← Chapters

အပြတ်အသတ်အနိုင်ရရှိခြင်း

Vol. 31 Ch. 420

အပြတ်အသတ်အနိုင်ရရှိခြင်း

Vol. 31 Ch. 420

“ပြီးပြည့်စုံတဲ့ မူလစဦး သတ္တမအဆင့်”

ယန်ရွှမ်း၏ အော်ဟစ်သံအား ကြားလိုက်ရသောအခါတွင် လီချင်းချန်၊ ပိုင်လီနှင့် ချင်းဟိုင်တို့မှာ အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။ လီချင်းချန်မှာ မြင့်မြတ်သော နန်းတော်မှ ကျော်ကြားသူတစ်ဦးပင် မဟုတ်သော ယန်ရွှမ်းအား ထိုမျှလောက်ထိ သန်မာနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

အကယ်၍ ယန်ရွှမ်းသာ မူလစဦးသတ္တမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သူဖြစ်ပါက ပိုင်လီနှင့် ချင်းဟိုင်တို့နှစ်ဦး ပူးပေါင်း၍ တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော် ယခုအချိန်၌ ပိုင်လီတို့ဘက်မှ အနိုင်ရနိုင်ချေ အနည်းငယ်မျှပင် မရှိတော့ပေ။

ယန်ရွှမ်းမှာ အမှန်တကယ်ပင် မြင့်မြတ်သောနန်းတော်၏ လျှို့ဝှက်လက်နက် ဖြစ်နေခဲ့၏။

“ကျောင်းဇူ ငါတို့သွားရအောင်” လီချင်းချန်မှ အေးစက်စွာ ပြောလိုက်သည်။ ယခုအချိန်၌သာ သူမနှင့်ကျောင်းဇူတို့ သွားရောက်ကူညီခြင်း မပြုပါက ပိုင်လီတို့အားလုံး ရှုံးနိမ့်သွားရမည်သာ ဖြစ်၏။

ထိုသို့ဖြစ်သွားခဲ့ပါက လီချင်းချန်နှင့် ကျောင်းဇူတို့၏ ပိုင်နက်အား ကာကွယ်ထားနိုင်လျှင်ပင် မိုင်နှစ်ရာမျှသာ ရရှိနိုင်တော့မည်ဖြစ်ပြီး အလှပန်းတစ်ရာ နန်းတော်နှင့် မြောက်ပိုင်းနဂါး ပင်လယ်ခန်းမတို့ထက်ပင် ဝေစုနည်းပါးသွားရပေလိမ့်မည်။

ထိုအချိန်သို့ ရောက်ရှိသွားခဲ့လျှင် ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာမှာ များစွာ လျော့ပါးသွားရမည် ဖြစ်သည်။

ဆက်သွယ်ရေး ကျောက်စိမ်းပြားမှတဆင့် ကျောင်းဇူမှာ သတင်းရရှိကြောင်း ပြောလိုက်၏။

ဝှစ် ...

လီချင်းချန်နှင့် ကျောင်းဇူမှာ ပိုင်လီတို့ရှိရာအရပ်သို့ ပျံသန်းရန် ပြင်ဆင်လိုက်သည်။

သို့သော် လေထုထဲသို့ ပျံသန်းခါစမှာပင် ပုံရိပ်နှစ်ခုမှ တားဆီးလာခဲ့၏။ ထိုပုံရိပ်များမှာ မြင့်မြတ်သောနန်းတော်မှ ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့ပင် ဖြစ်၏။

ဝမ့်ချီမှာ လက်ထဲမှ သတ္ထုလုံးများကို ဆော့ကစားနေရင်းဖြင့် လီချင်းချန်တို့အား ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့အဆင့်နဲ့ ဝင်ပါရမှာ မရှက်ဘူးလား”

လီချင်းချန်မှ အေးစက်စွာကြည့်၍ အော်ဟစ်လိုက်၏။

“ဝမ့်ချီ ဖယ်ပေးစမ်း”

ဝမ့်ချီမှ ခေါင်းကိုခါယမ်းကာ စကားဆိုလိုက်သည်။

“ရွေးချယ်ခံတစ်ယောက်က ရွေးချယ်ခံ အချင်းချင်းကိုပဲ ရင်ဆိုင်သင့်တာပေါ့။ မင်းတို့က အရမ်းကို တိုက်ခိုက်ချင်နေတယ်ဆိုလည်း ငါတို့ရှိနေတာပဲလေ။ ကျန်တဲ့သူတွေကိုတော့ သူတို့ဘာသာ ဖြေရှင်းပါစေလား”

လီချင်းချန်၏အမူအရာမှာ ပို၍အေးစက်လာခဲ့၏။ ဝမ့်ချီတို့မှာ ရည်ရွယ်ချက်ရှိစွာ တားဆီးနေခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ ထို့ကြောင့် အားသုံးပြီး ဖြေရှင်းရန်သာ ရှိတော့၏။

လီချင်းချန်မှာ ကျောင်းဇူနှင့် အကြည့်ချင်းဖလှယ်ကာ ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေလိုက်သည်။ စွမ်းအင်လှိုင်းများမှာ ကောင်းကင်ကိုပင် ဖုံးကွယ်သွားကာ ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေ၏။

ဝုန်း ...

ပေနှစ်ထောင်အချင်းမျှရှိသော ချီစွမ်းအင်များက ကောင်းကင်တစ်ခွင်လုံးအား လွှမ်းခြုံသွားခဲ့သည်။

ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့မှာ လီချင်းချန်တို့၏ ချီစွမ်းအင်များအား ကြည့်ရှုနေရင်းဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့၏။ ထို့နောက် လက်ဝါးထက်မှတစ်ဆင့် ချီစွမ်းအင်များကို ပေါက်ကွဲထွက်စေလိုက်သည်။

ဝုန်း ... ဝုန်း ...

ချီစွမ်းအင်များ ထိပ်တိုက်တွေ့ဆုံသွားခဲ့ပြီး ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားခဲ့၏။ ချက်ချင်းဆိုသလိုပင် မြေပြင်များမှာ အက်ကွဲလာရကာ တောင်ကုန်းများသည်ပင် ပြိုလဲကျကုန်ကြသည်။

လေထုထဲ၌ လီချင်းချန်နှင့် ကျောင်းဇူမှာ ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့၏ မျက်နှာချင်းဆိုင် အနေအထားတွင် ရှိနေကြ၏။

ချီစွမ်းအင်များ ထိပ်တိုက်တွေ့ဆုံမှုမှာ ပြင်းထန်လွန်းလှသဖြင့် အဝေး၌ရှိနေသော အလှပန်းတစ်ရာ နန်းတော်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမတို့မှ သူများပင် အာရုံခံမိခဲ့သည်။ ဖန်းရင်နှင့် မြောက်ပိုင်းနဂါးပင်လယ်ခန်းမမှ ရွေးချယ်ခံတို့မှာ တိုက်ပွဲနှင့် ခပ်လှမ်းလှမ်း နေရာသို့ ရောက်ရှိလာခဲ့ကြ၏။

“သူတို့တကယ်ကို တိုက်ခိုက်နေကြတာပဲ”

ဖန်းရင်၏မျက်ဝန်းများမှာ အနည်းငယ် ပြူးကျယ်သွားခဲ့ရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သက်ဆိုင်ရာကလန်များမှ ရွေးချယ်ခံများမှာ မည်သည့်အခါမှ တိုက်ခိုက်လေ့ မရှိကြပေ။ ဤသည်မှာ ပြောစရာမလိုသော စည်းကမ်းချက်တစ်ခုပင် ဖြစ်၏။

သို့သော် ယခုအချိန်၌ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သော နန်းတော်တို့မှ ရွေးချယ်ခံများမှာ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်နေခဲ့ကြသည်။

မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ ရွေးချယ်ခံမှာ ဖန်းရင်အနီးသို့ ရောက်ရှိလာပြီး တိုးညင်းစွာဖြင့် ပြောလိုက်၏။

“မြင့်မြတ်သောနန်းတော်က ကန်ရွှမ်းကလန်ရဲ့ ပိုင်နက်တွေအားလုံးကို လိုက်ပြီး သိမ်းပိုက်နေတယ်လို့ ငါကြားခဲ့တယ်”

ဖန်းရင်မှာ မျက်ဝန်းများ ကျဉ်းမြောင်း သွားခဲ့ရသည်။ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့မှာ ယခင်ထဲမှ ကတောက်ကဆများ ရှိနေခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ကန်ရွှမ်းကလန်မှာ ယခင်က နံပါတ်တစ်ဖြစ်ခဲ့ဖူးသော ကလန်ဖြစ်ပြီး မြင့်မြတ်သောနန်းတော်မှာ ယခုလက်ရှိ နံပါတ်တစ်ဖြစ်နေသော ကလန်ဖြစ်သည်။ ထို့ကြောင့် ထိုကလန်နှစ်ခုအကြားတွင် များစွာသောတိုက်ခိုက်မှုများ ဖြစ်ပေါ်ကြသည်မှာ ပုံမှန်ပင်ဖြစ်၏။

ယခုမီးလျှံအဆီအနှစ် သွေးကြောအား သိမ်းပိုက်ခြင်းတိုက်ပွဲတွင် အလှပန်းတစ်ရာ နန်းတော်နှင့် မြောက်ပိုင်းနဂါး ပင်လယ်ခန်းမတို့မှာ သွေးကြောရှိရာဒေသနှင့် ဝေးကွာလွန်းလှသည့်အတွက် အနည်းငယ်မျှ သိမ်းပိုက်ရန်သာ ရည်ရွယ်ထားခဲ့သည်။ ထို့ကြောင့် ထိုကလန်နှစ်ခုအား မြင့်မြတ်သော နန်းတော်မှ အရေးတယူ မရှိနေခဲ့ပေ။

သို့သော် ကန်ရွှမ်းကလန်မှာ မြင့်မြတ်သောနန်းတော်အား အနည်းငယ်မျှပင် အလျော့ပေးရန် ရည်ရွယ်ချက် မရှိခဲ့သောကြောင့် ထိုကလန်နှစ်ခုမှာ ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရ၏။

ဖန်းရင်မှာ လီချင်းချန်နှင့် ရင်းနှီးကျွမ်းဝင်ပါသော်လည်း ဤပြဿနာမှာ သူမပါဝင်ရမည့်အရာ မဟုတ်ပေ။ ထိုကလန်နှစ်ခုအကြားရှိ ပဋိပက္ခများမှာ လွန်ခဲ့သော အချိန်ကာလများထဲမှ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

“ဝမ့်ချီနဲ့ ကောင်းကျင့်ဇူတို့က လီချင်းချန်တို့ကို တခြားသူတွေဆီ သွားကူလို့မရအောင် တားနေတာပဲ။ အခုတော့ ကန်ရွှမ်းကလန်က တပည့်တွေက မြင့်မြတ်သော နန်းတော်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါစေလို့ပဲ မျှော်လင့်နေရတော့မယ်”

ဖန်းရင်မှာ သက်ပြင်းချကာ ခေါင်းကိုခါယမ်းလိုက်၏။

***

ဘန်း ...

သွေးနီရောင် မြေပြင်အား ပြင်းထန်လှသော ချီစွမ်းအင်များမှ ရိုက်ခတ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် မြေပြင်တစ်ခုလုံးမှာ ​အက်ကွဲသွားခဲ့ရပြီး ​သာမန်မျက်စိနှင့်ပင် မြင်နိုင်သော အပျက်အစီးများ ဖြစ်ပေါ်သွားခဲ့၏။

အား ...

စွမ်းအင် လှိုင်းဂယက်များနှင့်အတူ အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ပုံရိပ်နှစ်ခုမှာ အနောက်သို့ လွင့်စဉ်သွားခဲ့ပြီး မြေပြင်ထက်၌ ကြီးမားသော စွတ်ကြောင်းနှစ်ခုကို ဖြစ်ပေါ်စေခဲ့၏။ ထိုပုံရိပ်နှစ်ခုမှာ ပြင်းထန်လှသောအရှိန်ဖြင့် လွင့်စဉ်လာခဲ့ခြင်း ဖြစ်သောကြောင့် ရိုက်ခတ်မိသော ကျောက်တုံး ကျောက်ဆောင်များသည်ပင် အလုံးစုံ ကွဲအက်သွားခဲ့ရသည်။

ထိုပုံရိပ်နှစ်ခုမှာ အားယူကာ အရှိန်ထိန်းရန် ကြိုးစားနေရ၏။ ထိုသူများမှာ ချင်းဟိုင်နှင့် ပိုင်လီတို့ပင် ဖြစ်သည်။

ချင်းဟိုင်တို့နှစ်ဦး၏ပုံစံမှာ ဖရိုဖရဲဖြစ်နေခဲ့ပြီး အမူအရာမှာလည်း ဖြူရော်နေကာ လက်ချောင်းများမှ သွေးများ ယိုစီး​လေ၏။ သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များမှာလည်း ကမောက်ကမ ဖြစ်နေခဲ့ရသည်။

ယန်ရွှမ်းမှ ချင်းဟိုင်တို့အား ကြည့်ကာ ပြုံး၍ပြောလိုက်၏။

“ဟားဟား ... ကျွန်တော်မပြောဘူးလား။ နိုင်ဖို့ အခွင့်အရေး မရှိပါဘူးလို့။ အဲဒါကိုဘာလို့ အရမ်းတွေ တိုက်ခိုက်ချင်နေရတာလဲ”

ယန်းရွှမ်းစီမှ ထွက်ပေါ်လျက်ရှိသော ချီစွမ်းအင်များမှာ အလွန်ပင် သိပ်သည်းလှသည်။

“ဒီမီးလျှံအဆီအနှစ် သွေးကြောနယ်မြေထဲကနေ ကောင်းကောင်းမွန်မွန်နဲ့ ထွက်သွား လိုက်ကြပါတော့။ အစ်ကိုတော်တို့ရဲ့ ကန်ရွှမ်းကလန်က ကျွန်တော်တို့နဲ့ ယှဉ်ဖို့မဖြစ်နိုင်ဘူး”

ယန်ရွှမ်း၏ နှုတ်ခမ်းထက်၌ လှောင်ပြောင်လိုသော အပြုံးတစ်ခု တွဲလဲခိုနေ၏။

“မင်းအိပ်မက်ထဲမှာပဲ ရမယ်”

ချင်းဟိုင်နှင့်ပိုင်လီတို့မှ ပြင်းထန်လှသော ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ယန်ရွှမ်းထံသို့ မုန်တိုင်းတစ်ခုအလား တိုက်ခိုက်ခဲ့သည်။

“ဦးနှောက်မရှိဘူးပဲ”

ယန်ရွှမ်းမှာ ခေါင်းကိုခါယမ်းလိုက်ပြီးနောက် လက်ဖဝါးထက်မှ ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

“အစ်ကိုတော်တို့က အသိဉာဏ် မရှိဘူးဆိုမှတော့ ကျွန်တော်ကပဲ ခြေထောက်တွေကို ရိုက်ချိုးပြီးတော့ အပြင်ဘက်ကို ပို့ပေးပါ့မယ်”

***

မီးလျှံအဆီအနှစ် သွေးကြော၏ အဝင်ဝ၌ တောင်ကုန်းပေါ်တွင်ရှိနေသော အကြီးအကဲဝူမှာ မှန်ချပ်ကြီးနှစ်ခုအား ကြည့်ရှုနေလျက် ရှိသည်။ မှန်ချပ်တစ်ခုမှာ လီချင်းချန်တို့အား ပြသနေခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ ချင်းဟိုင်တို့အား ပြသနေခြင်း ဖြစ်၏။

ကြည့်ရသည်မှာ ချင်းဟိုင်နှင့်ပိုင်လီတို့မှာ ကြာကြာတောင့်ခံထားရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

အကြီးအကဲဝူ၏ အမူအရာမှာ ခက်ထန်နေခဲ့၏။ အကြီးအကဲဝူမှာ မြင့်မြတ်သောနန်းတော်မှ တပည့်များ၏ အခြေအနေအား တွက်ဆကာ လီချင်းချန်တို့အား မီးလျှံအဆီအနှစ်သွေးကြော၏ ဗဟိုချက်ဒေသအား မိုင်ခြောက်ရာမျှ သိမ်းပိုက်ထားရန် တာဝန်ပေးထားခဲ့သည်။

သို့သော်လည်း မြင့်မြတ်သောနန်းတော်မှ စဉ်းလဲစွာဖြင့် တပည့်တစ်ဦး၏ စွမ်းအင်အား ဖုံးကွယ်ထားခဲ့၏။ ထို့ကြောင့် အကြီးအကဲဝူ၏ အစီအစဉ်များအားလုံး ပျက်စီးသွားခဲ့ရသည်။

ကြည့်ရသည်မှာ မြင့်မြတ်သောနန်းတော်မှ ကန်ရွှမ်းကလန်၏ ပိုင်နက်အကုန်လုံးအား သိမ်းပိုက်ရန် ကြံရွယ်ထားဟန် ရှိ၏။

အကြီးအကဲဝူမှာ ဒေါသဖြစ်စွာဖြင့် မြင့်မြတ်သောနန်းတော်၏ အကြီးအကဲအား ကြည့်ရှုလိုက်သည်။ မြင့်မြတ်သောနန်းတော်မှ အကြီးအကဲမှာ အထင်အမြင်သေးသော မျက်ဝန်းများဖြင့် ပြန်လည်ပြုံးပြလာခဲ့၏။

မီးတောင်ဝတွင်ရှိနေသော အခြားသော အုပ်စုများထံမှ ဝေဖန်ဆွေးနွေးသံများ စတင် ထွက်ပေါ်လာခဲ့သည်။ ထိုအုပ်စုများမှာလည်း စွမ်းအင်မှန်ချပ်များ အသီးသီး ရှိနေကြသောကြောင့် သွေးကြောဒေသထဲမှ ဖြစ်ပျက်နေသော အရာများအား မြင်တွေ့နေရ၏။

များစွာသော အုပ်စုများမှာ အကြီးအကဲဝူအား အဆက်မပြတ် ကြည့်ရှုနေကြပြီး ကန်ရွှမ်းကလန်၏ အခြေအနေကိုလည်း စောင့်ကြည့်နေခဲ့ကြသည်။

မီးလျှံအဆီအနှစ်နယ်မြေ၌ လက်ရှိဖြစ်ပေါ်နေသောတိုက်ပွဲမှာ အပေါ်ယံမျှသာဖြစ်ပြီး အစစ်အမှန်မှာ အင်အားကြီး ကလန်နှစ်ခုဖြစ်သော ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့၏ ပဋိပက္ခသာဖြစ်၏။ ယခုအကြိမ်တွင်တော့ မြင့်မြတ်သောနန်းတော်မှ အသာစီးရထားသည်မှာ ထင်ရှားလှသည်။

***

သွေးနီရောင် ကုန်းမြေထက်၌ ပြင်းထန်လှသော တိုက်ပွဲများမှာ ဆက်လက် ဖြစ်ပေါ်နေပြီး စွမ်းအင် လှိုင်းဂယက်များကြောင့် ၎င်းဧရိယာ တစ်ခုလုံးမှာလည်း အပျက်အစီးများနှင့် ပြည့်နှက်နေခဲ့၏။

ချင်းဟိုင်နှင့် ပိုင်လီတို့နှစ်ဦးမှာ အံကိုတင်းတင်းကြိတ်လျက် ခက်ခဲစွာ ခုခံနေခဲ့ကြသည်။

နှစ်ဦးလုံး၏ ချီစွမ်းအင်များမှာ တစ်စထက်တစ်စ အားနည်းလာရ၏။

ပိုင်လီတို့နှစ်ဦးမှာ သူတို့ထံသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသော ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေကာ ထပ်မံ တိုက်ခိုက်လိုက်သည်။

ဝုန်း ...

သို့သော် မကြာမီမှာပင် ပိုင်လီတို့နှစ်ဦးမှာ ထပ်မံလွင့်စဉ်သွားခဲ့ရ၏။

မီးတောင်ဝတွင်ရှိနေသော အုပ်စုများမှာ တိုးညင်းစွာ သက်ပြင်းချလိုက်ကြသည်။ ကန်ရွှမ်းကလန်မှ တပည့်များမှာ ကြောက်မက်ဖွယ် ကောင်းပါသော်လည်း တစ်ဖက်ပြိုင်ဖက်အား တားဆီးနိုင်လောက်သည့် စွမ်းအင်မျိုး မရှိနေခဲ့ပေ။

အကြီးအကဲဝူမှာ သွေးကြောများပင် မြင်ရလောက်အောင် လက်များကို တင်းတင်းဆုပ်ထားကာ သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် မြင့်မြတ်သောနန်းတော်မှ အကြီးအကဲအား ကြည့်နေခဲ့၏။

***

အဆီအနှစ်သွေးကြော၏ ဗဟိုချက်ဒေသ အပြင်ဘက်၌ အလံတိုင်အောက်တွင် ရှိနေသော ဇူယွမ်၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းနေခဲ့သည်။ ဇူယွမ်မှာ တိတ်ဆိတ်စွာဖြင့် ပိုင်လီနှင့် ချင်းဟိုင်တို့၏အသံအား နားစွင့်နေလျက် ရှိ၏။

အခြေအနေမှာ အတော်ပင် ဆိုးရွားနေပြီး ပိုင်လီတို့အုပ်စုမှ ဗဟိုချက်ဒေသာအား ကာကွယ်ထားရန် မဖြစ်နိုင်တော့သည့် အနေအထားတွင် ရှိနေခဲ့သည်။

ဇူယွမ်မှာ ခေါင်းကိုမော့ကာ အဝေးတစ်နေရာအား မျှော်ကြည့်၍ ခေတ္တမျှ တိတ်ဆိတ်နေခဲ့၏။ ထို့နောက် ကောင်းကင်အား ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။

“ဟာကွာ ... ”

“မင်းတို့က မစ်ရှင်ကျရှုံးအောင် လုပ်နေကြတာပဲ”

အကယ်၍ ကန်ရွှမ်းကလန်၏ ပိုင်နက်များအားလုံး သိမ်းပိုက်ခံခဲ့ရမည် ဆိုပါက ကောင်းကင်အဆင့် တာဝန်မှာ အလုံးစုံ ကျရှုံးသွားရမည် ဖြစ်၏။ ထိုသို့ဖြစ်သွားမည် ဆိုပါက ကောင်းကင်တံဆိပ်ပြား ရရှိနိုင်တော့မည် မဟုတ်ချေ။

ဇူယွမ်မှ သက်ပြင်းချလိုက်မိသည်။ အကြီးအကဲဝူနှင့် အခြားသူများမှာ သူ့အားအထင်သေး နေခဲ့သည့်အတွက် ဤကိစ္စနှင့် ပက်သတ်၍ အမှန်တကယ် ဝင်မပါချင်ပါသော်လည်း ကောင်းကင်တံဆိပ်ပြား ရရှိနိုင်ရန်အတွက် ဝင်မပါပဲနေ၍ မရတော့ပေ။

ဇူယွမ်မှာ နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားကာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။

ဗဟိုချက်ဒေသ၏ အပြင်ဘက်၌ တာဝန်ချထားခြင်းခံရပြီး လူတိုင်းမှ မေ့လျော့နေခဲ့ကြသော ဇူယွမ်မှာ နောက်ဆုံး၌ ပါဝင်လာရတော့မည်ပင် ဖြစ်သည်။

All Chapters