မိုးရေအောက်တွင်
Vol. 144 Ch. 1996
“ကျုပ်ရဲ့ လှည့်ဖြားခြင်းတာအိုကို အသင်က ဘယ်လိုလုပ် သိနေတာလဲ…။ သင်က ဘယ်သူလဲ…”
လျှိုကျင်းပြောင်၏ ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူ့စိတ်ဝိညာဉ်အတွင်းမှ ကြောက်ရွှံ့မှုနှင့် အခု ကြောက်ရွှံ့မှုတို့က ထပ်သွားသလို သူ ခံစားမိသည်။ သူသည် ဟိုးလွန်ခဲ့သောအချိန်တုန်းက ဒီလိုမျိုး တွေ့ကြုံခဲ့ဖူးသည့်အလား။
“မင်း ကိုယ်တိုင် ငါ့ကို ပြောပါ…” ဝမ်လင်းက အရက်တငုံ သောက်လိုက်ပြန်သည်။
“မဖြစ်နိုင်ဘူး။ ငါ့ဆရာဟာ အင်ပါယာအတုကူးရဲ့ပဲ။ ငါ…ငါ…။ မင်း ငါ့ကို နာကျင်ထိခိုက်စေရင် မင်းလည်း သေရလိမ့်မယ်။ ဒါ့အပြင် ငါ မင်းကို လုံးဝ မလှည့်ဖြားခဲ့ဖူးဘူး။ မင်း ငါ့ရှိက ဘာလိုချင်တာလဲ…” လျှိုကျင်းပြောင်၏ အကြောက်တရားက ပိုဆိုးလာကာ သူ့စကားလုံးများပင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာလေ၏။
“မင်းက ငါနဲ့ တူညီတဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့သူ မဟုတ်ဘူးမလား…”
လျှိုကျင်းပြောင်သည် ဝမ်လင်းကို စိုက်ကြည့်နေလျက် သူ မည်သို့ တွေးနေသည်ကို မသိရပေ။
“မင်းရဲ့ နာမည်က လျှိုကျင်းပြောင်ပဲ။ ငါ့နာမည်က ဝမ်လင်း။ မင်း မှတ်မိလား…”
ဝမ်လင်းက အရက်အိုးကို ချကာ လျှိုကျင်းပြောင်ကို ကြည့်၏။
“ဝမ်လင်း…ဝမ်လင်း…သိပ် ရင်းနှီးနေတယ်…” လျှိုကျင်းပြောင်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။ မကြာမီတွင် သူသည် စတင် တုန်ယင်လာကာ သူ့မျက်နှာထက်တွင် နာကျင်မှု ပေါ်လာသည်။
“ကြည့်ရတာ ချိပ်ပိတ်မှုကို သူ ကိုယ်တိုင် မချိုးဖျက်နိုင်တဲ့ပုံပဲ။ သူ မလုပ်နိုင်ဘူး။ ကျောက်ရီလည်း မလုပ်နိုင်ခဲ့ဘူး။ ဘယ်သူကများ သူတို့ဘာသာ ဒီမှတ်ဉာဏ်ချိပ်ပိတ်မှုကို လုပ်နိုင်မလဲ ငါ သိချင်မိတယ်…”
ဝမ်လင်းက သက်ပြင်းချမိ၏။ သူက လျှိုကျင်းပြောင် ခံစားနေရတာကို ဆက်၍ မကြည့်ချင်တော့ပေ။ သူ့လက်ချောင်းကို ပင့်မြှောက်ကာ လျှိုကျင်းပြောင်၏ မျက်ခုံးကြားသို့ ညွှန်လိုက်လေ၏။
ထိုအခါ လျှိုကျင်းပြောင်၏ စိတ်ထဲ၌ မိုးကြိုးထောင်ပေါင်းများစွာ ပစ်ချခံရသကဲ့သို့ တုန်ဟည်းသွားလေ၏။
သူ့အမြင်က ဝေဝါးသွားလေသည်။
အတိတ်တုန်းက မှတ်ဉာဏ်များသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ တုန်ဟည်းသံများ ဖြစ်ပေါ်နေလျက် ဝဲကတော့တစ်ခုက ထိုမှတ်ဉာဏ်များကို ဝါးမြိုနေသည်။ ယင်းသို့ ဖြစ်နေလျက် သူက သူ၏ တခြားဘဝကို တွေ့မြင်နေရသည်။
သူက သူ ကိုယ်တိုင် ကျင့်ကြံခြင်းကို ရွေးချယ်ခဲ့ကာ လှည့်ဖြားခြင်းတာအိုကို ဖြည်းဖြည်းချင်း သိရှိလာခဲ့၏။ သူက သူ့ကို မမြင်ရလုနီးပါး ဖြစ်စေသော ရတနာတစ်ခုကိုပါ ရှာတွေ့ခဲ့သေး၏။ သို့သော်လည်း သူသည် ဝမ်လင်းဟူသော ကျင့်ကြံသူ၏ လက်ထဲတွင် ၎င်းကို ဆုံးရှုံးခဲ့ရခြင်းဖြင့် အဆုံးသပ်ခဲ့ပေသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူက ထိုဝမ်လင်းဆိုသူနောက်သို့ လိုက်ခဲ့ကာ ပြန်လည်မွေးဖွားသည့်အခါထိတိုင် ဖြစ်လေ၏။
သူက သူ့၌ မိတ်ဆွေကောင်း ရှုလီကောဟူသော တစ်ယောက်လည်း ရှိခဲ့သည်ကို မှတ်မိလာသည်။ ရှုလီကောက သူ့ကို မသက်မသာ ဖြစ်စေသော အရာအချို့ကို ပြုလုပ်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံးက ဆိုးဝါးသည့်စရိုက် ရှိကြသူများဖြစ်၍ သူတို့နှစ်ယောက်က မိတ်ဆွေဖြစ်လာခဲ့ကြတာပင်။
ယင်းနောက်တွင် လျှိုကျင်းပြောင်၏အမြင်က ဝေဝါးမနေတော့ပေ။ သူက အရက်သောက်နေသော ဝမ်လင်းကို ကြည့်ကာ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာတော့သည်။
သူသည် အခုအခါ၌ အတိတ်ဘဝကို ပြန်မှတ်မိသွားပြီ ဖြစ်သော်လည်း စိတ်ရှုပ်ထွေးမှု အငွေ့အသက် ရှိနေသေးပေသည်။
သို့သော် ထိုစိတ်ရှုပ်ထွေးမှုက ဝမ်လင်းကို တွေ့မြင်သည့်နောက် ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။
“သခင်…သခင်…” လျှိုကျင်းပြောင်၏ စိတ်ထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ သူက အရာများစွာကို လှည့်ဖြားခဲ့သော်လည်း သူ့စိတ်ထဲ၌ ခုလိုမျိုး စိတ်လှုပ်တရှားဖြစ်မှုကို လုံးဝ မခံစားခဲ့ဖူးပေ။
ဝမ်လင်းက ပျော်ရွှင်ဟန် ပြုံး၏။ သူက ရယ်ကာမောကာဖြင့် လျှိုကျင်းပြောင်ထံ သူ့လက်ထဲမှ အရက်အိုးကို လှမ်းပေးလိုက်သည်။
“အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ငါတို့ တွေ့ဆုံမှုအတွက် အရက်တမော့ သောက်လိုက်…”
လျှိုကျင်းပြောင်က သူ၏ တုန်နေသော ဘယ်လက်ဖြင့် အရက်အိုးကို လှမ်းယူကာ အားပါးတရ မော့ချလိုက်လေသည်။ ပူစပ်စပ်အရက်တို့က သူ့ဝမ်းထဲ ဝင်ရောက်သွားပြီး သူ့ကို နွေးသွားစေသည်။
“လျှိုကျင်းပြောင်က လက်ထဲရှိ အရက်အိုးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အစတုန်းက အကျွန့်ရဲ့ လှည့်ဖြားခြင်းတာအိုဟာ ဒုတိယအဆင့်အထိတ်အထိပ်ကို ရောက်ပြီလို့ ထင်ထားခဲ့မိတယ်။ အကျွန်ဟာ ကိုယ့်ကိုယ်ကိုတောင် အရာအားလုံးကို ယုံကြည်ပစ်ဖို့ ချက်ခြင်း လှည့်ဖြားနိုင်ခဲ့တယ်…”
“ဒါပေမဲ့ အိပ်မက်မဟုတ်တဲ့ ပြန်လည်မွေးဖွားခြင်းက အကျွန့်ကို လှည့်ဖြားခြင်းဒုတိယအဆင့်ရဲ့ တကယ့်အစစ်အမှန် အထွတ်အထိပ်ဆိုတာကို နားလည်စေခဲ့တာပဲ။ ဒါကိုသာ အရင်တုန်းက သိခဲ့ရင် ပြန်လည်မမွေးဖွားခင်မှာ အကျွန်ဟာ ကိုယ့်ကိုကိုယ် လူကောင်းတစ်ယောက်အဖြစ် လှည့်ဖြားခဲ့ပြီး ပြန်လည်မွေးဖွားလာတဲ့နောက်မှာတောင် အကျွန်ဟာ လူကောင်းတစ်ယောက် ဖြစ်နေလိမ့်မှာပဲ…”
လျှိုကျင်းပြောင်က ဝမ်လင်းကို ကြည့်ကာ ခေါင်းယမ်းလိုက်၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်တရှားဖြစ်မှုသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ သူက ဝမ်လင်းကို ဦးညွှတ်လိုက်လေ၏။
“ငါ့ကို ဘာကြောင့် ဦးညွှတ်နေတာလဲ…” ဝမ်လင်းက ပြုံး၍ လျှိုကျင်းပြောင်ကို ကြည့်လိုက်သည်။
“သခင်ဟာ ငါ့ကို ပြန်လည်မွေးဖွားခြင်းလက်ဆောင် ပေးခဲ့တာပါ။ ဒါ့ကြောင့် ငါ့အနေနဲ့ သခင့်ကို ဦးညွှတ်ရမှာပဲ…”
“သခင်ဟာ ပြန်လည်မွေးဖွားခြင်းကို ဖြတ်သန်းပြီး စစ်မှန်တဲ့ လှည့်ဖြားခြင်းတာအိုကို ငါ့ကို နားလည်စေခဲ့တယ်။ ဒါ့ကြောင့် ငါ သခင့်ကို ဦးညွှတ်ရမှာပဲ…”
“ငါက မင်းရဲ့ သခင် မဟုတ်တော့ဘူး။ ပြန်လည်မမွေးခင်တုန်းက မင်းကို လွတ်လပ်ခွင့် ပေးခဲ့ပြီ။ ခု ပြန်လည်မွေးဖွားပြီးတဲ့နောက်မှာလည်း မင်းဟာ လွတ်လပ်သွားပြီ…”
ဝမ်လင်းက ခေါင်းယမ်းကာ ပြော၏။
“ဒီ…ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေက အန္တရာယ်များလွန်းပါတယ်။ သခင့် နောက်ကိုပဲ လိုက်တာက ပိုကောင်းပါတယ်…” လျှိုကျင်းပြောင်က ခါးသီးဟန် ပြုံးသည်။
ဝမ်လင်းက ရယ်မောကာ လျှိုကျင်းပြောင်ကို ကြည့်၏။ သူ၏ ရယ်သံက ပို၍ ရွှင်မြူးလာသည်။
“ရှိစေတော့။ ငါ့ နောက်ကို လိုက်ခဲ့ပါ။ ငါ မင်းကို ကာကွယ်ပေးရမှာပေါ့…”
ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ရာ လေပြေတစ်ခုက သူနှင့်လျှိုကျင်းပြောင်တို့ကို ကောင်းကင်ထက်သို့ ခေါ်ဆောင်သွားတော့သည်။
“ငါ တန်လင်းကလန်ကို သွားမလို့၊ ငါနဲ့ လိုက်ခဲ့ချေ။ မင်းရဲ့ မှတ်ဉာဏ်တွေက ခု ပြန်ကောင်းမွန်နေပြီဆိုတော့ မင်းအနေနဲ့ အရင်ဘဝက ကျင့်ကြံခြင်းကို မြန်မြန် ပြန်ရောက်ရှိလာလိမ့်မယ်…”
လျှိုကျင်းပြောင်က ချီတုံချတုံဟန်ဖြင့် ခပ်တိုးတိုး ပြောလာ၏။ “သခင်...ဒီဘဝ မှတ်ဉာဏ်ထဲမှာ ငါ ရှုလီကောဆိုတဲ့ တစ်ယောက်ကို တွေ့ခဲ့တယ်…”
ဝမ်လင်းက ရုတ်တရက်ရပ်ကာ လျှိုကျင်းပြောင်ကို ကြည့်လိုက်၏။
“မင်း သူနဲ့ ဘယ်နေရာမှာ ဆုံခဲ့တာလဲ…”
“အရှေ့ပိုင်းကုန်းမြေရဲ့ ကောင်းကင်ရေကုန်းမြေမှာ အကျွန်ဟာ ရှုလီကောလို့ ခေါ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တောင်ပေါ်ဓားပြတစ်ယောက်ကို တွေ့မြင်ခဲ့ဖူးပါတယ်။ အတိတ်တုန်းက အဲ့ဧရိယာမှာ အကျွန်ဟာ ကျော်ကြားခဲ့တယ်။ အယ်…မကျော်ကြားခဲ့ဘူး။ မကျော်ကြားခဲ့ဘူး…”
“သူက အဲ့တောင်ပေါ်ဆီ အကျွန့်ကို ဖိတ်ခေါ်ခဲ့ပြီး လမ်းညွှန်မှုအချို့ ပေးခိုင်းခဲ့တာပဲ။ အကျွန်လည်း သူ့ကို ကြုံရာကျပန်း လမ်းညွှန်မှုအချို့ ပေးခဲ့ပြီး ဗဟိုကုန်းမြေရှိ သွားခိုင်းခဲ့ပါတယ်…”
လျှိုကျင်းပြောင်က ထိုသို့ ပြောနေရင်း သူသည် အရှက်ရဟန် ပေါ်လာသည်။
လျှိုကျင်းပြောင်က ထပ်ပြောလာ၏။ “ဒါက လွန်ခဲ့တဲ့နှစ်ရာချီလောက်ကပါ…”
ဝမ်လင်းသည် ခဏတဖြုတ် စဉ်းစားသွား၏။ သူ့ကို အကြိမ်ကြိမ် ကလက်တက်တက် လုပ်ခဲ့သော ရှုလီကော၏ပုံရိပ်က ဝမ်လင်းစိတ်ထဲတွင် ပြန်ပေါ်လာသည်။ ဝမ်လင်း၏ မျက်နှာထောင့်၌ အပြုံးတစ်ခု ဖြည်းဖြည်းချင်း ပေါ်လာ၏။
“ရှုလီကောရဲ့ အကျင့်စရိုက်နဲ့ဆို သူက သိပ်ပြီး ဒုက္ခခံရလိမ့်မှာ မဟုတ်ဘူး။ ငါ နောက်ကျရင် ဗဟိုကုန်းမြေရှိ သွားရမှာပဲ။ ငါတို့ သူ့ကို ထပ်တွေ့ရနိုင်လောက်တယ်…”
“ငါသာ သူနဲ့ ထပ်တွေ့ခဲ့ရင် သူ ငါ့ကို တွေ့တဲ့အခါ ဘယ်လိုအမူအရာ ဖြစ်နေမလဲ ငါ သိချင်မိတယ်…” ဝမ်လင်း၏အပြုံးက ပို၍ ပီပြင်လာ၏။
လျှိုကျင်းပြောင်က ဘေးတစ်ဖက်တွင် ရှိနေပြီး ပြန်လည်မွေးဖွားပြီးနောက် သူ့သခင်နောက်သို့ အရင်ဆုံး လိုက်သူမှာ သူ ဖြစ်နေမည်လားဟု ကြိတ်၍ တွေးနေ၏။ ထိုအခါကျလျှင် ဒီရှုလီကောက နံပါတ်နှစ် ဖြစ်ပေလိမ့်မည်။ ထိုအခါကျလျှင် ရှုလီကော၏မှတ်ဉာဏ်များ ပြန်မရလာခင် သူက အခွင့်ကောင်းယူကာ အတိတ်တုန်းက လှိုဏ်ဂူလောကတွင် သူ့ကို ရှုလီကော ကသိကအောက် ဖြစ်အောင်လုပ်ခဲ့သည့်အပေါ် ပြန်ပေးဆပ်ခိုင်းမည်ဟု တွေးနေ၏။
လျှိုကျင်းပြောင်က ထိုသို့ တွေးကာ စိတ်လှုပ်ရှားလာ၏။
လျှိုကျင်းပြောင်နှင့် စစ်ထူနန်တို့က တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးကြပေ။ သူ့မှတ်ဉာဏ်အတွင်းပိုင်း၌ သူက ဘုရင်ဖြစ်ချင်သော လူတစ်ယောက်ကို လှည့်ဖြားခဲ့ဖူးပေ၏။ သို့သော် သူက ၎င်းကို မေ့နေတာ ကြာပြီ ဖြစ်သည်။
လျှိုကျင်းပြောင်နှင့်အတူ ဝမ်လင်းက တန်လင်းကလန်ထံ ဦးတည်လာတော့၏။
တန်လင်းကလန်၊ မဟာပဏ္ဍိတကုန်းမြေရှိ နံပါတ်တစ်ကလန်၊ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခု၏ နံပါတ်တစ်။ ၎င်းကလန်မှာ အမြဲတမ်း ထူးခြားဆန်းကြယ်ပေ၏။ အပြင်လူများသည် ထိုကလန် မည်မျှ ပုန်းကွယ်နေသည်ကို သိနိုင်ခဲသည်။
ဝမ်လင်းသည် အရင်တုန်းက လှိုဏ်ဂူလောက၌ တန်လင်းကလန်သို့ ရောက်ခဲ့ဖူး၏။ သည်အခိုက်တွင် သူသည် တန်လင်းကလန်နှင့် နီးလာခဲ့လေပြီ။ သူ့အောက်ရှိ မြေပြင်ထက်သို့ ကြည့်နေရင်း တန်လင်းကလန်၏ တောင်တန်းများက ရင်းနှီးသလို ရှိလာသည်။
တန်လင်းကလန်၏ တည်နေရာက သာမန်ဆန်ကာ အကာအကွယ်အစီအရင်ကလည်း ဝမ်လင်းကို မတားဆီးနိုင်ချေ။
ဝမ်လင်းက လျှိုကျင်းပြောင်နှင့်အတူ တန်လင်းကလန်ထံ ဝင်ရောက်လာ၏။ သူက ချက်ခြင်း တန်လင်းကလန်ထံသို့ မသွားပေ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ စုတောက် နေထိုင်ခဲ့သော နေရာသို့ ဦးတည်သည်။
တောင်တန်းငယ်တစ်ခု၏ အောက်တွင် ဝမ်လင်းက မြစ်ရေစီးသံကို ကြားရကာ ကြည်လင်နေသော မြစ်တစ်စင်းကို မြင်၏။ ထိုမြစ်အတွင်း၌ ငါးများစွာ ရှိနေပြီး ရေဆော့ကစားနေသော ကလေးတစ်ယောက်လည်း ရှိလို့နေသည်။
ဝမ်လင်းက တောင်ပေါ်သို့ လှမ်းတက်လာခဲ့သည်။ လျှိုကျင်းပြောင်က နောက်မှ လိုက်လာ၏။ ကျင့်ကြံသူများကို ဖြတ်သွားဖြတ်လာ ရှိကြသော်လည်း သူတို့က ဝမ်လင်းတို့နှစ်ယောက်ကို သတိမပြုမိကြပေ။
ဝမ်လင်း တောင်ထိပ်သို့ ရောက်လာသည့်အခါ တိမ်စိုင်တိမ်နက်တို့ ကောင်းကင်ထက်တွင် ပေါ်လာကာ မိုးများ စတင် ရွာသွန်းလာသည်။ မိုးရေစက်တို့က ရှေ့ရှိ ဘုံကျောင်းခေါင်းမိုးပေါ်မှ စီးသွန်းကျလာသည်။
ထိုမိုးတို့က အစိမ်းရောင်ဘုံကျောင်းအုတ်ပြားအမိုးထက်၌ ဂယက်ထကာ ရေစက်များ လွင့်ကြဲကျသည်။ ရေခိုးရေငွေ့တို့က မြင့်တက်လာပုံ ရသော်လည်း လေထဲမရောက်ခင်ပင် လွင့်ပျောက်သွားကြသည်။
ထိုမြင်ကွင်းသည် အတိတ်တုန်းက ပုံရိပ်ယောင်မြင်ကွင်းနှင့် အတော်ဆင်တူသည်။ ဝမ်လင်းသည် အမျိုးအမည်မသိ ခံစားနေမိ၏။
ဝမ်လင်းသည် မိုးရေစက်တို့အောက်တွင် ရပ်နေလျက် သူက မျက်လုံးမှိတ်ကာ မလှုပ်မယှက် ရှိနေလေသည်။