သခင်လေး တင်း
Vol. 5 Ch. 69
အနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားသည့် ရှန့်ကွမ်းရှိုးသည် ထျန်းဟယ်ဖန်းမြို့ ရှိလမ်းပေါ်တွင် လျှောက်သွားစဉ် မျက်မှောင် ကြုတ်လိုက်သည်။ စဦးချီဖွဲ့စည်းခြင်းအဆင့် (၇) ရှိ အနက်ရောင် ဝတ်ရုံကိုပင် ဝတ်ထားသော လူနှစ်ယောက်က သူ့အနောက်မှ လိုက်လာနေကြသည်။ သူတို့မျက်နှာကိုကြည့်ခြင်းအားဖြင့် သူတို့က ရှန့်ကွမ်းရှိုး ကို အတော်လေးစားနေကြောင်း သိနိုင်သည်။
ရှန်းကွမ်းရှိုးနှင့် အတူတူ မြို့ကိုစစ်ဆေးနေစဉ် သူတို့က မန်ဟိုဝင်သွားသည့်ဆိုင်ကို ကျော်သွားကြသည်။
မန်ဟို့ အမူအရာကား ပြောင်းလဲမသွားပေ။ ထိုသို့မဟုတ်လျှင်တောင် သူ့ဝါးခမောက်ကြောင့် သူ့မျက်နှာကို မြင်နိုင်ကြမည် မဟုတ်ပေ။ သူဝင်လာသည့် နေရာကို ဝေ့ဝိုက်ကြည့်လိုက်သည်။
ဤဆိုင်က ဆေးဆိုင်ဖြစ်ပြီး တစ်ထပ်ပဲရှိကာ အရမ်းကြီး မကြီးမားပေ။ ဆေးပုလင်းများနှင့် ပြည့်နေသော တန်းများက နေရာသေးသေးလေးတွင် အပြည့်ဖြစ်နေသည်။ ဆေးပုလင်းများက အလွတ်များဖြစ်သော်လည်း ဆေးပုလင်းတစ်ခုဆီတိုင်း တွင် နာမည်များနှင့် ဈေးများရေးထားလေသည်။
ထောင့်တစ်ထောင့်တွင်တော့ လူငယ်လေးတစ်ယောက်က တင်ပလင်ခွေကာ ထိုင်နေသည်။ ထိုကောင်လေးမှ လွဲလျှင် မန်ဟိုကား ဆိုင်ထဲတွင်ရှိနေသော တစ်ဦးတည်းသော လူဖြစ်သည်။
မန်ကိုက လျှောက်သွားလိုက်ရင်း ဆေးနာမည်များကို လိုက်ကြည့်နေမိသည်။ နောက်ဆုံးတွင်တော့ “မြေကြီးဝိညာဉ်ဆေးလုံး” ဟုရေးထားသော ဆေးပုလင်းလေးက မန်ဟို့အာရုံကိုဖမ်းစားသွားသည်။
“ဒါဆို ဒါက ဝိညာဉ်ကျောက်တုံး ၃၀၀ တန်တာပေါ့…” မန်ဟို မျက်မှောင်ကြုတ်လိုက်သည်။ ကြေးနီကြေးမုံက မြေကြီးဝိညာဉ်ဆေးလုံး နှစ်ခုပွားနိုင်ဖို့ ဝိညာဉ်ကျောက်တုံး ၂၀၀ လိုအပ်တယ်။ ဈေးနှုန်းနှစ်ခုက အနည်းငယ်ကွားခြား သော်လည်း အများကြီးတော့ မကွာလှပေ။
မန်ဟိုတစ်ယောက်တည်း ရေရွတ်နေသည်ကိုတွေ့ရသည်တွင် ထောင့်တွင် တင်ပလင်ခွေထိုင်နေသော လူငယ်က မျက်လုံးများ ဖွင့်လိုက်ကာ အေးဆေးစွာဖြင့် “ မြေကြီးဝိညာဉ်ဆေးလုံးတွေက တောင်ပိုင်းဒေသက လာတာ။ ကျွန်တော်တို့မှာလည်း အများ ကြီးမရှိဘူး။ ငါးလုံးပဲရှိတာ”
မန်ဟိုကခေါင်းညိတ်လိုက်သည်။ အနည်းငယ်လျှောက်ပတ်ကြည့်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်ပြီးမှ ရုတ်တရက် ရပ်လိုက် ကာ “ မင်းမှာ ချီအခြေတည်အဆင့် ဆေးလုံးရှိလား”
ထိုအမေးကို ကြားလိုက်သည့်အခါ လူငယ်က သံသယအနည်းငယ်ရှိနေသော်လည်း ပြုံးလိုက်ပြီး “ တာအိုရောင်းရင်းက ထျန်းဟယ်ဖန်းမြို့ကို အခုမှ ပထမဆုံးအကြိမ်ရောက်ဖူးတာဖြစ်ရမယ်။ ချီအခြေတည်အဆင့်ဆေးလုံးက ဝိညာဉ်ကျောက်တုံး ၁၀၀၀ လောက် အနည်းလေးကုန်မှာ။ သူတို့က အရမ်းအဖိုးတန်တဲ့။ ကံမကောင်းစွာပဲ ကျွန်တော့်မှာ မရှိပါဘူး။ ကျွန်တော့် တစ်ဘဝလုံးမှာ တစ်ကြိမ်ပဲ မြင်ဖူးသေးတယ်။ အစ်ကို ဝယ်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ ထျန်းဟယ်ဖန်းဆိုင် ကိုသွားသင့်တယ်။
“ဒီလောက်တောင် ဈေးကြီးတယ်” မန်ဟိုက အံ့အားသင့်စွာပြောလိုက်သည်။ သူ့စကားသံကို ကြားလိုက်ရသည့်အခါ လူငယ်လေးတွင် ဖြစ်ပေါ်နေသော သံသယများက ပျောက်ကွယ်သွားသည်။ မန်ဟိုကား ဒီအတိုင်းမေးလိုက်ခြင်းသာ ဖြစ်ပြီး တကယ်ဝယ်နိုင်မည် မဟုတ်မှန်း သူပြောနိုင်လေသည်။
မယုံနိုင်သော မြင့်မားသော ချီအခြေတည်အဆင့် ဆေးလုံးဈေးနှင့် ပက်သက်၍ မန်ဟိုသူ့ဖာသာရေရွတ်လိုက်သည့် မနာလို အားကျ သံကိုကြားလိုက်ရသည့်အခါ လူငယ်က သူ့မျက်လုံးများကို ပြန်ပိတ်လိုက် တော့သည်။
မန်ဟိုဆိုင်မှထွက်သွားပြီး ထျန်းဟယ်ဖန်းမြို့၏ လမ်းများတွင် လျှောက်သွားနေခဲ့သည်။ အချိန်အနည်းငယ်ကြာပြိးသည်တွင် တော့ သူ အကြောင်းပြချက် နှစ်ခုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ပထမ တစ်ချက်က သူ့ ဆေးလုံးများနှင့် မှော်ပစ္စည်း များကို လွယ်လွယ်ကူကူရောင်းချနိုင်မည့် ဟန်မရှိပေ။ ဒုတိယ တစ်ချက်ကတော့ ရှန့်ကွမ်းရှိုးဖြစ်သည်။
“သူက အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး သူ့ကိုလည်း ဝတ်ရုံနက် ကျင့်ကြံသူ နှစ်ယောက်က အဖော်ပြုပေးနေ သေးတယ်။ ဒီ ဝတ်ရုံက မြို့စောင့်တွေ ဝတ်တဲ့ ဝတ်စုံနဲ့ တူတူပဲ။ မှီခိုရာဂိုဏ်းကနေ ထွက်သွားပြီးတဲ့အခါ သူ တစ်ခြားဂိုဏ်း ကို မဝင်ဘဲ ဒီမြို့ကို ရောက်လာပုံရတယ်” မန်ဟို ခေါင်းငုံ့လိုက်သည်။ ထွက်သွားရမည့်အစား သူ တစ်ဆိုင်ပြီးတစ်ဆိုင် လျှောက်ကြည့်နေခဲ့သည်။ ထိုသို့ လုပ်နေရင်း သူ့မျက်မှောင်ကား တဖြည်းဖြည်းပိုကြုတ်လာခဲ့သည်။
စဦးချီဖွဲ့စည်းခြင်းအဆင့်တိုင်းအတွက် လိုအပ်တဲ့ဆေးလုံးတွေကို ဒီမှာရပုံ ရသည်။ သို့သော်လည်း တစ်ဖက်တွင် ဆေးလုံးများစွာရနိုင်ပြီး တစ်ဖက်တွင်တော့ ဈေးနှုန်းများက သူပွားရမည့်အခါ ပေးရမည့် ဈေးနှင့် သိပ်မကွာလှပေ။ တစ်နည်း ပြောရလျှင် ထိုသို့လုပ်ခြင်းဖြင့် သူအကျိုးအမြတ်များများ မရနိုင်ပေ။
“ဆေးလုံးတွေကိုမေ့လိုက်ပြီး မှော်ပစ္စည်းတွေကိုပဲ လိုက်ကြည့်တော့မယ်” မန်ဟိုလှည့်လိုက်ပြီး တစ်ခြားလမ်းဘက်သို့ ဦးတည် လိုက်သည်။ ကျင့်ကြံဆင့်အမျိုးမျိုးရှိသည့် ကျင့်ကြံသူများ သွားလိုက် လာလိုက်လုပ်နေကြသည်။ အများစုက စဦးချီဖွဲ့စည်းခြင်းအဆင့် (၅) နှင့် (၆) လောက်ဟု ထင်ရသည်။ သူ့လို စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) ရှိသူ သုံးဦးနှင့်သူ မန်ဟို ဆုံမိသေးသည်။ သူတို့မျက်နှာများမှာလည်း သူတို့ကို မမြင်နိုင်အောင် ကာထားလေသည်။
ဤနေရာတွင် ရတနာခန်းမများ အမြောက်အများရှိသည်။ မန်ဟို တစ်ဆိုင်ခြင်း သေချာလိုက်ကြည့်ခဲ့သည်။ မကြာမီ ညနေပင် ရောက်လာခဲ့လေသည်။ မန်ဟို သက်ပြင်းချလိုက်သည်။ အဆင့်နိမ့် မှော်ပစ္စည်းများကပင် ဈေးကောင်းရနေသော်လည်း သူ လိုချင်သည့် ဝိညာဉ်ကျောက်တုံး ထောင်ချီကား မရနိုင်ပေ။ ထိုပမာဏ ရနိုင်ရန် ဓါးပျံ တစ်ထောင်လောက် ရောင်းရပေလိမ့် မည်။ သို့သော်လည်း ထိုအရာက မလိုလားအပ်သည့် အာရုံစိုက်မှုကို ခံရနိုင်သည့်အတွက် မန်ဟို ထိုသို့မလုပ်နိုင်ပေ။
သူ့တွင်ရှိသည့် တစ်ခြား မှော်ပစ္စည်းများက ဈေးနှုန်းအမျိုးမျိုးရှိကြသော်လည်း ဘယ်တစ်ခုကမျှ ဝိညာဉ်ကျောက်တုံး အများကြီးမရနိုင်ပေ။ အကယ်၍ သူမှော်ပစ္စည်းအားလုံးရောင်းလိုက်လျှင်လည်း အများ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။
သူလုပ်ချင်သည့်အရာက အားလုံးကို တစ်ခါတည်း ပေးလိုက်ပြီး ချက်ခြင်းထွက်သွားချင်တာပဲ ဖြစ်သည်။
မန်ဟို တည်းခိုခန်းရှိ အခန်းတစ်ခန်းထဲတွင် တင်ပလင်ခွေထိုင်နေရင်း “ အကယ်၍ ချီအခြေတည်အဆင့် ဆေးလုံးကို ရောင်းချင်တယ်ဆိုရင် ငါသေချာဂရုစိုက်မှ ရမယ်။ လက်လွတ်စပယ်လုပ်လိုက်လို့ မဖြစ်ဘူး”ဟု သူ့ကိုယ်သူ ပြောလိုက်သည်။
ထျန်းဟယ်ဖန်းမြို့က အရမ်းကြီးမကြီးလှပေ။ ဒုတိယမြောက်ညနေခင်းတွင်တော့ သူတစ်မြို့လုံးကို နှံ့စပ်သွားလေပြီ။ နောက်ဆုံးတွင်တော့ ကြီးကျယ်ခမ်းနားစွာတန်ဆာဆင်ထားသည့် အဆောက်အဦးတစ်ခုရှေ့သို့ သူရောက်ရှိနေသည်။ သူ့ကိုယ်သူ ရေရွတ်လိုက်ရင်း ထိုအဆောက်အဦးထဲသို့ ဝင်လိုက်သည်။
တံခါးမကြီးတွင်တော့ “ထျန်းဟယ်ဖန်းဆိုင်” ဟု ရေးထွင်းထားလေသည်။
အဆောက်အဦးကား သုံးထပ်ရှိသည်။ မန်ဟိုက ပထမထပ်တွင် လှည့်ပတ်ကြည့်နိုင်သော်လည်း ဒုတိယထပ်သို့ တက်မည့်အခါ တားဆီးခံလိုက်ရသည်။ ဒုတိယထပ်သို့ တက်နိုင်ရန်အတွက် အထောက်အထားအနေဖြင့် ဝိညာဉ်ကျောက်တုံး များစွာ ပြရန်လိုအပ်ပေသည်။
မန်ဟိုက အတင်းမလုပ်ခဲ့ပေ။ သူနောက်သို့ ပြန်လှည့်လိုက်ပြီး သာမန် ဝယ်သူ တစ်ယောက်ကဲ့သို့ပင် တစ်ခြားပစ္စည်းများကိုသာ ဆက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူထွက်သွားခဲ့သည်။
တည်းခိုခန်းထဲတွင် တင်ပလင်ခွေထိုင်နေရင်း မျက်မှောင်ကြုတ်ထားလျက် “ စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) သုံးယောက်နဲ့ အဆင့်(၉) တစ်ယောက် စောင့်နေတဲ့ တံခါးတစ်ပေါက်ပဲရှိတယ်။ ငါဘယ်လိုမှ ဒုတိယထပ်ကို မတက်နိုင်သလို လှေကားနေ လည်း လှမ်းမမြင်နိုင်ဘူး။ ပထမထပ်မှာရောင်းတာတွေက သာမန်ပစ္စည်းတွေပဲ။ ဘာဝိညာဉ်စွမ်းအားမှ ပါမနေဘူး။ ဒုတိယထပ် မှာ ဘာတွေရှိလဲဆိုတော ငါသိရမှ ဖြစ်မယ်။ အပြင်ဘက် ပြတင်းပေါက်က နေတောင် အဲ့ဒီက များပြားလှတဲ့ ဝိညာဉ်စွမ်းအား တွေကို ခံစားနိုင်တယ်။ ဒါပေမဲ့ ပြင်တင်းပေါက်တွေကလည်း အသေပိတ်ထားတယ်” အတန်ကြာသွားပြီးသည်တွင်တော့ သူ ကြေးနီကြေးမုံကို ထုတ်လိုက်သည်။
သူ့သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ရှိသည်။ သူအံကြိတ်လိုက်ပြီး ချီအခြေတည် အဆင့် ဆေးလုံးကို မှန်ပေါ်တင်လိုက်သည်။ ဆေးလုံးက ချက်ခြင်းပဲ ကြေးမုံမှန်ထဲ နစ်မြုပ်သွားပြီး မန်ဟို ဝိညာဉ်ကျောက်တုံးများကို ကြေးမုံထဲသို့ စတင်ထည့်လိုက်သည်။
သူ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ထည့်အပြီးတွင်တော့ တောက်ပသော အလင်းရောင်ထွက်လာပြီး ဒုတိယမြောက် ချီအခြေတည် အဆင့်ဆေးလုံး ထွက်ပေါ်လာခဲ့သည်။ မွှေးပျံ့သော ဆေးနံ့စတင်ထွက်လာသည်နှင့် မန်ဟိုက အသင့်ပြင်ထား သည့် သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ကာ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်သည်။
သူ့လက်မြန်မှုကြောင့် မွှေးရနံ့တစ်စုံတစ်ရာ ထွက်မလာခဲ့ဘဲ ဘယ်သူမှလည်း သတိမထားမိလိုက်ကြပေ။
သူအိပ်ရာပေါ်တွင် တင်ပလင်ခွေထိုင်နေလိုက်ပြီး အတွေးများနှင့် ပြည့်နေမိသည်။ အတန်ကြာပြီးသည်တွင်တော့ သူ့သိုလှောင် အိတ်ကို ပုတ်လိုက်သည့်အခါ အဖြူရောင် ဝတ်ရုံတစ်ထည် ထွက်လာခဲ့သည်။ ထိုဝတ်ရုံက တင်းရှင့်၏ သိုလှောင်အိတ်ထဲမှ ရသော ဝတ်ရုံဖြစ်သည်။ ထိုဝတ်ရုံကို ဝတ်ဆင်လိုက်ပြီး တင်းရှင့်၏ ကျောက်စိမ်းပြားကို သူ့လည်ပင်းတွင် ဝတ်ဆင်လိုက်သည်။ သူ မတ်တပ်ရပ်လိုက်ပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေကာ စောစောကထက်ပင် ပို၍ တွေးနေပုံရသည်။
နှစ်ရက်ကြာပြီးနောက် အရုဏ်တက်ချိန်တွင် မန်ဟိုက ဝါးခမောက်ကို ဆောင်းကာ အဖြူရောင် ဝတ်စုံကို ခြုံလွှမ်းသည့် အပြင် ခြုံထည်ကို ဝတ်ဆင်လိုက်သည်။ ခေါင်းကိုငုံကာ တည်းခိုခန်းထဲမှ ထွက်သွားလိုက်သည်။
သူ ထျန်းဟယ်ဖန်းဆိုင်သို့ တိုက်ရိုက်ပင် သွားလိုက်သည်။ စဦးချီဖွဲ့စည်းခြင်းအဆင့် (၉)တွင်ရှိသော ကျင့်ကြံသူက အေးစက်သည့် မျက်နှာပေးဖြင့် တင်ပလင်ခွေကာ ထိုင်နေသည်။ မန်ဟိုက သူ့ကို ဖြတ်ကာ လှေကားဆီသို့ ဦးတည်လျှောက် သွားလိုက်သည်။
သူချဉ်းကပ်လာသည်နှင့် စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) ကျင့်ကြံသူက သူ့ကို စိုက်ကြည့်နေသည်။
ဒုတိယထပ်ကို တက်ဖို့ အနည်းဆုံး ဝိညာဉ်ကျောက်တုံး တစ်သောင်းပြဖို့ လိုအပ်ပါတယ်” ဟု သူကပြောလိုက်သည်။
“ထွက်သွားစမ်” မန်ဟိုက သူ့ဝါးခမောက်ကို မလိုက်ကာ ထိုသူကို ခြိမ်းခြောက်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။ သူ့အသံတွင် မောက်မာမှုများ ပါအောင် ပြောလိုက်သည်။ “ ကျိုးပြည်ရဲ့ မထင်မရှားသေးငယ်တဲ့ မြို့လေးမှာရောက်နေတယ်ဆိုပြီး မင်းက ငါ တင်းရှင့်ရဲ့ လမ်းကို တားရဲတာလား” ကျင့်ကြံသူအားလုံးက သူ့ကို ကြည့်လိုက်ကြသည်။
စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) ကျင့်ကြံသူက သူ့ကို အံ့အားသင့်စွာကြည့်လိုက်သည်။ ဒီနှစ်များအတွင်း သူ့ကို မည်သူကမျှ ထိုလေသံဖြင့် မပြောရဲခဲ့ဖူးပေ။ သို့သော်လည်း မန်ဟို့စကားလုံးများမှ ခြိမ်းခြောက်သည့်ဟန်နှင့် မောက်မာမှုကို တွေ့ရသည့်အခါ အနည်းငယ်တွေဝေသွားပြီး မည်သို့ တုန့်ပြန်ရမည်ကို သေချာမသိဖြစ်နေသည်။
“သခင်လေး တင်း ကျေးဇူးပြုပြီးတက်လာပါ”ဟု အပေါ်ထပ်မှ အမျိုးသမီးတစ်ဦး၏ သာယာနာပျော်ဖွယ် ဖိတ်ခေါ်သံ ထွက်လာခဲ့သည်။
စဦးချီဖွဲ့စည်းခြင်းအဆင့် (၈) ကျင့်ကြံသူက မန်ဟိုကို သွားခွင့်ပြုလိုက်သည်။ ဟွန့်ကနဲ တစ်ချက်ပြုလိုက်ရင်း မန်ဟိုက လှေကား ပေါ်သို့တက်သွားလိုက်သည်။ သူထောင့်ဘက်လှည့်လိုက်သည်နှင့် သူ့မျက်လုံးများက ဒုတိယထပ် တစ်ထပ်လုံးကို စစ်ဆေးလိုက်သည်။
သာယာနာပျော်ဖွယ်ကောင်းသော အသံပိုင်ရှင်မှာ ဂါဝန်အပါးဝတ်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက မန်ဟိုကို ပြုံးပြလိုက်သည်။
ဒုတိယထပ်ကို ခမ်းနားစွာ အလှဆင်ထားပြီး ပထမထပ်ထက်ပို၍ ခမ်းနားနေသည်။ ရတနာပစ္စည်းတင်ထားသည့် မည်သည့်စင်မှ ရှိမနေသော်လည်း လူသုံးယောက်ဖက်စာ ရှိသည့် အမွှေးတိုင်ကြီးက အခန်းအလယ်တွင် ရှိနေသည်။ နံ့သာ အမွှေးနံ့များက ထိုနေရာမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
ပတ်၀န်းကျင်က ဇိမ်ခံပစ္စည်းများဖြစ်သော်လည်း သန့်စင်နေသည်။ အခန်းထဲတွင် စားပွဲအချို့ကိုတွေ့နိုင်ပြီး အလှဆင် ကျောက်များကိုလည်း ပြသထားသည်။ ဤနေရာက ကြည့်ရှုူသူ၏ မျက်စိကို ပသာဒဖြစ်စေသော နေရာဖြစ်သည်။ ဖြစ်သော်လည်းသန့်စင်ပြီးဖြစ်သည်။
မန်ဟိုအရှေ့တွင်ရပ်နေသော အမျိုးသမီးမှာ အသက် (၃၀) ခန့်ရှိနေပြီထင်ရသည်။ သူမ၏ ဟန်မူရာမှာ ကြော့ကြော့မော့မော့လေးဖြစ်နေပြီး စကားတစ်ခွန်းမှ မပြောပေ။ သူမက ရိုးရိုးလေးသာ ပြုံးပြခဲ့ပြီး အလွန်နွေးထွေး စာနာသည့်ဟန်ပေါ်နေသည်။
“သခင်လေး တင်း” သူမက သူ့ကို သာမန်ကြည့်လိုက်ကာ “ကျေးဇူးပြုပြီး ထိုင်ပါ။ ကျွန်မက ဒုတိယထပ်ရဲ့လက်ထောက်ပါ။ သခင်လေးကို ကူညီပေးနိုင်တာများရှိရင် တွေဝေခြင်း မရှိဘဲ ပြောနိုင်ပါတယ်” သူမက မန်ဟို့ဘေးနားတွင် ထိုင်လိုက်သည်။ မန်ဟို့ အပြင်ဝတ်ရုံအောက်က အဖြူရောင် ဝတ်ရုံကိုမြင်လိုက်သည့်အခါ အံ့အားသင့်သွားသည့်ဟန်က သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာပဲ ပျောက်ကွယ်သွားသည်။
“ဒီမှာ ချီအခြေတည်အဆင့် ဆေးလုံးတွေရှိလား” သူကထိုင်လိုက်ရင်း တည့်တည့်ပင်မေးလိုက်သည်။ သူမကို ကြည့်နေသည့် သူ့အမူအရာမှာ လေးနက်နေသည်။
သူထိုင်နေသည့်နေရာကို မြင်သည့်အခါ အမျိုးသမီး၏ မျက်လုံးများမှာ တစ်ခုခုကို မန်ဟို အတည်ပြုပေးလိုက်သည့်အလား တောက်ပနေသည်။ သို့သော်လည်း တစ်ခုခုနှင့်ပက်သက်ပြီး မသေချာမရေရာ ဖြစ်နေသေးပုံရသည်။
“ကျိုးပြည်မှာတော့ ကျွန်မတို့ ထျန်းဟယ်ဖန်းဆိုင်မှာ မရှိဘူးဆိုတာ မရှိသလောက်ပဲ” သူမအပြုံးလေးဖြင့် ပြောလိုက်သည်။ “ကျွန်မတို့မှာ ချီအခြေတည်အဆင့် ဆေးလုံးရှိတာပေါ့။ ဈေးကတော့ ဝိညာဉ်ဆေးလုံးတစ်လုံးကို နှစ်ထောင်ပါ”
မန်ဟိုက ညိတ်လိုက်ပြီး သူ့သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူ့လက်ထဲတွင် ဆေးပုလင်း တစ်လုံးပေါ်လာသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဆေးပုလင်းက အမျိုးသမီးဆီရောက်သွားသည်။
ဆေးပုလင်းကို ဖမ်းမိသည့်အခါ သူမမျက်လုံးများက တဖျပ်ဖျပ် လှုပ်သွားသည်။ အဖုံးဖွင့်လိုက်ပြီး အထဲကို ကြည့်လိုက်သည့်အခါ သူမ အမူအရာမှာ အံ့အားသင့်သည့် ပုံသို့ပြောင်းသွားသည်။
“ချီအခြေတည်အဆင့်ဆေးလုံးတစ်လုံး”၊ “ ပေးနိုင်တဲ့ဈေးကိုပြောပါ” ဟု မန်ဟိုက အေးဆေးစွာပြောလိုက်သည်။
“သခင်လေးတင်း ရှင်က အတော်လေးရဲတင်းတာပဲ” သူမက ထူးမခြားနားပုံဖြင့် အေးဆေးစွာပြောလိုက်သည်။ “ ရှင်က ဒီလောက် အဖိုးတန်တဲ့အရာကို ကျွန်မကို ဒီအတိုင်းပေးလိုက်တယ်ပေါ့။ ကျွန်မဒါကိုယူပြီး ထွက်ပြေးသွားမှာ မကြောက်ဘူး လား”
မန်ဟိုက ဘာမှမပြောဘဲ သူမကို အေးစက်စွာကြည့်လိုက်ရင်း သူ့အပြင်ဝတ်ရုံကို အနည်းငယ်လျော့လိုက်ကာ အဖြူရောင် ဝတ်ရုံနှင့် သူ့လည်ပင်းတွင် ဝတ်ဆင်ထားသော ကျောက်စိမ်းဆွဲပြားကို ဖော်ပြလိုက်သည်။
ထိုအရာက ခရမ်းရောင်ရှိပြီး ခရမ်းရောင် အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။
ကျောက်စိမ်းလည်ဆွဲလေးကို မြင်လိုက်ရသည့်အခါ အမျိုးသမီး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။
“အကယ်၍ ဒီဆေးလုံးကို မျိုချရဲရင်တော့” မန်ဟိုက အေးစက်စွာဖြင့် “ထျန်းဟယ်ဖန်းမြို့က တစ်လမပြည့်ခင် ပျက်စီးသွားမှာပေါ့” ဟုပြောလိုက်သည်။
အမျိုးသမီး၏ မျက်နှာအမူအရာမှာ ဆေးပုလင်းကို ကြည့်ရင်းအမျိုးမျိုးပြောင်းလဲနေသည်။ သူမက ထိုင်နေသည့် မန်ဟိုကို လှမ်းကြည့်လိုက်သည်။ မန်ဟို၏ အဆင့်အတန်းနှင့် ပက်သက်၍ သဲလွန်စအမျိုးမျိုးကို သတိပြုမိလိုက်သည်တွင် သူမက ပြုံး လိုက်ပြန်သည်။
“သခင်လေးတင်း စိတ်မဆိုးပါနဲ့။ ကျွန်မက ဒီအတိုင်း စကားအဖြစ်ပြောလိုက်တာပါ” သူမက ပုလင်းကို လှန်လိုက်သည့်အခါ ချီအခြေတည်အဆင့်ဆေးလုံးက သူမလက်ဖဝါးထဲသို့ ကျလာခဲ့သည်။ ထို့နောက်သူမက ကိုင်ပြီး သေချာစစ်ဆေးကြည့်လိုက် သည်။ ဆေးလုံးတွင် ထွင်ထားသည့် မိစ္ဆာမျက်နှာကိုတွေ့လိုက်ရသည့်အခါ သူမ၏ အမူအရာမှာ အမျိုးအမျိုးပြောင်းလဲ သွားလျက် မတ်တပ်ရပ်လိုက်သည်။
***