← Chapters

သင် ဘယ်သူလဲ

Vol. 144 Ch. 1995

သင် ဘယ်သူလဲ

Vol. 144 Ch. 1995

ထိုစကားကို ကြားသည့်အခါ ယင်းအဘိုးအို၏မျက်လုံး ကျဉ်းမြောင်းသွားကာ သူက လျှိုကျင်းပြောင်ကို သေချာကြည့်လိုက်၏။ ထိုအခါ သူသည် တခုခုမှားယွင်းနေသလို ခံစားမိလိုက်သည်။ လျှိုကျင်းပြောင်က အမြုတေဖွဲ့တည်ခြင်းအဆင့်၌သာ ရှိသေးသော်လည်း သူက တခုခုဖုံးကွယ်ထားသလို ခံစားမိနေ၏. ၎င်းမှာ အချိန်ကြာမြင့်စွာ တည်ရှိခဲ့သော အမျိုးအမည်မသိရသော ရှေးကျသည့်အော်ရာပင်။

လျှိုကျင်းပြောင်က ထိုအဘိုးအိုကို ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “မင်းတို့ ငါ့စိတ်ဝိညာဉ်ကို ရှာဖို့ တွေးနေတာကို ငါ သိတယ်။ ဒါပေမဲ့ မင်း မလုပ်ခင် ငါ ပြောလိုက်အုံးမယ်။ ငါ့ဆရာက ရောက်လာတော့မယ်။ မင်းတို့ရဲ့ တိမ်ကလန်ဟာ ပျက်စီးကိန်းဆိုက်မယ့် ဘေးကပ်ဆိုးကို စောင့်နေကြတာပဲ…”

”အင်ပါယာအတု ကူးရဲ့ ရောက်လာခဲ့ရင်တောင် ငါတို့မှာ ပြောနိုင်တဲ့ အကြောင်းပြချက် ရှိတယ်။ မင်းက အရင်ဆုံး ငါတို့ကို လှည့်စားလိမ်ညာခဲ့တာပဲ…”

ထိုအဘိုးအိုက လျှိုကျင်းပြောင်ကို ဖြတ်မမြင်နိုင် ဖြစ်နေ၏။ လျှိုကျင်းပြောင်က တည်ငြိမ်လွန်းနေသည် မဟုတ်လား။ သူ့ထံ၌ နောက်ခံကြီးကြီးမားမား မရှိပါဘဲ သူက မည်သို့ တည်ငြိမ်နိုင်ပါ့မည်နည်း။

“လှည်ဖြားတာလား…၊ ဒီအဘိုးအို လျှိုကျင်းပြောင်က လှည့်ဖြားခြင်းတာအိုကို ကျင့်ကြံတာ။ ဒီတော့ မင်းတို့ တိမ်ကလန်လေးကို လှည့်ဖြားတာ ဘာဖြစ်သလဲ။ ငါ မင်းတို့ရဲ့ အသက်တွေ၊ ရတနာတွေအပေါ် လှည့်ဖြားခဲ့လို့လား…”

“ငါ သေမျိုးအချို့ကို ကျင့်ကြံဖို့ ခေါ်လာပြီး ‌ဆေးလုံးအချို့နဲ့ လဲလှယ်ခဲ့ရုံပဲ။ မင်းတို့က ငါ ဒီဆေးလုံးတွေကို ဂရုစိုက်တယ်များ ထင်နေကြလား…”

လျှိုကျင်းပြောင်၏ မျက်လုံးထဲတွင် အထင်သေးမှုတို့ ပြည့်နေ၏။ သူ့ညာလက်ဖြင့် သိုလှောင်နေရာလွတ်ကို ထိပုတ်လိုက်ရာ ဆေးလုံးမြောက်များစွာသည် တောင်ကုန်းအငယ်စား ဖြစ်သည့်အထိ ထွက်ပေါ်လာချေသည်။

“သေချာကြည့်။ ဒီဆေးလုံးတွေဟာ မင်းတို့ တိမ်ကလန်က ဆေးလုံးတွေပဲ။ ဒါတွေက ငါ့အတွက် လှည့်ဖြားခြင်းတာအိုကို ကျင့်ကြံရာမှာ စုဆောင်းထားတဲ့ သဘောလောက်ပဲ။ မင်းတို့အနေနဲ့ ဒီဆေးလုံးတွေကို ငါက တကယ်ပဲ ဂရုစိုက်တယ်လို့ ထင်နေလား…”

လျှိုကျင်းပြောင်က ရယ်မောကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ထိုဆေးလုံးများသည် ဖုန်မှုန့်ဖြစ်သည့်အထိ ချက်ခြင်းပင် တစစီ ပျက်စီးသွားတော့သည်။

ထိုရုတ်ချည်းဆန်သော မြင်ကွင်းက အနှီအဘိုးအိုကို မင်သက်သွားစေသည်။

“ဒီဆေးလုံးတွေလောက် မပြောနဲ့အုံး။ ငါ ရတနာတော်တော်များများကိုလည်း လှည့်ဖြားခဲ့တယ်။ ဒါပေမဲ့ ငါ တကယ် ဂရုစိုက်လိမ့်မယ်လို့ မင်း ထင်လား…”

လျှိုကျင်းပြောင်က သူ့သိုလှောင်နေရာလွတ်ကို ပုတ်လိုက်ပြန်၏။ ထိုအခါ ရတနာများစွာသည် ထွက်ပေါ်လာသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ ၎င်းတို့အားလုံး ပျက်စီးသွားချေ၏။

“ငါ ဒီအရာတွေနဲ့ပတ်သတ်ပြီး ဂရုမစိုက်ဘူးလို့ မင်းကို ငါ ပြောပြီးပြီး။ မင်းတို့ ငါ့စိတ်ဝိညာဉ်ကို ရှာဖွေဝံ့ရင် မင်းတို့ တိမ်ကလန်တခုလုံး ဖျက်စီးခံရမှာ အသေအချာပဲ။ မင်းကိုယ်တိုင် သေချာစဉ်းစားပါ။ နှုတ်ဆက်ခဲ့တယ်…”

လျှိုကျင်းပြောင်က နှာခေါင်းရှုံ့ကာ လှည့်ထွက်လိုက်၏။ သူက ထိုမင်သက်နေသော အဘိုးအိုကို ဆက်၍ မကြည့်တော့ဘဲ သည်နန်းတော်ကနေ စတင်လှမ်းထွက်လာသည်။

သူ လှမ်းလျှောက်လာနေစဉ် သူ့ခန္ဓာကိုယ်ထက်၌ ချွေးစေးများ ထွက်မနေသလို သူ့နှလုံးခုန်သံကလည်း ပုံမှန်ပင်။ ထိုအခိုက်တွင် သူကိုယ်တိုင်ပင်သူ့ကိုယ်သူ ယုံကြည်ထားသဖြင့် သူက မည်သို့ ကြောက်လန့်နေပါ့မည်နည်း။

သူ နန်းတော်ထဲမှ လှမ်းလျှောက်ထွက်လာပြီးနောက် သုန်မှုန်နေသော အဘိုးအို၏ အမူအရာက ပြောင်းလဲသွား၏။ သူက သူ့ရှေ့ရှိ ဆေးလုံးအပိုင်းအစများ၊ ရတနာအကျိုးအပျက်များကို စိုက်ကြည့်နေ၏။ သည်အခိုက်၌ လျှိုကျင်းပြောင်၏ စကားများကြောင့် သူ့ဆုံးဖြတ်နိုင်မှုမှာ ဆုံးရှုံးသွားခဲ့ပေသည်။

သူသည် သည်လိုအရာမျိုးကို အရင်က လုံးဝ မကြုံခဲ့ဖူးပေ။

“သူ ပြောခဲ့တာတွေက အမှန်လား၊ အလိမ်တွေလား…။ အလိမ်တွေသာ ဖြစ်ခဲ့ရင် သူက ဘယ်လိုလုပ် ဒီလောက်တည်ငြိမ်နေပြီး ရတနာတွေ၊ဆေးလုံးတွေကို ဂရုမစိုက်ဘဲ ဘယ်လိုလုပ် ဖျက်စီးနိုင်ပါ့မလဲ။ ဒါတွေက အပေါစားအရာတွေ ဖြစ်ပေမယ့်လည်း သူ အတော်များများကို လှည့်ဖြားယူထားခဲ့တာ ရှင်းနေတာပဲ…”

“သူက အချိန်အကြာကြီး လူတွေကို လှည့်ဖြားခဲ့ပေမယ့် မသေခဲ့ဘူး။ ဒီတော့ အကြောင်းရင်းတစ်ခု ရှိကိုရှိရမယ်…”

“သူ ပြောတာသာ အမှန်ဆိုရင် ငါ သူ့ကို သွားရန်စလို့ မရဘူး။ တကယ်တော့ သူ ပြောခဲ့တာတွေက အမှန်ပဲ။ သူက တန်ဖိုးရှိတဲ့ ရတနာတွေ၊ ဒါမှမဟုတ် အသက်တွေကို လိမ်ညာလှည့်ဖြားခဲ့တာ မရှိဘူး။ အဆင့်နိမ့်ဆေးလုံးတွေလောက်ကိုသာ လှည့်ဖြား ရယူခဲ့တာ…”  ထိုအဘိုးအိုက ခဏတာ မင်သက်နေမိ၏။

ထိုအခါတွင် လျှိုကျင်းပြောင်က နန်းတော်အတွင်းမှ လှမ်းထွက်လာခဲ့ပေပြီ။ တိမ်ကလန်၏ မည်သည့်တပည့်ကမျှ သူ့ကို မတားဆီးပေ။

ဝမ်လင်းက ထိုအခြင်းအရာ တော်တော်များများကို တွေ့မြင်သည့်အခါ မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။ သူက လျှိုကျင်းပြောင်သည် အတော်လေး ခံလိုက်ရမည်ဟု ထင်ထားခဲ့၏။ သို့သော် အခြင်းအရာတို့က မြန်ဆန်စွာ ပြောင်းလဲသွားခဲ့လေသည်။ ဝမ်လင်းသည်ပင် လျှိုကျင်းပြောင်ကို မလေးစားမိဘဲ မနေနိုင် ဖြစ်ရ၏။

“ဒီလို သရုပ်ဆောင်တာ။ တကယ့်ကို အမှန်တကယ် ဆန်လွန်းတယ်…”  ဝမ်လင်းက ခါးသက်သက်ပြုံး၍ ခေါင်းခါမိလိုက်၏။

နန်းတော်အပြင်ဘက်တွင် ရပ်နေပြီး တိမ်ကလန်၏ တပည့်များဖြင့် ဝန်းရံထားသော အဘိုးအိုတစ်ယောက်က ဝမ်လင်းကို စိုက်ကြည့်နေ၏။

“ဒါကသာ ရှုပ်ထွေးမှန်းသိခဲ့ရင် ငါ သူ့ကို လစ်လျူရှုထားခဲ့မှာပေါ့။ ငါ သူ့ကို ဘာကြောင့် ဖမ်းလာရအုံးမှာလဲ။ ဒီကိစ္စဟာ အကျိုးဆောင်ပေးတဲ့ကိစ္စ ဖြစ်ခဲ့ပေမယ့် အခုတော့ အချည်းနှီး ဖြစ်ခဲ့ရပြီ။ ဒါပေမဲ့ ငါ သူ့ကို ဒီအတိုင်း သွားခွင့်ပေးလိုက်တာဟာ သူ့စကားလုံးတွေကို ငါ ကြောက်နေတယ်လို့ ဆိုလိုတာပဲ…”

ထိုအဘိုးအိုက အံတင်းတင်းကြိတ်ကာ စကားဆိုရန် ဟန်ပြင်လိုက်သည်။

သို့သော် ထိုအခိုက်တွင် လျှိုကျင်းပြောင်က လှည့်လာပြီး သူ့ညာလက်ဖြင့် သိုလှောင်နေရာလွတ်ကို ထိလိုက်သည်။ သူက လက်ဝါးအရွယ်ခန့်သစ်သားအပိုင်းတစ်ခုကို ထုတ်ယူကာ ထိုအဘိုးအိုထံသို့ ပစ်ပေးလိုက်လေသည်။

လျှိုကျင်းပြောင်၏ အမူအရာက တည်ငြိမ်နေပေ၏။ သူက အေးစက်စက် ပြောလာသည်။ “ဒါကို မြင်တဲ့နောက် မင်းအနေနဲ့ စဉ်းစားဖို့ အသက်သုံးရှိုက်စာအချိန် ရမယ်…”

ထိုအဘိုးအိုက သစ်သားအပိုင်းကို လှမ်းယူကာ တချက်ကြည့်လိုက်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွား၏။ ယင်းသစ်သားအပိုင်းပေါ်၌ ထင်ရှားသောစာလုံးနှစ်လုံးသာ ရှိပေသည်။

ကူးရဲ့။

“ဒီသစ်သားက သာမန်ပဲ။ ဒါဟာ သာမန်သစ်သားပိုင်းတစ်ခုပဲ။ ဒါပေမဲ့ ၎င်းမှာ ငါ့စိတ်နှလုံးကို တုန်ယင်သွားစေတဲ့ အော်ရာတစ်ခု ပါဝင်နေတယ်။ ဒီအော်ရာဟာ သေခြင်းနဲ့ ပြည့်နေတယ်။ သာမန် မဟုတ်ဘူး…”

ထိုအဘိုးအိုသည် အစောပိုင်းတုန်းက သံသယများ ရှိနေသော်လည်း အခု သစ်သားပိုင်းကို တွေ့မြင်သည့်အခါ သူသည် လျှိုကျင်းပြောင်၏ စကားများကို ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်လာပေသည်။

လျှိုကျင်းပြောင်ကသာ ချက်ခြင်း ထိုသစ်သားပိုင်းကို ထုတ်ပြခဲ့ပါက ယင်းအဘိုးအိုသည် သံသယရှိနေပေအုံးမည်။ သို့သော် လျှိုကျင်းပြောင်၏ စကားများကို ကြားခဲ့ရပြီးနောက်တွင်မူ သက်ရောက်မှုက ကွာခြားသွားခဲ့လေပြီ။

“တစ်ကြိမ်၊ နှစ်ကြိမ်…”  လျှိုကျင်းပြောင်က ဖြည်းဖြည်းချင်း ရေတွက်၏။ သူ သုံးကြိမ်ဟု မပြောခင်မှာပင် အနှီအဘိုးအိုသည် အံတင်းတင်းကြိတ်ကာ ယင်းသစ်သားပိုင်းကို လျှိုကျင်းပြောင်ထံ ပစ်ပေးလိုက်လေသည်။ လျှိုကျင်းပြောင်က ၎င်းကို ဖမ်းယူလိုက်၏။ သူ၏ သုန်မှုန်နေသော အသံ ပဲ့တင်ထွက်လာသည်။

“ဒီဂိတ်တံခါးကို ဖွင့်လှစ်ပြီး သူ့ကို ထွက်သွားခွင့် ပေးလိုက်ပါ…”

နန်းတော်အပြင်ဘက်ရှိ တိမ်ကလန်မှ တပည့်အားလုံးသည် မင်သက်ကုန်၏။ တိမ်ကလန်သည် မဟာပဏ္ဍိတကုန်းမြေ၌ အဆင့်နိမ့်ဆုံးကလန်တစ်ခု ဖြစ်ပေသည်။ သူတို့ထံ၌ တစ်နှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေတတ်သော နိဗ္ဗာနလေဟာနယ်အဆင့်၊ တတိယအဆင့်ကျင့်ကြံသူ တစ်ယောက်ကိုသာ ပိုင်ဆိုင်ထားပေသည်။

ထိုအဘိုးအိုကမူ ကောင်းကင်ဘုံဒုက္ခအဆင့်၌သာ ရှိသေးပေ၏။ သူသည် သည်လိုမျိုး အရေးသိပ်မပါသော ကိစ္စအတွက် လောင်းကြေးမထပ်ဝံ့ပေ။

လျှိုကျင်းပြောင်၏အမူအရာက ပုံမှန်သာ ဖြစ်၏။ သူက စိတ်ထဲ၌ အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ သူ တိမ်ကလန်မှ ပျံသန်းထွက်လာတော့၏။ သူ အဝေးသို့ ရောက်သည့်အခါ တောင်တန်းများအတွင်းရှိ တောအုပ်အတွင်းပိုင်း၌ ခြေချလိုက်သည်။

လျှိုကျင်းပြောင် ခြေချလိုက်သည့်အခါမှာပင် သူ့မျက်နှာက ချက်ခြင်း ဖြူရောသွားလေ၏။ သူသည် သူ့ခန္ဓာကိုယ်ကို ဆက်၍ မထိန်းချုပ်နိုင်တော့ဘဲ တုန်ရီနေတော့၏။ သူ့ထံ၌ ကြောက်ရွှံ့မှုက တွယ်ငြိနေတုန်းပင်။

“အန္တရာယ်များလိုက်တာ။ သေစမ်း။ ဒီမဟာပဏ္ဍိတကုန်းမြေမှာ ငါ့အသက် ဆုံးရှုံးတော့မလို…”

လျှိုကျင်းပြောင်က အသက်ခပ်ပြင်းပြင်း ရှုထုတ်လိုက်မိကာ သူ့ထဲ၌ နာကျင်ကိုက်ခဲနေမိ၏။

“ငါ ဆေးလုံးတွေ အများကြီးကို ဖျက်စီးခဲ့ရတာပဲ…”  လျှိုကျင်းပြောင်က သူ လက်လွတ်စပယ် ဆေးလုံးများစွာကို ထုတ်ယူ ဖျက်စီးခဲ့သည်ကို ပြန်တွေးကာ နောင်တရမိသလို ခံစားရလေ၏။

“ငါ နည်းနည်းပဲ ထုတ်ခဲ့သင့်တာ။ ထားပါတော့။ ဒါက ပြီးသွားပြီပဲ။ ငါ ဒီနှစ်တွေကို ဖြုန်းတီးခဲ့မိပြီ။ ဟူး…ငါ ဒီဆေးလုံးတွေကို ပြန်ရအောင် လုပ်ရအုံးမယ်။ ငါ လျှိုကျင်းပြောင်ဟာ မတူကွဲပြားစွာ မွေးဖွားလာတဲ့သူပဲ။ ဒါတွေကို ပြန်ရအောင် လုပ်နိုင်မှာပါ…”  လျှိုကျင်းပြောင်က အသက်ဝဝရှိုက်သွင်းပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။

သို့ပေမည့် ထိုအခုက်တွင် ညင်သာတိုးညင်းသောအသံတစ်သံက သူ့နောက်မှ ထွက်ပေါ်လာ၏။

“မင်းက လှည့်ဖြားခြင်းတာအို ဒုတိယအဆင့်ကို ပြီးမြောက်ခဲ့ပြီပဲ…”

ထိုအသံ ပေါ်လာသည်က ရုတ်တရက် ဆန်လှ၏။ ၎င်းအသံက လျှိုကျင်းပြောင်ကို တုန်ယင်သွားစေသည်။ သို့သော် သူက ချက်ခြင်းပင် ပြန်တည်ငြိမ်အောင်လုပ်ကာ နောက်လှည့်၍ အေးစက်စက် ကြည့်လိုက်၏။ သူက သူ့ကို ကြည့်နေသော ဆံဖြူလူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

“မင်းတို့ရဲ့ တိမ်ကလန်က အသက်မရှင်ချင်တော့တဲ့ပုံပဲ…”  လျှိုကျင်းပြောင်က ဖြည်းဖြည်းချင်း ဆို၏။ သို့သော် သူ့ရှေ့ရှိ လူက သူ့ကို ဖော်ပြ၍ မရသော ခံစားမှုကို ပေးနေ၏။ သူက သူ့ကိုယ်သူ လှည့်ဖြားပြီးနောက်မှာပင် ကြောက်ရွှံ့မှု ခံစားနေရတုန်း ဖြစ်၏။

“ငါက တိမ်ကလန်က မဟုတ်ဘူး…”  ဝမ်လင်းက ပြုံး၍ လျှိုကျင်းပြောင်ကို ကြည့်ကာ ထိုင်ချလိုက်၏။ သူက လက်ဝေ့ယမ်းလိုက်ပြီး အရက်အိုးတစ်လုံးကို ထုတ်ယူကာ တငုံသောက်လိုက်သည်။

“မင်း ဘယ်နေရာကနေပဲ လာခဲ့လာခဲ့။ မင်း ငါ့ကို အမဲလိုက်ရဲရင် ငါ့ဆရာ ချက်ခြင်း ရောက်လာပြီး မင်းကို ဖျက်စီးပစ်လိမ့်မယ်…”

လျှိုကျင်းပြောင်၏ စကားသံက တုန်ယင်နေကာ သူသည် အလိုလိုပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိသွားသည်။ သူသည် လှည့်ဖြားခြင်းတာအို၏ ဒုတိယအဆင့်ကို အသုံးပြုနေသည်တောင်မှ သူ့ခန္ဓာကိုယ်က တုန်ယင်နေဆဲပင်။ သူ့အနေဖြင့် သူ့ရှေ့မှ လူကို မလှည့်ဖြားနိုင်သည့်အလား။

သူက တိမ်ကလန်တွင် ရှိခဲ့ချိန်၌ပင် ထိုသို့ မခံစားခဲ့ရပေ။ တကယ်တော့ သူ့ဘဝတွင် ခုလိုမျိုး လုံးဝ မခံစားမိခဲ့ဖူးပေ။ သူသည် တုန်ယင်နေလျက် သစ်ပင်တစ်ပင်ကို မှီကာ ဝမ်လင်းကို စိုက်ကြည့်သည်။

“ငါ့ဆရာဟာ မဟာအင်ပါယာကန်းနီရဲ့ နောက်လိုက် အင်ပါယာအတု ကူးရဲ့ပဲ။ ငါဟာ ငါ့ဆရာရဲ့ အသိအမှတ်ပြုမှုကို ရဖို့ လှည့်ဖြားခြင်းတာအိုကို ကျင့်ကြံတယ်။ ငါ…ငါ့မှာ ဆရာရဲ့ တုန်ကင်အမှတ်အသား ရှိတယ်…”

လျှိုကျင်းပြောင်က တုန်တုန်ယင်ယင်ဖြင့် သစ်သားပိုင်းကို ထုတ်လိုက်၏။ သူက ၎င်းကို ဝေ့ယမ်းရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းက လက်ဆန့်ထုတ်လိုက်ရာ ထိုသစ်သားပိုင်းက ဝမ်လင်း၏လက်ထဲသို့ ပျံသန်းဝင်လာသည်။

ဝမ်လင်းက ၎င်းကို ကြည့်ကာ ပြုံး၍ ဆိုလိုက်၏။ “ဒါက တကယ်ကောင်းတဲ့ အတုအယောင် တုန်ကင်တစ်ခုပဲ။ မင်းအနေနဲ့ ကိုယ့်ကိုကိုယ်လှည့်စားပြီး မင်းဟာ အင်ပါယာအတုကူးရဲ့ ဖြစ်တယ်လို့ အကြိမ်ကြိမ် တွေးခဲ့ပြီး ဒီသစ်သားပိုင်းပေါ်မှာ ကူးရဲ့လို့ ရေးသားခဲ့တာကို…”

“ဒီသစ်သားပိုင်းပေါ်က အော်ရာကတော့…။ဒါက အားကော်းတဲ့ သေခြင်းအော်ရာပဲ. မင်းအနေနဲ့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့တာ ဖြစ်ရမယ်။ ပြီးတော့ ဒီတုန်ကင်ကို နှစ်ပေါင်းများစွာ အဲ့ခန္ဓာကိုယ်ရဲ့ ဘေးနားမှာ မင်း ထားခဲ့တာ။ ဒါ့ကြောင့် ဒီပေါ်မှာ တုန်လှုပ်ဖွယ်သေခြင်းအော်ရာက စုဝေးနေတာပဲ…”

ဝမ်လင်း၏ စကားကို ကြားသည့်အခါ လျှိုကျင်းပြောင်၏မျက်နှာသည် ပို၍ ဖြူရောသွားတော့သည်။ ဝမ်လင်းက သူ့ကို ပြုံး၍ ကြည့်နေသည့်အခါ လျှိုကျင်းပြောင်၏စိတ်သည် တုန်ခါမြည်ဟိန်းနေတော့သည်။ လှည့်ဖြားခြင်းဒုတိယအဆင့်သည် ပျက်စီးသွားကာ သူလည်း မြေပေါ်သို့ ပြိုလဲကျသွား၏။

ထိုသို့သော အရာမျိုးက သူစိတ်ကူနိုင်သည်ထက် ပိုလွန်နေ၏။ သူသည် နှစ်ပေါင်းများစွာ လှည့်ဖြားခဲ့ပေသည်။ သို့သော်  သူ့ကို လုံးဝ ဖြတ်မြင်သော တစုံတစ်ယောက်ကို တွေ့နေရတာတော့ အခုက ပထမဆုံးပင်။ ဤသည်က အရေးမကြီးသေးပေ။ အရေးကြီးသည်က ထိုသူက သူ နားလည်ခဲ့သော လှည့်ဖြားခြင်းတာအိုဒုတိယအဆင့်ကိုပါ သိနေခြင်းပင်။

တဖက်လူ၏ အပြုံးကို ကြည့်နေလျက် လျှိုကျင်းပြောင်က အသိစိတ်လွတ်မတတ် ခံစားမိနေ၏။ သူ့စိတ်ဝိညာဉ်အတွင်းမှ နက်နဲသော အကြောက်တရားတစ်ခု ထွက်ပေါ်လာနေသည့်အလား။

ထိုခံစားချက်က ဝမ်လင်း သူ့ကို ပို၍ ကြည့်လေလေ ပို၍ ရင်းနှီးသလို ဖြစ်လာခြင်းပင်။ သူ့အနေဖြင့် ဝမ်လင်းကို အရင်တုန်းက တွေ့မြင်ခဲ့ဖူးသည့်အလား။

“သင်…သင် ဘယ်သူလဲ…”  လျှိုကျင်းပြောင်၏ ခန္ဓာကိုယ်က တုန်ယင်နေကာ သူ့မျက်လုံးထဲ၌ အတိုင်းမသိအကြောက်တရား ပြည့်နေသည်။

“သူ့ရဲ့ ချိပ်ပိတ်မှုက ပျက်စီးကျိုးပျက်မယ့် အရိပ်အယောင် ပြလာတာပဲ…” ဝမ်လင်းက အံ့အားသင့်သွား၏။ သူသည် လျှိုကျင်းပြောင်၏ မှတ်ဉာဏ်ပေါ်မှ ချိပ်ပိတ်မှုသည် လျော့နည်းလာသည်ကို တွေ့မြင်နေ၏။

“ကြည့်ရတာ သူတို့ရဲ့အရင်ဘဝက မှတ်ဉာဏ်တွေအပေါ် ချိပ်ပိတ်မှုဟာ ငါ မချိုးရဘဲ လှုံ့ဆော်မှုနဲ့တင် သူ့ဟာသူ ကျိုးပျက်နိုင်တဲ့ပုံပဲ…”  ဝမ်လင်းက ထိုသို့ စဉ်းစားလိုက်မိ၏။

All Chapters