← Chapters

သေချင်လို့လား ...

Vol. 31 Ch. 422

သေချင်လို့လား ...

Vol. 31 Ch. 422

သွေးနီရောင်နယ်မြေ၌ အပူရှိန်များက မြင့်တက်နေလျက် ရှိသည်။ တိုက်ပွဲဧရိယာ၏ အပြင်ဘက်နေရာသို့ ပုံရိပ်များစွာက ပျံသန်းဆင်းသက် လာကြသဖြင့် လေတိုးသံများသည်ပင် ဟိုမှသည်မှ ကြားနေရ၏။

ထိုပုံရိပ်များမှာ ဗဟိုချက် ဒေသအတွင်းရှိ အခြားသော အုပ်စုများမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ သွေးကြောနယ်မြေ သိမ်းပိုက်ခြင်း တိုက်ပွဲများမှာ ပြီးဆုံးလာခဲ့ပြီ ဖြစ်၏။ ထို့အတွက် ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သော နန်းတော်တို့ တိုက်ခိုက်နေကြသည့် အကြောင်းကို ကြားသိရသောအခါ ထိုလူများမှာ ပျားပိတုန်းအုပ်ကြီးကဲ့သို့ အလျင်အမြန် စုဝေး ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုသူများအားလုံးမှာ အင်အားကြီး ကလန်ကြီးနှစ်ခု၏ ပြင်းထန်လှသော တိုက်ပွဲအား ကြည့်ရှုရန် ဆန္ဒပြင်းပြနေကြ၏။

ဖူကလန်၏ ခေါင်းဆောင်ငယ်ဖြစ်သော စူးသွမ့်နှင့် ကျိုးချူးချင်ယု တို့သည်လည်း လူအုပ်ကြီးထဲတွင် ရှိနေခဲ့ကြသည်။

ထို့နောက် မကြာမီပင် ​တိုက်ပွဲဧရိယာထဲသို့ ဇူယွမ်ရောက်ရှိလာ၏။

ကျိုးချူးချင်ယု၏ အမူအရာမှာ ပြောင်းလဲသွားကာ မျက်ဝန်းများ၌ စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။ ဇူယွမ်မှာ ရူးမိုက်စွာဖြင့် တိုက်ပွဲအတွင်းသို့ ရောက်ရှိလာလိမ့်မည်ဟု သူမတစ်ခါမှ ထင်မှတ်မထားခဲ့ချေ။

ယခုအချိန်၌ မြင့်မြတ်သော နန်းတော်မှ အသာစီးရလျက်ရှိပြီး ယန်ရွှမ်းမှာလည်း အလွန်ပင် သန်မာသူဖြစ်ကြောင်း သိသာထင်ရှား​နေ၏။

ထို့အပြင် ကန်ရွှမ်းကလန်မှ ပိုင်လီနှင့် ချင်းဟိုင်ကဲ့သို့သော ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်များပင် ယန်ရွှမ်းထံ၌ ရှုံးနိမ့်သွားခဲ့ရသည်။ ထို့ကြောင့် ဇူယွမ်ကဲ့သို့ မူလစဦး စတုတ္ထအဆင့်ဖြင့်ဆိုလျှင် မည်သည့်အခွင့်အရေးမှပင် ရရှိနိုင်မည် မဟုတ်ပေ။

ယန်ရွှမ်းမှာ စူးသွမ့်ထက်ပင် အဆပေါင်းများစွာ ပို၍သန်မာသူ ဖြစ်၏။

ကျိုးချူးချင်ယုမှာ စိုးရိမ်စိတ်ပူ နေခဲ့သော်လည်း တစ်ဖက်တွင်တော့ စူးသွမ့်မှာ ကျေနပ်အားရနေခဲ့သည်။ စူးသွမ့်မှာ အစောပိုင်းကပင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသဖြင့် ဇူယွမ်အား နောက်တစ်ကြိမ် ရင်ဆိုင်ရန် မဝံ့ရဲတော့ပေ။ သို့သော် တစ်စုံတစ်ဦးထံ၌ ဇူယွမ်ပျက်စီးခြင်းကို ကြည့်ရှုရမည့်အရေးက စူးသွမ့်ရင်ထဲရှိ မကျေနပ်မှုများကို ပြေပျောက်စေ၏။

“အဟက် ... ဦးနှောက်ဖြင့် မရှိဘဲ ဘဝင်ကမြင့်နေတဲ့ အရူးကောင်။ ယန်ရွှမ်းက မင်းစိန်ခေါ်ချင်တိုင်း စိန်ခေါ်လို့ရတဲ့ အဆင့်များ မှတ်နေလား”

***

အဝေး၌ရှိနေသော လီချင်းချန်မှာလည်း ဆက်သွယ်ရေး ကျောက်စိမ်းပြားမှ တစ်ဆင့် အခြေအနေများကို ကြားသိလိုက်ရသည်။ ချက်ချင်း ဆိုသလိုပင် လီချင်းချန်မှာ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဇူယွမ် ... နင်ရူးနေလား။ အဲဒီနေရာကို ဘာသွားလုပ်တာလဲ”

လီချင်းချန်၏အသံမှာ ဒေါသအရိပ်အယောင်များ ရောပြွန်းနေခဲ့သည်။ အစထဲကပင် အခြေအနေများမှာ ဆိုးရွားနေပြီ ဖြစ်၏။ ထို့ကြောင့် ယခုဇူယွမ်ဝင်ရောက်သွားခြင်း အလွန်ပင် အသိဉာဏ်မဲ့သောလုပ်ရပ် ဖြစ်ပေသည်။

လီချင်းချန်မှာ လေထုထဲတွင် ပျံသန်းနေရင်းမှ စိတ်ဝိညာဉ်အား ဖွင့်ဟကာ အဝေးမှတိုက်ပွဲ နေရာအား ကြည့်ရှုလိုက်၏။

ချက်ချင်းဆိုသလိုပင် လီချင်းချန်မှာ တိုက်ပွဲနေရာသို့ ရောက်ရှိနေသော ဇူယွမ်အား မြင်တွေ့လိုက်ရသည်။

ဆက်သွယ်ရေး ကျောက်စိမ်းပြားမှ တစ်ဆင့် ဇူယွမ်၏အသံမှာ ထွက်ပေါ်လာခဲ့၏။

“စီနီယာ အစ်မတော် လီချင်းချန် ကျွန်တော်လည်း ကန်ရွှမ်းကလန်က သူပါပဲ။ အပြင်ဘက်မှာ တစ်ချိန်လုံးကြီး ပုန်းနေရတာ ဘယ်တရားပါ့မလဲ”

လီချင်းချန်မှာ ခေတ္တမျှအံ့အားသင့် သွားပြီးနောက် ခါးသက်စွာ ရယ်မောလိုက်မိသည်။ ဇူယွမ်မှာ ရည်ရွယ်ချက် ကောင်းသူ ဖြစ်ပါသော်လည်း တစ်ခါတစ်ရံ၌ အခြေအနေများကို ပို၍ဆိုရွားစေ၏။

“အဟက် ... မင်းရဲ့ရည်ရွယ်ချက်က ကောင်းပေမဲ့ ဆိုးဆိုးရွားရွား အခြေအနေနဲ့ပဲ အဆုံးသတ် သွားရလိမ့်မယ်။ မင်းနဲ့ အဆင့်မတူတဲ့သူကို သွားပြီးယှဥ်ဖို့ ကြိုးစားမနေနဲ့။ အဲဒီလိုမှ မဟုတ်ရင် မင်းထိခိုက်ရုံကလွဲပြီး ဘာမှဖြစ်လာမှာ မဟုတ်ဘူး”

ကျောင်းဇူ၏ စကားသံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ဇူယွမ်၏လုပ်ရပ်အား ကျောင်းဇူမှ အနည်းငယ်မျှပင် စိတ်အလိုမကျကြောင်း ထင်ရှားနေ၏။

ကျောင်းဇူ၏ အမြင်တွင်မူ ဇူယွမ်၏ အသိဉာဏ်မဲ့သောလုပ်ရပ်မှာ ယန်ရွှမ်း၏ ဂုဏ်သတင်းအား ပို၍မြှင့်တင်ပေးသကဲ့သို့ပင် ဖြစ်နေပေသည်။

ကျောင်းဇူမှ ဆက်၍ စကားဆိုတော့ အချိန်မှာပင် လီချင်းချန်မှ လက်ကာပြလိုက်၏။

ထို့နောက် လီချင်းချန်မှ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဇူယွမ် ဒါက နင့်ရဲ့ဆုံးဖြတ်ချက်ပဲ။ ဒါပေမဲ့ လုပ်ရပ်တိုင်းအတွက် ပေးဆပ်ရမဲ့ တန်ဖိုးဆိုတာ ရှိတယ်။ ယန်ရွှမ်းက အညှာအတာ မဲ့လွန်းတယ်။ တကယ်လို့ နင်မနိုင်တော့ဘူး ထင်ရင် ထွက်ပြေးဖို့တော့ မမေ့နဲ့”

“နားလည်ပါပြီ” ဇူယွမ်မှ ပြုံးကာ ဖြေကြားလိုက်၏။ ဆက်သွယ်ရေး ကျောက်စိမ်းပြားမှာ တစ်ဖန်ပြန်လည် တိတ်ဆိတ် သွားလေသည်။

ကျောင်းဇူမှာ လီချင်းချန်ဘေးသို့ ရောက်ရှိလာကာ အသံကိုနှိမ့်၍ စကားဆိုလိုက်၏။

“ဇူယွမ်က အရမ်းမဆင်မခြင် လုပ်လွန်းတယ်။ အမတော် သူ့ကိုခေါ်လာတာကိုက မှားတာပဲ။ အကယ်၍ သူ့နေရာမှသာ တခြား ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက်ကို ခေါ်လာခဲ့ရင် အခြေအနေတွေက ဒီလောက်ဆိုးမှာ မဟုတ်ဘူး”

လီချင်းချန်မှာ ပြတ်သားသော အမူအရာဖြင့် ပြန်၍ပြောလိုက်သည်။

“ပိုင်လီနဲ့ ချင်းဟိုင် နှစ်ယောက်ပေါင်းတာတောင်မှ ယန်ရွှမ်းကို မနိုင်တဲ့ဟာ။ တခြား ဝါရင့်ခရမ်းရောင်ခါးစည်း တပည့်တစ်ယောက်လောက် ထပ်ပါလာရုံနဲ့ အခြေအနေက ပြောင်းလဲသွားမှာတဲ့လား”

လီချင်းချန်မှာ ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက် အဝေးတစ်နေရာအား ကြည့်၍ စကားဆက်လိုက်၏။

“ပြီးတော့ ဇူယွမ်ကလည်း မဆင်မခြင် လုပ်တက်တဲ့သူမျိုး မဟုတ်ပါဘူး။ ဝင်ပါဖို့ ဆုံးဖြတ်လိုက်ကတည်းက သူ့မှာအစီအစဉ် တစ်ခုခု ရှိလို့နေမှာပေါ့။ တိုက်ပွဲအလှည့်အပြောင်းတွေ ဘာတွေတောင် ဖြစ်လာနိုင်သေးတာပဲ”

တိုက်ပွဲအလှည့်အပြောင်း ဖြစ်ပေါ်ရန်မှာ ဝေးကွာလှကြောင်း လီချင်းချန်မှ သိရှိနေပါသော်လည်း သူမကိုယ်သူမ နှစ်သိမ့်သည့်အနေဖြင့် ထိုသို့တွေးတောနေခြင်း ဖြစ်သည်။

ကျောင်းဇူ၏ နှုတ်ခမ်းအစုံမှာ ရှုံ့မဲ့သွားရ၏။ လီချင်းချန်မှာ ဇူယွမ်နှင့်ပက်သတ်လျှင် အမြဲတစေ တုံးအလွန်းပေသည်။

“တိုက်ပွဲအလှည့်အပြောင်း ဟုတ်လား။ ဇူယွမ်က ဘယ်လိုလုပ်နိုင်မှာလဲ။ သူ့ရဲ့ အကာအကွယ်ကြီးနဲ့လား”

ကျောင်းဇူမှ ခေါင်းကိုခါယမ်းကာ အလိုမကျဟန်ဖြင့် ပြောလိုက်၏။

လီချင်းချန်မှာ မည်သည့်စကားမှ ဆက်၍ ပြောမနေတော့ဘဲ ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့အား တည်ငြိမ်စွာ ကြည့်ရှုလိုက်သည်။

ထိုတည်ငြိမ်မှုများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပါဝင်နေခဲ့၏။

လီချင်းချန်မှာ မည်မျှပင်ဆိုးရွားစွာ ပေးဆပ်ရပါစေ တစ်ဖက်ရန်သူအား သူမနှင့်အတူ သင်္ချိုင်းသို့ ခေါ်ဆောင်သွားနိုင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာအား ဆက်လက် တည်မြဲနေစေရန် သူမအသက်နှင့်ပင် ပေးဆပ် ကာကွယ်သွားမည် ဖြစ်၏။

***

မီးတောင်ဝ၌ …

ဇူယွမ်မှာ တိုက်ပွဲဧရိယာအတွင်းသို့ ဝင်ရောက်လာခဲ့သည့်အတွက် အကြီးအကဲဝူမှာ ခေတ္တမျှ အံ့အားသင့် သွားခဲ့ရသည်။ ထို့နောက် အကြီးအကဲဝူမှာ စိတ်အလိုမကျဟန်ဖြင့် တိုးညင်းစွာ ရေရွတ်လိုက်၏။

“ဒီဇူယွမ်ဆိုတဲ့ကောင်လေးက ဦးနှောက်ကိုမရှိဘူးပဲ”

အကြီးအကဲဝူမှာ တိုက်ပွဲသို့ ဝင်ရောက်လာရန် ရဲရင့်စွာ ဆုံးဖြတ်ခဲ့သော ဇူယွမ်၏ စိတ်နေသဘောထားအား သဘောကျမိပါသော်လည်း ဇူယွမ်မှာ အလွန်ပင်အားနည်းကာ အဆင့်နိမ့်သူဖြစ်သည်။ ထို့ကြောင့် အဆုံး၌ ဇူယွမ်၏လုပ်ရပ်မှာ ယန်ရွှမ်း၏ ဂုဏ်သတင်းအား ပို၍တိုးမြှင့်အောင် လုပ်ဆောင်ပေးမိသကဲ့သို့သာ ဖြစ်သွားရပေလိမ့်မည်။

အခြားသော အုပ်စုများမှလည်း ဝေဖန်ဆွေးနွေးသံများ စတင်၍ ထွက်ပေါ်လာခဲ့သည်။ ထိုသူများမှာလည်း တိုက်ပွဲဧရိယာထဲသို့ ထပ်မံရောက်ရှိလာသော ကန်ရွှမ်းကလန်၏ တပည့်အသစ်လေးအား မြင်တွေ့ခဲ့ကြ၏။ သို့သော် ထိုတပည့်လေးမှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးကြောင်း သိရှိသွားသောအခါ၌ လှောင်ပြောင်သရော်ကြ လေတော့သည်။

ပိုင်လီနှင့်ချင်းဟိုင် ကဲ့သို့သော ထူးချွန်သည့်တပည့်များသည်ပင် ယန်ရွှမ်းထံ၌ ရှုံးနိမ့်ခဲ့ရ၏။ မူလစဦး စတုတ္ထအဆင့်သာရှိသေးသော ထိုတပည့်လေးမှာ ‘သေချင်တဲ့ကျား တောပြောင်း’ ဆိုသကဲ့သို့သာ ဖြစ်နေပေသည်။

စောင့်ကြည့်နေကြသော အုပ်စုအဖွဲ့များမှာ တစ်ဦးပြီးတစ်ဦး ခေါင်းကို ခါယမ်းလိုက်ကြ၏။ ကြည့်ရသည်မှာ ဤတစ်ကြိမ်၌ ကန်ရွှမ်းကလန်သည် မြင့်မြတ်သောနန်းတော်၏ နင်းခြေမှုကို မလွဲမသေ ကြုံကြိုက်ရတော့မည် ထင်သည်။

***

ယန်ရွှမ်းမှာ ဇူယွမ်အားကြည့်၍ ကျယ်လောင်စွာ ရယ်မောပစ်လိုက်၏။

“အစ်ကိုတော်တို့ရဲ့ ကန်ရွှမ်းကလန်က တပည့်လေးက တကယ်စိတ်ဝင်စားစရာပဲ”

ယန်ရွှမ်းမှာ ဖြူရော်နေသော ပိုင်လီနှင့် ချင်းဟိုင်အား ကြည့်ကာ ပြုံး၍ပြောလိုက်သည်။ ထို့နောက် အနီးရှိ မြင့်မြတ်သော နန်းတော်မှ တပည့်တစ်ဦးအား အမိန့်ပေးလိုက်၏။

“သူ့ကို မင်းပဲကိုင်တွယ်လိုက်။ ခြေထောက်တစ်ဖက်လောက် ရိုက်ချိုးလိုက်ရင်ကို လုံလောက်ပြီနော် သူ့လိုလူအတွက်က”

ယန်ရွှမ်းမှာ ဇူယွမ်အား ထိပ်တိုက်ရင်ဆိုင်ရန်ပင် မထိုက်တန်ဟု ခံစားခဲ့ရသည်။ မူလစဦး စတုတ္ထအဆင့်သာရှိသော ဇူယွမ်အား အနိုင်ယူရမည့်ကိစ္စမှာ သူ၏ဂုဏ်သတင်းများအတွက် အလွန်ပင် သေးနုပ်လှ၏။

ယန်ရွှမ်းစေခိုင်းခဲ့သော မြင့်မြတ်သော နန်းတော်၏တပည့်မှာ မူလစဦး သတ္တမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး စူးသွမ့်ထက်များစွာ သာလွန်ပေသည်။ ထိုတပည့်မှာ ဇူယွမ်အား မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။

“ကောင်လေး မင်းဘာသာမင်း အပြင်မှာရှိနေရင် ဘယ်သူကမှ တကူးတကလာပြီး တိုက်ခိုက်မှာမဟုတ်ဘူး။ အခုတော့ မင်းကိုယ်တိုင် မဆင်မခြင်နဲ့ ဒီနေရာထိ ရောက်အောင် လာခဲ့တာ။ အဲဒါကြောင့် ဖြစ်လာမယ့်ကိစ္စတွေအတွက် ငါတို့ကို အပြစ်မတင်ပါနဲ့”

ဝုန်း ...

ထိုတပည့်မှ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ဆီသို့ ပစ်လွှတ်လုိက်သည်။

ယန်ရွှမ်းမှာ စွမ်းအင်လှိုင်းများကို ခံစားလိုက်မိသည်နှင့်တကွ ကျေနပ်အားရစွာဖြင့် ဖြူရော်နေသော ပိုင်လီနှင့်ချင်းဟိုင်စီသို့ လျှောက်လှမ်းသွားရန် ပြင်ဆင်လိုက်၏။

ဒုန်း ...

သို့သော် ယန်ရွှမ်း၏ခြေထောက်ကြွလိုက်သည့် အချိန်၌ပင် ချီစွမ်းအင်များ တွေ့ဆုံသွားသည့်အသံအား ကြားလိုက်ရကာ ချက်ချင်းဆိုသလို စွမ်းအင်လှိုင်းဂယက်များ ပျံ့နှံ့သွားခဲ့သည်။

ကျောက်တုံးကျောက်ဆောင်များ ပြိုကျလာခဲ့ပြီး ယန်ရွှမ်းအနောက်ရှိပုံရိပ်မှာ နစ်မြုပ်သွားခဲ့၏။

အဖြစ်အပျက်မှာ မြန်ဆန်လွန်းလှသဖြင့် လူတိုင်းမှ အံ့အားသွားကာ အလျင်အမြန် ကြည့်ရှုလိုက်ကြသော အခါတွင် သွေးများအလိမ်းလိမ်း ပေကျံနေသော သနားစဖွယ်ပုံရိပ်အား တွေ့ရှိလိုက်ကြရသည်။

ပိုင်လီနှင့်ချင်းဟိုင်မှာ ဒေါသဖြစ်စွာဖြင့် ပုံရိပ်အား ကြည့်ရှုလိုက်သောအခါ တစ်စုံတစ်ခုမှားယွင်းနေသည်ကို သိရှိလိုက်ရ၏။ ထိုပုံရိပ်မှာ ဇူယွမ်မဟုတ်ပဲ မြင့်မြတ်သောနန်းတော်၏ တပည့်ဖြစ်နေခဲ့ပေသည်။

ယန်ရွှမ်းမှာ အချိန်အနည်းငယ် ကြာအောင် သွေများပေကျံနေသောပုံရိပ်အား ကြည့်ရှုနေမိ၏။ ထို့နောက် အပျက်အစီးပုံများအား ကျော်ဖြတ်ကာ အနက်ရောင် စုတ်တံအား ဆွဲကိုင်၍ ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသော လူငယ်လေးအား တွေ့ရှိလိုက်ရသည်။

ပိုင်လီနှင့် ချင်းဟိုင်တို့နှစ်ဦးမှာ မျက်လုံးများပင် ပြူးကျယ်နေခဲ့ရ၏။ သူတို့နှစ်ဦးလုံးမှာ ဇူယွမ်မှတစ်ချက်တည်းဖြင့် မြင့်မြတ်သောနန်းတော်၏ မူလစဦးလသတ္တမအဆင်ရှိသော တပည့်အား အနိုင်ယူနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ပတ်ဝန်းကျင်မှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းမှာ အဖြသ်အပျက်အား မယုံကြည်နိုင်လောက်အောင် အံ့အားသင့်လျက် ရှိ၏။

အခြေအနေများမှာ လူတိုင်း ခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေပေသည်။

“မင်းငါ့ကို နည်းနည်းလောက် လေးစားပေးလို့ မရဘူးလား။ ငါ့ကိုလွယ်ကူတဲ့သူလို့ အခုထိ ထင်နေတုန်းပဲလား” ဇူယွမ်မှ ပြုံးကာပြောလိုက်၏။

ယန်ရွှမ်းမှာ ခေတ္တမျှ တိတ်ဆိတ် နေခဲ့ပြီးနောက် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“ငါအမှားလုပ်မိတယ်နဲ့ တူပါတယ်။ မင်းက စိတ်ဝင်စားဖို့ ကောင်းသားပဲ”

“ဒီနှစ်တွေအတွင်း သိုးသားရေခြုံထားတဲ့ ဝံပုလွေက ငါတစ်ယောက်ပဲ ရှိလိမ့်မယ်လို့ ထင်ခဲ့တာ။ ငါ့လိုလူမျိုး နောက်တစ်ယောက်ကို တွေ့ရတာ ဒါပထမဆုံးပဲ”

ယန်ရွှမ်းမှာ သက်ပြင်းချလျက် ဒေါသများ ပြည့်နှက်နေသောအသံဖြင့် စကားဆက်လိုက်၏။

“အစကတော့ငါက မင်းကိုခြေထောက် တစ်ချောင်းလောက်ပဲ ရိုက်ချိုးမလို့ပဲ။ ဒါပေမဲ့ မင်းရတာ သေချင်နေတယ်နဲ့တူတယ်”

ယန်ရွှမ်း၏ အမူအရာမှာ တွေ့မြင်ရသော မည်သူမဆို ကြောက်ရွံ့သွား ရလောက်အောင် ခက်ထန်နေခဲ့ပေသည်။

All Chapters