ယန်ရွှမ်း
Vol. 31 Ch. 419
မီးလျှံအဆီအနှစ် သွေးကြော၏ ဗဟိုချက်နယ်မြေ၌ ပိုင်လီနှင့် ချင်းဟိုင်တို့ ဦးဆောင်ထားသော သွေးနီရောင်နယ်မြေဆီသို့ ပုံရိပ်များစွာမှ ရောက်ရှိလာခဲ့ကြသည်။ ယခုအချိန်၌ ထိုသူများအားလုံး ဒေါသထွက်နေသည်မှာ ထင်ရှားလှ၏။
ထိုပုံရိပ်များ၏နောက်တွင် လူနှစ်ဦးမှ အသင့်စောင့်ဆိုင်းနေခဲ့သည်။
ထိုနှစ်ဦးမှာ မြေကြီးပေါ်တွင် ထိုင်ချထားလျက်ရှိပြီး ပြင်းထန်စွာ ဒဏ်ရာရထားခဲ့၏။ ထိုနှစ်ဦးမှာ ရွှီပင်းနှင့် လုလျန့်တို့ဖြစ်ကာ အစောပိုင်း၌ ပိုင်နက်အား ကာကွယ်ရင်း ယန်ရွှမ်းထံ၌ ရှုံးနိမ့်ခဲ့ရသူများ ဖြစ်သည်။
ချင်းဟိုင်မှာ ဒဏ်ရာရထားသော ရွှီပင်းတို့နှစ်ဦးအား ကြည့်ရင်း ဒေါသဖြစ်နေသော အမူအရာဖြင့် စကားဆိုလိုက်၏။
“လုလျန့်ရော၊ ရွှီပင်းရောက မူလစဦး သတ္တမအဆင့်တွေဖြစ်လို့ သူတို့ကို အနိုင်ယူဖို့ မလွယ်ဘူး။ ယန်ရွှမ်းက အဲဒီလောက်ထိ စွမ်းအားကြီးနေလိမ့်မယ်လို့ ငါမထင်ထားမိဘူး”
“ကြည့်ရတာ ယန်ရွှမ်းက သူ့ရဲ့စွမ်းရည်ကို ဖုံးကွယ်ထားတဲ့ပုံပဲ”
ပိုင်လီမှ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ပိုင်လီမှာ ဆံနွယ်ရှည်များကို ခပ်မြင့်မြင့် စုစည်းထားသောကြောင့် ရဲရင့်သည့် မိန်းမငယ်တစ်ဦးအသွင် ထွက်ပေါ်နေ၏။
“ယန်ရွှမ်းက မူလစဦး သတ္တမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေရင်တောင် ငါတို့နဲ့ နည်းနည်းလောက်ပဲ ကွာရမှာလေ”
ပိုင်လီနှင့် ချင်းဟိုင်မှာ စိုးရိမ်ထိတ်လန့်စွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အကယ်၍ ယန်ရွှမ်းသည်သာ များစွာ သန်မာနေခဲ့ပါက သူတို့အားလုံးမှာ ကြီးမားေသာ ဖိအားနှင့် ရင်ဆိုင်ကြရမည် ဖြစ်၏။
“သူတို့လာနေပြီ”
ပိုင်လီမှာ အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။
သူမ၏အနောက်မှ တပည့်များ၏ အမူအရာမှာ ခက်ထန်သွားခဲ့ပြီး ချက်ချင်း ဆိုသလိုပင် ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
လူတိုင်းမှာ အဝေးမှ လေတိုးသံ ကြားနေရသော နေရာအား ကြည့်ရှုလိုက်သည်။ ထို့နောက် ပုံရိပ်အချို့မှာ ပိုင်လီအုပ်စု၏အရှေ့သို့ ဆင်းသက်လာခဲ့၏။
ထိုသူများမှာ မြင့်မြတ်သော နန်းတော်မှ တပည့်များပင် ဖြစ်သည်။
ထိုအုပ်စုအား ဦးဆောင်ထားသော လူငယ်လေးမှာ အဖြူရောင် အဝတ်အစားများကို ဆင်မြန်းထား၏။ ထိုလူငယ်လေးမှာ အလွန်ပင်ခန့်ညားကာ နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် တွဲလဲခိုလျက် ရှိနေသော်လည်း မျက်ဝန်းများမှာ အကြင်နာ ကင်းမဲ့နေပေသည်။
ထိုလူငယ်လေးမှာ ယန်ရွှမ်းပင် ဖြစ်၏။
***
မီးလျှံအဆီအနှစ်သွေးကြော၏ ဝင်ပေါက်နေရာ၌ အကြီးအကဲဝူမှာ တောင်ကုန်းတစ်ခုပေါ်၌ ထိုင်နေလျက်ရှိပြီး သူ၏ရှေ့တွင် ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော မှန်ချပ်ကြီးတစ်ခု ရှိနေခဲ့သည်။ ထိုမှန်ချပ်ကြီးပေါ်၌ ပိုင်လီတို့အုပ်စုနှင့် ရှုယန်တို့အုပ်စု ထိပ်တိုက် တွေ့ဆုံနေသည်ကို ပြသလျက်ရှိ၏။
မှန်ချပ်အား ကြည့်ရှုနေသော အကြီးအကဲဝူ၏မျက်နှာမှာ ဒေါသအရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။ ထို့နောက် အကြီးအကဲဝူမှာ မြင့်မြတ်သော နန်းတော်မှ အကြီးအကဲအား ကြည့်ကာ အေးစက်နေသော အသံဖြင့် မေးလိုက်၏။
“မြင့်မြတ်သောနန်းတော်က အရမ်းတရားလွန်တယ် မထင်ဘူးလား”
“မူလအရင်းအမြစ်အတွက် တိုက်ခိုက်ကြတဲ့ပွဲမှာ အနိုင်ရတဲ့သူက အမြဲမှန်တယ်”
မြင့်မြတ်သောနန်းတော်၏ အကြီးအကဲမှာ မထီမဲ့မြင်ပြုစွာ ရီမောလိုက်ပြီးနောက် ဆက်၍ပြောလိုက်သည်။
“ပြီးတော့ ခင်ဗျားတို့ ကန်ရွှမ်းကလန်ကလည်း လောဘကြီးတာကိုး။ တကယ်ဆို အလှပန်းတစ်ရာနန်းတော်နဲ့ မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့လိုမျိုး နည်းနည်းရရုံနဲ့ ကျေနပ်သင့်တာ။ အဲဒါကို ခင်ဗျားတို့ ကန်ရွှမ်းကလန်က ကျုပ်တို့မြင့်မြတ်သော နန်းတော်နဲ့တောင် ဝေစုလုချင်နေတာကိုး”
“ကန်ရွှမ်းကလန်က အရင်တုန်းကလို အခြေအနေမှာရှိတယ်လို့ ခင်ဗျားထင်နေတုန်းလား”
အလှပန်းတစ်ရာ နန်းတော်နှင့် မြောက်ပိုင်း နဂါးပင်လယ်ခန်းမမှာ ဤတစ်ကြိမ်၌ ရွေးချယ်ခံတစ်ယောက်စီသာ စေလွှတ်ခဲ့သည့်အတွက် ဝေစုအား ကြီးကြီးမားမား ရယူလိုစိတ်မရှိကြောင်း ထင်ရှားနေ၏။ တစ်ဖက်တွင်တော့ မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်တို့မှာ ရွေးချယ်ခံနှစ်ဦးစီ စေလွှတ်ကာ ကြီးမားသော ဝေစုရယူရန် ကြံရွယ်ထားခဲ့ကြသည်။ ထို့ကြောင့် ယခုနှစ်ဦးနှစ်ဖက် တိုက်ခိုက်ယှဥ်ပြိုင်ရသည်မှာ ပုံမှန်ပင်ဖြစ်၏။
အကြီးအကဲဝူမှာ လေးနက်စွာ ပြောလိုက်သည်။
“ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးပါဘူး”
“အဲဒါဆိုလည်း ကျုပ်တို့ စောင့်ကြည့်ကြတာပေါ့”
မြင့်မြတ်သောနန်းတော်၏ အကြီးအကဲမှာ အထင်အမြင်သေးသော အမူအရာဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်၏။
***
“ဟားဟား ... ကြည့်ရတာ ဒီမှာလူစုံနေတဲ့ပုံပဲ။ ကောင်းတယ် ကျွန်တော် တစ်ယောက်ချင်း လုိက်ရှာနေဖို့ မလိုတော့ဘူးပေါ့” ယန်ရွှမ်းမှာ ပိုင်လီတို့အားကြည့်၍ အရိုအသေပြုကာ နှုတ်ဆက်လိုက်သည်။
ယန်ရွှမ်း၏ အမူအရာမှာ အလွန်ပင် ယဥ်ကျေးနေခဲ့ပြီး လာရောက် တိုက်ခိုက်သူနှင့် မတူဘဲ အလည်အပတ် လာသူတစ်ဦးအလား ဖြစ်နေ၏။
“တကယ်တော့ ... ကျွန်တော်က အားလုံးနဲ့ ဆွေးနွေးချင်တာလေး ရှိလို့ပါ”
“မီးလျှံအဆီအနှစ် သွေးကြောအတွက် ကန်ရွှမ်းကလန်က ရွေးချယ်ခံနှစ်ယောက် သိမ်းထားတဲ့နယ်မြေအပြင် တခြားနယ်မြေတွေကိုလည်း အစ်ကိုတော်တို့ သိမ်းယူနိုင်ပါတယ်။ အခုလက်ရှိ အစ်ကိုတော်တို့ ရပ်နေတဲ့နယ်မြေကိုပေါ့”
“ဒီပိုင်နက်သုံးခုကလွဲပြီး ကျန်တဲ့နေရာတွေကို ရယူဖို့တော့ စဥ်းတောင် မစဥ်းစားဖို့ အကြံပေးချင်တယ်”
ယန်ရွှမ်းမှပြုံးကာ စကားဆက်လိုက်သည်။
“ဘာလို့လဲဆိုတော့ ကျန်တဲ့နေရာတွေ အားလုံးက ကျွန်တော်တို့ မြင့်မြတ်သောနန်းတော်ရဲ့ ပိုင်နက်ဖြစ်နေလို့ပဲ”
ယန်ရွှမ်းမှာ ဆွေးနွေးရန် လာခဲ့သည်ဟု ပြောခဲ့ပါသော်လည်း သူ၏စကားသံမှာ ဆွေးနွေးနေခြင်းနှင့် မတူဘဲ နောက်ဆုံး ဆုံးဖြတ်ချက်အား လာရောက် ကြေညာခြင်းနှင့် တူနေ၏။
ပိုင်လီတို့၏ အမူအရာမှာ ခက်ထန်သွားခဲ့ရသည်။
ကန်ရွမ်းကလန်မှာ မီးလျှံအဆီအနှစ်သွေးကြော၏ ဗဟိုချက်နယ်မြေအား အနည်းဆုံး မိုင်ခြောက်ရာမျှ သိမ်းပိုက်နိုင်ရန် ကြံရွယ်ထားခဲ့၏။ သို့သော် ယန်ရွှမ်းမှာ ထိုပမာဏ၏ တစ်ဝက်အား သိမ်းပိုက်မည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။
“မင်းကတော်တော် ပြောရဲဆိုရဲ ရှိတာပဲ။ ငါတို့ပိုင်နက်ရဲ့ တဝက်ကို မင်းကတကယ် သိမ်းပိုက်နိုင်မယ် ထင်နေတာလား” ချင်းဟိုင်မှ ဒေါသထွက်စွာ ရီမောပစ်လိုက်၏။
ယန်ရွှမ်းမှ သက်ပြင်းချကာ ခေါင်းကိုခါယမ်း၍ ရေရွတ်လိုက်သည်။
“ကြည့်ရတာ အစ်ကိုတော်တို့က သဘောမတူတဲ့ပုံဘဲ”
ထို့နောက် ယန်ရွှမ်းမှာ လှောင်ပြောင်လိုသော အမူအရာဖြင့် ပြုံးကာပြောလိုက်၏။
“အစ်ကိုတော်တို့က ကျွန်တော့ရဲ့ ကောင်းမွန်တဲ့ ညှိနှိုင်းမှုကို လက်မခံဘူးဆိုမှတော့ ဒီနေ့မှာ ကန်ရွှမ်းကလန်က မျက်နှာထားစရာတောင် ကျန်တော့မှာ မဟုတ်ဘူး။ အဲဒီအတွက် ကျွန်တော်တို့ကို အပြစ်မတင်ပါနဲ့”
“သူတို့ခြေထောက်တွေကို ရိုက်ချိုးပြီး မောင်းထုတ်ပစ်လိုက်”
ယန်ရွှမ်းမှ လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
“ပိုင်လီနဲ့ ချင်းဟိုင်ကိုတော့ ငါ့အတွက် ချန်ထားလိုက်”
မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ ပိုင်လီတို့၏ နောက်တွင်ရှိနေသော ကန်ရွှမ်းကလန်၏ တပည့်များအား ကြောက်မက်ဖွယ်ကောင်းစွာ ကြည့်ရှုလိုက်၏။
ယန်ရွှမ်းမှာ လေထုထဲသို့ ပျံသန်းကာ ပိုင်လီနှင့် ချင်းဟိုင်အားကြည့်၍ ပြောလိုက်သည်။
“အစ်ကိုတော်တို့ နှစ်ယောက်လုံး တူတူတိုက်တာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် တကယ်ကို ဘာအခွင့်အရေးမှ ကျန်မှာမဟုတ်ဘူး”
ပိုင်လီနှင့် ချင်းဟိုင်မှာ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အခြားသူများအားကြည့်၍ မှာကြားလိုက်၏။
“မင်းတို့တွေ သေချာတားဆီးထားကြ”
ထို့နောက် ချင်းဟိုင်တို့နှစ်ဦးမှာ ယန်ရွှမ်းနှင့် မျက်နှာချင်းဆိုင်သို့ ပျံသန်းလိုက်သည်။
ချင်းဟိုင်တို့ ရရှိထားသော အချက်အလက်များအရ ယန်ရွှမ်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလှသောကြောင့် တစ်ဦးတည်း တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ထို့အပြင် ယန်ရွှမ်းမှာ သူတို့အား အထင်အမြင်သေးနေပြီးသား ဖြစ်သဖြင့် ထိုအချက်ကို အခွင့်အရေးယူကာ အသုံးချရန် ရည်ရွယ်လိုက်၏။
ယန်ရွှမ်းမှာ ချင်းဟိုင်နှင့် ပိုင်လီတို့နှစ်ဦးအား ကြည့်ကာ ရယ်မောလိုက်သည်။
“အစ်ကိုတော်တို့ နှစ်ယောက်လုံး အတူတိုက်ရင်တောင် နိုင်ဖို့ရာခိုင်နှုန်းက နည်းနည်းလေးပဲ ရှိတာနော်”
“အဲဒါဆိုလည်း ငါတို့ရဲ့ကံတရားကို စမ်းကြည့်ရမှာပဲ” ချင်းဟိုင်မှ အေးစက်စွာ ပြောလိုက်၏။
ထို့နောက် ချင်းဟိုင်မှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထိုချီစွမ်းများမှ ဓားသွားကဲ့သို့ ထက်ရှလှသော စွမ်းအင်ဖိအားများကို ထုတ်လွှတ်နေ၏။
ပိုင်လီမှ လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့်တကွ သူမ၏ ခန္ဓာကိုယ်ထက်မှ ကျောက်စိမ်းရောင်များ လင်းလက်လာကာ ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ပိုင်လီမှာ ဟုန်ယာတောင်ထွတ်မှ ဖြစ်သောကြောင့် သူမ၏ကျင့်ကြံခြင်း များမှာလည်း အလွန်ထူးခြား၏။ သူမ၏ချီစွမ်းအင်များမှာ အသွေးအသားများကို ဖြည့်တင်း ပေးသောကြောင့် ပိုင်လီ၏တိုက်ပွဲစွမ်းရည်မှာလည်း ခန္ဓာကိုယ်ပေါ် မူတည်နေသည့်ပုံစံမျိုး ဖြစ်သည်။
ယန်ရွှမ်းမှာ အလွန်လေးလေးနက်နက် ဖြစ်နေသော ချင်းဟိုင်တို့နှစ်ဦးအား ကြည့်ကာ ရီမော၍ စကားဆိုလိုက်၏။
“ကျွန်တော်က မြင့်မြတ်သော နန်းတော်ကို ရောက်ခဲ့တာ လေးနှစ်ရှိပြီ။ စစချင်းကတော့ ကျွန်တော်က ပါရမီရှင်တစ်ယောက်ဆိုပြီး ကျော်ကြားခဲ့ပေမဲ့ နောက်တော့လည်း လူတွေက မေ့လျော့သွားကြတာပဲ”
“လူတွေရဲ့အမြင်မှာတော့ ကျွန်တော်က ဒီနှစ်တွေအတွင်း မူလစဦး ပဉ္စမအဆင့်ကိုပဲ ရောက်ရှိနိုင်ခဲ့တာလေ။ အဲဒါကြောင့် ဘယ်သူကမှ အရေးတယူ မရှိခဲ့ကြဘူး”
“အဲဒါဘာလို့လဲ သိလား”
ပိုင်လီနှင့် ချင်းဟိုင်တို့နှစ်ဦးမှာ တွေဝေသွားခဲ့ရသည်။ ယန်ရွှမ်း၏ စွမ်းအင်အရ မူလစဦး ပဉ္စမအဆင့်မျှသာ မဟုတ်ဘဲ အနည်းဆုံး မူလစဦး သတ္တမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူနှင့်သာ ဆင်တူနေ၏။
“ဘာလို့လဲဆိုတော့ ကျွန်တော်က ချီစွမ်းအင်တွေကို ကွယ်ဖျောက်ထားခဲ့လို့ပဲ”
ယန်ရွှမ်းမှာ လျှို့ဝှက်စွာ ရယ်မောလိုက်ပြီးနောက် အင်္ကျီလက်မောင်းအိုးအား မတင်ကာ ပျက်ပြယ်စပြုနေသော တက်တူးအား ပြသလိုက်သည်။
ပိုင်လီနှင့် ချင်းဟိုင်တို့နှစ်ဦးမှာ ယန်ရွှမ်း၏ ခန္ဓာကိုယ်ထံမှ လျင်မြန်စွာ တိုးပွားလာနေသော ချီစွမ်းအင်များကို ခံစားမိခဲ့သောကြောင့် အံ့အားသင့်သွားခဲ့ရ၏။
ယန်ရွှမ်း၏ ချီစွမ်းအင်များမှာ ပြီးပြည့်စုံသော မူလစဦး သတ္တမအဆင့်ကိုပင် ကျော်လွန်ကာ မူလစဦး အဋ္ဌမအဆင့်ထိ တိုးပွားလာကာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ထုတ်လွှတ်နေခဲ့၏။
ယန်ရွှမ်းမှာ ထိတ်လန့် ကြောက်ရွံ့နေသော ချင်းဟိုင်တို့အား ကြည့်လိုက်ပြီးနောက် လှောင်ပြောင်သလို ရယ်မောကာ ပြောလိုက်သည်။
“ကဲ ပျော်စရာလေးတွေ လုပ်လိုက်ရအောင်လား”