ဇူယွမ်နှင့်ယန်ရွှမ်း
Vol. 31 Ch. 423
ယန်ရွှမ်း၏အမူအရာမှာ အလွန်ပင် ခက်ထန်နေလျက် ရှိသောကြောင့် လေထုသည်ပင် တင်းမာလာသည်ဟု ထင်ရပေသည်။
ယန်ရွှမ်း၏ မျက်ဝန်းများ၌ သတ်ဖြတ်လိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့၏။
ယန်ရွှမ်းမှာ ဇူယွမ်အား မဆင်မခြင် ဝေဖန်မိခဲ့ခြင်းကြောင့် ကိုယ့်ဘာသာ ဒေါသထွက်မိသလို ရှက်လည်း ရှက်ရွံ့နေမိသည်။ ယန်ရွှမ်းမှာ ဇူယွမ်အား နင်းခြေချင်သည့်အချိန် နင်းခြေ၍ရသော ပုရွက်ဆိတ် တစ်ကောင်သာသာမျှသာ သဘောထားခဲ့ခြင်း ဖြစ်၏။
သို့သော် ဇူယွမ်မှာ မြင့်မြတ်သော နန်းတော်၏တပည့်အား တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်သောကြောင့် ယန်ရွှမ်း ခန့်မှန်းထားသည်ထက် ပို၍သန်မာနေသူ ဖြစ်ကြောင်း ထင်ရှားပေသည်။
ထိုအကြောင်းအရာက ယန်ရွှမ်း၏ သတ်ဖြတ်လိုစိတ်အား မြင့်တက်စေ၏။
ယန်ရွှမ်း၏ အမူအရာမှာ အလွန်ပင်ခက်ထန် နေသောကြောင့် တိုက်ပွဲကို စောင့်ကြည့်နေကြသူများမှ ဇူယွမ်အား စိတ်မကောင်းဖြစ်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။
ဒီကောင်လေးက ယန်ရွှမ်းကို တော်တော် ဒေါသထွက်စေတဲ့ပုံပဲ ...။
ဇူယွမ်မှာ မထင်မှတ်ထား ရလောက်အောင် တည်ငြိမ်စွာဖြင့် ယန်ရွှမ်းအား ကြည့်ရှုနေခဲ့သောကြောင့် လေထုသည်ပင် ပိုမိုတင်းမာလာရ၏။
ယန်ရွှမ်း၏ခန္ဓာကိုယ်ထက်မှ ဆန်းကြယ်စွာဖြင့် တလက်လက် တောက်ပနေသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ယန်ရွှမ်း၏ချီစွမ်းအင်များမှာ အလွန်ပင် သိပ်သည်းလှပြီး ကြီးမားသောဖိအားကို ဖြစ်ပေါ်စေလျက် ရှိ၏။
အသက်ရှူချိန် အနည်းငယ်မျှသော အချိန်လေးအတွင်း၌ပင် ယန်ရွှမ်းထံမှ ထွက်ပေါ်နေသော ချီစွမ်းအင်များမှာ ပြီးပြည့်စုံသော မူလစဦး သတ္တမအဆင့်သို့ ရောက်ရှိလာခဲ့သဖြင့် မြေကြီးများပင် စတင်၍ ကွဲအက်လာရသည်။
ဝုန်း ...
ထို့နောက် ယန်ရွှမ်းမှ ချီစွမ်းအင်များကို ဇူယွမ့်ထံသို့ ပစ်လွှတ်လိုက်၏။ ချက်ချင်းဆိုသလို တလက်လက် တောက်ပနေသော ချီစွမ်းအင်များမှ ဧရာမမြွေဖြူတစ်ကောင်၏ အသွင်ဖြစ်ပေါ်လာပြီး ဇူယွမ်အနီးရှိ လေထုအား ရစ်ခွေသွားခဲ့သည်။
အလွန်ပင် အေးစက်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာ၏။
တလက်လက် တောက်ပနေသော မြေဖြူကြီး၏ ခန္ဓာကိုယ်အတွင်း၌ အသင်္ချေမျှသော ချွန်ထက်နေသည့် အရိုးချောင်းများ စုဝေးလာခဲ့သည်။ ထိုအရိုးအပ်များမှာ ပေတဝက်ခန့် ရှည်လျားကာ အေးစက်လွန်းသော ဖိအားလှိုင်းများဖြင့် ပြည့်နှက်နေ၏။
“နှင်းမုန်တိုင်းခွဲ အရိုးအပ်”
ယန်ရွှမ်း၏အမူအရာမှာ အလွန်ပင် ခက်ထန်နေလျက်ရှိပြီး လက်များကို အတူတကွ ချိတ်ဆက်လိုက်သည်။ ထို့နောက် များပြားလှသော အရိုးအပ်များမှာ ဇူယွမ်ရှိနေသော နေရာဆီသို့ လက်မမလပ် ကျဆင်းသွား၏။
ယန်ရွှမ်းအား ဇူယွမ်အား သက်ညှာပေးရန် အနည်းငယ်မျှပင် ဆန္ဒမရှိကြောင်း ထင်ရှားနေပေသည်။
ထိုအရိုးများ၌ ယန်ရွှမ်းချီစွမ်းအင်သာမက မူလသားရဲများ၏ ရိုးတွင်းခြင်ဆီများစွာ ပေါင်းစပ်ပါဝင်နေ၏။ ထို့ကြောင့် ၎င်းအရိုးအပ်များမှာ သေစေနိုင်လောက်သော ရှားပါးအဆိပ် စွမ်းအင်တစ်မျိုး ပိုင်ဆိုင်ထားပေသည်။ အရိုးအပ်ဖြင့် အနည်းငယ်မျှ ထိခိုက်မိရုံနှင့်ပင် ထိုအဆိပ်မှာ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး ဆိုးရွားစွာ သေဆုံးရပေလိမ့်မည်။
စောင့်ကြည့်နေကြသူများမှာ ပွဲအစထဲမှ ယန်ရွှမ်းမှာ သေစေနိုင်သော တိုက်ခိုက်မှုအား အသုံးပြုလိုက်သဖြင့် တံထွေးများပင် မြိုချမိရကာ ဇူယွမ်အား စိတ်မကောင်းဖြစ်စွာ ကြည့်ရှုမိလိုက်ကြ၏။
ဇူယွမ်မှာ မြင်ကွင်းနှင့် အပြည့်ဖြစ်နေသော အရိုးအပ်များကို မော့ကြည့်လိုက်ပြီးနောက် အေးစက်လှသော စွမ်းအင်လှိုင်းများကို ခံစားမိခဲ့သဖြင့် မျက်ဝန်းများ ကျဉ်းမြောင်း သွားခဲ့ရသည်။ ထို့နောက် ဇူယွမ်မှာ လက်နှစ်ဖက်ကို ချိတ်ဆက်လိုက်၏။
ဇူယွမ်၏ ခန္ဓာကိုယ်ထက်မှ ခမ်းနားထည်ဝါလှသော ရွှေရောင်ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာသည်။
ချီစွမ်းအင်များမှ ရွှေရောင်စပါးအုံး တစ်ကောင်၏အသွင် ပေါ်ပေါက်လာခဲ့ပြီးနောက် ဇူယွမ်၏ခန္ဓာကိုယ် တစ်ဝိုက်၌ ရစ်ခွေသွားကာ ရွှေဆည်းလည်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
“အံ့ဖွယ်စပါးအုံးရဲ့ ကြီးမြတ်သော ရွှေဆည်းလည်း ... ”
ဇူယွမ် အော်ဟစ် လိုက်သည်နှင့်တကွ ရွှေဆည်းလည်းကြီးမှ ဇူယွမ်အား လွှမ်းခြုံသွားခဲ့သည်။
ဝှစ် ...
အရိုးအပ်များမှာ ရွှေဆည်းလည်းကြီးပေါ်သို့ ကျဆင်းလာခဲ့ပြီး အဆက်မပြတ် ထိုးဖောက်နေခဲ့သဖြင့် တိုက်ခတ်သံများပင် ကြားနေရ၏။
ဇူယွမ်ပတ်ပတ်လည်ရှိ မြေပြင်မှာ အပေါက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ထိုအပေါက်များမှာ အဆုံးကိုပင် မမြင်ရလောက်အောင် နက်ရှိုင်းနေ၏။ ပတ်ဝန်းကျင်မှာလည်း မည်းနက်သော ဖုန်လုံးများဖြင့် ပြည့်နှက်နေကာ အပျက်အစီးများစွာ ဖြစ်ပေါ်နေပေသည်။
ထိုဧရိယာတစ်ဝိုက်၌ ဖုန်မှုန့်များဖြင့် ပြည့်နှက် နေခဲ့သောကြောင့် လူများမှာသဲကွဲစွာ မြင်တွေ့ရခြင်းမရှိပေ။
အရိုးအပ်များမှာလည်း အချိန်အချို့ကြာသည့်တိုင်အောင် ဆက်လက် ကျဆင်းနေခဲ့၏။
အရိုးအပ်များ ကုန်ဆုံးသွားသည်နှင့်တကွ လူတိုင်းမှာ တိုက်ပွဲဧရိယာအား အလုအယက် ကြည့်ရှုလိုက်ကြသည်။
“ဇူယွမ်ကတော့ အပိုင်းပိုင်းပြတ်ပြီလား မသိပါဘူးကွာ”
“မူလစဦး သတ္တမအဆင့်တောင်မှ ဒီတိုက်ခိုက်မှုကနေ လွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဘဲ။ ဇူယွမ့်လို မူလစဦး စတုတ္ထအဆင့်ဆို ပြောမနေနဲ့။ ဆိုးဆိုးရွားရွားပဲ အဆုံးသတ်သွားရမှာ”
“ ... ... ”
ဝေဖန် ဆွေးနွေးသံများမှာ ဟိုမှသည်မှ ပျံ့နှံ့နေလျက် ရှိ၏။ လူတိုင်းမှာ ယန်ရွှမ်း၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုအား အသိအမှတ် ပြုခဲ့ရပေသည်။
ကျိုးချူးချင်ယုမှာ လက်များကို တင်းတင်း ဆုပ်ထားလျက်ရှိပြီး မျက်ဝန်းများ၌ စိုးရိမ်ပူပန်မှု အရိပ်အယောင်များနှင့် ပြည့်နှက်နေခဲ့၏။
စူးသွမ့်မှာတော့ အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ပြီး အံကိုကြိတ်ကာ ရေရွတ်လိုက်သည်။
“ဒီတစ်ကြိမ်ရော မင်းလွတ်နိုင်ဦးမလား ကြည့်ရသေးတာပေါ့”
များစွာသော အကြည့်များ၏ အောက်၌ပင် ဖုန်မှုန့်များမှာ ဖြည်းညင်းစွာ လျော့ပါးလာကာ မှေးမှိန်သော ရွှေရောင် အလင်းတန်းတစ်ခု တစ်စတစ်စဖြင့် ပေါ်ထွက်လာခဲ့၏။ လွင့်ပြယ်စပြုနေသော ဖုန်မှုန့်များအကြား၌ အရိုးအပ်များနှင့် ပြည့်နှက်နေခဲ့သည့် ရွှေဆည်းလည်းကြီးအား မြင်တွေ့လိုက်ကြရပေသည်။ အရိုးအပ်များမှာ နေရာမလပ် ထိုးစိုက်လျက် ရှိသောကြောင့် ရွှေဆည်းလည်းကြီးမှာ ဖြူကောင်နှင့်ပင် အသွင်တူနေ၏။ အရိုးအပ်များမှာ ရွှေဆည်းလည်းကြီး၏ တစ်ဝက်ခန့်ထိသာ ထိုးဖောက်နိုင်ခဲ့ပြီး ရွှေဆည်းလည်းကြီး၏ ကာကွယ်ရေးစနစ်အား အလုံးစုံ မဖျက်ဆီးနိုင်ခဲ့ချေ။
လူတိုင်းမှာ အံ့အားသင့်စွာဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ အော်ဟစ်သံများ စတင်ထွက်ပေါ်လာပေသည်။
“အကာအကွယ်က ကောင်းလိုက်ချည်လားဟ”
ရွှေဆည်းလည်းကြီး၏ ခုခံကာကွယ်နိုင်စွမ်းမှာ လူတိုင်း ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေခဲ့၏။
မျက်တောင်ပင်မခတ်နိုင်ဘဲ ကြည့်ရှုနေခဲ့သော ပိုင်လီမှာ ယခုမှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ ဇူယွမ်၏ အကာအကွယ်မှာ ယခင်အချိန်များကဲ့သို့ပင် ကောင်းမွန်နေဆဲ ဖြစ်၏။
ယန်ရွှမ်းမှာလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ရပြီး အဖြစ်အပျက်များအား လက်သင့်မခံနိုင် ဖြစ်နေခဲ့သည်။ ထို့နောက် ယန်ရွှမ်းမှာ ဇူယွမ်အားကြည့်၍ စကားဆိုလိုက်၏။
“မင်းဒီကိုလာရဲတဲ့ သတ္တိရှိတာ မထူးဆန်းတော့ပါဘူး။ မင်းရဲ့ပြင်းပြနေတဲ့ ယုံကြည်ချက်တွေက ဒီအကာအကွယ် ရှိနေလို့ပေါ့လေ ဟုတ်လား”
ဇူယွမ်၏ အကာအကွယ်မှာ ယန်ရွှမ်း၏ တိုက်ခိုက်မှုအား တားဆီးနိုင်သည်အထိပင် ထူးခြားလှသည်။ သို့သော် ဒုတိယအကြိမ် ဆိုလျှင်ရော တားဆီးနိုင်ပါ့မည်လား။
ဝုန်း ...
ယန်ရွှမ်း၏စကားအား ကြားလိုက်ရပြီးသည်နှင့်တကွ နဂါးအော်သံသဲ့သဲ့မျှ ထွက်ပေါ်လာကာ ရွှေဆည်းလည်းကြီး ပျောက်ကွယ်သွားခဲ့၏။ ထို့နောက် သားရဲကိုးကောင် ပေါ်ထွက်လာခဲ့ပြီး လေထုများကို ဆုတ်ဖြဲကာ ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။
“နဂါးကိုးကောင်နိယာမ နဝမမြောက်နဂါး ... ”
သားရဲကိုးကောင်မှာ လျင်မြန်စွာပင် ပေါင်းစည်းသွားခဲ့ပြီးနောက် ကျယ်လောင်စွာ ဟိန်းဟောက်ကာ ယန်ရွှမ်းထံသို့ ဦးတည်သွား၏။
ဇူယွမ်မှာ ပြန်လည်၍ တိုက်ခိုက်ခဲ့ပြီ ဖြစ်သည်။
ယန်ရွှမ်းမှာ အနည်းငယ်မျှပင် ကြောက်ရွံ့မနေခဲ့ဘဲ လျင်မြန်စွာ ရောက်ရှိလာနေသော သားရဲကြီးအားကြည့်ကာ လှောင်ပြောင် ရယ်မောလိုက်၏။
ထို့နောက် ယန်ရွှမ်းမှာ လက်ဝါးထက်၌ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ သားရဲကြီးထံသို့ ပစ်လွှတ်လိုက်လေသည်။
ဝုန်း ...
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ပေါ်ပေါက်လာပြီးနောက် ယန်ရွှမ်း၏ အောက်ခြေမြေပြင်မှာ ပင့်ကူအိမ်အလား အက်ကွဲကုန်၏။
ယန်ရွှမ်းမှာ ထိုနေရာ၌ပင် တည်ငြိမ်စွာ ရပ်နေခဲ့လေသည်။
တစ်ဖက်တွင်တော့ သားရဲကြီးမှာ ယန်ရွှမ်း၏ စွမ်းအင်များကြောင့် နာကျင်စွာ အော်ဟစ်ကာ အလင်းရောင် အစက်အပြက်များအဖြစ်သို့ ပေါက်ကွဲသွားရ၏။
စောင့်ကြည့် နေကြသူများမှာ ယန်ရွှမ်း၏ သန်မာလှသော စွမ်းအင်များကြောင့် အလွန်ပင်အံ့အားသင့် သွားခဲ့ကြသည်။
ဇူယွမ်၏ တန်ပြန်တိုက်ခိုက်မှုမှာ အသိအမှတ်ပြုချင်စဖွယ် ဖြစ်ခဲ့ပါသော်လည်း ယန်ရွှမ်းအား အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။ ယန်ရွှမ်းမှာ တစ်ချက်တည်းဖြင့် ဇူယွမ်၏တိုက်ခိုက်မှုအား ဖျက်ဆီးပစ်ခဲ့၏။
ယန်ရွှမ်းမှာ မျက်မှောင်ကြုတ်လျက် ဇူယွမ်အားကြည့်ကာ လှောင်ပြောင်လိုဟန်ဖြင့် မေးလိုက်သည်။
“မင်းမှာရှိတာ ဒါအကုန်ပဲလား”
ဇူယွမ်၏မျက်ဝန်းများမှာ အနည်းငယ် ပြူးကျယ်နေခဲ့၏။ တစ်ဖက်ရန်သူမှ နဂါးကိုးကောင်နိယာမအား အလွယ်တကူ ချေဖျက်နိုင်ခဲ့ခြင်းမှာ ဤတစ်ကြိမ်ပထမဆုံး ဖြစ်သည်။ ယန်ရွှမ်းမှာ အမှန်တကယ်ပင် သန်မာသူ ဖြစ်ပုံရ၏။
ပိုင်လီနှင့်ချင်းဟိုင်တို့နှစ်ဦးသည်ပင် ယန်ရွှမ်းထံ၌ ကျရှုံးခဲ့ရခြင်းအား မထူးဆန်းတော့ပေ။
“မင်းမှာရှိတာ ဒါအကုန်ပဲ ဆိုရင်တော့ ဒီနေ့က မင်းကံဆိုးတဲ့နေ့ပဲ” ယန်ရွှမ်းမှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။
ဝှစ် ...
ယန်ရွှမ်းမှ စကားပြောနေစဉ်မှာပင် ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့အသွင်သို့ အလုံးစုံ ပြောင်းလဲသွားခဲ့၏။
ယန်ရွှမ်းမှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ဆက်၍ ပြောလိုက်သည်။
“ကောင်းပြီ။ မင်းက သေဖို့ အရမ်းဆန္ဒပြင်းပြနေမှတော့ မင်းရဲ့ဆန္ဒကို ငါကဖြည့်ဆည်း ပေးရမှာပေါ့”
ယန်ရွှမ်း၏ လက်ဝါးထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာ၏။
အသက်ရှူစာ အနည်းငယ်မျှအကြာတွင် ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ပြန်လည်ပေါ်ထွက်လာပြီး လက်ထဲ၌ တောက်ပနေသော စုတ်တံတစ်ချောင်းကို ဆုတ်ကိုင်ထားခဲ့သည်။
စုတ်တံထိပ်မှ ဖြူဖွေးနေသော အမွေးများမှာ ချွန်ထက်နေကာ လှံငယ်တစ်ခုအလား ဖြစ်နေ၏။
ဇူယွမ်မှာ နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။
“ကောင်းကင်ဘုံယွမ်စုတ်တံရဲ့ ချီဖြိုခွဲခြင်း ... ”
စုတ်တံ၏ ကိုယ်ထည်ပေါ်မှ ရှေးဟောင်းမှော်စာလုံးတစ်ခု လင်းလက်လာပြီးနောက် ဖြူဖွေးနေသော အမွေးများမှာ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွား၏။
ထို့နောက် ဆန်းကြယ်လှသော အနက်ရောင် အလင်းတန်းတစ်ခု ထွက်ရှိလာခဲ့လေသည်။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ ထက်ရှနေသော အသွင်ရှိမနေတာ့ဘဲ ပုံမှန်စုတ်တံ တစ်ချောင်းကဲ့သို့ ပြန်လည်ပြောင်းလဲသွား၏။ သို့သော် ယန်ရွှမ်းမှာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေမိသောကြောင့် မျက်ဝန်းများ ကျဉ်းမြောင်းလာခဲ့သည်။
ယန်ရွှမ်းမှာ အနက်ရောင် အလင်းတန်းငယ်အား တွေ့ရှိလိုက်ပြီးနောက် ချက်ချင်းဆိုသလိုပင် စွမ်းအင်စက်ဝန်းတစ်ခုအား ဖန်တီးကာ ပစ်လွှတ်လိုက်၏။
“မြင့်မြတ်သော စွမ်းအင်စက်ဝန်း ... ”
ချပ် ...
အနက်ရောင်အလင်းတန်းမှာ စွမ်းအင်စက်ဝန်းနှင့် တွယ်ညိသွားကာ ပိုမိုတောက်ပလာခဲ့သည်။
ထို့နောက် အနက်ရောင်အလင်းတန်းမှာ စွမ်းအင်စက်ဝန်းအား စက္ကူစတစ်ခု ပိုင်းဖြတ်လိုက်သလိုပင် ချိုးဖြတ်လိုက်သဖြင့် ယန်ရွှမ်း၏ မျက်ဝန်းများပင် ကျဉ်းမြောင်းသွားရ၏။
“ဘယ်လိုဖြစ်ရတာလဲ”
ယန်ရွှမ်းမှာ နှလုံးသားထဲမှ အော်ဟစ်လိုက်မိသည်။ မြင့်မြတ်သော စွမ်းအင်စက်ဝန်းကျင့်စဉ်အား ပိုင်လီနှင့်ချင်းဟိုင်တို့သည်ပင် မချိုးဖြတ်နိုင်ခဲ့ပေ။ ထိုသည်ကို အဘယ့်ကြောင့် မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသော ဇူယွမ်မှ လွယ်ကူစွာ ချိုးဖြတ်နိုင်ခဲ့ပါသနည်း။
အနက်ရောင်အလင်းတန်းမှာ ယန်ရွှမ်းဆီသို့ ဆက်လက်ဦးတည်လာခဲ့၏။ အသက်အန္တရာယ်အား ခံစားလိုက်မိသည်နှင့်တကွ ယန်ရွှမ်း၏လက်ဝါးထက်မှ စွမ်းအင်စက်ဝန်းမှာ ပြောင်းပြန်လည်ပတ်သွားကာ ပိုမိုပြင်းထန်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်လိုက်သည်။
ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကိုပင် ပျက်စီးစေခဲ့၏။
လူတိုင်းမှာ မျက်တောင်ပင်မခတ်နိုင်ဘဲ တိုက်ပွဲအား စောင့်ကြည့်နေလျက်ရှိသည်။
အသက်ရှူချိန် အနည်းငယ်မျှအကြာတွင် ယန်ရွှမ်း၏ပခုံးထက်၌ ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး အဝတ်အစားများမှာ သွေးများဖြင့် စိုရွှဲသွားခဲ့၏။
တိုက်ပွဲဧရိယာတဝိုက်မှာ ဝေဖန်ဆွေးနွေးသံများဖြင့် ပြည့်နှက်သွားရသည်။
မည်သူကမှ ယန်ရွှမ်းမှာ ဇူယွမ်ကြောင့် ဒဏ်ရာရရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ဇူယွမ်တို့၏အနောက်တွင် ရှိနေခဲ့သော ပိုင်လီနှင့်ချင်းဟိုင်မှာလည်း အလွန်ပင် အံ့အားသင့်သွားမိ၏။ ပိုင်လီတို့နှစ်ဦးစလုံးမှာ ခက်ခဲပင်ပန်းစွာ တိုက်ခိုက်ခဲ့ပါသော်လည်း ယန်ရွှမ်းအား ခြစ်ရာတစ်ခုမျှပင် မထင်ဟပ်စေနိုင်ခဲ့ပေ။ တစ်ဖက်တွင်တော့ ဇူယွမ်မှာ အချိန်တိုအတွင်း၌ပင် ယန်ရွှမ်းအား သွေးစိမ်းရှင်ရှင် ကျစေခဲ့ပေသည်။
“ဘယ်လိုဖြစ်သွားတာလဲ” စောင့်ကြည့်နေသူများမှာ အံ့အားသင့်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်ကြ၏။
ဇူယွမ်၏မျက်ဝန်းများ၌ စိတ်အလိုမကျသော အရိပ်အယောင်များ ယှက်သန်းနေခဲ့သည်။ ဇူယွမ်မှာ ယန်ရွှမ်း၏ လည်မျိုအား ထိုးဖောက်ပစ်ရန် ကြံစည်ထားခဲ့ပါသော်လည်း ကံမကောင်းစွာဖြင့် လွဲချော်သွားရ၏။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ကြည့်နေရင်းဖြင့် စကားဆိုလိုက်သည်။
“ငါ့ကို သတ်ချင်တယ်ဆိုရင် ဒီထက်ပိုပြီး ကြိုးစားလိုက်ဦး”
ယန်ရွှမ်းမှာ ပခုံးမှဒဏ်ရာအား ကြည့်ရှုလိုက်ပြီးနောက် အလွန်အမင်း ဒေါသဖြစ်နေဟန်ဖြင့် အော်ဟစ်လိုက်၏။
“ငါဒီနေ့မင်းကို တစ်စစီလုပ်ပစ်မယ်”
ဝုန်း ...
ပြင်းထန်လှသော စွမ်းအင်လှိုင်းများမှာ ကောင်းကင်ကိုပင် လွှမ်းခြုံသွားခဲ့သောကြောင့် လူများမှာ ထိတ်လန့် ကြောက်ရွံ့သွားခဲ့ရသည်။
ယန်ရွှမ်းမှာ ဒေါသကြောင့် ရူးသွပ်သွားပြီဟု ထင်ရ၏။