ကြောက်မက်ဖွယ်ယန်ရွှမ်း
Vol. 31 Ch. 425
လေထုထဲ၌ အနက်ရောင် ကောင်းကင်ဘုံယွမ်စုတ်တံနှင့် အဖြူရောင် အရိုးကြာပွတ်တို့ တွေ့ဆုံသွားခဲ့ကြပြီး ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များကြောင့် ပတ်ဝန်းကျင်သည်ပင် တုန်ခါနေသယောင် ရှိသည်။
ဝုန်း ...
အရိုးကြာပွတ်မှ ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး ဇူယွမ်နှင့် ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ အဝေးသို့ လွင့်စဉ်သွားရ၏။
ယန်ရွှမ်းမှာ ဇူယွမ်လွင့်စဉ်သွားရာသို့ မလိုက်သွားခဲ့ပဲ ဇူယွမ်အား ခက်ထန်စွာဖြင့်သာ ကြည့်ရှုနေခဲ့သည်။ ယန်ရွှမ်း၏ အရိုးကြာပွတ်တလျှောက်၌ ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာ၏။
တိုက်ပွဲဧရိယာအနီးမှ စောင့်ကြည်နေလျက် ရှိနေသူများမှာ ယန်ရွှမ်းလက်ထဲတွင်ရှိနေသော အရိုးကြာပွတ်အား အံ့အားသင့်စွာဖြင့် ငေးမောကြည့်ရှုနေခဲ့သည်။
“ေကာင်းကင်အဆင့် မူလလက်နက်လား”
“ယန်ရွှမ်းက မဖြစ်မနေမို့ ထုတ်သုံးရတာနဲ့တူတယ်။ ခုနက ပိုင်လီတို့နဲ့ တိုက်တုန်းကတောင် သူဘာလက်နက်မှ မသုံးခဲ့ဘူး”
“ဇူယွမ်က သူ့ရဲ့ကောင်းကင်အဆင့် မူလလက်နက်ကြောင့် အသာစီး ရနေခဲ့တာလေ။ အခုယန်ရွှမ်းကလည်း လက်နက် ထုတ်လိုက်ပြီဆိုတော့ အခြေအနေတွေက တစ်မျိုး ပြောင်းသွားတော့မှာ”
“ ... ... ”
ယန်ရွှမ်းအား ကြည့်ရှုနေသော ဇူယွမ်၏မျက်ဝန်းများမှာ တင်းမာလျက်ရှိ၏။ အစောပိုင်းက ထိပ်တိုက် ရင်ဆိုင်မှုတွင် ယန်ရွှမ်း၏ အရိုးကြာပွတ်မှာ အနက်ရောင်မူလလက်နက်တစ်ခုထက် များစွာ သာလွန်ကြောင်း ခံစားမိခဲ့သည်။
သို့သော် ထိုအရိုးကြာပွတ်မှာ အစစ်အမှန် ကောင်းကင်အဆင့် မူလလက်နက်တစ်ခု မဟုတ်ပေ။
အတိအကျဆိုရလျှင်မူ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက် ဖြစ်၏။
သို့သော် ယန်ရွှမ်းထံ၌ ထိုလက်နက်ရှိနေခဲ့ခြင်းကြောင့် ဇူယွမ်မှာ များစွာ အသာစီးရနိုင်တော့မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံယွမ်စုတ်တံမှာ သန့်စင်သော ချီစွမ်းအင်များကို ဖြိုခွဲခြင်း၌သာ ပို၍အသုံးဝင်သောကြောင့် ဖြစ်သည်။
တစ်ဖက်ရန်သူ၏ မူလလက်နက်များအား ရင်ဆိုင်တိုက်ခိုက်ရာတွင်မူ ချီဖြိုခွဲခြင်း၏ စွမ်းအင်မှာ များစွာအားနည်းသွားပေလိမ့်မည်။
ဇူယွမ်မှာ အနက်ရောင်စွမ်းအင်များ စီးဆင်းနေလျက်ရှိသော ကောင်းကင်ဘုံ ယွမ်စုတ်တံအား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
ဝှစ် ...
ယန်ရွှမ်းမှာ ရုတ်တရက် ရောက်ရှိလာသောကြောင့် ဇူယွမ်၏မျက်ဝန်းများပင် ပြူးကျယ်သွားရသည်။ ယန်ရွှမ်း၏အရိုးကြာပွတ်မှ ကြာပွတ်ပေါင်းများစွာအသွင်သို့ ပြောင်းလဲသွားပြီး လေထုကိုပင် ပြည့်နှက်သွားစေ၏။
ကြာပွတ်တစ်ခုစီတိုင်းမှ အလွန်ပင်ထက်ရှသော ဖိအားလှိုင်းများကို ထုတ်လွှတ်နေကာ အရာရာကိုပိုင်းဖြတ်တော့မည့်ဟန် ရှိနေပေသည်။
ဖိအားမှာ ပြင်းထန်လှသောကြောင့် တိုက်ပွဲဧရိယာအနီးရှိ သူများသည်ပင် ဖိအားဒဏ်ကို ခံစားခဲ့ကြရ၏။
ဇူယွမ်မှာ လျင်မြန်စွာပင် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ် စေလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်ဘုံ ယွမ်စုတ်တံတလျှောက်၌ စီးဆင်းနေလျက်ရှိသော ချီစွမ်းအင်များ မြင့်တက်လာပြီး ယန်ရွှမ်း၏ တိုက်ခိုက်မှုနှင့် ထိတွေ့သွားခဲ့သည်။
ချလန်း ... ချလန်း ...
ပုံရိပ်နှစ်ခုမှာ ကောင်းကင်ထက်တွင် ကခုန်နေသည့်အလား ရှိ၏။ လျှပ်စီးအလင်းတန်းများ၊ စုတ်တံနှင့် အသင်္ချေအရိုးကြာပွတ်တို့၏ ပုံရိပ်များမှာ အကြိမ်ရေများစွာ တွေ့ဆုံနေကြသည်။ ထိတွေ့မှုတိုင်း၌ ပေထောင်ကျော်မျှရှိသော စွမ်းအင်လှိုင်းဂယက်များကို ဖြစ်ပေါ်စေကာ ကောင်းကင် တစ်ခုလုံးကိုပင် တုန်ခါစေမတက် ဖြစ်နေ၏။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်၏ တားဆီးမရခဲ့သော အရှိန်အဟုန်မှာ ရပ်တန့်သွားခဲ့ပြီဖြစ်ပြီး ယခုအချိန်၌ ယန်ရွှမ်း၏ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်နှင့် လက်ရည်တူညီလုနီးပါး ဖြစ်နေသည်ကို တွေ့မြင်နိုင်ပေသည်။
ယန်ရွှမ်း၏ အရိုးကြာပွတ်မှာ ဇူယွမ်၏ ကောင်းကင်ဘုံ ယွမ်စုတ်တံထက် နိမ့်ပါးပါသော်လည်း ယန်ရွှမ်း၏ ချီကျင့်ကြံခြင်း အဆင့်မှာ ဇူယွမ်ထက် များစွာပို၍သာလွန်၏။ ထို့ကြောင့် အရိုးကြာပွတ်၏ စွမ်းအင်များကို ထပ်မံပေါင်းစပ်လိုက်သောအခါ ယန်ရွှမ်း၏ အနေအထားမှာ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေသို့ တဖန်ပြန်လည် ရောက်ရှိသွားခဲ့သည်။
အသက်ရှူချိန် အနည်းငယ်မျှသော အချိန်လေးအတွင်း၌ပင် ကောင်းကင်ထက်မှ ပုံရိပ်နှစ်ခုမှာ အကြိမ်ရာကျော်မျှ တွေ့ဆုံခဲ့ကြပြီး ဖြစ်၏။
ချလန်း ...
ပြင်းထန်လှသော တွေ့ဆုံမှုတစ်ကြိမ် ထပ်မံပြီးဆုံးသွားပြီးနောက် ဇူယွမ်၏ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်စဉ်သွားရသည်။ ဇူယွမ်၏အမူအရာမှာ အလွန်ပင် ခက်ထန်နေလျက် ရှိ၏။ ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံဖြင့် အခြေအနေများကို ပြောင်းလဲပစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်၌ ယန်ရွှမ်းမှာ ရင်ဆိုင်ရမည့်နည်းလမ်းကို သိရှိနေခဲ့ပြီ ဖြစ်သည်။
ဇူယွမ်၏လက်မှာ အလွန်ပင်နာကျင်နေရ၏။
“အစောပိုင်းတုန်းကပဲ မင်းအရမ်း ဘဝင်မြင့်နေတာ မဟုတ်ဘူးလား” ယန်ရွှမ်းမှ လှောင်ပြောင်သလို ယဟန်ဖြင့် ရီမောကာ စကားဆိုလိုက်သည်။
“ငါတို့တိုက်ခိုက်ပြီးမှပဲ တခြားအကြောင်းတွေကို ဆက်ပြောကြတာပေါ့” ဇူယွမ်မှ အေးစက်စွာပြုံး၍ ပြန်ပြောလိုက်၏။
“မင်းဘယ်လောက်ထိ ဝင့်ကြွားနိုင်ဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့” ယန်ရွှမ်း၏အမူအရာမှာ ခက်ထန်သွားခဲ့ပြီး အရိုးကြာပွတ်မှာ ရုတ်တရက်တုန်ခါလာပြီးနောက် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများအား အရိုးကြာပွတ်မှ လျင်မြန်စွာပင် စုပ်ယူလျက် ရှိသောကြောင့် ပြင်းထန်လှသော စွမ်းအင်ဖိအားများစွာ ထွက်ပေါ်လာ၏။
“ကောင်းကင်ဘုံအရိုးကြာပွတ်ရဲ့ အရိုးဖြူမြွေနဂါး”
ယန်ရွှမ်းမှ လက်နှစ်ဖက်ကို ချိတ်ဆက်ကာ အော်ဟစ်လိုက်သည်။
ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီးနောက် အရိုးကြာပွတ်မှာ အရိုးဖြူမြွေနဂါးအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုအရိုးဖြူမြွေနဂါးမှာ လူများ၊ မူလသားရဲများနှင့် ပေါင်းစပ်ဖန်တီး ထားသည်ဟု ခံစားရစေပြီး ထူးခြားဆန်းကြယ်သောမြင်ကွင်းကို ဖြစ်ပေါ်စေသည်။
အရိုးဖြူမြွေနဂါးကြီးမှာ ကြောက်မက်ဖွယ် ကောင်းလှသော ချီစွမ်းအင်များ ရစ်ဝဲနေလျက်ရှိကာ လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ရွေ့လျားသွား၏။
ဇူယွမ်မှာ ပြင်းထန်လှသော ယန်ရွှမ်း၏ တိုက်ခိုက်မှုကို ခံစားမိခဲ့သောကြောင့် မျက်ဝန်းများပင် ကျဥ်းမြောင်းသွားရသည်။
ထို့နောက် ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ကောင်းကင်ထက်သို့ ပစ်တင်လိုက်၏။ ကောင်းကင်ဘုံယွမ်စုတ်တံမှာ ပတ်ဝန်းကျင်ရှိ စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလိုက်ပြီးနောက် စုတ်တံထိပ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
“ကောင်းကင်ဘုံယွမ်စုတ်တံ သန်းချီသောဝေလငါး ... ”
ကောင်းကင်ဘုံယွမ်စုတ်တံစီမှ ရှေးဟောင်းဝေလငါးတစ်ကောင်၏ အော်မြည်သံသဲ့သဲ့အား ကြားလိုက်ရပြီးနောက် စုတ်တံတစ်ဝိုက်၌ ပြင်းထန်လှသော ချီစွမ်းအင်များ ရစ်ဝဲလာ၏။
ထို့နောက် ကြီးမားလှသော ဝေလငါးကြီး တစ်ကောင်၏ပုံရိပ်မှာ ဇူယွမ်၏ဦးခေါင်းထက်၌ ထွက်ပေါ်လာခဲ့သည်။
ခေတ္တမျှသော အချိန်လေးအတွင်းမှာပင် ဝေလငါးတစ်ကောင် ထပ်မံပေါ်ထွက်လာ၏။
ဝေလငါးများမှာ တစ်ကောင်ပြီးတစ်ကောင် အဆက်မပြတ် ထွက်ပေါ်နေခဲ့ပြီး ငါးကောင်ထိပင် ရောက်ရှိသွားသည်။
ကောင်းကင်ဘုံယွမ်စုတ်တံမှာ ကောင်းကင်အဆင့် မူလလက်နက်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် သန်းချီသော ဝေလငါးမှော်စာလုံးမှာလည်း အဆင့်တက်သွား၏။ ယခင်အချိန်များ၌ ဝေလငါးတစ်ကောင်မျှသာ အသုံးပြုနိုင်ခဲ့ပါသော်လည်း ယခုအချိန်၌ ငါးကောင်မျှအထိ သုံး၍ရနိုင်နေပြီ ဖြစ်သည်။
ဝေလငါးတစ်ကောင်စီတိုင်းတွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပါဝင်နေပြီး ပင်လယ်များကိုပင် ဖြိုခွင်တော့မတက် ဖိအားကို ပေးစွမ်းနေ၏။
ယန်ရွှမ်း၏ တိုက်ခိုက်မှုအား တုံ့ပြန်နိုင်ရန် ဇူယွမ်သည်လည်း စွမ်းအင်အပြည့်အဝကို ထုတ်သုံးရတော့မည် ဖြစ်သည်။
“သွား ... ”
ဇူယွမ်မှ အော်ဟစ်လိုက်သည်နှင့်တကွ ကောင်းကင်ဘုံ ယွမ်စုတ်တံမှာ ဝေလငါးများကို ဦးဆောင်လျက် ပျံသန်းသွား၏။
လူတိုင်းမှာ မျက်တောင်ပင်မခတ်နိုင်ဘဲ တိုက်ပွဲအား စောင့်ကြည့်နေလျက် ရှိသည်။
အဆုံး၌ အရိုးဖြူမြွေနဂါးနှင့် ဝေလငါးပုံရိပ်များမှာ လေထုထဲ၌ ပြင်းထန်စွာဖြင့် တွေ့ဆုံသွားကြ၏။
ဝုန်း ...
ပေရာကျော်မျှရှိသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်သွားခဲ့ပြီး အဝေးမှ တောင်ကုန်းများသည်ပင် တုန်လှုပ်ပြိုဆင်းသွားရသည်။
ကောင်းကင်ထက်တွင်ရှိနေသော ဝေလငါးများ၏ပုံရိပ်မှာ မှေးမှိန်လာကာ အရိုးဖြူမြွေနဂါးမှာလည်း ဖြည်းညင်းစွာဖြင့် ပြိုကွဲလာ၏။
လက်နက်နှစ်ခုနှင့် အနီးဆုံးတွင်ရှိနေသော ဇူယွမ်နှင့် ယန်ရွှမ်းတို့နှစ်ဦးလုံးမှာ အဝေးသို့လွင့်စဉ်သွားခဲ့ရပြီး အဝတ်အစားများပင် စုတ်ပြဲကုန်ရသည်။
ဇူယွမ်နှင့်ယန်ရွှမ်း နှစ်ဦးလုံးမှာ သွေးနီရောင် တောင်ကုန်းများနှင့် ရိုက်ခတ်မိသွား၏။
ဝုန်း ...
တောင်ကုန်းနှစ်ခုလုံး ပြိုကျလာကာ ဇူယွမ်နှင့်ယန်ရွှမ်းအား ဖုံးအုပ်သွားသည်။
သို့သော် ဇူယွမ်တို့နှစ်ဦးလုံးမှာ လျင်မြန်စွာပင် ပျံသန်းလျက် ကောင်းကင်ထက်သို့ ထွက်ပေါ်လာခဲ့၏။
ဇူယွမ်တို့၏ အဝတ်အစားများမှာ မြင်မကောင်းအောင် စုတ်ပြဲနေကာ နှုတ်ခမ်းထောင့်များ၌ သွေးများ ယိုစီးကျနေကြသည်။ အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်မှု၌ ဇူယွမ်နှင့်ယန်ရွှမ်း နှစ်ဦးလုံးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်မျှ ရရှိခဲ့ကြရ၏။
မထင်မှတ်ထားရလောက်အောင် ဇူယွမ်နှင့်ယန်ရွှမ်းတို့၏ လက်ရည်မှာ တူညီနေခဲ့သည်။
တိုက်ပွဲအား စောင့်ကြည်နေလျက် ရှိနေသူများမှာ ဇူယွမ်အား အံ့အားသင့်သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြ၏။
ထိုသူများအားလုံးမှာ ပထမ၌ ယန်ရွှမ်းမှ ကောင်းကင်တစ်ပိုင်းအဆင့် မူလလက်နက်အား ထုတ်ယူလိုက်သည့် အချိန်မှစ၍ အခြေအနေများ ပြောင်းလဲသွားရတော့မည်ဟု ယူဆထားခဲ့ကြသည်။ သို့သော် ဇူယွမ်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ပင် ယန်ရွှမ်းကို ပြင်းထန်သော တိုက်ခိုက်မှုတိုင်းကို တားဆီးနိုင်ခဲ့၏။
အဝေးမှ စောင့်ကြည့်နေလျက်ရှိသော လီချင်းချန်၏ မျက်ဝန်းများ၌ ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်။ အေးစက် ခက်ထန်နေသော လီချင်းချန်၏အမူအရာမှာ အနည်းငယ်မျှ ပြေလျော့သွားရ၏။
“ဇူယွမ်က အမြဲအံ့သြစရာတွေ လုပ်နိုင်တာပဲ” လီချင်းချန်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူမ၏စကားသံတွင် ချီးကျူးလိုသော အရိပ်အယောင်များ ပါဝင်နေ၏။
လီချင်းချန်၏ဘေးတွင်ရှိနေသော ကျောင်းဇူမှ မျက်မှောင်ကြုတ်ကာ စကားဆိုလိုက်သည်။
“ကျွန်တော်ကတော့ သူ့ရဲ့အကန့်အသတ်ကို ရောက်နေပြီထင်တာပဲ”
လီချင်းချန်မှ စိတ်အလိုမကျဟန်ဖြင့် ပြန်၍ပြောလိုက်၏။
“ဂျူနီယာမောင်တော်ကျောင်းဇူ မင်းက ဓားကပ်ဘေးတောင်ထွတ်က လူတစ်ယောက်အနေနဲ့ ဇူယွမ်ကို မကျေနပ်တာတွေရှိရင်တောင် ခုချိန်မှာ ဘေးဖယ်ထား သင့်တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ အခုချိန်မှာ ဇူယွမ်ရှုံးနိမ့်သွားရင် ငါတို့တစ်ယောက်မှ အပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
လီချင်းချန်၏ စကားအား ကြားလိုက်ရပြီးနောက်တွင် ကျောင်းဇူမှာ တိတ်ဆိတ်သွားခဲ့ရသည်။
လီချင်းချန်နှင့် ကျောင်းဇူတို့၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့မှာလည်း အဝေးတွင် ဖြစ်ပေါ်လျက် ရှိသောတိုက်ပွဲအား ကြည့်ရှုနေခဲ့၏။ အစောပိုင်း၌ ဝမ့်ချီတို့၏အမူအရာမှာ သက်တောင့်သက်သာ ဖြစ်နေဟန် ရှိခဲ့သော်လည်း ယခုအချိန်၌ အတော်ပင် ခက်ထန်နေရသည်။
ဝမ့်ချီတို့မှာလည်း ယန်ရွှမ်းမှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးသော ကန်ရွှမ်းကလန်မှ တပည့်တစ်ဦး၏ တားဆီးမှုကို ခံနေရလိမ့်မည်ဟု စိတ်ပင်မကူးခဲ့ဖူးချေ။
“ယန်ရွှမ်းက ဘာတွေလုပ်နေတာလဲ”
ကောင်းကျင့်ဇူမှ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်၏။
“ကန်ရွှမ်းကလန်က ဇူယွမ်ဆိုတဲ့တပည့်က တော်တော်ထူးဆန်းတယ်”
ဝမ့်ချီမှ ဖြည်းညင်းစွာ ပြောလိုက်သည်။
“သူ့ရဲ့ ချီစွမ်းအင်အရင်းအမြစ်က ကြောက်စရာ ကောင်းလောက်အောင် သန်မာတာပဲ”
ကောင်းကင်ဘုံယွမ်စုတ်တံ၏ အကူအညီမပါဝင်လျှင်ပင် ဇူယွမ်၏ခွန်အားမှာ မူလစဦး သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူနှင့် တူညီလုနီးပါး ဖြစ်နေသည်ကို ဝမ့်ချီတို့မှ သတိထားမိခဲ့၏။ ထိုအဓိပ္ပာယ်မှာ ဇူယွမ်၏ ချီစွမ်းအင် အခြေခံအုတ်မြစ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ခိုင်မာလွန်းသည်ဟု ပြသနေခြင်းပင် ဖြစ်သည်။
“ဇူယွမ်ကိုနိုင်ဖို့ဆိုရင် ယန်ရွှမ်းက သူ့ရဲ့အကန့်အသတ်ထိ သုံးပြီးတိုက်မှရမယ်”
ဝမ့်ချီမှာ လီချင်းချန်တို့အား အေးစက်စွာ ကြည့်လိုက်ပြီးနောက် ယန်ရွှမ်းထံသို့ သတင်းစကား ပို့ဆောင်လိုက်၏။
“ယန်ရွှမ်း တွေဝေမနေနဲ့တော့”
ဝမ့်ချီ၏စကားသံမှာ မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်သွားပြီးနောက် ယန်ရွှမ်းရှိနေရာ တောင်ကုန်းထက်သို့ ရောက်ရှိလာခဲ့သည်။
ဝမ့်ချီ၏စကားအား ကြားလိုက်ရသောအခါ ယန်ရွှမ်း၏ မျက်ဝန်းများ၌ တုံ့ဆိုင်းနေသော အရိပ်အယောင်များ ယှက်သန်းလာ၏။
အဆုံးတွင်တော့ ယန်ရွှမ်းမှာ ပြတ်သားစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
မြင့်မြတ်သောနန်းတော်မှာ လွန်စွာပင် စည်းကမ်းတင်းကျပ်လှ၏။ ထို့ကြောင့် ဤနေရာ၌ ယန်ရွှမ်းအမှားအယွင်း ပြုလုပ်မိခဲ့ပါက မြင့်မြတ်သော နန်းတော်သို့ ပြန်ရောက်သောအခါ၌ ပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရပေလိမ့်မည်။ ထို့အပြင် ကျင့်ကြံခြင်းအရင်းအမြစ်များပါ သိမ်းယူခံရမည် ဖြစ်သောကြောင့် ယန်ရွှမ်း၏ ကျင့်ကြံခြင်းကိုပါ ထိခိုက်သွားစေမည် ဖြစ်သည်။
ထို့ကြောင့် ယန်ရွှမ်းမှာ အနိုင်ရအောင် တိုက်ခိုက်ရမည်သာ ဖြစ်၏။
ယန်ရွှမ်း၏မျက်နှာထက်၌ ဆုံးဖြတ်ချက် ပြတ်သားသော အရိပ်အယောင်များ ယှက်သန်းလာခဲ့သည်။
ယန်ရွှမ်းမှာ ဇူယွမ်အား အေးစက်စွာ ကြည့်လိုက်ပြီးနောက် အဝတ်အစားများကို ဆုတ်ဖြဲပစ်လိုက်၏။ ယန်ရွှမ်း၏ ဘယ်ဘက်ရင်အုံ၌ သွေးနီရောင်မှော်စာလုံးတစ်ခု ရှိနေသည်။ ထိုမှော်စာလုံးမှာ ယန်ရွှမ်း၏ အသွေးအသားများနှင့် ပေါင်းစပ်နေသည်ဟုပင် ထင်မှတ်ရ၏။
၎င်းသွေးနီရောင် မှော်စာလုံးမှာ တစ်စုံတစ်ခုကို ချိတ်ပိတ်ထားဟန် ရှိသည်။
“ငါက ဒီချိတ်ပိတ်ထားတာကို တခြားတစ်ခုအတွက် သိမ်းထားချင်ခဲ့တာ။ ဒီနေ့တော့ မင်းကြောင့်နဲ့ ထုတ်သုံးရတော့မယ်”
“မင်းကတကယ် စိတ်ရှုပ်စရာကောင်းတာပဲ”
“အဲဒါကြောင့် မင်းကိုအနိုင်ယူပြီးတာနဲ့ ငါ့ကိုယ်ငါ စိတ်ကျေနပ်စေဖို့အတွက် မင်းရဲ့အရိုးတွေအားလုံးကို တစ်ချောင်းချင်းစီ ရိုက်ချိုးပစ်ရမယ်”
ယန်ရွှမ်း၏စကားသံမှာ အလွန်ပင် တင်းမာနေ၏။
ထို့နောက် ယန်ရွှမ်းမှာ လျှာကိုကိုက်၍ သွေးအဆီအနှစ်အား လက်ပေါ်သို့ ထွေးထုတ်လိုက်ပြီးနောက် ချိတ်ပိတ်ထားသော မှော်စာလုံးပေါ်သို့ သုတ်လိမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် မှော်စာလုံးမှ အခိုးအငွေ့များ ထွက်ပေါ်လာကာ ပိတ်ထားသောချိတ်မှာ စတင် ပျက်ပြယ်လာ၏။
ဝုန်း ...
ချိတ်ပျက်ပြယ်သွားသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားခဲ့ကြရသည်။
ယန်ရွှမ်း၏ခြေဖဝါးအောက်မှ တောင်ကုန်းသည်ပင် အက်ကွဲပြိုကျသွား၏။
တိုက်ပွဲဧရိယာအနီးမှ သူများမှာ ယန်ရွှမ်းအား ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။
ယန်ရွှမ်း၏ ချီစွမ်းအင်မှာ မူလစဦး သတ္တမအဆင့်မှ မူလစဦး အဋ္ဌမအဆင့်အထိ မြင့်တက်လာခဲ့၏။
ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် လီချင်းချန်တို့၏ အမူအရာမှာ များစွာ ပြောင်းလဲသွားရသည်။
ဇူယွမ်သည်ပင် ယန်ရွှမ်းအား ကြည့်ရှုနေရင်းမှ အမူအရာများ ပို၍ခက်ထန်လာရ၏။
ယန်ရွှမ်းထံ၌ ကြောက်မက်ဖွယ် ကောင်းလှသော ဝှက်ဖဲတစ်ခု ရှိနေခဲ့ပေသည်။