← Chapters

မြင့်မြတ်သောနန်းတော်ရဲ့လှုပ်ရှားမှု

Vol. 31 Ch. 418

မြင့်မြတ်သောနန်းတော်ရဲ့လှုပ်ရှားမှု

Vol. 31 Ch. 418

ချီဖြိုခွဲခြင်းစွမ်းအင်မှာ မည်သည့် ချီစွမ်းအင်ကိုမဆို ဖျက်ဆီးပစ်နိုင်သည်။ ချီစွမ်းအင် တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ခဲ့ရလျှင် ချီဖြိုခွဲခြင်း မှော်စာလုံးမှ ထိုစွမ်းအင်အား ဖျက်ဆီးနိုင်မည့် အထူးစွမ်းအင် တစ်မျိုးကို ထုတ်လွှတ်မည် ဖြစ်၏။

ရိုးရှင်းစွာဆိုရလျှင်မူ ချီဖြိုခွဲခြင်း မှော်စာလုံးမှာ မည်သည့် ချီစွမ်းအင်ကိုမဆို အားနည်းသွားစေသည်။

ထို့ကြောင့် စူးသွမ့်၏ ပြင်းထန်လှသော တိုက်ခိုက်မှုအား ဇူယွမ်မှ လွယ်ကူစွာ ချိုးဖြတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်၏။

ချီဖြိုခွဲခြင်း မှော်စာလုံးနှင့် ရင်ဆိုင်လိုက်ရချိန်၌ စူးသွမ့်၏ ချီစွမ်းအင် တိုက်ခိုက်မှုများ အားလုံးမှာ ပျက်စီးသွားခဲ့ရသည်။

ဤသည်မှာ ကောင်းကင်ဘုံယွမ်စုတ်တံ၏ ငါးလုံးမြောက်စာလုံး ချီဖြိုခွဲခြင်း၏ စွမ်းအင်ပင် ဖြစ်၏။

ချီဖြိုခွဲခြင်း မှော်စာလုံး၌လည်း အကန့်အသတ်အချို့ ရှိသောကြောင့် ချီစွမ်းအင်တိုက်ခိုက်မှုများ အားလုံးကို ဖျက်ဆီးနိုင်ခြင်း မရှိသေးချေ။ ထိုအကန့်အသတ်မှာ ဇူယွမ်၏စွမ်းအင်နှင့် တိုက်ရိုက်သက်ဆိုင်နေ၏။

ဇူယွမ်ပို၍ သန်မာလေ ချီဖြိုခွဲခြင်း မှော်စာလုံးမှာ ပိုမိုအသုံးဝင်လေ ဖြစ်သည်။

အကယ်၍ တစ်ဖက်ရန်သူမှာ ဇူယွမ်ထက် များစွာသန်မာနေပါက ချီဖြိုခွဲခြင်း မှော်စာလုံးမှာ တစ်ဖက်ရန်သူ၏ စွမ်းအင် အနည်းငယ်ကိုသာ လျော့ပါးသွား ​စေပေလိမ့်မည်။ ဤမျှသည်ပင် အလွန်ကောင်းမွန်နေပြီဖြစ်၏။

ချီဖြိုခွဲခြင်း မှော်စာလုံး၏ အကူအညီဖြင့် စူးသွမ့်တို့အုပ်စု၏ တိုက်ခိုက်မှုအား လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သည်။ အဆုံး၌ စူးသွမ့်မှာ ဒဏ်ရာရရှိနေသော သူ၏နောက်လိုက်များကို ခေါ်ဆောင်ကာ ဇူယွမ်၏ပိုင်နက်ထဲမှ ဆုတ်ခွာပေးခဲ့ရ၏။

ဇူယွမ်မှာ စူးသွမ့်အား ထိခိုက်နာကျင်အောင် မပြုလုပ်ခဲ့ချေ။ စူးသွမ့်မှာ ဇူယွမ်ဒုက္ခရောက်စေရန် ရည်ရွယ်၍ များစွာအကောက်ကြံခဲ့၏။ သို့သော်လည်း စူးသွမ့်မျှ အဆင့်လောက်အား ဇူယွမ်မှာ စိတ်ထဲ၌ အလေးပင်မထားပါချေ။

ကောင်းကင်ဘုံယွမ်စုတ်တံ၏ အကူအညီမပါလျှင်ပင် စူးသွမ့်တို့အုပ်စုအား ဇူယွမ်မှ အလွယ်တကူပင် ဖြေရှင်းပစ်နိုင်ပေသည်။

ထို့ကြောင့် စူးသွမ့်အား ဇူယွမ်မှ အလေးပင် ထားမနေတော့ဘဲ ခွင့်လွှတ်ပေးလိုက်၏။

စူးသွမ့် ထွက်ခွာသွားပြီးနောက် ယွမ်စုတ်တံမှာ အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ဇူယွမ်၏ လက်ဖဝါးမှတစ်ဆင့် ချီပင်လယ်ထဲသို့ ပြန်လည်စီးဝင်သွားခဲ့သည်။ ထို့နောက် ချီပင်လယ်အတွင်း၌ ရစ်ဝဲနေကာ ချီစွမ်းအင်များစုပ်ယူ၍ ပြန်လည်အားဖြည့်နေ၏။

ကျိုးချူးချင်ယုမှာ ဇူယွမ်အနီးသို့ လျှောက်လှမ်း လာခဲ့ပြီးနောက် အံ့အားသင့်နေသော မျက်ဝန်းများဖြင့် စကားဆိုလာလေသည်။

“ကြည့်ရတာ ငါကသာ အစိုးရိမ်လွန်နေတဲ့ပုံပဲ။ စူးသွမ့်တောင်မှ နင့်ရဲ့ပြိုင်ဘက် မဟုတ်ဘူးပဲ”

ကျိုးချူးချင်ယုမှာ အနည်းငယ် တွေဝေနေဆဲ ဖြစ်၏။ စူးသွမ့်မှာ မူလစဦး သတ္တမအဆင့်ထိ ရောက်ရှိထားသူဖြစ်ပြီး ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်သာရှိသေးသူ ဖြစ်သည်။ ထိုသည်တောင်မှ စူးသွမ့်မှာ ဇူယွမ်အား အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ဇူယွမ်မှာ ထိုမျှလောက်ပင် အစွမ်းရှိပါသလား။

ကျိုးချူးချင်ယုမှာ အတိတ်ကာလများ၌ ဇူယွမ်အား ကန်ရွှမ်းကလန်သို့ ရောက်ရှိပြီးနောက်တွင် သာမညတစ်ယောက် အဖြစ်သာ မှေးမှိန်သွားမည်ကို စိုးရိမ်နေခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ကန်ရွှမ်းကလန်မှာ အင်အားကြီး ကလန်ကြီးတစ်ခုဖြစ်ပြီး ထူးချွန်ထက်မြက်သော ပါရမီရှင်တပည့်များစွာ ရှိနေသောကြောင့် ဖြစ်သည်။ ဇူယွမ်မှာ ကန်းမင်တိုက်ကြီးထဲ၌ ထူးချွန်ခဲ့သူတစ်ဦး ဖြစ်ပါသော်လည်း ကန်ရွှမ်းကလန်ထဲ၌ ပုံမှန်တပည့်တစ်ဦးမျှသာ ယူဆခံရမည်ဖြစ်၏။

သို့သော် ယခုအချိန်၌ သူမ၏စိုးရိမ်မှုများမှာ မလိုအပ်ကြောင်း ထင်ရှားနေပေသည်။

သူမ၏ ရှေ့တွင်ရှိနေသော ဇူယွမ်ဆိုသည့် ကောင်လေးမှာ မည်သည့်နေရာ၌မဆို ထူးချွန် ထက်မြက်နေမည့်ဟန် ရှိ၏။

ဇူယွမ်မှာ ကျိုးချူးချင်ယုအား ကြည့်၍ ခပ်ဖွဖွ ရယ်မောလိုက်သည်။

ကျိုးချူးချင်ယုမှာ လက်မှဖုန်မှုန့်များအား အသာအယာခါထုတ်၍ ပြုံးကာ ပြောလိုက်၏။

“ကောင်းပြီလေ။ နင့်ပြဿနာကလည်း ရှင်းပြီးသွားပြီ ဆိုတော့ အခုငါ့ရဲ့ပိုင်နက်ကို ပြန်တော့မယ်”

“ကျေးဇူးပဲ။ မင်းစီမှာ ပြဿနာတစ်ခုခု ဖြစ်ရင်လည်း ငါ့ကိုလာရှာနော်”

ဇူယွမ်မှ ပြုံးပြလိုက်သည်။ ကျိုးချူးချင်ယုမှာ သူနှင့်အတော်ပင် အကျွမ်းတဝင်ရှိသောကြောင့် အလွန်အမင်း ယဥ်ကျေးနေရန် မလိုအပ်ဟု ဇူယွမ်မှ ခံစားမိ၏။

ကျိုးချူးချင်ယုမှာ မျက်မှောင်ကြုတ်လျက် မေးဖျားအား လက်ဖြင့်ပွတ်ကာ ပြောလိုက်သည်။

“ကျွတ် ... နင်က ပြဿနာအားလုံးကို အားသုံးပြီး ဖြေရှင်းဖို့ပဲသိတာကိုး။ နင်သိလား ... ငါ့ရဲ့အလှအပက နင့်ရဲ့ မူလလက်နက်ထက်တောင် အများကြီးပိုပြီး အသုံးဝင်သေးတယ်”

ဇူယွမ်မှာ ဆွံ့အသွားခဲ့ရ၏။ အမှန်တကယ်လည်း ကျိုးချူးချင်ယုမှာ ယောက်ျားလေးတိုင်း မငြင်းပယ်နိုင်လောက်အောင် လှပသူဖြစ်သည်။ ထို့ကြောင့် ယောက်ျားလေးတိုင်းမှာ သူမထံ၌ ကျဆုံးသွားရသည်မှာ ပုံမှန်ပင်ဖြစ်၏။

ပြောရမည်ဆိုလျှင် ကျိုးချူးချင်ယု၏ အလှတရားမှာ ကောင်းကင်အဆင့် မူလလက်နက်များထက် ကြောက်စရာကောင်းသော လက်နက်တစ်မျိုးပင် ဖြစ်သည်။

“ငါသွားပြီနော်”

လက်ဝှေ့ယမ်း ပြလိုက်ပြီးသည်နှင့်တကွ ကျိုးချူးချင်ယု၏ ခန္ဓာကိုယ်လေးမှာ ပန်းပွင့်လေးများ လေယူရာယိမ်းနွဲ့ နေသကဲ့သို့ လျင်မြန်စွာပင် လေထုထဲ၌ ပျံသန်းပျောက်ကွယ်သွား၏။

ကျိုးချူးချင်ယု ထွက်ခွာသွားပြီးနောက် ဇူယွမ်မှာ အလံတိုင်၏ဘေး၌ ထိုင်ချလိုက်သည်။ ကောင်းကင်ဘုံယွမ်စုတ်တံမှာ အဆင့်တက်သွားခဲ့ပြီ ဖြစ်သောကြောင့် ရှီးရီသတ္တဝါများအား ထပ်မံ၍အမဲလိုက်ရန် မလိုအပ်တော့ချေ။

ထို့အပြင် စူးသွမ့်တို့အုပ်စုအား နှိမ်နင်းနိုင်ခဲ့ပြီးသည့်နောက် အခြားမည်သူကမှ ဇူယွမ်၏ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ဝံ့ရဲတော့မည်မဟုတ်ပေ။

ထို့ကြောင့် ဇူယွမ်မှာ တိတ်ဆိတ်ငြိမ်းချမ်းစွာဖြင့် ရှိနေနိုင်မည် ဖြစ်၏။

“ကောင်းကင်နေနတ်ဘုရားမှတ်တမ်းကို လေ့ကျင့်ရင်ကောင်းမယ်”

ဇူယွမ်မှာ အလံတိုင်၏ဘေး၌ ထိုင်ချပြီးနောက် ရေရွတ်လိုက်သည်။ ထို့နောက် အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်းလိုက်သည်နှင့်တကွ မီးလျှံကျောက်လောင်းကစားပွဲ၌ အနိုင်ရရှိခဲ့သော မီးလျှံအဆီအနှစ်များ ထွက်ပေါ်လာခဲ့၏။

ဤမီးလျှံအဆီအနှစ်မှာ ကောင်းကင်နေနတ်ဘုရား မှတ်တမ်းကဲ့သို့သော မီးလျှံအမျိုးအစားကျင့်စဥ် သို့မဟုတ် မီးလျှံအမျိုးအစား ချီစွမ်းအင်များကို တိုးတက် ကောင်းမွန်းစေနိုင်သည်။

ဇူယွမ်၏ ကောင်းကင်နေနတ်ဘုရား မှတ်တမ်း၏ ကောင်းကင်ဘုံနေမင်းမီးတောက်မှာ ကနဦးအဆင့်သာ ရှိသေး၏။ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပါက အဖြူရောင် မီးတောက်များမှ ခရမ်းပြာရောင် မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

အထွတ်အထိပ်အဆင့်မှ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိခဲ့လျှင် ကောင်းကင်ဘုံ နေမင်းမီးတောက်မှာ ခရမ်းပြာရောင်မှ နက်ရွှေရောင်များ အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။ ထိုအချိန်သို့ ရောက်ရှိသွားခဲ့လျှင် တစ်ချက်တည်းဖြင့် တောင်များကိုပင် ပိုင်းဖြတ်နိုင်သော စွမ်းအင်မျိုးကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ဇူယွမ်မှာ မီးလျှံအဆီအနှစ်ကို ရရှိပြီးသည့်အချိန်မှစ၍ ကောင်းကင်နေနတ်ဘုရား မှတ်တမ်းအား ကျင့်ကြံနေခဲ့၏။ ထို့ကြောင့် ဇူယွမ်၏ အဖြူရောင် မီးတောက်သည်ပင် ယခင်ထက်များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သို့သော် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနိုင်ရန်အတွက် များစွာလိုအပ်နေသေး၏။

ဇူယွမ်မှာ ဖြည်းညင်းစွာ စီးဆင်းနေလျက်ရှိသော မီးလျှံအဆီအနှစ်များအား စုပ်ယူလိုက်သည်။ ထို့နောက် မီးလျှံအဆီအနှစ်များစီမှ သွေးနီရောင် အမျှင်အတန်းများ ဖြစ်ပေါ်လာပြီး ဇူယွမ်၏နှာခေါင်းမှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့၏။

ချက်ချင်းဆိုသလိုပင် ဇူယွမ်၏ခန္ဓာကိုယ်အတွင်း၌ အပူရှိန်များ မြင့်တက်လာခဲ့ပြီး သွေးများပင် ဆူပွက်နေသည့်အလား ခံစားလိုက်ရသည်။

သို့သော် ဇူယွမ်၏အမူအရာမှာ တည်ငြိမ်နေလျက်ပင်ရှိပြီး ကောင်းကင်နေနတ်ဘုရား မှတ်တမ်းအား စတင် လည်ပတ်စေလိုက်၏။ ဇူယွမ်၏ခန္ဓာကိုယ်မှ အဖြူရောင်မီးတောက်များ ထွက်ပေါ်လာကာ သွေးနီရောင် အမျှင်အတန်းများအား ဆက်လက် စုပ်ယူနေခဲ့သည်။

အဖြူရောင်မီးတောက်များ သန့်စင်လာသည်နှင့်တကွ မီးတောက်အတွင်းမှ ခရမ်းပြာရောင် အစက်အပြောက်များ ထွက်ရှိလာခဲ့၏။

ဇူယွမ်မှာ သွေးနီရောင် တောင်ကုန်းထက်၌ ငြိမ်သက်စွာ ထိုင်နေလျက်ရှိပြီး အရှေ့တွင်ရှိနေသော မီးလျှံအဆီအနှစ်များစီမှ အပူလှိုင်းများ အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။

ဤသို့ဖြင့် နေ့တဝက်မျှသောအချိန်မှာ လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့၏။

ဇူယွမ်၏ရှေ့တွင်ရှိနေသော မီးလျှံအဆီအနှစ်မှာ မှေးမှိန်လာခဲ့ပြီး အဆီအနှစ်များ ကုန်ဆုံးတော့မည် ဖြစ်ကြောင်း ထင်ရှားနေသည်။ ထို့နောက် မီးလျှံအဆီအနှစ်မှာ မီးတောက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် အလုံးစုံ ပျောက်ကွယ်သွားခဲ့၏။

ဇူယွမ်မှာ ခန္ဓာကိုယ် အတွင်းပိုင်းအား အာရုံခံလိုက်ပြီးနောက် တင်းကျပ်စွာ ပိတ်ထားသော မျက်ဝန်းများ ပြန်လည်ပွင့်လာခဲ့သည်။ ယခုဆိုလျှင် အဖြူရောင်မီးတောက် အတွင်း၌ရှိနေသော ခရမ်းပြာရောင် အစက်အပြောက်များမှာ များစွာတိုးပွားလာခဲ့ပြီ ဖြစ်၏။

“နောက်ထပ် နည်းနည်းလောက်ပဲ”

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ နှစ်ရာချီသက်တမ်းရှိသော မီးလျှံအဆီအနှစ်များအား စုပ်ယူခဲ့ပြီးနောက် ဇူယွမ်၏ ကောင်းကင်ဘုံ နေမင်းမီးတောက် အသက်ရှူခြင်းမှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်တော့မည် ဖြစ်၏။

“ဒီခရီးက တော်တော်အကျိုးရှိတာပဲ”

ဇူယွမ်မှ ရေရွတ်လိုက်သည်။ ကန်ရွှမ်းကလန်ထဲ၌သာ ရှိနေခဲ့ပါက ဇူယွမ်မှာ ဤမျှ မီးလျှံအဆီအနှစ်များအား ရရှိနိုင်မည်မဟုတ်ပဲ ကောင်းကင်ဘုံနေမင်း မီးတောက်ကျင့်စဉ်မှာလည်း ကနဦးအဆင့်၌သာ ရှိနေဦးပေလိမ့်မည်။

ချပ် ... ချပ်

ဇူယွမ်မှာ သက်ပြင်းချနေစဉ် အတွင်း တိုးညင်းသောအသံတစ်ခုအား ကြားလိုက်ရ၏။

ဇူယွမ်မှာ အသံကြားရသည့်အတွက် အံ့အားသင့်သွားခဲ့ရသော်လည်း ထိုအသံမှာ နားထဲမှ ဆက်သွယ်ရေး ကျောက်စိမ်းပြားစီမှ ဖြစ်ကြောင်း သတိထားမိလိုက်သည်။ အချိန်အတန်ကြာသည်အထိ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက် နေခဲ့သည့်အတွက် ဇူယွမ်မှာ အံ့အားသင့် သွားခဲ့ရခြင်း ဖြစ်၏။

“စီနီယာအစ်မတော် လီချင်းချန်၊ စီနီယာအစ်ကိုတော် ကျောင်းဇူ ... မြင့်မြတ်သော နန်းတော်က တစ်ယောက်ယောက်က ကျွန်တော့်ရဲ့ပိုင်နက်ထဲ ကျူးကျော်လာတယ်”

ကြောက်ရွံ့နေသော အသံတစ်ခု ကျောက်စိမ်းပြားစီမှ ထွက်ပေါ်လာခဲ့သည်။ ထိုအသံမှာ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်တစ်ဦး ဖြစ်ပုံရ၏။

ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် လီချင်းချန်၏အသံ ထွက်ပေါ်လာခဲ့သည်။

“ရွှီပင်း အဲဒီမှာ မြင့်မြတ်သောနန်းတော်က လူဘယ်နှယောက် ရှိနေတာလဲ”

ရွှီပင်းဆိုသောတပည့်မှ ပြန်လည်ဖြေကြားလိုက်၏။

“တစ်ယောက် ... ”

“ပိုင်နက်ကိုကာကွယ်ဖို့ပဲ အာရုံစိုက်ထား”

တစ်ယောက်ဟူသော စကားအား ကြားလိုက်ရသည့်အခါမှသာ လီချင်းချန်မှာ သက်ပြင်းချနိုင်တော့သည်။ ဝမ့်ချီနှင့် ကောင်းကျင့်ဇူမှလွဲ၍ အခြားသော မြင့်မြတ်သော နန်းတော်မှ တပည့်များမှာ လီချင်းချန်၏ အဖွဲ့သားများနှင့် တူညီသောအဆင့်၌ ရှိပေလိမ့်မည်။ ထို့ကြောင့် မြင့်မြတ်သောနန်းတော်မှ လူတစ်ယောက်မျှအား ရွှီပင်းမှ ရှုံးနိမ့်လိမ့်မည် မဟုတ်ချေ။

ဆက်သွယ်ရေးကျောက်စိမ်းပြားမှာ ပြန်လည် တိတ်ဆိတ်သွားခဲ့၏။

အသက်ရှူချိန်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက် နေခဲ့ပြီးနောက် ကျောက်စိမ်းပြားစီမှ စိုးရိမ်ကြောက်ရွံ့နေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“စီနီယာအစ်မတော်လီ ကျွန်တော့်ရဲ့ပိုင်နက်ကို ကျွန်တော် မကာကွယ်နိုင်ခဲ့ဘူး။ တစ်ဖက်လူက အရမ်းသန်မာလွန်းတယ်။ ကျွန်တော်နဲ့ အရမ်းကွာတယ်”

“ကျွန်တော် စီနီယာအစ်ကိုတော်လုရဲ့ ပိုင်နက်ထဲကို ဆုတ်ခွာခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်လူက စောင့်ကြည့်နေတုန်းပဲ”

ထိုစကားများအား ကြားလိုက်ရသောအခါ အဖွဲ့ထဲမှ သူများထံမှ တုံ့ပြန်မှုများစွာ ဖြစ်ပေါ်လာသည့်အတွက် ကျောက်စိမ်းပြားမှာ ဆူညံသွားခဲ့ရ၏။

“ဘယ်လိုဖြစ်သွားတာလဲ။ မြင့်မြတ်သော နန်းတော်ရဲ့အဖွဲ့က ငါတို့အဖွဲ့နဲ့ အဆင့်တူတူလောက်ပဲလေ။ ဘာလို့ ဒီလောက်မြန်မြန် ရှုံးသွားရတာလဲ”

လီချင်းချန်မှ ရေရွတ်လိုက်သည်။

ပိုင်လီမှ လျင်မြန်စွာ စကားဆိုလိုက်၏။

“တိုက်ရတဲ့သူက ဝမ့်ချီ ဒါမှမဟုတ် ကောင်းကျင့်ဇူများ ဖြစ်နေလို့လား”

ကျောင်းဇူ၏ မေးခွန်းမှာလည်း ထွက်ပေါ်လာခဲ့သည်။

“ရွှီပင်း မင်းတိုက်ခိုက်ခဲ့ရတာ ဘယ်သူနဲ့လဲ”

“ ဝမ့်ချီရော ကောင်းကျင့်ဇူရော မဟုတ်ဘူး”

ရွှီပင်း၏အသံမှာ အလွန်အမင်း အားနည်းနေပြီး ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရရှိထားသည်မှာ ထင်ရှား၏။

“ယန်ရွှမ်းပဲ ... ”

“ယန်ရွှမ်း ... ”

လီချင်းချန်နှင့် ကျောင်းဇူတို့နှစ်ဦးလုံးမှာ အနည်းငယ် တွေဝေသွားခဲ့ရသည်။ သူတို့မှာ မြင့်မြတ်သော နန်းတော်၏ ရွေးချယ်ခံများကိုသာ အာရုံစိုက်ထားခဲ့ပြီး ယန်ရွှမ်းမှာ ပုံမှန်တပည့်တစ်ဦးသာ ဖြစ်၏။

လီချင်းချန်မှ လျင်မြန်စွာ အမိန့်ပေးလိုက်သည်။

“ရွှီပင်း ... လုလျန့်ရှိတဲ့နေရာထိ အမြန်ဆုတ်ခွာပြီး တူတူတိုက်ခိုက်ကြ”

“နားလည်ပါပြီ” ရွှီပင်းမှ ဖြေကြားလိုက်၏။

ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။

ဇူယွမ်မှာ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့ရ၏။ ယန်ရွှမ်းမှာ ပုံမှန်တပည့်တစ်ဦး မဖြစ်နိုင်ချေ။ ထို့ကြောင့် ရွှီပင်းနှင့် လုလျန့်မှ ပိုင်နက်များကို ကာကွယ်နိုင်ပါ့မည်လားဟု ဇူယွမ်မှ တွေးတောနေမိသည်။

ဇူယွမ်မှ အချိန်အနည်းငယ်မျှ စောင့်ဆိုင်းနေခဲ့ပြီးနောက် ဆက်သွယ်ရေး ကျောက်စိမ်းပြားစီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

“စီနီယာအစ်မတော်လီ၊ စီနီယာအစ်ကိုတော်ကျောင်း ... ရွှီပင်းရော၊ ကျွန်တော်ရော ယန်ရွှမ်းကို ရှုံးနိမ့်ခဲ့ရတယ်”

ထိုအသံမှာ လုလျန့်ဆိုသောသူစီမှ ဖြစ်ပေလိမ့်မည်။ လူတိုင်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရသောကြောင့် ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ တိတ်ဆိတ်သွားခဲ့သည်။

လီချင်းချန်မှ ဒေါသဖြစ်နေသံဖြင့် စကားဆိုလိုက်၏။

“ပိုင်လီရဲ့ ပိုင်နက်ထဲကို အမြန်ဆုန်ခွာကြတော့။ ကြည့်ရတာ ယန်ရွှမ်းက မြင့်မြတ်သောနန်းတော်ရဲ့ လျှို့ဝှက်လက်နက် ဖြစ်လိမ့်မယ်”

“ကျန်တဲ့သူတွေက အရင်စုဝေးပြီးတော့ ပြန်တိုက်ဖို့ နည်းလမ်းကို ရှာထားကြ။ ကျောင်းဇူနဲ့ငါက တိုက်ခိုက်ဖို့ စောင့်နေမယ်”

ယခုအချိန်၌ သက်ဆိုင်ရာ ပိုင်နက်များကို ကာကွယ်နေခြင်းမှာ အသုံးမဝင်တော့ပေ။ ထိုအစား မြင့်မြတ်သော နန်းတော်နှင့် ဦးစွာတိုက်ခိုက်ရန် လိုအပ်နေပေသည်။

“နားလည်ပါပြီ”

ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ ပြန်လည် တိတ်ဆိတ်သွားခဲ့၏။

ဇူယွမ်မှာ ဒေါသထွက်စွာဖြင့် အတွေးများကြား နစ်မြုပ်နေခဲ့သည်။ ​မြင့်မြတ်သော နန်းတော်မှာ စတင် လှုပ်ရှားလာခဲ့ပြီ ဖြစ်၏။

All Chapters