← Chapters

ဇူယွမ်၏ ပြောင်မြောက်သောစွမ်းရည်

Vol. 31 Ch. 424

ဇူယွမ်၏ ပြောင်မြောက်သောစွမ်းရည်

Vol. 31 Ch. 424

ဝုန်း ...

ယန်ရွှမ်း၏ ခန္ဓာကိုယ်ထက်မှ စွမ်းအင်လှိုင်းများ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်နေပြီး သေမင်းအငွေ့အသက်များက ကောင်းကင်တစ်ခုလုံးကိုပင် ပြည့်နှက်သွားသယောင် ထင်ရသည်။

တိုက်ပွဲဧရိယာအနီး၌ စောင့်ကြည့်နေကြသူများမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားခဲ့ရသောကြောင့် ယန်ရွှမ်းအား ထိတ်လန့်ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်ကြ၏။

ပိုင်လီမှ ကူကယ်ရာမဲ့စွာဖြင့် အော်ဟစ်လိုက်သည်။

“ဇူယွမ် သတိထားနော်”

ယန်ရွှမ်းမှာ ဒေါသကြောင့် အသိစိတ်များပင် ပျောက်ကွယ်လုမတက် ဖြစ်နေ၏။

ပိုင်လီမှာ ပြီးဆုံးခဲ့သော ရင်ဆိုင်မှုမှတစ်ဆင့် ယန်ရွှမ်းမှာ အလွန်ကြောက်မက်ဖွယ် ကောင်းသူတစ်ဦးဖြစ်ကြောင်း လက်ခံခဲ့ရသည်။ သူမနှင့် ချင်းဟိုင်တို့နှစ်ဦးအား ယန်ရွှမ်းမှ အလွယ်တကူပင် အနိုင်ရရှိသွားခဲ့၏။

သို့သော် ယခုတွင်မူ ယန်ရွှမ်း၏ သတိမထားမှုကြောင့် ဇူယွမ်၏လက်ထဲ၌ သွေးစိမ်းရှင်ရှင် ကျသွားခဲ့ရသဖြင့် ယန်ရွှမ်းမှာ ဒေါသများနှင့် ပြည့်နှက်သွားခဲ့ရပေသည်။

ယန်ရွှမ်းမှာ ဇူယွမ်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် လက်များကို အတူတကွ ချိတ်ဆက်လိုက်၏။ ပြင်းထန်လှသော ချီစွမ်းအင်များမှာ လှိုင်းလုံးများအလား ထပ်မံပေါက်ကွဲ ထွက်ပေါ်လာခဲ့တော့သည်။

ထိုချီစွမ်းအင်လှိုင်းလုံးများထဲ၌ ပုံရိပ်များစွာ ပါဝင်နေခဲ့ပြီး အချို့မှာသားရဲအသွင်၊ အချို့မှာ လူပုံစံအသွင်ဖြင့်ရှိနေကာ အလွန်ပင် အံ့သြဖွယ်ကောင်းသော မြင်ကွင်းအား ပေးစွမ်းနေသယောင် ရှိ၏။

ယန်ရွှမ်းကျင့်ကြံသော ချီစွမ်းအင်မှာ အသင်္ခေျအရိုးကျင့်စဉ်ဟု အမည်ရကာ အရိုးပေါင်းများစွာထဲမှ သေစေနိုင်သော ချီစွမ်းအင်အဆီအနှစ်များအား ပေါင်းစပ်ရန် လိုအပ်သည်။ ထိုပေါင်းစပ်ထားသည့် ချီစွမ်းအင်များမှာ အလွန်ပင်ပြင်းထန်လှပြီး အနည်းငယ်မျှ ထိတွေ့မိရုံနှင့်ပင် တစ်ဖက်လူ၏ အသွေးအသားများကိုဆိုးရွားစွာ ပျက်စီးသွားစေနိုင်၏။

ဝှစ် ...

ဇူယွမ် ချီစွမ်းအင်လှိုင်းလုံးကြီးအား ကြည့်နေရင်းဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းလာရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် မြေပြင်အား ဆော့နင်းချလိုက်ကာ ထိုစွမ်းအင်လှိုင်းများစီသို့ တည့်တည့်တိုးဝင်လိုက်၏။

ဇူယွမ်၏လက်ထဲတွင်ရှိနေသော ကောင်းကင်ဘုံယွမ်စုတ်တံမှာ ပတ်ဝန်းကျင်မှ စွမ်းအင်များကို စုပ်ယူနေသောကြောင့် အနည်းငယ် တုန်ခါလျက်ရှိနေသည်။ ထိုအချိန်များအတွင်း ဇူယွမ်၏ စွမ်းအင်များမှာလည်း ဖြည်းညင်းစွာဖြင့် မြင့်တက်လာ၏။

ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်ပြီး မူလစဦး သတ္တမအဆင့်များနှင့်ပင် နှိုင်းယှဉ်၍ရပါသော်လည်း ပြီးပြည့်စုံသော မူလစဦး သတ္တမအဆင့်သို့ ရောက်ရှိနေသည့် ယန်ရွှမ်းနှင့် များစွာကွာခြားနေဆဲပင် ဖြစ်သည်။

သို့သော် အဆင့်တက်သွားသော ကောင်းကင်ဘုံယွမ်စုတ်တံကြောင့် ဇူယွမ်မှာ ယန်ရွှမ်းနှင့် တူညီသောစွမ်းရည်ကို ရရှိနိုင်ခဲ့၏။

ချပ် ...

ပေထောင်ကျော်မျှရှိသော စွမ်းအင်လှိုင်းလုံးကြီး၏ရှေ့တွင် ဇူယွမ်မှာ ပုရွက်ဆိတ်လေး တစ်ကောင်သာသာမျှသာ ဖြစ်နေလေသည်။ ဇူယွမ်၏အမူအရာမှာ အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်းမရှိဘဲ ကောင်းကင်ဘုံယွမ်စုတ်တံမှ အနက်ရောင် အလင်းတန်းများ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့၏။

“ချိုးဖျက်ခြင်း ... ”

စုတ်တံထိပ်ရှိ အနက်ရောင် အမွေးများမှာ စွမ်းအင်လှိုင်းလုံးကြီးစီသို့ ဦးတည် ပျံသန်းသွားသည်။ ထို့နောက် အသက်ရှူချိန် အနည်းငယ်မျှသော အချိန်လေး အတွင်း၌ပင် စွမ်းအင်လှိုင်းလုံးကြီး ကွဲအက်သွားသောကြောင့် ပတ်ဝန်းကျင်သည်ပင် တိတ်ဆိတ်သွားရ၏။

ဇူယွမ်မှာ ယန်ရွှမ်း၏ စွမ်းအင်လှိုင်းများအားလုံးကို ဆက်လက် ဖျက်ဆီးနေခဲ့သည်။

အဟက် ...

ယန်ရွှမ်း၏ အမူအရာမှာ ပိုမိုခက်ထန် သွားခဲ့ပြီးနောက် လက်နှစ်ဖက်ကို ချိတ်ဆက်ကာ ချီစွမ်းအင်များအား အဆက်မပြတ် ထပ်မံထုတ်လွှတ်လိုက်၏။

ယန်ရွှမ်းမှာ ယခုအချိန်ထိ မြင်တွေ့နေရသော အဖြစ်အပျက်များအား လက်မခံနိုင် ဖြစ်နေရသည်။

ဇူယွမ်၏ပုံရိပ်မှာ ကောင်းကင်ထက်၌ ဝံပျဲနေလျက်ရှိကာ ကောင်းကင်ဘုံ ယွမ်စုတ်တံဖြင့် စွမ်းအင်လှိုင်းများကို ချိုးဖြတ်နေခဲ့၏။

တိုက်ပွဲဧရိယာအနီးမှ စောင့်ကြည့်နေကြသူများမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ငေးမောကြည့်ရှုနေကြသည်။ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသော ဇူယွမ်မှာ ယန်ရွှမ်း၏ ချီစွမ်းအင်များ အားလုံးကို ချိုးဖြတ်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ချေ။

အဝေးမှ စောင့်ကြည့်နေလျက်ရှိသော လီချင်းချန်မှာ မြင်တွေ့နေရသော အဖြစ်အပျက်များကြောင့် သူမ၏လှပတင့်တယ်သော မျက်နှာလေးပေါ်၌ အံ့သြမှု အရိပ်အယောင်များ ယှက်သန်းလာရ၏။

“ဇူယွမ်ကဘာလို့ အဲဒီလောက် သန်မာနေရတာလဲ”

လီချင်းချန်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ ယခုလက်ရှိ ဇူယွမ်မှာ ယခင်ကန်ရွှမ်းကလန်၌ ရှိနေစဉ်တုန်းကထက် များစွာပို၍ သန်မာနေ၏။ ယခင်အခြေအနေနှင့် ဆိုပါက ဇူယွမ်မှာ ယန်ရွှမ်း၏တိုက်ခိုက်မှု တစ်ခုကိုမျှပင် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

လီချင်းချန်၏ ဘေးတွင်ရှိနေသော ကျောင်းဇူ၏အမူအရာမှာလည်း မတည်မငြိမ် ဖြစ်နေပေသည်။ ကျောင်းဇူမှာ ဇူယွမ်သည် တပည့်အသစ်များကြား၌ ပေါ်လွင်ထင်ရှား နေခဲ့သော်လည်း သာမန်တပည့်တစ်ဦးဟုသာ မှတ်ယူထားခဲ့၏။ ခရမ်းရောင်ခါးစည်း တပည့်များအကြား၌ ထူးချွန်ထက်မြက်သူ ဖြစ်လာစေရန် ဇူယွမ်မှ နှစ်ပေါင်းများစွာ ကြိုးစားရဦးမည်ဟု ယူဆထားခဲ့သည်။

သို့သော် ယခုအချိန်၌ ဇူယွမ်မှာ ပြီးပြည့်စုံသော မူလစဦး သတ္တမအဆင့်ရှိသည့် ယန်ရွှမ်းကဲ့သို့သော သူမျိုးနှင့်ပင် ကောင်းမွန်စွာ ရင်ဆိုင်နေနိုင်၏။ ထိုအခြင်းအရာအား ကျောင်းဇူမှ မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။

အနည်းငယ်မျှ လေ့လာခဲ့ပြီးနောက် လီချင်းချန်မှာ အခြေအနေအား နားလည်သိရှိသွားကာ တိုးညင်းသော အသံဖြင့် ရေရွတ်လိုက်၏။

“သူသုံးနေတဲ့ အနက်ရောင်စုတ်တံ ...”

“ငါခန့်မှန်းတာမမှားဘူးဆို အဲဒီအနက်ရောင်စုတ်တံက ကောင်းကင်အဆင့် မူလလက်နက်တစ်ခုပဲ”

ဇူယွမ်၏ချီစွမ်းအင်မှာ ယန်ရွှမ်းထက် သိသာစွာပင် အားနည်းနေခဲ့သည်။ သို့သော် ဇူယွမ်၏လက်ထဲတွင် ရှိနေသော စုတ်တံမှာ ချီစွမ်းအင်များကို ဖျက်ဆီးပစ်နိုင်သည့် အလွန်ပင် ထူးခြားဆန်းကြယ်သော စွမ်းအင်တစ်မျိုး ပိုင်ဆိုင်ထားဟန်ရှိ၏။

“ကောင်းကင်အဆင့် မူလလက်နက် ... ”

ကျောင်းဇူမှာ အလွန်ပင် အံ့အားသင့် သွားခဲ့သည်။ ကောင်းကင်အဆင့် မူလလက်နက်မှာ ကန်ရွှမ်းကလန်ကဲ့သို့ နေရာမျိုး၌ပင် လွန်စွာရှားပါလှပြီး ရွေးချယ်ခံတပည့်များကိုသာ ကလန်မှ ပေးအပ်ခြင်းဖြစ်၏။

သာမန်တပည့်များမှ အလွန်မြင့်မားသော နောက်ခံအင်အားရှိ သူများသည်ပင် ကောင်းကင်အဆင့် မူလလက်နက်အား ပိုင်ဆိုင်နိုင်ရန် ခက်ခဲလှသည်။

“လက်စသတ်တော့ ဒီလိုကိုး ... ”

***

မီးတောင်ဝ၌ …

မှန်ချပ်များမှတစ်ဆင့် စောင့်ကြည့်လျက်ရှိနေသော အုပ်စုများမှာ မြင်တွေ့နေရသော အဖြစ်အပျက်များကြောင့် အလွန်ပင် အံ့အားသင့်နေခဲ့ရ၏။ ဖြစ်ပေါ်လျက်ရှိသော အခြေအနေများမှာ လူတိုင်း ခန့်မှန်းထားသည်ထက်ပင် များစွာကျော်လွန်နေပေသည်။

အကြီးအကဲဝူသည်လည်း မှန်ချပ်များအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် အံ့သြတုန်လှုပ်သွားရ၏။

“ဒီကောင်လေး ...”

စွမ်းအင်လှိုင်းများအား ဖြိုခွဲနေခဲ့သော ဇူယွမ်၏ပုံရိပ်ကို ကြည့်ရှုနေရင်းဖြင့် အကြီးအကဲဝူ၏ မျက်နှာမှာ အံ့သြမှုအရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။ မျှော်လင့်ချက်များအားလုံး ရိုက်ချိုးခံလိုက်ရပြီးနောက် အခြေအနေများကို လှည့်ပြောင်းပေးလာခဲ့သူမှာ သူအဝေးသို့ တွန်းပို့နေခဲ့သော ဇူယွမ်ဖြစ်နေလိမ့်မည်ဟု တစ်ခါမှမထင်မှတ်ဖူးခဲ့ချေ။

“သူကဘာလို့ အဲဒီလောက် သန်မာနေရတာလဲ” အကြီးအကဲဝူမှ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်မိ၏။ ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်မျှသာ ရှိသေးသော်လည်း ယန်ရွှမ်းကိုပင် ကောင်းမွန်စွာ ရင်ဆိုင်နိုင်ခဲ့သည်။

အခြေအနေများအား သုံးသပ်နေခဲ့ပြီးနောက် အကြီးအကဲဝူမှာ ဇူယွမ်၏လက်ထဲမှ အနက်ရောင်စုတ်တံအား သတိထားမိသွား၏။

“မထူးဆန်းတော့ပါဘူး”

သို့သော် ဇူယွမ်မှ မည်သည့် နည်းလမ်းကိုပင် အသုံးပြုနေပါစေ အကြီးအကဲဝူမှ ဂရုပြုနေမည်မဟုတ်ပဲ ရလဒ်ကိုသာ အလေးထားပေသည်။ ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုနေသော အကြီးအကဲဝူ၏ မျက်ဝန်းများ၌ မျှော်လင့်ချက် အရိပ်အယောင်များ ပြန်လည်ယှက်သန်းလာခဲ့၏။

ယခုအချိန်တွင် အကြီးအကဲဝူမှာ ဇူယွမ်မှ ယန်ရွှမ်းအား တားဆီးနိုင်ပါစေဟု ဆုတောင်းရုံမှလွဲ၍ တက်နိုင်သည့်အရာ မရှိတော့ချေ။

အကြီးအကဲဝူမှာ ဇူယွမ်မှ ယန်ရွှမ်းအား အနိုင်ယူနိုင်ရန်အထိ မမျှော်လင့်ထားဘဲ တတ်နိုင်သမျှ အချိန်ဆွဲထားနိုင်ရန်သာ ဆုတောင်းလျက်ရှိသည်။ သို့မှသာ အခြားသူများအတွက် အနည်းငယ် အနားယူနိုင်မည်ဖြစ်ကာ အခြေအနေများ ပိုမိုဆိုရွားသွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်၏။

“ကောင်လေး ... မင်းအကောင်းဆုံး ကြိုးစားပါ။ မင်းသာ ယန်ရွှမ်းကို အချိန်ဆွဲထားနိုင့်ခဲရင် ဒီမစ်ရှင်အပြီးမှာ မင်းကို ထူးချွန်တယ်ဆိုပြီး မှတ်ချက်ပြုပေးပါ့မယ်”

***

ဘန်း ... ဘန်း ...

တောင်များကိုပင် ဖြိုခွင်းပစ်နိုင်သော စွမ်းအင်လှိုင်းလုံးကြီးများမှာ ကောင်းကင်ထက်မှ အဆက်မပြတ် ကျဆင်းလာလျက် ရှိသည်။

သို့သော် ဇူယွမ်မှာ ထိုချီစွမ်းအင်များအား တို့ဖူးကို ဓားဖြင့် လှီးနေသည့်အလား လွယ်ကူစွာပင် ဆက်လက် ချိုးဖြတ်နေခဲ့၏။

ယန်ရွှမ်း၏အမူအရာမှာ ပို၍ပို၍ ခက်ထန်လာရပေသည်။

ပိုင်လီနှင့်ချင်းဟိုင်တို့ နှစ်ဦးသည်ပင် ယန်ရွှမ်းထံ၌ ရှုံးနိမ့်သွားခဲ့ ရပါသော်လည်း ဇူယွမ်မှာတော့ အနည်းငယ်မျှပင် မထိခိုက်သေးပေ။

“အဲဒီအနက်ရောင် စုတ်တံကြောင့်လား” ယန်ရွှမ်းမှာ ဇူယွမ်၏လက်ထဲတွင် ရှိနေသော ထူးခြားသည့် အနက်ရောင်စုတ်တံအား ကြည့်ရှုလိုက်၏။

ဘန်း ...

စွမ်းအင်လှိုင်းတစ်ခုအား ထပ်မံဖြိုခွဲလိုက်ပြီးနောက် ဇူယွမ်၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ခန္ဓာကိုယ်မှာ ဒြပ်မဲ့အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ယန်ရွှမ်း၏အနောက်သို့ မြွေတစ်ကောင်အလား လျင်မြန်စွာ ရောက်ရှိသွား၏။

“ချီဖြိုခွဲခြင်း ... ”

စုတ်တံထိပ်မှ ထူးခြားဆန်းကြယ်သော အနက်ရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာကာ ယန်ရွှမ်းနောက်ကျောဘက်ရှိ သေကွင်းသေကွက် နေရာတစ်ခုသို့ ဦးတည်ပျံသန်းသွားသည်။

ယန်ရွှမ်းမှာ လက်များကို အတူတကွ ချိတ်ဆက်ကာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေပြီး ခုခံရေးအလွှာတစ်ခု ဖန်တီးလိုက်၏။

သို့သော် အနက်ရောင် အလင်းတန်းမှာ စက္ကူများကို ဆုတ်ဖြဲနေသည့်အလား ချီစွမ်းအင်များအား တစ်လွှာချင်းစီ ချိုးဖျက်နေခဲ့သည်။

“အခုပဲ ... ”

ဇူယွမ်မှာ လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့်တကွ အနက်ရောင် အလင်းတန်းမှ အနက်ရောင်မြား တစ်ခုအသွင် ပြောင်းလဲသွားကာ ယန်ရွှမ်း၏ သေကွင်းသေကွက်နေရာသို့ ဆက်လက်ဦးတည်သွား၏။

တိုက်ပွဲဧရိယာအနီးရှိ လူအများထံမှ အာမေဋိတ်သံများ အလျှိုအလျှို ထွက်ပေါ်လာကြသည်။ ဇူယွမ်မှာ ယန်ရွှမ်းအား ပြင်းထန်စွာ ဒဏ်ရာရစေရန် ကြံစည်ထားဟန် ရှိ၏။

ကန်ရွှမ်းကလန်မှ တပည့်များမှာ မျက်တောင်ပင် မခတ်နိုင်ဘဲ စောင့်ကြည့်နေကြသည်။

အနက်ရောင်မြားတံမှ ယန်ရွှမ်းခန္ဓာကိုယ်စီသို့ မရောက်ရှိခင်မှာပင် ယန်ရွှမ်း၏ ချီစွမ်းအင်များက စုတ်တံအား ရစ်ပတ်လိုက်၏။

စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားခဲ့ပြီး လေထုများကိုပင် ဆုတ်ပြဲသွားစေခဲ့သည်။

ဇူယွမ်၏မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရ၏။

ဇူယွမ်၏လက်မှာ နာကျင်နေကာ စုတ်တံမှာလည်း တုန်ခါနေရသည်။ မည်သူမှ မတားဆီးနိုင်ခဲ့သော ဇူယွမ်၏ အရှိန်အဟုန်မှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။

ဇူယွမ်မှာ စုတ်တံထိပ်ဖျားအား ပိတ်ဆို့နေခဲ့သော အရိုးများဖြင့် ပြုလုပ်ထားသည့် ကြာပွတ်တစ်ခုအား မြင်တွေ့လိုက်ရသည်။

ထိုအရိုးကြာပွတ်၏ ကိုယ်ထည်၌ ထူးဆန်းသောစာလုံးများ ထွင်းထုထားကာ ကြောက်မက်ဖွယ်ရာ ဖိအားကို ထုတ်လွှတ်နေလျက် ရှိ၏။

ပတ်ဝန်းကျင်မှ စွမ်းအင်များအား ထိုအရိုးကြာပွတ်မှ စုပ်ယူလိုက်သည်။

အရိုးကြာပွတ်အား ကိုင်ဆောင်ထားသော ယန်ရွှမ်း၏စွမ်းအင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် မြင့်တက်လာခဲ့၏။

ယန်ရွှမ်းမှာ ဇူယွမ်အား မထီမဲ့မြင်ပြုစွာကြည့်၍ စကားဆိုလိုက်သည်။

“ငါ့မှာရော ကောင်းကင်အဆင့် မူလလက်နက်မရှိဘူးလား ထင်နေလား”

All Chapters