အဋ္ဌမအဆင့်
Vol. 31 Ch. 426
ဝုန်း ...
ယန်ရွှမ်း၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းမှာ ယန်ရွှမ်းအား ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်ရှုနေကြ၏။ မည်သူကမှ ယန်ရွှမ်းထံ၌ ဝှက်ဖဲရှိနေလိမ့်ဦးမည်ဟု ထင်မှတ်မထားခဲ့ချေ။
ယန်ရွှမ်းခန္ဓာကိုယ်မှ ထွက်ပေါ်နေလျက်ရှိသော ချီစွမ်းအင်များမှာ ပြီးပြည့်စုံသော မူလစဦး သတ္တမအဆင့်အား ကျော်လွန်၍ မူလစဦး အဋ္ဌမအဆင့်သို့ ရောက်ရှိလာသည်။
ယန်ရွှမ်း၏ချီစွမ်းအင်များမှာ မူလစဦး အဋ္ဌမအဆင့်၏ ကနဦးအဆင့်မျှသာ ရှိသေးသော်လည်း စောင့်ကြည့်နေကြသူများမှ စွမ်းအင်ဖိအားကို ခံစားမိခဲ့၏။
“ဟာ ... ”
ပိုင်လီ၊ ချင်းဟိုင်နှင့် ကန်ရွှမ်းကလန်မှ တပည့်များ၏ မျက်နှာများမှာ အလွန်ပင် ဖြူရော်နေရပေသည်။ ယန်ရွှမ်း၏ ကွယ်ဝှက်ထားသောစွမ်းအင်မှာ လူတိုင ်းခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေ၏။
ကန်ရွှမ်းကလန်ထဲ၌ မူလစဦး အဋ္ဌမအဆင့်ရှိသော မည်သည့်တပည့်မဆို သက်ဆိုင်ရာ တောင်ထွတ်၏ တပည့်ခေါင်းဆောင်ပင် ဖြစ်လာနိုင်သည်။
အဝေးမှစောင့်ကြည့်နေခဲ့သော လီချင်းချန်မှာ ခက်ထန်စွာဖြင့် လက်များကို တင်းတင်းဆုပ် ထားလိုက်မိ၏။ ယခုဖြစ်ပေါ်နေသော တိုက်ပွဲအလှည့်အပြောင်းမှာ သူမ၏ မျှော်လင့်ချက် ရောင်ခြည်တန်းလေးအား ပျက်စီးစေခဲ့ပြီ ဖြစ်သည်။
မူလစဦး အဋ္ဌမအဆင့်မှာ မြင့်မားလှပြီး ဇူယွမ်၏အဆင့်နှင့် များစွာကွာခြား၏။ ထို့ကြောင့် ဇူယွမ်၌ အခွင့်အရေး အနည်းငယ်မျှပင် ရရှိနိုင်တော့မည် မဟုတ်ပေ။
ကျိုးချူးချင်ယုမှာ လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ စိတ်အလိုမကျဟန်ဖြင့် ရေရွတ်လိုက်သည်။
“ဒါကအရမ်းလွန်လွန်းတယ်”
ကျိုးချူးချင်ယုမှာ ဒေါသထွက်နေမိပါသော်လည်း ဤသို့သော သေရေးရှင်ရေး တိုက်ပွဲများအတွင်း မိမိ၏စွမ်းအင်ကို ကွယ်ဝှက်ထားခြင်းမှာ အရေးကြီးသော ဝှက်ဖဲတစ်ခုဖြစ်ကြောင်း နားလည်ထား၏။
သို့သော် ကျိုးချူးချင်ယုမှာ ဇူယွမ်နှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်သဖြင့် ဇူယွမ့်ကိုသာ အနိုင်ရရှိစေချင်သည်။
သို့ပေသော်ငြားလည်း ယခုအချိန်၌ ဇူယွမ်အနိုင်ရရှိရန်မှာ အလွန်ပင် ခက်ခဲသွားပြီ ဖြစ်၏။
စောင့်ကြည့်နေကြသူများမှာ ယန်ရွှမ်း၏ဝှက်ဖဲအား အလွန်အံ့အားသင့်နေကြသကဲ့သို့ ဇူယွမ်၏ အမူအရာမှာလည်း လွန်စွာပင် ခက်ထန်နေရသည်။ ယန်ရွှမ်း၏ ခန္ဓာကိုယ်ထက်မှ ပေါက်ကွဲထွက်ပေါ်နေလျက် ရှိသော ချီစွမ်းအင်များမှာ ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ်နေ၏။
မူလစဦး အဋ္ဌမအဆင့်မှာ အမှန်တကယ် ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
ယန်ရွှမ်းမှာ ဇူယွမ်အား သားကောင်အား အမဲလိုက်တော့မည့် သားရဲတစ်ကောင်အလား အညှာအတာကင်းမဲ့သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်၏။
ကံကောင်းထောက်မစွာဖြင့် ယန်ရွှမ်းထံ၌ ချိတ်ပိတ်ထားသော ကျင့်ကြံခြင်း အလွှာတစ်ခု ရှိနေခဲ့သည်။
ထိုသို့ချိတ်ပိတ်ထားခြင်းဖြင့် ချီစွမ်းအင်များကို ကွယ်ဝှက်ထားနိုင်၏။ ထိုချိတ်အား ချိုးဖျက်လိုက်သည်နှင့်တကွ ဖုံးကွယ်ထားသော ချီစွမ်းအင်များမှာ ချက်ချင်းဆိုသလို အလုံးအရင်းဖြင့် ထွက်ပေါ်လာမည် ဖြစ်သည်။
ယန်ရွှမ်းမှာ ထိုချိတ်ပိတ်ထားခြင်းအား အခြားတစ်ခုအတွက် သိမ်းဆည်း ထားချင်ခဲ့ပါသော်လည်း ယခုဇူယွမ်အား အနိုင်တိုက်နိုင်ရန် ချိုးဖျက်ခဲ့ရ၏။
ကြိုတင်ပြင်ဆင်မှုမရှိဘဲ ချိတ်အား ချိုးဖျက်ခဲ့ခြင်းက ချီစွမ်းအင်များကို အနည်းငယ် ကမောက်ကမ ဖြစ်စေသည်။ ထို့ကြောင့် ယန်ရွှမ်း၏ မူလစဦး အဋ္ဌမအဆင့်မှာ မတည်မငြိမ် ဖြစ်နေခဲ့ရ၏။
အကယ်၍ ယန်ရွှမ်းသာ အချိန်အနည်းငယ်မျှ ထပ်မံစောင့်ဆိုင်းနိုင်ခဲ့ပါက ထွက်ပေါ်လာမည့် ချီစွမ်းအင်များမှာ ပိုမိုများပြားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ဇူယွမ်ကြောင့် လျင်မြန်စွာ ချိုးဖျက်ခဲ့ရ၏။
“ဒီနေ့မင်းကိုသတ်ပေးဖို့ တောင်းဆိုရတဲ့ထိ ငါနှိပ်စက်ပြမယ်”
ယန်ရွှမ်းအား အေးစက်စွာ စကားဆိုလိုက်ပြီးနောက် အရိုးကြာပွတ်အား တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ယန်ရွှမ်း၏ ခန္ဓာကိုယ်ထက်မှ ပို၍ပြင်းထန်သော ချီစွမ်းအင်များ ထပ်မံပေါက်ကွဲ ထွက်ပေါ်လာ၏။
ဝှစ် ...
ယန်ရွှမ်းမှာ အရှေ့သို့တိုးလိုက်ကာ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားသည်။
ယန်ရွှမ်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်နှင့်တကွ ဇူယွမ်၏မျက်ဝန်းအစုံမှာ ကျဉ်းမြောင်းသွားပြီး အနောက်သို့ဆုတ်ရန် ပြင်ဆင်လိုက်၏။
သို့သော် ဇူယွမ်မှ လှုပ်ရှားတော့မည့် အချိန်မှာပင် နောက်ကျောဘက်ဆီမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ခံစားလိုက်ရသည်။
ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါတွင် နောက်ကျောဘက်၌ ရပ်လျက်ရှိသော ယန်ရွှမ်းအား တွေ့မြင်လိုက်ရ၏။ ယန်ရွှမ်းလက်ထဲတွင် ရှိနေသော အရိုးကြာပွတ်မှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများမှာ ပြင်းထန်လွန်းလှသဖြင့် ဇူယွမ်မှာ ဦးခေါင်းများပင် ကျိန်းစပ်လာရသည်။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။
ချလန်း ...
အရိုးကြာပွတ်နှင့် ကောင်းကင်ဘုံ ယွမ်စုတ်တံတို့ ထိတွေ့သွားခဲ့သည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ကိုပင် အပျက်အစီးများ ပြည့်နှက်သွားစေ၏။
ဇူယွမ်၏ခန္ဓာကိုယ်မှာ ပေထောင်ကျော်မျှ အထိပင် လွင့်စဉ်သွားရသည်။
ဇူယွမ်မှာ ခန္ဓာကိုယ်အား ငုံ့ကြည့်လိုက်သောအခါတွင် လက်ညှိုးနှင့် လက်မကြားနေရာမှာ ဆုတ်ပြဲနေခဲ့ပြီး လက်တစ်ခုလုံး သွေးအလိမ်းလိမ်း ပေကျံနေ၏။ သို့သော် ဇူယွမ်၏ လက်မောင်းထက်မှ အစိမ်းရင့်ရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် အသွေးအသားများ အားလုံး ပြန်လည်ကောင်းမွန် သွားခဲ့သည်။
ယခုအချိန်၌ ဇူယွမ်မှာ အနည်းငယ်မျှပင် အသာစီးမရနိုင်တော့ချေ။
တိုက်ပွဲဧရိယာအနီးမှ သက်ပြင်းချသံများ အလျှိုအလျှို ထွက်ပေါ်လာကြ၏။ လူတိုင်း ခန့်မှန်းထားသည့် အတိုင်းပင် ယန်ရွှမ်းမှ မူလစဦး အဋ္ဌမအဆင့်ထိ ရောက်ရှိသွားခဲ့ပြီးနောက် ဇူယွမ်မှာ ယန်ရွှမ်း၏ ပြိုင်ဘက်တစ်ဦးပင် မဖြစ်နိုင်တော့ပေ။
ယန်ရွှမ်းမှာ အညှာအတာကင်းမဲ့သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်သည်။ ယန်ရွှမ်း၏ အရိုးကြာပွတ်ပေါ်၌ ယခုနတွေ့ဆုံမှုထံမှ ကျဆင်းခဲ့သော ဇူယွမ်၏သွေးများ ယိုစီးနေ၏။ ယန်ရွှမ်းမှာ ထိုသွေးစက်များကို ခါထုတ်လိုက်ရင်း မထီမဲ့မြင်ပြုစွာဖြင့် မေးမြန်းလိုက်သည်။
“မင်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အပိုင်းပိုင်းပြတ်အောင် လုပ်ဖို့အတွက် ငါကြာပွတ်ကို ဘယ်နှကြိမ်လောက် သုံးရဦးမယ်လို့ထင်လဲ”
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်၍မဆိုနေဘဲ ခန္ဓာကိုယ်မှာ ဒြပ်မဲ့အသွင်သို့ ပြောင်းလဲသွား၏။
တိုက်ပွဲဧရိယာတစ်ခုလုံးမှ အာမေဋိတ်သံများ ထွက်ပေါ်လာရသည်။
မည်သူကမှ ယန်ရွှမ်းနှင့် ရင်ဆိုင်နေရချိန်၌ ဇူယွမ်မှာ သူရဲဘောကြောင်စွာ ထွက်ပြေးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ပိုင်လီမှာ နှုတ်ခမ်းသားများကို ဖိကိုက်လိုက်မိ၏။ ယခုအချိန်၌ ထွက်ပြေးသွားခြင်းက အကောင်းဆုံးဆိုသည်မှာ သူမသိရှိနေပါသော်လည်း အနည်းငယ်တော့ စိတ်ပျက်သွားမိရသည်။
အခြားသောကန်ရွှမ်းကလန်၏ တပည့်များမှာလည်း စိတ်ဓာတ်ကျသွားရ၏။
တစ်ဖက်တွင်တော့ မြင့်မြတ်သော နန်းတော်မှ တပည့်များမှာ ကျေနပ်အားရစွာဖြင့် လှောင်ပြောင် ရယ်မောလိုက်ကြသည်။
ယန်ရွှမ်းမှာ ခေါင်းကိုခါယမ်း၍ အေးစက်သောအသံဖြင့် အော်ဟစ်လိုက်၏။
“မင်းထွက်ပြေးဖို့ အရမ်းနောက်ကျသွားပြီဆိုတာ မသိဘူးလား”
“ဒီနေ့ မင်းကိုဆိုးဆိုးရွားရွား ပေးဆပ်ရအောင် လုပ်မယ်လို့ ငါပြောခဲ့သားပဲ”
ဝှစ် ...
ထိုစကားများကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ယန်ရွှမ်း၏ ခန္ဓာကိုယ်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ ယန်ရွှမ်းသည် ဇူယွမ်အား သက်ညှာလိုစိတ် အနည်းငယ်မျှပင် မရှိသည်မှာ ထင်ရှားနေ၏။
အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ပုံရိပ်နှစ်ခုမှာ အဝေးတစ်နေရာ၌ ပေါ်ပေါက်လာသည်။
ယန်ရွှမ်းမှာ စိတ်မရှည်တော့ဟန်ဖြင့် လက်ထဲမှ အရိုးကြာပွတ်အား အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဇူယွမ့်ထံသို့ ပစ်လွှတ်လိုက်၏။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား အနည်းငယ် လှုပ်ခါလိုက်သည်နှင့်တကွ စုတ်တံထိပ်ရှိ အမွေးများမှာ ပိုက်ကွန်တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
ချပ် ...
အရိုးကြာပွတ်နှင့် အဖြူရောင်ပိုက်ကွန်တို့ တွေ့ဆုံသွားခဲ့ကြသည်။ စုတ်တံ၏ပိုက်ကွန်မှာ ခက်ခဲစွာဖြင့် အရိုးကြာပွတ်အား တားဆီးထားနိုင်ခဲ့၏။
သို့သော်လည်း အရိုးကြာပွတ်မှ စွမ်းအင်များက ဇူယွမ်၏နောက်ကျောအား ထိုးနှက်နေဆဲဖြစ်ပြီး နာကျင်လွန်းလှသဖြင့် ဇူယွမ်မှာ အရှေ့သို့ တိုးသွားရသည်။
ယန်ရွှမ်းမှာ ထိုအခွင့်အရေးအားအသုံးချကာ ဇူယွမ်၏အရှေ့တွင် ပိတ်ရပ်၍ ထွက်ပြေးနိုင်မည့်လမ်းအား ကာဆီးထားလိုက်၏။
ထို့နောက် အရိုးကြာပွတ်မှာ ယန်ရွှမ်း၏လက်ထဲသို့ ပြန်လည်ရောက်ရှိ လာခဲ့သည်။ ယန်ရွှမ်းမှာ ဇူယွမ်အား ကြောင်မှကြွက်ကို ဆော့ကစားနေသကဲ့သို့ ကြည့်ကာ ပြုံးလိုက်သည်။
“ကြွက်ကလေး မင်းပြေးလို့လွတ်မယ်များ ထင်နေတာလား”
ယန်ရွှမ်းမှာ အနည်းငယ်မျှ ရယ်မောလိုက်ပြီးနောက် စကားဆက်လိုက်၏။
“ဒီလိုလုပ်ပါလား။ တကယ်လို့ မင်းခြေထောက်နှစ်ဖက်လုံးကို ရိုက်ချိုးပြီး ငါ့ကိုဒူးထောက် တောင်းပန်မယ် ဆိုရင်တော့ သက်ညှာပေးဖို့ စဉ်းစားပေးမယ်လေ”
ယန်ရွှမ်း၏ စွမ်းအင်ဖိအားများနှင့် ရင်ဆိုင်နေရသောကြောင့် ဇူယွမ်မှာ အသက်ကိုပင် မနည်းရှူနေရပေသည်။ ဇူယွမ်မှာ ယန်ရွှမ်း၏စကားများအား လျစ်လျူရှုကာ ခက်ထန်နေသော အမူအရာဖြင့် လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်လိုက်၏။
ဇူယွမ်ခြေဖဝါးအောက်ရှိမြေပြင်မှာ အနည်းငယ်မျှ တုန်ခါလာခဲ့သည်။
မြေပြင်အောက်မှ များပြားလှသော အလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ပေတစ်ထောင်ဝန်းကျင်အား လွှမ်းခြုံသွား၏။
ဝုန်း ...
လျှပ်စီးမိုးကြိုးများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အပူချိန်များမှာ မြင့်တက်လာခဲ့သည်။
ယန်ရွှမ်းမှာ မြေပြင်အား ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် အေးခဲသွားသော အမူအရာဖြင့် စကားဆိုလိုက်၏။
“အစီအရင်လား။ ဘာလဲ မင်းကငါ့ကို လှည့်ဖြားဖို့ ကြံစည်နေခဲ့တာလား”
ဇူယွမ်မှာ မည်သည့်စကားမှ ပြန်၍မပြောပဲ မြေပြင်အား ပြင်းထန်စွာ ဆောင့်နင်းချလိုက်သည်။
“ကောင်းကင်ဘုံလျှပ်စီးနှင့် ထူးခြားသောမီးတောက် အစီအရင် ... ”
“အသက်ဝင်တော့ ... ”
ချက်ချင်းဆိုသလိုပင် လျှပ်စီးများနှင့် မီးလျှံများ ပြင်းထန်စွာပင် ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။