← Chapters

ငါ့ဆရာ

Vol. 144 Ch. 1994

ငါ့ဆရာ

Vol. 144 Ch. 1994

ဝမ်လင်းက ခရမ်းရောင်ဆေးပင်နှစ်ပင်ကို ထုတ်ယူလိုက်သော လျှိုကျင်းပြောင်ကို စောင့်ကြည့်နေ၏။ ယင်းဆေးပင်နှစ်ပင်က အရောင်တူသော်လည်း တစ်ခုက ကျန်တစ်ခုထက် ပို၍ အရောင်နက်၏။

သူက ကလေးနှစ်ယောက်၏ မျက်ခုံးနှစ်ခုကြားသို့ ထိုဆေးပင်နှစ်ပင်ကို ဖိသိပ်ပေးသည်။ ယင်းဆေးပင်တို့ထံမှ ထူးခြားသောရနံ့တစ်ခု ပေးစွမ်းကာ သာမန်ထက်ထူးကဲပုံ ပေါ်သည်။ ကလေးနှစ်ယောက်၏ နှဖူးထက်သို့ ဖိသိပ်ပေးပြီးနောက် ယင်းဆေးပင်က သူတို့၏ အရေပြားအောက်တွင် ပိုက်ကွန်တစ်ခုကဲ့ ပျံ့နှံ့လေသည်။

ထိုဆေးပင်ကို စိုက်ကြည့်ကာ ဝမ်လင်းသည် ၎င်းထံမှ အသက်ဓာတ်ခပ်ရေးရေးကို ခံစားမိ၏။ ၎င်းသည် အားနည်းသော်လည်း အလွန်သန့်စင်သည်။ ဝမ်လင်းသာ ဒါကို စုပ်ယူလိုက်ပါက သူ့အတွက် ဒဏ်ရာကုသဖို့ အကူအညီ ဖြစ်စေနိုင်လိမ့်မည်ပင်။

သို့သော်လည်း ထိုဆေးပင်များအတွင်းရှိ အသက်ဓာတ်က နည်းပါးလွန်း၏။ ၎င်းကို ဒဏ်ရာ ကုသဖို့အတွက် သုံးလိုပါက အပင်ပေါင်းတစ်သောင်းလောက် လိုအပ်ပေလိမ့်မည်။

ထိုအသက်ဓာတ်က အလွန်သန့်စင်နေသည့်အကြောင်းရင်းမှာ ထိုဆေးပင်ထံမှ ထွက်ပေါ်လာသော ကောင်းကင်ဘုံစွမ်းအင်ကြောင့်ပင်။ ယင်းအသက်ဓာတ်က ကောင်းကင်ဘုံစွမ်းအင်ပမာဏအနည်းငယ်မှ ထွက်ပေါ်လာသည်။ ယင်းသည် နည်းပါးလှသော်လည်း ဝမ်လင်း၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။

သူသည် အရင်တုန်းက ဒီဆေးပင်အမျိုးအစားကို မြင်ခဲ့ဖူးပေသည်။ သူသည် အင်မောတယ်ကောင်းကင်ဘုံကုန်းမြေသို့ ရောက်ရှိနေခဲ့တာ ကြာပြီ ဖြစ်သော်လည်း တော်တော်များများကို တွေ့ကြုံခဲ့ပြီးပင်။ သူသည် တော်တော်များများကို တွေ့မြင်ခဲ့ပြီး ဖြစ်သလို ဆေးဝါးပညာရပ်နှင့် ပတ်သတ်သည့် ကျောက်စိမ်းပြားများစွာကိုလည်း ကြည့်ဖူးသည်။ သို့သော် သူ မည်မျှ စဉ်းစားပါစေ ဒီဆေးပင်နှင့် ပတ်သတ်သော တစုံတစ်ခုကို မစဉ်းစားနိုင် ဖြစ်နေသည်။

သို့သော် သူသည် ထိုဆေးဝါးပင်နှစ်ပင်က ကလေးနှစ်ယောက်အတွက် မည်သည့်အန္တရာယ်မှ မဖြစ်စေဘဲ သူတို့၏ခန္ဓာကိုယ်ကို အတော်လေး သန်မာစေနိုင်ကြောင်း သိပေသည်။ ဝမ်လင်းက အနည်းငယ် စောင့်ကြည့်နေပြီးနောက် သူက ထိုဆေးပင်တို့ဖြင့် ပေါင်းစပ်သွားသည့်အခါ၌ ကလေးနှစ်ယောက်၏ ပါရမီသည် အမှန်တကယ်ပင် ပြောင်းလဲသွားသည်။

ပိုအရောင်ရင့်သော ဆေးဝါးပင်က ကောင်လေး၏ခန္ဓာကိုယ်အတွင်း၌ ပိုက်ကွန်တစ်ခုအသွင် ဖြစ်ပေါ်ကာ သူ့ ပါရမီအစစ်အမှန်ကို လုံးဝ ကွယ်ဖုံးပေးလိုက်တော့သည်။ ထိုနောက် ယင်းဆေးဝါးပင်က ကောင်လေး၏ ပါရမီအစစ်အမှန်ကို ဖုံးအုပ်ပေးသော ကောင်းမွန်သည့်ပါရမီအဖြစ်သို့ ပြောင်းလဲပေးတော့သည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ၎င်းအခြင်းအရာကို မြင်နိုင်သည်မှ မဆန်းပေ။ သို့သော် အကယ်၍ ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကသာ ကြည့်ရှုပါက ဒီအချက်ကို တွေ့မြင်ဖို့ ခက်ခဲပေလိမ့်မည်။ တတိယအဆင့် ကျင့်ကြံသူများကသာ ဆေးပင်ကနေ ဖြစ်ပေါ်လာသော ပိုက်ကွန်က ကလေးနှင့် လုံးဝ ပေါင်းစပ်နေသောကြောင့် သဲလွန်စအချို့ကို တွေ့မြင်နိုင်ပေလိမ့်မည်။

ထိုသည်က ဝမ်လင်းကို အတော်လေး အံ့အားသင့်သွားစေသည်။ သူက ကောင်မလေးဖြစ်သူကိုလည်း ကြည့်ရှုလိုက်၏။ ထိုကလေးမ၌လည်း ယင်းသို့ တူညီသောအဖြစ်အပျက် ဖြစ်ပွားလေသည်။ သူမက သူ့ကိုယ်ပိုင်ပါရမီထက် များစွာ ပိုသာသော သာမန်ပါရမီကို ရရှိလိုက်ပေသည်။

“ကံကောင်းစေတဲ့ အမယ်အရာတွေဟာ တကယ့်ကို မခန့်မှန်းနိုင်အောင်ပဲ…”  ဝမ်လင်းက စဉ်းစားနေ၏။ ထိုခရမ်းရောင်ဆေးပင်က ထူးကဲလှချေသည်။

“ဒါပေမဲ့ လျှိုကျင်းပြောင်ကသာ ဒါကို ဆက်လုပ်မယ်ဆိုရင် သူဟာ တနေ့မှာ ရှာတွေ့ခံရပြီး အမဲလိုက်ခံရလိမ့်မယ်…”

ဝမ်လင်းသည် ခေါင်းခါလိုက်မိ၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၌ ကလန်များစွာ ရှိသလို တတိယအဆင့်ကျင့်ကြံသူများကလည်း မရှားလှပေ။ လျှိုကျင်းပြောင်အနေဖြင့် မဟာပဏ္ဍိတကုန်းမြေကနေ မထွက်သွားခင် သူ့လုပ်ရပ်ကို ရှာတွေ့ခံရခြင်း ရှိ၊မရှိကတော့ သူ့ကံကောင်းမှုအပေါ် မူတည်ပေလိမ့်မည်။

“သူက အတော်လေးတော့ ဂရုစိုက်သားပဲ။ ကလေးအားလုံးကို အတင်းအကြပ် လောဘကြီးပြီး ကလန်ထဲ မဝင်ခိုင်းဘူး။ သူသာ အဲ့လိုလုပ်င်လည်း ကလေးအရေအတွက် များလာတာနဲ့အမျှ သူ့အတွက်လည်း အန္တရာယ် ပိုများလိမ့်မယ်…”

ဝမ်လင်းသည် ဂုဏ်ယူနေသော လျှိုကျင်းပြောင်ကို ကြည့်ကာ ခါးသီးခါးသက် ပြုံးမိ၏။

ထိုကလေးနှစ်ယောက်သည် ဆေးပင်နှင့် ပေါင်းစပ်ပြီးနောက် သူက ဝင့်ထည်သောဟန်အမူအရာ လှစ်ဟပေါ်သည်။ သူက သူ့ရှေ့ရှိ ကလေးနှစ်ယောက်ထံ ကြည့်၏။ သူ၏မျက်လုံးတို့က အရောင်တောက်လုနီးပါးပင်။

သူ ထရပ်ကာ ထိုကလေးနှစ်ယောက်နှင့်အတူ လှိုဏ်ဂူကနေ တောင်ဘက်အရပ်သို့ ပျံသန်းလာတော့သည်။

သိပ်မကြာခင်တွင် တိမ်စိုင်များ ဖုံးနေသော တောင်တလုံးက လျှိုကျင်းပြောင် ရှေ့တွင် ပေါ်လာ၏။ ထိုတောင်က မတ်စောက်လှကာ သားရဲဟိန်းသံများ မကြာဆိုသလို ယင်းတောင်ထံမှ ထွက်ပေါ်လာနေ၏။

“လျှိုကျင်းပြောင်က ရှေ့တည့်တည့်ရှိ ထိုတောင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ငါ မဟာပဏ္ဍိတကလန်နဲ့ တခြားကလန်တွေရှိ သွားရောက်ခဲ့ပြီးပြီ။ အခု ထွက်ခွာရမယ့် အချိန်ပဲ။ ဒီတစ်ကြိမ် နောက်ဆုံး လုပ်ပြီးရင် ဘယ်သူမှ ရှာမတွေ့ရင်တောင်မှ ငါ့မျက်နှာကို ပြောင်းလဲပြီး မဟာပဏ္ဍိတကုန်းမြေကနေ ထွက်ခွာပြီး နောက်တနေရာကို ရှာရမယ်…”

“ငါ ရရှိခဲ့တဲ့ ဆေးလုံးတွေနဲ့ မန္တာန်များစွာဟာ ငါ့ကို စဦးစိတ်ဝိညာဉ်အဆင့် ရောက်စေလောက်ပါပြီ။ အဲ့ကျရင် ငါဟာ နောက်ထပ်ကုန်းမြေတစ်ခုရှိ သွားပြီး ကလန်ငယ်တစ်ခုစီ ဝင်ရောက်ရယ်။ ပြီးရင်တော့ ငါ့ ဒီစီးပွားရေးကို ထပ်လုပ်မယ်…”

လျှိုကျင်းပြောင်က အသက်ဝဝရှိုက်သွင်းလိုက်ပြီးနောက် ကလေးနှစ်ယောက်ကို တောင်ထိပ်သို့ ခေါ်ဆောင်လာတော့သည်။

ဝမ်လင်းက လျှိုကျင်းပြောင်နောက်မှ လိုက်ပါလာဆဲပင်။ သူက လျှိုကျင်းပြောင် တောင်ကို အကြိမ်အနည်းငယ် ပတ်နေသည်ကို စောင့်ကြည့်နေ၏။

တောင်ထဲမှ ပျံသန်းထွက်လာပြီးနောက် လျှိုကျင်းပြောင်က တုံ့နှေးမနေဘဲ ထွက်ခွာလာ၏။ ဝမ်လင်းက တချက်လှမ်းကြည့်ပြီးနောက် ရုတ်တရက် မော့ကြည့်လိုက်၏။ သူက ကောင်းကင်ထက်၌ လှိုင်းဂယက်တစ်ခု ထသွားသည်ကို မြင်လိုက်ရပြီး ယင်းလှိုင်းဂယက်က ရုတ်တရက် သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။

သာမန်ကျင့်ကြံသူများက ၎င်းကို ထောက်လှမ်းမိနိုင်မည် မဟုတ်ပေ။ သို့သော် ဝမ်လင်းကမူ ရှင်းရှင်းလင်းလင်း တွေ့မြင်သည်။ ၎င်းမှာ တစုံတစ်ယောက်က ရှေ့ဖြစ်ကြည့်နေသဖြင့် လောကကို ပြောင်းလဲစေတာပင်။

သည့်အပြင် လျှိုကျင်းပြောင်က ထိုလှိုင်းဂယက်၏ ဗဟိုချက်တွင် ရှိနေသည်။

“တစုံတစ်ယောက်က လျှိုကျင်းပြောင်ရဲ့ တည်နေရာကို ရှေ့ဖြစ်ကြည့်နေတယ်…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ထိုလှိုင်းဂယက်များကို ကြည့်ကာ သူ့အကြည့်က ထိုရှေ့ဖြစ်ကြည့်ခြင်းစွမ်းအားကို ထွင်းဖောက်ဖြတ်သန်း၍ တဖက်လူများထံ ရောက်ရှိသွားသည်။ သူက ခမ်းနည်းထည်ဝါသောနန်းတော်တစ်ခု၌ တရိုတသေ ရပ်နေကြသော ဒုတိယအဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ်ယောက်ကို တွေ့မြင်လိုက်ရ၏။ ထိုနေရာတွင် မျက်လုံးမှိတ်ထားသော ကောင်လေးတစ်ယောက်လည်း ရှိနေပြီး သူ့နောက်တွင် အဘိုးအိုတစ်ယောက် ရှိနေကာ ထိုကောင်လေး၏ ဦးခေါင်းပေါ် အနှီအဘိုးအိုက လက်တင်ထား၏။ ထိုအဘိုးအို၏ တခြားလက်တစ်ဖက်က ချိပ်ဟန်များကို ဖြစ်ပေါ်နေစေသည်။

တအောင့်အကြာတွင် ထိုအဘိုးအိုက ရုတ်တရက် မျက်လုံးဖွင့်လာကာ အေးစက်မှု လှစ်ဟပေါ်သည်။

“ကျင်းပြောင်ဇီကို ငါ တွေ့ပြီ။ သူက ကီလိုမီတာထောင်ချီအကွာမှာပဲ။ မင်းတို့အားလုံး သူ့ကို ဖမ်းဖို့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မြန်မြန် အသုံးပြုကြ။ သူ့မူလစိတ်ဝိညာဉ်ကို မဖျက်စီးပစ်ဖို့ မှတ်ထားပါ။ ငါ သူ့စိတ်ဝိညာဉ်ကို ရှာဖွေချင်တယ်…”

ထိုအဘိုးအိုက ယင်းသို့ ပြောပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ပစ်ပေးလိုက်သည်။

“ဒီကျောက်စိမ်းပြားကို ကိုင်ပြီး ကျင်းပြောင်ဇီကို သွားရှာပါ။ အဲ့တပည့်အတွက်ကတော့ သူ့ကို အပြင်စည်းကလန်ဆီ မောင်းထုတ်လိုက်၊ ကျန်တာကတော့ သူ့ကိုယ်ပိုင်အားထုတ်မှုအပေါ် မူတည်လိမ့်မယ်…”

ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ ထိုလှိုင်းဂယက်များထံမှ သူ့နတ်ဘုရားအာရုံကို ပြန်ဆုတ်လိုက်၏။ သူက ထိုအခြင်းအရာကို သတိမပြုမိသော လျှိုကျင်းပြောင်ကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။

“ထားလိုက်ပါတော့လေ။ သူက ဒုက္ခနည်းနည်း မခံရရင် သင်ခန်းစာ ရလိမ့်မှာ မဟုတ်ဘူး…”

လျှိုကျင်းပြောင် ပျံသန်းလာပြီး နောက်ရီဝက်လောက်အကြာတွင် ပုံရိပ်လေးခုက သူ့ရှေ့တွင် ပေါ်လာလေ၏။ ထိုသူများမှာ ဝမ်လင်း တွေ့မြင်ခဲ့သော လျှိုကျင်းပြောင်ကို ဖမ်းဖို့ ကလန်တစ်ခုထံမှ စေလွှတ်လိုက်သော ကျင့်ကြံသူများ ဖြစ်၏။

သူတို့လေးယောက်လုံးက ကီလိုမီတာထောင်ချီကို တည်နေရာရွှေ့ပြောင်းလာကြပြီး ကျောက်စိမ်းပြားကို သုံးကာ လျှိုကျင်းပြောင်ကို ခြေရာခံမိခြင်း ဖြစ်၏။ သူတို့က သူ့ထံ နီးကပ်လာကြသည်။

လျှိုကျင်းပြောင်က ထိုသည်ကို တွေ့မြင်သည့်အခါ သူ့အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူက တခုခုမှားနေပြီကို သိလိုက်သည်။ သို့သော် သူက ချက်ခြင်း ထွက်မပြေးပေ။ သူက ထိုသူတို့၏ အစွမ်းထက်သော ကျင့်ကြံမှုနှင့် သူ မလွတ်မြောက်နိုင်သည်ကို ခံစားမိပေသည်။

သူက မျက်လုံးကစားလိုက်ပြီး ဘေးတစ်ဖက်သို့ နေရာရွှေ့၏။ သို့သော် ထိုအလင်းတန်းလေးခုက သူ့ကို ဝန်းရံပြီး အနှီကျင့်ကြံသူလေးယောက်က လျှိုကျင်းပြောင်ကို အေးတိအေးစက် စိုက်ကြည့်လာသည်။

လျှိုကျင်းပြောင်က အတော့်ကို စိတ်ပူပန်နေ၏။ သို့သော် သူက ၎င်းကို တစ်စက်လေးမျှ မဖော်ပြပေ။ ထိုအစား သူက မျက်မှောင်ကြုတ်ကာ ထိုလေးယောက်ထံ အေးစက်စက် ပြန်စိုက်ကြည့်လိုက်သည်။

“စီနီယာလေးယောက်…သင်တို့က ဂျူနီယာရဲ့ လမ်းကို ဘာကြောင့် ပိတ်ထားတာလဲ ငါ သိချင်မိတယ်….”

သူက အတော့်ကို တည်ငြိမ်နေ၏။ သူ၏ တည်ငြိမ်မှုက သူ့ကို ဖမ်းရန် ရောက်လာကြသော လေးယောက်ကို မင်သက်မိသွားစေသည်။

“သူ့ကို ဖမ်းကြ…”  ဦးဆောင်လာသူက လျှိုကျင်းပြောင်ကို ကြည့်ကာ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက် လှမ်းထွက်လာသည်။ လျှိုကျင်းပြောင်ကဲ့သို့ အမြုတေဖွဲ့တည်ခြင်းအဆင့်၌သာ ရှိသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုသူ့ကို မည်သို့မျှ ခုခံနိုင်လိမ့်မည် မဟုတ်ပါ။

သို့သော် လျှိုကျင်းပြောင်က တည်ငြိမ်နေဆဲပင်။ သို့သော် သူက အေးတိအေးစက် ပြုံးလိုက်သည်။ သူသည် စိတ်ထဲကမူ အတော့်ကို ထိတ်ပြာကြောက်ရွှံ့နေပေပြီ။ သို့သော် သူက ဒီကိစ္စကို အမြန်အဆန် တွေးလိုက်၏။ တချို့ကလန်များက တခုခု မူမမှန်တာကို သတိပြုမိခဲ့ပုံ ပေါ်၏။

လျှိုကျင်းပြောင်က အေးစက်စက် ပြောလာ၏။ “မောက်မာလိုက်တာ။ မင်းတို့ ဘာမှ မလုပ်ခင် ငါ မင်းတို့နဲ့ လိုက်လာခဲ့ပေးလိုက်မယ်…”

သူက ပို၍ တည်ငြိမ်လေလေ ထိုလေးယောက်က ထူးဆန်းသလို ပိုခံစားမိလေပင်။ သူ့ထံ နီးကပ်လာသော သူက လျှိုကျင်းပြောင်ကို မတိုက်ခိုက်သေးဘဲ လျှိုကျင်းပြောင်၏ နောက်တွင် ရပ်လိုက်၏။ သူက လျှိုကျင်းပြောင်ကို တွန်းထုတ်လိုက်ပြီးနောက် သူတို့လေးယောက်က လျှိုကျင်းပြောင်ကို ခေါ်ဆောင်သွားကြသည်။

“မင်းတို့ရဲ့ကလန်ငယ်လေးက ငါ့ကို ဖမ်းချင်တာလား။ ငါသာ ဒဏ်ရာ ရသွားခဲ့ရင် ငါ့ဆရာက မင်းတို့ကလန်တစ်ခုလုံးကို ဖျက်စီးပစ်လိမ့်မယ်…”

လျှိုကျင်းပြောင်က နှာခေါင်းရှုံ့ကာ ကြောက်ရွှံ့ဟန် လုံးဝ မပြပေ။ သူက ထိုကျင့်ကြံသူလေးယောက်နောက်သို့ တည်တည်ငြိမ်ငြိမ် လိုက်ပါသွားပြီး အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားကြသည်။

သူတို့ အဝေးသို့ ရောက်သွားသည့်နောက် ဝမ်လင်း ပေါ်လာ၏။ ဝမ်လင်းက ရှေ့တည့်တည့်သို့ လှမ်းကြည့်ကာ ခေါင်းခါလိုက်၏။

“အဖမ်းခံရတာတောင် သူက လိမ်ဖို့ ကြိုးစားနေတုန်းပဲ။ ဒီလျှိုကျင်းပြောင်….သူ ပြောခဲ့တဲ့ ဆရာဟာ ဘယ်သူများ ဖြစ်မလဲ…”  ဝမ်လင်းက နောက်မှ လိုက်ပါလာ၏။ ထိုကျင့်ကြံသူများကတော့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုရန် လိုအပ်ပေ၏။ သို့သော် ဝမ်လင်းအတွက်တော့မူ ကီလိုမီတာထောင်ချီက ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုလိုက်ရုံဖြင့် ရောက်ရှိနိုင်သည်။

တစ်နာရီနီးပါးကြာပြီးနောက် မဟာပဏ္ဍိတကုန်းမြေ၏ မြောက်ဘက်ပိုင်းတွင် တောင်ကြားတစ်ခု ရှိိနေသည်။ ထိုနေရာတွင် နန်းတော်များစွာ ရှိနေပြီး ဒီနေရာကို အစီအရင်တစ်ခုက ကာကွယ်ပေးထား၏။ ဤသည်မှာ မဟာပဏ္ဍိတကုန်းမြေ၏ သာမန်ကလန်တစ်ခုပင်။

လျှိုကျင်းပြောင်ကို ထိုတောင်ကြားအတွင်းသို့ ခေါ်လာကြ၏။ သူ့စိတ်ထဲ၌ ကြောက်ရွှံ့တုန်လှုပ်နေသော်လည်း သူ့အမူအရာကမူ တည်ငြိမ်နေဆဲပင်။ သူ့ပါးစပ်ထောင့်၌ အထင်သေးဟန် အေးစက်စက်အပြုံးတစ်ခုပင် တွဲခိုထားသေးသည်။

သူ့ရှေ့တွင် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ ထိုအဘိုးအိုက လျှိုကျင်းပြောင်၏ တည်နေရာကို ရှေ့ဖြစ်ကြည့်ခဲ့သော အဘိုးအိုပင်။ သူက လျှိုကျင်းပြောင်ကို အေးစက်စက် ကြည့်နေ၏။

“မင်းက ငါ့တိမ်ကလန်ကို လှည့်ဖြားဖို့ သတ္တိသိပ်ရှိနေတယ်ပေါ့…”  ထိုအဘိုးအိုက ဖြည်းဖြည်းချင်း ပြောလာ၏။

“ငါ မင်းတို့ကို လှည့်ဖြားတော့ရော ဘာဖြစ်သေးသလဲ။ သေးနုပ်လှတဲ့ တိမ်ကလန်ကများ ငါ့ကို ဖမ်းဆီးရဲတယ်လား။ မင်းတို့လည်း သိပ် သတ္တိရှိနေကြတယ်ပေါ့…”

လျှိုကျင်းပြောင်က ထိုအဘိုးအိုကို ကြည့်ကာ ပြန်ပြော၏။

ယင်းအဘိုအိုသည် မျက်မှောင်ကြုတ်သွားသည်။

“ငါသာ ဒဏ်ရာ ရသွားခဲ့ရင် ငါ့ဆရာ ချက်ခြင်း ရောက်လာလိမ့်မယ်။ မင်းတို့ရဲ့ သေးနုပ်တဲ့ တိမ်ကလန်မပြောနဲ့၊ မဟာပဏ္ဍိတကုန်းမြေရဲ့ တန်လင်းကလန်ကတောင် ငါ့ဆရာကို တွေ့ရင် လေးစားမှုနဲ့ နှုတ်ဆက်ရလိမ့်မယ်…”

လျှိုကျင်းပြောင်က ထိုသို့ အခိုင်အမာ ပြတ်သားစွာ ဆို၏။

ထိုအဘိုးအိုက ဤစကားတို့ကို ကြားသည့်နောက် ရုတ်တရက် ရယ်မောလိုက်၏။

“အို…ဒီတော့ မင်းရဲ့ ဆရာက ဘယ်သူများလဲ…”

လျှိုကျင်းပြောင်က ဂုဏ်ယူသောအမူအရာဖြင့် ပြောလာ၏။ “မဟာအင်ပါယာကန်းနီရဲ့ နောက်လိုက် အင်ပါယာအတု ကူးရဲ့ပဲ…”

သူ၏တည်ငြိမ်သောအမူအရာ၊ ယုံကြည်မှုပြည့်သော စကားလုံးတို့က ထိုအဘိုးအိုကို မင်သက်သွားစေ၏။

“ဟာသပဲ။ မင်းသာ မဟာအင်ပါယာကူးရဲ့ရဲ့ အစေခံတစ်ယောက် တကယ် ဖြစ်ခဲ့ရင် မင်းအနေနဲ့ ဒီကို လာပြီး လူတွေကို လှည့်ဖြားစရာ မလိုဘူး။ မင်းအနေနဲ့လည်း အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်နေမှာ မဟုတ်ဘူး…”

ထိုအဘိုးအိုက လျှိုကျင်းပြောင်ကို တစ်စက်လေးမျှ မယုံပေ။

လျှိုကျင်းပြောင်က သူ့အင်္ကျီလက်အိုးကို ဝေ့ခါကာ အေးစက်စက် ပြောလိုက်သည်။ “လှည့်ဖြားခြင်းတာအိုဟာ ငါ့နယ်ပယ်ပဲ။ ငါ့ကျင့်ကြံမှုအဆင့်နဲ့ မင်းရဲ့ အိုမင်းနေတဲ့ မျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်စမ်းပါ။ ငါ့ကျင့်ကြံမှုအဆင့်ဟာ တကယ်ပဲ အမြုတေဖွဲ့တည်ခြင်းအဆင့် ဟုတ်ရဲ့လားဆိုတာကို သေချာ ကြည့်လိုက်ချေ…”

သို့ပေမည့် ထိုအခိုက်တွင် သူ့စိတ်ထဲ၌ အတော့်ကို ကြောက်လန့်နေလေပြီ။ သို့သော် သူက လူများစွာကို နှစ်ပေါင်းများစွာ လှည့်ဖြားခဲ့ပြီး သူက လှည့်ဖြားခြင်းတာအို၏ ဒုတိယအဆင့်သို့ ရောက်နေခဲပြီးပင်။ ထို့အတွက် သူ့ကိုယ်သူကိုယ်ပင် လှည့်ဖြားနိုင်ပေ၏။ သူက အချိန်အတန်ကြာ သူ့ကိုယ်သူ လှည့်ဖြားခဲ့ပေ၏။ သူက သူ့ကိုယ်သူကိုယ်ပင် လှည့်ဖြားခဲ့ဖူးသည်ဖြစ်၍ တခြားသူများက သူ့ကို မယုံမှာကို မစိုးရိမ်ပေ။

ဝမ်လင်းသည် နန်းတော်အတွင်း၌ ထိုင်နေကာ တခြားသူများကလည်း သူ့ကို သတိမပြုမိကြပေ။ လျှိုကျင်းပြောင်၏ ထိုအပြုအမူကို တွေ့မြင်သည့်အခါ ဝမ်လင်းက အတိတ်ကို ပြန်တွေးမိကာ မပြုံးမိဘဲ မနေနိုင် ဖြစ်ရပေ၏။

All Chapters