူက တကယ်ပဲ ဂိုဏ်းကြီးက တပည့်ပဲ။ ချီအခြေတည်အဆင့်ကို မရောက်သေးတာတောင် ဒီလောက်ချမ်းသာနေတာ” အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး ၇၀၀၀၊ ၈၀၀၀ လောက်ရှိပြီး အနက်ရောင် လေးတစ်လက်လည်း ရှိနေသည်။
သူ လေးကို ထုတ်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံး အေးစက်မှုကိုခံစားလိုက်ရသည်။ လေးကြိုးကိုဆွဲလိုက်သည့်အခါ ကောင်းကင်နှင့်မြေကြီးရှိ သဘာဝစွမ်းအားများကို ဆွဲယူနေသကဲ့သို့ ခံစားလိုက်ရသည်။
သိုလှောင်အိတ်ထဲတွင် အနက်ရောင်မြှားများ ရာနှင့်ချီကာရှိနေပြီး တစ်ချောင်းချင်းစီတွင် ထူးဆန်းသော အမှတ်အသားများ ရေးထွင်းထားသည်။ သူ အားလုံးကို စုဝေးလိုက်သည်။ ဝိညာဉ်ကျောက်တုံးနှင့် ရတနာပစ္စည်းအပြင် ဆေးပုလင်းများ၊ သတင်းပို့သည့် အပြားများနှင့် အခြားပစ္စည်းများလည်း ရှိသေးသည်။
ဆေးပုလင်းအများစုကတော့ ကုန်နေပေပြီ။ သို့သော် ဆေးပုလင်းသေးသေးလေး တစ်လုံးက မန်ဟို့အာရုံကို ဖမ်းစားသွားခဲ့ သည်။ ဆေပုလင်းက ပိတ်ထားသော်လည်း ဆေးပုလင်းအတွင်းမှ ဆေးလုံးလေး၏ အသံကိုကြားသည့်အခါ မန်ဟို့ နှလုံးများ လှုပ်ခတ်သွားသည်။ သူဆေးပုလင်းကို ဖွင့်လိုက်သည့်အခါ မွှေးရနံ့က သူ့မျက်နှာကို ရိုက်ခတ်သွားသည်။ ဂူတစ်ခုလုံးက ဆေးနံ့များဖြင့် ပြည့်သွားလေသည်။
ဒီရနံ့က နတ်ဝိညာဉ်ဆေးလုံးထက် ပို၍ ပြင်းထန်ပုံရသည်။ ဒီဆေးက မန်ဟိုတွင်ရှိသော အစွမ်းအထက်ဆုံးဆေးဖြစ်သည့် လွင်ပြင်အားဖြည့်ဆေးလုံးထက် ပိုကောင်းပုံရသည်။ တကယ်တော့ ထိုနှစ်ခုကို နှိုင်းယှည်ဖို့ပင် မလိုအပ်ပေ။ နှိုင်းယှဉ်လိုက်ခြင်း က ပိုးစုန်းကြူးလေးက လရောင်နှင့် နှိုင်းယှဉ်ရန်ကြိုးစားနေသကဲ့သို့ပင်ဖြစ်သည်။ မန်ဟို ပြောနိုင်သည်ကတော့ တစ်ခုက ပျိုးပင်ပေါက်လေးနှင့် တူပြီး တစ်ခုကတော့ သစ်ပင်ကြီးနှင့်တူလေသည်။
“ ဒါက….” မန်ဟို့မျက်လုံးများတောက်ပနေပြီး သူ့အသက်ရှူသံများက မြန်လာနေသည်။ သူဆေးပုလင်းကို မှောက်ချလိုက်ပြီး ဆေးလုံးကို သူ့လက်ထဲထည့်လိုက်သည်။ ဆေးလုံးက လက်မအရွယ်လောက်ရှိပြီး အရောင်က ပယင်းရောက်ထနေသည်။ မွှေးကြိုင်သော အနံ့များထုတ်လွှတ်နေပြီး မဆုံးနိုင်သော သဘာဝစွမ်းအင်များကို ခံစားနေရသည်။ တစ်ချက်ကြည့်ရုံ ဖြင့်ပင် ဒီဆေးက သာမန်မဟုတ်ဟု ပြောနိုင်လေသည်။
သူဆေးလုံးကို ခဏစိုက်ကြည့်လိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ သူ သတမ ရတနာဆောင်မှ ဝယ်လာသည့် ဆေးလုံးနာမည်ရေးထားသည့် ရှေးဟောင်းကျောက်စိမ်းကျမ်းစာထွက်လာခဲ့သည်။ ထိုကျမ်းစာက ယခင်ကထက် အက်ရာများ ပိုများနေသော်လည်း မန်ဟို ဂရုမစိုက်ပေ။ ကျောက်စိမ်းကျမ်းစာကို သူ့နဖူးပေါ်တွင် ဖိကပ်လိုက်ပြီး ဝိညာဉ်စွမ်းအားများ ထိုအထဲသို့ ထည့်လိုက်သည်။
ခဏအကြာတွင်တော့ ကျောက်စိမ်းကျမ်းစာက အစိပ်စိပ်အမွှာမွှာကွဲသွားခဲ့ပြီး ပြာများအဖြစ် ပြောင်းလဲသွားသည်။ မန်ဟိုက မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကြသည်။
“ချီအခြေတည်ဆင့် ဆေးလုံး” ဒါက ချီအခြေတည်အဆင့်ဆေးလုံး” ဒါဘယ်လောက်တန်လဲဆိုတာ ဆုံးဖြတ်ဖို့တောင် ခက်လိမ့်မယ်” စိတ်အားထက်သန်မှုများဖြင့် တဆတ်ဆတ်တုန်နေရင်း ဆေးကို သူ့ရင်ဘက်ပေါ်တင်ထားလိုက်သည်။ သူ့နှလုံးခုန်သံများ မြန်နေသည်မှာ ပြန်ငြိမ်ဖို့ အတော်ကြာကြာစောင့်လိုက်ရချေသည်။
“ချီအခြေတည်အဆင့်ဆေးလုံးကပင် တင်းရှင့်က သူမသေနိုင်ဟု ယုံကြည်ထားသော အကြောင်းပြချက်တစ်ခုဖြစ်သည်။ ထိုဆေးလုံးက သူ့ဆရာကိုယ်တိုင်ပြုလုပ်ခဲ့ပြီး သူ့ကိုပေးခဲ့ခြင်းဖြစ်သည်။ စဦးချီဖွဲ့စည်းခြင်း အဆင့် (၉) တွင် သူရောက်ရှိနေပြီ ဖြစ်သည့်အတွက် ခရီးသွားလာရင်း ကံကောင်းမှုနှင့်ကြုံလာခဲ့ပါက ချီအခြေတည်အဆင့်သို့ ချိုးဖျက်နိုင်စေရန် ရည်ရွယ်ပြီး ပေးခဲ့ခြင်းဖြစ်သည်။ အသက်အန္တရာယ်နှင့် ကြုံလာခဲ့လျှင် အသုံးပြုနိုင်ရန် သူက ထိုဆေးကို ကိုယ်နှင့်မကွာဆောင်ထားခဲ့သည်။
တောင်ပိုင်းဒေသ၏ ဂိုဏ်းကြီးတွင်ပင် ချီအခြေတည်အဆင့်ဆေးမှာ တွေ့နေကျ မဟုတ်ပေ။ ဂိုဏ်းသားများကို ဖြန့်ဝေပေးဖို့ ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဆေးလုံးကို ရရှိဖို့ရန် လိုအပ်ချက်က မြင့်မားလွန်းလှသည်။ ပုံမှန်ရှိနေသည့်ပမာဏထက် ဆေးလုံးအရေအတွက်က များခဲ့လျှင်တောင် ခဏလေးအတွင်းကုန်သွားလိမ့်မည်ဖြစ်သည်။ အများစုမှာ ဆေးတစ်လုံးတည်း ဖြင့် ချီအခြေတည်အဆင့်ကို မချိုးဖျက်နိုင်ကြပေ။ ပုံမှန်အားဖြင့် နှစ်လုံး (သို့) သုံးလုံး လိုအပ်သည်။ အချို့ ပါရမီနည်းသော် လည်း အကြီးအကဲများ၏ အထောက်အပံ့ကို ရရှိသူများကတော့ ဆေးငါးလုံးဖြင့် အဆင့်တက်နိုင်ကြသည်။
ချီအခြေတည်အဆင့်ဆေးလုံးမှာ တကယ့်ရတနာဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ဆေးဖော်စပ်ဖို့သုံးရသည့်အပင်နှစ်ပင်က တောင်ပိုင်းဒေသ၏ အန္တာရယ်ဇုန် သုံးခုတွင် သာ ပေါက်ရောက်သည်ကြောင့်လည်း ဖြစ်နိုင်ပေသည်။
တင်းရှင့်၏ ဆရာမှာထူးခြားလေသည်။ ဤသည်ကပဲ သူ့ကို ဇီယွင်ဂိုဏ်း ထဲမှာ နေရာတစ်ခု ရနေစေခြင်းဖြစ်သည်။ သူ စဦးချီဖွဲ့စည်းခြင်း အဆင့်(၉) ရောက်သည့်အခါ သူ့ဆရာက ချီအခြေတည်အဆင့်ဆေးလုံးကို ချီးမြှင့်ခဲ့သည်။ သူ အဆင့်တက်ရန် ကျရှုံးခဲ့ပြီး ဂိုဏ်းသို့ပြန်သွားခဲ့လျှင်လည်း သူ့ဆရာက နောက်တစ်လုံးပေးဖို့ တွေဝေနေမည် မဟုတ်ပေ။
မန်ဟို သူ့လက်ကို ဖွင့်လိုက်ပြီး ချီအခြေတည်အဆင့်ဆေးလုံးကို အနီးကပ်ကြည့်လိုက်သည်။ ထိုအခါ ထူးဆန်းသည့် ချိပ်တံဆိပ်ကို သူသတိပြုမိသွားသည်။
ချိပ်တံဆိပ်က မိစ္ဆာမျက်နှာပုံဖြစ်နေသည်ကို တွေ့ရသည်။ အမူအရာမဲ့နေပြီး တည်ကြည်သည့် အသွင်ဆောင် နေသည့် ထိုမျက်နှာက သူ့ကို စိုက်ကြည့်နေသည်ဟု ခံစားရစေသည်။ ထပ်မံလေ့လာပြီးသည်တွင်တော့ ထိုချိပ်တံဆိပ်တွင် လျှို့ဝှက်နက်မဲမှုများ မရှိသည်ကို သိလိုက်ရသည်။ အမှတ်တံဆိပ်ကဲ့သို့ ဆေးလုံးပေါ်တွင် ထွင်းထားခြင်းမျှသာ ဖြစ်သည်။
မန်ဟိုက ခဏတွေဝေနေပြီး အံကြိတ်လိုက်ကာ ဆေးလုံးကို ဝေးဝေးမှာ ထားလိုက်သည်။ အပြင်မှာတော့ နှင်းများ ကျဆင်းနေမှုက တဖြည်းဖြည်း လျော့နည်းလာကာ နေထွက်လာသည်ကိုပင် မြင်နေရပြီဖြစ်သည်။ သူ ရတနာယပ်တောင် ပေါ်သို့ တက်လိုက်ကာ အေးနေသည့်ကြားမှပင် ပျံသန်းသွားခဲ့သည်။
“ငါ စဦးချီဖွဲ့စည်းခြင်းအဆင့် (၉) ရောက်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံးအများကြီးလိုအပ်တယ်။ အခု ငါ့မှာ ရှိတာက…မလုံလောက်သေးဘူး။ ဝိညာဉ်ကျောက်တုံးတွေရလာဖို့ ငါတစ်ခုခုရောင်းဖို့လိုအပ်တယ်။ သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည့်အခါ ကျောက်စိမ်းကျမ်းစာ ထွက်ပေါ်လာခဲ့ပြီး သူ့နဖူးနှင့် ထိကပ်လိုက်သည်။ ဒါက ဖုန်းဟန်ဂိုဏ်းက ကျောက်စိမ်းကျမ်းစာဖြစ်ပြီး ကျိုးပြည်၏ ကျင့်ကြံသူများနေထိုင်သည့် မြို့များကို ဖော်ပြထားသည့် မြေပုံ ဖြစ်သည်။ မန်ဟို အရှေ့ပိုင်း သန့်စင်ခြင်း မြို့တော်ကိုတွေ့သော်လည်း ထိုမြို့သို့ သူပြန်သွားလိုစိတ်မရှိပေ။ ဂိုဏ်းကြီးများ၏ ထိန်းချုပ်မှုမှ ကင်းလွတ်နေသော ကျပန်းကျင့်ကြံသူများရှိသည့် ခပ်ဝေးဝေးတစ်နေရာသို့ သူသွားဖို့လိုအပ်သည်။
“ထျန်းဟယ်ဖန်းမြို့” မန်ဟို သူ့ဖာသာ ရေရွတ်လိုက်သည်။ ဆုံးဖြတ်ချက်ချလိုက်ပြီးသည်နှင့် ခေါင်းမော့လိုက်ကာ လေကဲ့သို့ အလျင်နှုန်းဖြင့် အရှေ့သို့ ထွက်သွားလိုက်သည်။
နဂါးငွေ့တန်းပင်လယ်ရှိသည့်အရပ်မှာတော့ သာမန်လူများမမြင်နိုင်သည့် ကာကွယ်ရေး မန္တန်ဖြင့် ကာကွယ်ထားသည့် အကာအကွယ်များရှိပြီး ထိုအထဲတွင်တော့ မြို့တစ်မြို့ရှိလေသည်။
မြို့နံရံများမှာ အနက်ရောင်ဖြစ်ပြီး အေးစက်သ်ည့မျက်နှာများဖြင့် ကင်းလှည့်နေသော အနက်ရောင် ဝတ်ရုံဝတ် ကျင့်ကြံသူများ ကိုတွေ့နိုင်သည်။ သူတို့က မြို့ထဲသို့ အဝင်အထွက်ပြုလုပ်နေကြသော လူများကို ကြည့်နေကြသည်။
ထျန်းဟယ်ဖန်းမြို့က လွန်ခဲ့တဲ့ နှစ်သုံးရာလောက်က မရှိသေးပေ။ ထိုအချိန်တွင် အမြုတေ ဖြစ်တည်ခြင်း အဆင့်ကျင့်ကြံသူ လူထူးလူဆန်းတစ်ဦးပေါ်ပေါက်လာခဲ့သည်။ သူ့မှော်ပညာနှင့် ပစ္စည်းတို့မှာ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်ခဲ့သည်။ သူက ထျန်းဟယ်ဖန်းမြို့ကို တည်ထောင်ခဲ့ပြီးနောက် တံခါးပိတ် ကျင့်ကြံနေခဲ့သည်။ နှစ်ပေါင်း သုံးရာကြာပြီးသည်တွင်တော့ သူ သေလား ရှင်လားဆိုသည်ကို ဘယ်သူမှ မသိကြတော့ပေ။ သူ သက်တမ်းတိုး သွားခဲ့ပြီး အနုသုခုမရုပ်ခန္ဓာ အခြေတည်ခြင်း အဆင့်ကိုများ ရောက်ရှိသွားခဲ့ပြီလား။
လက်ရှိမြို့တော်ကို သူ့သားစဉ်မြေးဆက်များက ထိန်းချုပ်ထားသည်။ ထျန်းဟယ်ဖန်း၏ မျိုးနွယ်စုခေါင်းဆောင်ကား ကျိုးပြည်နယ်မှ ဂိုဏ်းကြီး (၃) ဂိုဏ်းနှင့် မကောင်းသည့်ဆက်ဆံရေးမရှိခဲ့ဖူးပေ။ မြို့၏ သက်တောင့်သက်သာရှိသော စည်းမျဉ်းများက မြို့တော်ကို လူများနှင့် ပြည့်နေစောကာ ပျားပန်းခပ်မျှ စည်ကားစေလေသည်။
တစ်နေ့တွင်တော့ ထျန်းဟယ်ဖန်းမြို့အပြင်ဘက်တွင် လူတစ်ယောက်ပေါ်လာခဲ့သည်။ ထိုသူကား အနက်ရောင်ဝတ်ရုံကို ဝတ် ဆင်ထားပြီး ဝါးခမောက်ကို ဆောင်းထားကာ သူ့မျက်နှာကို ဖုံးကွယ်ထားသည်။ သူ့ကိုယ်ခန္ဓာက ဝဝဖြိုးဖြိုးဟု ထင်ရသော်လည်း သူ့မျက်နှာကိုတော့ ခွဲခြားရန် မဖြစ်နိုင်ပေ။
သူ့ပုံစံက ထူးဆန်းနေသော်လည်း ထျန်းဟယ်ဖန်းမြို့ရှိမည်သူ့ကိုမှ မဆွဲဆောင်နိုင်ပေ။ ဒီနေရာက လူထူးဆန်းများနှင့် ပြည့်နေ သော နေရာတစ်ခုပင် မဟုတ်ပါလား။ သူတို့ဘယ်သူဖြစ်ပြီး ဘာတွေလုပ်နေလဲဆိုတာကို မသိစေချင်သူတွေရှိသည်။
ထိုဝတ်ရုံနက်နှင့် လူက သေချာပေါက် မန်ဟိုပင်ဖြစ်သည်။
မှော်ပစ္စည်းအချို့နှင့် ဆေးလုံးအချို့ကို ရောင်းရန်သူ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ရုပ်ဖျက်ပြီး ဒီနေရာသို့ သူလာခဲ့ခြင်းဖြစ်သည်။ သူ မြို့တံခါးများကိုဖြတ်ပြီး လှည့်လည်ကြည့်ရှုနေသည်။ ထိုသို့ ကြည့်နေစဉ် သူ့မျက်လုံးများကျဉ်းမြောင်းသွားသည်။ သူချက်ခြင်းပဲ ခေါင်းငုံ့လိုက်ကာ အေးအေးဆေးဆေးပဲ ဆိုင်တစ်ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်။
***