← Chapters

တစ်ဖွဲ့လုံးရှုံးနိမ့်သွားရခြင်း

Vol. 31 Ch. 421

တစ်ဖွဲ့လုံးရှုံးနိမ့်သွားရခြင်း

Vol. 31 Ch. 421

“ကျားခဲဓားကွက်”

ဓားသွား၏ အလင်းတန်းနှင့်အတူ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ဓားသွားမှ ထွက်ပေါ်လာသော အလင်းတန်းမှာ ကျားသားရဲ တစ်ကောင်၏ အသွင်ထွက်ပေါ်နေပြီး တောင်များကိုပင် ဖြိုခွင်းနိုင်သော ပြင်းထန်လှသည့် စွမ်းအင်ဖိအားများကို ထုတ်လွှတ်နေ၏။

ဓားသွားထံမှ ထွက်ပေါ်လာသော အလင်းတန်းမှာ ထက်ရှလှသော စွမ်းအင်များနှင့် ပြည့်နှက်နေပြီး ယန်ရွှမ်းထံသို့ ဦးတည်သွားခဲ့သည်။

“ကြီးမြတ်ဆန်းကြယ်သော ရွှေလက်ဝါး”

ဓားအလင်းတန်း၏နောက်မှ သေးသွယ်သောပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။ ပိုင်လီ၏ လက်များမှာ ရွှေရောင်အလင်းတန်းများ တောက်ပနေခဲ့ပြီး လေထုကိုပင် ဆုတ်ပြဲစေနိုင်သော စွမ်းအင်ဖိအားများ ထွက်ပေါ်နေခဲ့သည်။

ပိုင်လီနှင့် ချင်းဟိုင်နှစ်ဦးလုံးမှာ ဤအကြိမ်၌ တိုက်ပွဲစွမ်းရည် အကန့်အသတ်သို့ ရောက်သည်အထိ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်၏။

ချင်းဟိုင်းတို့နှစ်ဦး၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ယန်ရွှမ်း၏ မျက်ဝန်းများမှာ ကျဥ်းမြောင်း လာခဲ့ရသည်။ သို့သော်လည်း ယန်ရွှမ်းထံ၌ ကြောက်ရွံ့စိတ် အနည်းငယ်မျှပင် ရှိမနေဘဲ အထင်အမြင်သေးသော အရိပ်အယောင်များသာ ယှက်သန်းနေခဲ့၏။

ယန်ရွှမ်းမှာ ခေါင်းကိုခါယမ်းကာ အရှေ့သို့ တိုးဝင်သွားပြီးနောက် လက်များအား ဆန့်ထုတ်ကာ ပေအချင်းမျှရှိသော စွမ်းအင်စက်ဝန်းများကို ပေါက်ကွဲ ထွက်ပေါ်စေလိုက်သည်။

စွမ်းအင်စက်ဝန်းများမှာ ရှုပ်ထွေးနေသော အပြောက်အမွမ်းများနှင့် လွှမ်းခြုံနေခဲ့ပြီး ထူးခြားဆန်းကြယ်သော မြင်ကွင်းကို ပေးစွမ်းနေလျက် ရှိ၏။

“မြင့်မြတ်သော စွမ်းအင်စက်ဝန်း ... ”

ဘန်း ...

ကျားသားရဲ၏ အသွင်ဖြစ်ပေါ်နေသော ဓားအလင်းတန်းမှာ စွမ်းအင်စက်ဝန်းနှင့် တွေ့ဆုံသွားခဲ့ကြသည်။ စွမ်းအင်စက်ဝန်းစီမှ ပြင်းထန်လှသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ဓားအလင်းတန်းကို ဖြိုခွဲနေခဲ့၏။

ဝုန်း ...

ရွှေရောင်အလင်းတန်းများ တောက်ပနေသော လက်ဝါးချက်မှာ လေထုများကို ဆုတ်ဖြဲလျက် ထွက်ပေါ်လာခဲ့ပြီးနောက် စွမ်းအင်စက်ဝန်းနှင့် တွေ့ဆုံသွားခဲ့သည်။

ယန်ရွှမ်းမှာ လက်ဝါးအား တစ်ဖက်သို့လှည့်ကာ စွမ်းအင်စက်ဝန်းအား ပြောင်းပြန် လည်ပတ်စေလိုက်၏။

ဒုန်း ...

ပြောင်းပြန်လည်ပတ်နေသော စွမ်းအင်စက်ဝန်းမှာ ရွှေရောင်လက်ဝါးအား ဝါးမျိုနေခဲ့ပြီးနောက် အရိုးအက်ကွဲသံ သဲ့သဲ့မျှ ထွက်ပေါ်လာကာ ပိုင်လီ၏လှပသော မျက်နှာလေးပေါ်၌ နာကျင်မှု အရိပ်အယောင်များ ယှက်သန်းလာခဲ့ရသည်။

ထို့နောက် ပိုင်လီမှာ လွင့်စဉ်သွားကာ တောင်ကုန်းတစ်ခုနှင့် ရိုက်ခတ်သွားခဲ့၏။

အား ...

ပိုင်လီ၏ နှုတ်ခမ်းထက်မှ သွေးစက်များ ယိုစီးကျလာခဲ့သည်။

ချင်းဟိုင်မှ လျင်မြန်စွာ ဆုတ်ခွာရန် ပြင်ဆင်လိုက်သော်လည်း ယန်ရွှမ်းမှာ ချင်းဟိုင်၏အနောက်သို့ မြွေတစ်ကောင်အလား လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ ထို့နောက် မြေတွန်သံသဲ့သဲ့မျှ ကြားလိုက်ရကာ ယန်ရွှမ်းမှ လက်သီးဖြင့် ထိုးချလိုက်သည်။

ချင်းဟိုင်မှာ လျင်မြန်စွာပင် လက်များကို ယှက်သိုင်းလိုက်ပြီးနောက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ ကာကွယ်လိုက်၏။

ဝုန်း ...

သို့သော်လည်း ချင်းဟိုင်၏ချီစွမ်းအင်များမှာ ချက်ချင်းပင် ဆုတ်ဖြဲခံခဲ့ရသည်။ ချင်းဟိုင်မှာ အနောက်သို့ လွင့်စဉ်သွားခဲ့ပြီးနောက် ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရ၏။

ခေတ္တမျှသော အချိန်လေး အတွင်းမှာပင် ချင်းဟိုင်တို့နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိနေခဲ့ပြီ ဖြစ်သည်။

ယန်ရွှမ်းမှာ ချင်းဟိုင်တို့အားကြည့်၍ ပြုံးကာပြောလိုက်၏။

“အစ်ကိုတော်တို့ပဲ ထိခိုက်ရလိမ့်မယ်လို့ ကျွန်တော်သတိပေးခဲ့တာပဲ။ ကျွန်တော့်ကိုမှ မယုံကြတာကိုး”

ပိုင်လီမှာ ယန်ရွှမ်းအား အလွန်အမင်း ဒေါသထွက်နေဟန်ဖြင့် ကြည့်ရှုလိုက်သည်။

ယန်ရွှမ်းမှ ပိုင်လီ၏ မျက်ဝန်းများကို ကြည့်ကာ ပြုံး၍ စကားဆိုလိုက်၏။

“ကြောက်ဖို့ကောင်းလိုက်တာ”

ထို့နောက် ယန်ရွှမ်းမှ လက်ဖြောက်တီး လိုက်သည်နှင့်တကွ ချီစွမ်းအင်များမှာ ပိုင်လီ၏ပခုံးအား ထပ်မံရိုက်ခတ် သွားခဲ့သည်။ ပိုင်လီမှာ သွေးများကို အန်ထုတ်လိုက်ရင်းဖြင့် ထပ်မံလွင့်စဉ် သွားခဲ့ရ၏။

“ယန်ရွှမ်း” ချင်းဟိုင်မှ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ယန်ရွှမ်းထံသို့ တိုးဝင်သွားခဲ့သည်။

သို့သော် ယန်ရွှမ်းမှာ လှည့်ပင်မကြည့်ဘဲ အင်္ကျီလက်မောင်းအိုးအား ဝှေ့ယမ်း လိုက်သည်နှင့်တကွ ချီစွမ်းအင်များမှာ ချင်းဟိုင်းစီသို့ ဦးတည်လာခဲ့၏။

ချင်းဟိုင်မှာ ထပ်မံလွင့်စဉ်သွားခဲ့ရကာ သွေးများ အန်ထုတ်လိုက်ရပြန်သည်။

ချင်းဟိုင်၏ ခန္ဓာကိုယ်မှာ ကျောက်ဆောင်တစ်ခုနှင့် ရိုက်ခတ်သွားခဲ့ပြီး သွေးနှစ်ကြိမ်မျှ အန်ထုတ်လိုက်ရ၏။ ချင်းဟိုင်မှာ စွမ်းအင်များ မရှိတော့သကဲ့သို့ ခံစားနေရကာ အလွန်ပင် နာကျင်နေခဲ့ရသည်။

ပိုင်လီနှင့်ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပါသော်လည်း ယန်ရွှမ်းအား ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။

ချင်းဟိုင်မှာ ခါးသက်စွာ ရယ်မောလိုက်ပြီးနောက် တိုးညင်းသောအသံဖြင့် စကားဆိုလိုက်၏။

“စီနီယာအစ်မတော်လီ၊ စီနီယာအစ်ကိုတော်ကျောင်း ... ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါသေးတယ်”

***

ဝမ့်ချီတို့နှင့် ရင်ဆိုင်နေရသော လီချင်းချန်နှင့် ကျောင်းဇူတို့မှာ ဆက်သွယ်ရေး ကျောက်စိမ်းပြားမှ ချင်းဟိုင်၏အသံအား ကြားလိုက်ရသောအခါတွင် စိတ်နှလုံးများပင် ထိခိုက်သွားရသည့်အလား ခံစားလိုက်ရသည်။

အခြေအနေများမှာ အလွန်ပင် ဆိုးရွားနေပုံရ၏။

လီချင်းချန်၏ အေးစက်နေသော မျက်ဝန်းများမှာ ပိုမိုအေးခဲလာခဲ့သည်။ သို့သော် လီချင်းချန်မှာ ဖြေရှင်းနိုင်မည့် နည်းလမ်းအား မတွေးတောနိုင်ပဲရှိ၏။ အဘယ့်ကြောင့်ဆိုသော် ဝမ့်ချီနှင့် ကောင်းကျင့်ဇူမှာ လွယ်ကူစွာ ရင်ဆိုင်၍ရမည့်သူများ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဝမ့်ချီနှင့် ကောင်းကျင့်ဇူသာ ဆက်လက် တားဆီးနေဦးမည် ဆိုပါကလည်း သူမဘာမှ တက်နိုင်မည်မဟုတ်ပေ။

“ဟဲဟဲ ... ဘာမှစိတ်ရှုပ်ခံမနေပါနဲ့။ ငါတို့ကလည်း အမိန့်အတိုင်း လိုက်နာနေရလို့ပါ။ တကယ်လို့ မင်းတို့ကသာ အလျော့ပေးမယ်ဆိုရင် ဒီမိုင်နှစ်ရာပတ်လည်ကို ငါတို့နည်းနည်းမှတောင် ထိမှာမဟုတ်ဘူး” ဝမ့်ချီမှ လီချင်းချန်အား ပြုံးကာပြောလိုက်၏။

လီချင်းချန်မှာ အရိုးများကိုပင် အေးခဲသွားစေနိုင်သော အသံဖြင့် တုံ့ပြန်လိုက်သည်။

“နင်တို့ စမ်းကြည့်လိုက်လေ။ နောက်ဆုံးမှာ ဘယ်သူကပိုပြီး နာနာကျင်ကျင်နဲ့ အဆုံးသတ်သွားမလဲဆိုတာ သိရတာပေါ့”

လီချင်းချန်၏ အမူအရာမှာ အလွန်ပင် အေးစက်နေ၏။ ယခုအချိ်န်တွင် သွေးကြောဒေသ မည်မျှရရှိမည်မှာ အရေးမကြီးတော့ဘဲ မြင့်မြတ်သောနန်းတော်မှ ကန်ရွှမ်းကလန်အား ဖိနှိပ်နေသည့် အချင်းအရာကသာ အရေးပါတော့သည်။

လီချင်းချန်မှာ မြင့်မြတ်သောနန်းတော်မှ ဗိုလ်ကျစိုးမိုးနေသည်ကို သိရှိနေပါသော်လည်း လက်ရှိအခြေအနေနှင့် ပက်သတ်၍ စွမ်းဆောင်နိုင်သောအရာ မရှိသောကြောင့် ဒေါသများကို မျိုသိပ်နေခဲ့ရ၏။

***

မီးတောင်ဝ၌ …

အကြီးအကဲဝူမှာ မှန်ချပ်များအား ကြည့်ရှုနေရင်းဖြင့် မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်များ ပြည့်နှက်လာရသည်။ အခြားသော အုပ်စုများထံမှ ဝေဖန်ဆွေးနွေးသံများနှင့် ​ကြည့်ရှုနေကြသော မျက်ဝန်းများကိုလည်း အကြီးအကဲဝူမှ သိရှိနေခဲ့၏။

ထိုအကြည့်များက အကြီးအကဲ၏ စိတ်နှလုံးအား မကျေမချမ်း ဖြစ်စေသည်။ အကြီးအကဲဝူမှာ ဒေါသထွက်စွာဖြင့် မြင့်မြတ်သောနန်းတော်မှ အကြီးအကဲအား ကြည့်ရှုလိုက်၏။ ကြည့်ရသည်မှာ မြင့်မြတ်သော နန်းတော်သည် မဟူရာမီးတောက်စီရင်စုအား သိမ်းပိုက်နိုင်ရန် ကြံရွယ်ထားပုံရသည်။

ထို့ကြောင့် မြင့်မြတ်သောနန်းတော်မှာ အလွန် လျှို့ဝှက်နေခဲ့ခြင်းဖြစ်ပြီး လူအားလုံး၏ရှေ့၌ ကန်ရွှမ်းကလန်အား အရှက်ခွဲကာ မဟူရာမီးတောက် စီရင်စုအား ထိတ်လန့်သွားစေရန် လုပ်ဆောင်ခဲ့၏။

ကန်ရွှမ်းကလန်ကဲ့သို့ အင်အားကြီးကလန်ကြီး တစ်ခုအား မြင့်မြတ်သောနန်းတော်၏ လက်ထဲ၌ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်စေခြင်းဖြင့် မြင့်မြတ်သော နန်းတော်မှာ မည်မျှအင်အားကြီးကြောင်း ပြသလိုခြင်းပင် ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် မဟူရာမီးတောက်စီရင်စုအား မြင့်မြတ်သော နန်းတော်၏ လက်အောက်သို့ အလွယ်တကူ ကျရောက်စေကာ စီရင်စုဒေသအား မြင့်မြတ်သောနန်းတော်း အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးပြုနိုင်မည်ပင် ဖြစ်၏။

“တော်တော်ကောင်းတဲ့ အကြံအစည်ပါလား”

အကြီးအကဲဝူမှ ဒေါသများကို ချုပ်တည်းထားနိုင်ခြင်း မရှိတော့သည့်အတွက် အမူအရာမှာ အလွန်ပင် ခက်ထန်နေရသည်။ သို့သော် အကြီးအကဲဝူမှ မြင့်မြတ်သော နန်းတော်မှ အကြံအစည်များကို သိရှိနေသည့်တိုင် စွမ်းဆောင်နိုင်မည့်အရာ မရှိခဲ့ချေ။ အကယ်၍ အကြီးအကဲဝူမှသာ ဝင်ရောက် စွက်ဖက်ခဲ့ပါက ပို၍ကြီးမားသော ပဋိပက္ခများစီသို့ ဦးတည် သွားရပေလိမ့်မည်။

***

ယန်ရွှမ်းမှာ အကြောများကို ဆန့်ထုတ်ကာ ချင်းဟိုင်တို့အား သနားနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ ထို့နောက် တစ်ဖက်သို့လှည့်၍ အလဲလဲအပြိုပြို ဖြစ်နေကြသော ကန်ရွှမ်းကလန်မှ တပည့်များအား ကြည့်ရှုလိုက်လေသည်။ မြင့်မြတ်သောနန်းတော်မှ ထင်ရှားစွာပင် အသာစီးရနေခဲ့၏။

ဤပုံစံအတိုင်းသာ ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက ကန်ရွှမ်းကလန်မှာ မျက်နှာရစရာပင် ကျန်တော့မည်မဟုတ်ပေ။

ယန်ရွှမ်းမှာ ပိုင်လီတို့နှစ်ဦးအား ကြည့်ရင်း ရယ်မောကာ ပြောလိုက်၏။

“ကြည့်ရတာ အစ်ကိုတော်တို့ ကန်ရွှမ်းတစ်ဖွဲ့လုံး ရှုံးနိမ့်ရတော့မယ် ထင်တယ်နော်”

ထွီး ...

ပိုင်လီမှာ ချီစွမ်းအင်များ ပါဝင်နေသော သွေးတစ်လုတ်အား ယန်ရွှမ်းဆီသို့ ထွေးထုတ်ပစ်လိုက်သည်။

ယန်ရွှမ်းခန္ဓာကိုယ်မှ ချီစွမ်းအင်များမှာ ဒိုင်းကာတစ်ခုအသွင်သို့ ပြောင်းလဲသွား၏။

သွေးစက်များမှာ ​ပြိုကွဲသွားခဲ့ရသော်လည်း သွေးစက်အချို့မှာ ယန်ရွှမ်း၏ ခန့်ညားသော မျက်နှာအား ထိစင်သွားခဲ့သည်။

ယန်ရွှမ်းမှာ မျက်မှောင်ကြုတ်လျက် သွေးစက်များကို ခါထုတ်လိုက်ပြီးနောက် ပြုံးကာပြောလိုက်၏။

“အစ်မတော်ကို သတ်ပစ်လိုက်ရင် ကျွန်တော့်အတွက် ပြဿနာနည်းနည်း တက်စေနိုင်တယ်။ ဒါပေမဲ့ အဲဒီအတွက် ကျွန်တော့ကို အပြစ်မတင်ပါနဲ့”

ယန်ရွှမ်း၏လက်မှ ချီစွမ်းအင်များ ပေါက်ကွဲထွက်လာကာ အေးခဲနေသော လှံချွန်တစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။

ဝှစ် ...

ယန်ရွှမ်းမှာ အညှာအတာ ကင်းမဲ့နေဟန်ဖြင့် လှံချွန်အား ပိုင်လီဆီသို့ချိန်ကာ ပစ်လွှတ်လိုက်၏။

ပိုင်လီမှာ အံကိုတင်းတင်းကြိတ်ကာ မျက်လုံးများပင် မပိတ်နိုင်ဘဲ လှံချွန်အား ငေးမောကြည့်ရှုနေခဲ့သည်။

“အစ်မတော်ပိုင်လီ” ကန်ရွှမ်းတပည့်တစ်ဦးမှ အော်ဟစ်လိုက်၏။

ဝှစ် ...

လှံချွန်မှ ပိုင်လီထံသို့ ရောက်ရှိလာတော့မည့် အချိန်မှာပင် အဖြူရောင် ကြိုးမျှင်တစ်ခုမှာ ကွန်ယက်တစ်ခုအသွင်ဖြင့် ပိုင်လီ၏ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ချပ် ...

လုံချွန်မှာ အဖြူရောင် ကွန်ယက်နှင့် ညိမိသွား၏။ လုံချွန်မှာ ပိုင်လီ၏မျက်နှာသို့ မရောက်ရှိမှာပင် ရပ်တန့်သွားခဲ့ရပြီး ပိုင်လီ၏ မျက်ခုံးနှစ်ခုကြား၌ သေးငယ်သော ဒဏ်ရာတစ်ခုသာ ဖြစ်ပေါ်သွားရသည်။

ပိုင်လီမှာ မျက်ခုံးနှစ်ခုကြားမှ နာကျင်မှုအား ခံစားလိုက်ရကာ အသိစိတ်ပြန်ဝင်လာခဲ့၏။ ပိုင်လီမှာ ခေါင်းအား မော့ကြည့်သောအခါတွင် သူမ၏ရှေ့၌ အနက်ရောင် စုတ်တံတစ်ခု ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ စုတ်တံထိပ်မှ အဖြူရောင် အမွေးများမှာ ကွန်ယက်တစ်ခုအသွင်ဖြင့် သူမအား ကာကွယ်ပေးထား၏။

ယန်ရွှမ်းမှာလည်း အနည်းငယ် အံ့အားသင့် သွားခဲ့ပြီးနောက် အဝေးတစ်နေရာသို့ကြည့်ကာ ခပ်ဖွဖွရီမောလိုက်သည်။

“ကြည့်ရတာ သေချင်တဲ့သူ နောက်တစ်ယောက် ထပ်ရောက်လာပုံပဲ။ အစ်မတော်တို့ ကန်ရွှမ်းကလန်က တကယ်အံ့သြဖို့ ကောင်းတယ်နော်”

ဇူယွမ်၏ ဒြပ်မဲ့သဏ္ဌာန် ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ထင်ရှားလာကာ ပိုင်လီထံသို့ ရောက်ရှိလာခဲ့၏။

“ဇူ ... ဇူယွမ် ... ”

ပိုင်လီမှာ ခေတ္တမျှဆွံ့အနေခဲ့ပြီးနောက် ထိတ်လန့်စွာ အော်ဟစ်ပစ်လိုက်သည်။

“နင်အရူးလား ... မြန်မြန် ... မြန်မြန်ထွက်သွားစမ်း”

သူမနှင့် ချင်းဟိုင်သည်ပင် ယန်ရွှမ်းထံ၌ ရှုံးနိမ့်ခဲ့ရ၏။ ထို့ကြောင့် ဇူယွမ်ကဲ့သို့သောသူမှာ ယန်ရွှမ်းအား မည်သို့မျှပင် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

လုံခြုံရာ အရပ်ဒေသ၌ရှိနေသော ဇူယွမ်မှာ အန္တရာယ်တောထဲသို့ ကိုယ်တိုင် ဝင်ရောက်လာလိမ့်မည်ဟု ပိုင်လီမှ တွေးပင်မထားဖူးခဲ့ချေ။ ဇူယွမ်မှာ အလွန်ပင် အသိဉာဏ် မဲ့လွန်းပေသည်။

ဇူယွမ်မှာ ပိုင်လီအား ပြုံးပြကာ မည်သည့်စကားမှ ပြန်၍မပြောတော့ပဲ ယန်ရွှမ်းအား ကြည့်ရှုလိုက်၏။ ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ ဇူယွမ်စီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် လေထဲ၌ ရစ်ဝဲနေလေသည်။

“ငါဒီမှာ အကောင်းအတိုင်း ရှိနေသေးတဲ့အတွက် မင်းက တစ်ဖွဲ့လုံးကို ရှင်းပစ်နိုင်ပြီလို့ ပြောဖို့က စောလွန်းမနေဘူးလား”

All Chapters