ကျူးသိုနတ်ဆိုးချပ်ဝတ်တန်ဆာ
Vol. 40 Ch. 549
သူသည် မြည်းလေးကြောင့် ဒေါသထွက်နေခဲ့ရသဖြင့် ထိုလက်မောင်းအား သေချာမကြည့်မိခဲ့ပေ။ ယခုတွင်မူ သူသည် ထို တစ်ဝက်တစ်ပျက် ကျန်ရှိနေသည့် လက်မောင်းကြီးမှာ အသွေးအသားများဖြင့် ဖွဲ့စည်းထားခြင်း မရှိသည်ကို သတိထားမိလိုက်၏။
၎င်းမှာ သလင်းကျောက်တစ်မျိုးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်နေသည်။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရ၏။ သူသည် မြည်းလေးအား လွှတ်လိုက်ပြီးနောက် အောက်သို့ထိုင်ချကာ ထိုလက်မောင်းအား အသေးစိတ်ကြည့်ရှုစစ်ဆေးလိုက်သည်။ ထိုအခါ ဤ အဆုံးမဲ့မျိုးနွယ်စုဝင်၏ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်တို့ထဲတွင် ဤလက်တစ်ဖက်သာလျှင် သလင်းကျောက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ အခြား ကိုယ်လက်အင်္ဂါများအားလုံးမှာ အသွေးအသားများဖြင့် တည်ဆောက်ထား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ဇဝေဇဝါ ဖြစ်သွားရတော့သည်။ ထို့နောက် သူသည် သူ ရွှေရောင် နွားချေးပိုးကြီးထဲမှ ယူလာခဲ့သော ရုပ်အလောင်းအား သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ၎င်းတို့နှစ်ခုအား နှိုင်းယှဉ်ကြည့်လိုက်၏။ ထိုနွားချေးပိုးကြီးထဲမှ ရုပ်အလောင်းကြီး၏ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်စလုံးမှာ အသွေးအသားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပေသည်။ ထို့အပြင် သူ မြင်ဖူးခဲ့သမျှ ရုပ်အလောင်းအားလုံးမှာလည်း ထိုကဲ့သို့ အသွေးအသားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ကြောင်း မှတ်မိနေ၏။ မြည်းလေး ဝါးစားနေခဲ့သည့် ဤ ရုပ်အလောင်းတစ်ခုတည်းသာလျှင် အခြားရုပ်အလောင်းများနှင့် မတူဘဲ ကွဲထွက်နေခြင်းဖြစ်သည်။
သူသည် ထို တစ်ဝက်တစ်ပျက် ဖြစ်နေသည့် လက်မောင်းကြီးမှာ စွမ်းအင်ရင်းမြစ်တစ်ခုကြောင့် ပေါ်ပေါက်လာရခြင်း ဖြစ်မည်ဟု ခံစားနေရ၏။ ထို အဆုံးမဲ့မျိုးနွယ်စုဝင်ကြီးမှာ အသက်သေဆုံးသွားပြီးနောက် လွင့်ပါးပျောက်ကွယ်သွားခြင်းမရှိဘဲ သလင်းကျောက်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့ခြင်း ဖြစ်ရပေမည်။
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စဉ်းစားတွေးတောလိုက်ပြီးနောက် ထိုရုပ်အလောင်းကြီးအား သူနှင့်အတူ ပြန်ယူသွားရန် ဆုံးဖြတ်လိုက်သည်။ သူသည် မြည်းလေးအပေါ် နားလည်မှုလွဲခဲ့သည့်တိုင်အောင် သူသည် ၎င်း၏ ဖခင် ဖြစ်နေသောကြောင့် အမှားလုပ်မိလျှင်တောင် မှန်ကန်သော မှားယွင်းမှုမျိုးသာ ဖြစ်သည်ဟု မှတ်ယူထား၏....
မြည်းလေးမှာမူ မတရားခံလိုက်ရသလို ခံစားနေရ၏။ သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ ကြောက်ရွံ့သောကြောင့် အပြစ်ဝန်ခံနေသည့် အမူအရာဖြင့် ခေါင်းငုံ့ထားလိုက်၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့၏ တင်မာနေသော မျက်နှာထားမှာ ပြန်လည်ပြေလျော့သွားတော့သည်။ ထို့နောက် သူသည် နှာမှုတ်ကာ ထိုနေရာမှ ထွက်ခွာလာပြီး မီးစိမ်းကျွန်းဆီသို့ ပြန်သွားလိုက်တော့သည်။
မြည်းလေးမှာ ခေါင်းငိုက်စိုက်ကျကာ သူ၏နောက်မှ စိတ်ပျက်လက်ပျက်နှင့် လိုက်လာ၏။ ၎င်းမှာ ကျွန်းပေါ်သို့ ပြန်ရောက်လာပြီးနောက် ပြေးလွှားဆော့ကစားရန်ပင် သတ္တိမရှိတော့ပေ။ ထို့ကြောင့် ၎င်းမှာ ဂူဗိမာန်ထဲ၌ ခြေပစ်လက်ပစ် ထိုင်ချကာ ဝမ်ပေါင်လဲ့အား အပြစ်ကင်းစင်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေလိုက်တော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်းဖြစ်ကာ အနေရခက်လာ၏။ နောက်ဆုံးတွင် သူသည် မျက်နှာအမူအရာ တည်ကြည်သွားပြီး မြည်းလေးအား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ သူ ချန်ထားသည့် မုန့်ကိုးခုထဲမှ တစ်ခုအား ၎င်းဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။
" ထားပါတော့။ ဒါစားလိုက်။ စားပြီးရင် အပြင်ပြန်ထွက်လို့ရပြီ။ ဒါပေမဲ့ ကျွန်းပေါ်မှာပဲ နေ "
မြည်းလေးမှာ သူ၏ရှေ့တွင်ရှိနေသည့် အနံ့တထောင်းထောင်းထနေသော မုန့်အား စိုက်ကြည့်ရင်း ကြက်သေသေသွားရ၏။ နောက်ဆုံးတွင် ၎င်းမှာ စိတ်မချမ်းမသာဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ထိုမုန့်အား မျိုချလိုက်ရတော့သည်။ ထို့နောက် ၎င်းမှာ ထိုမုန့်အား ကြိုက်နှစ်သက်သည့်ပုံစံ ဟန်ဆောင်ပြလိုက်ပြီး ဂူဗိမာန်ထဲမှ အလောတကြီး ထွက်ခွာလာတော့သည်။
မြည်းလေး ထွက်ခွာသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်၏။ သူသည် သူ၏ အတွေးများကို ပြန်လည်စုစည်းလိုက်ပြီး သူ၏ သိုလှောင်လက်ကောက်ထဲမှ အဆုံးမဲ့မျိုးနွယ်စုဝင် နှစ်ယောက်စလုံး၏ ရုပ်အလောင်းများကို ထုတ်ယူလိုက်သည်။ သူသည် ၎င်းတို့အား သူ၏ရှေ့၌ချကာ အသေးစိတ် ကြည့်ရှုလေ့လာနေလိုက်တော့သည်။ သူသည် သူ အမှောင်ဂိုဏ်းတွင် ရှိနေခဲ့စဉ်တုန်းက ဖတ်ရှုခဲ့သည့် အကြောင်းအရာများကို ပြန်၍မှတ်မိနိုင်အောင် ကြိုးစားလိုက်၏။ သူသည် အမှောင်ဂိုဏ်း၏ ကျင့်ကြံခြင်းပညာရပ်များကိုသာ အဓိကထား၍ ဖတ်ရှုခဲ့သည် ဖြစ်ရာ အဆုံးမဲ့မျိုးနွယ်စုအကြောင်း သိပ်မသိပေ။
သူသည် အချိန်အတော်အတန်ကြာအောင် စစ်ဆေးကြည့်ရှုနေလိုက်ပြီးမှ ထိုရုပ်အလောင်းနှစ်ခုကြားမှ ကွဲပြားခြားနားချက်များကို သတိထားမိသွားတော့သည်။
ပထမဦးဆုံးအနေနှင့် သူတို့၏ အဝတ်အစားများမှာ ကွဲပြားနေ၏။ သူတို့နှစ်ယောက်စလုံး၏ အဝတ်အစားများမှာ စုတ်ပြဲနေကြပါသော်လည်း သလင်းကျောက်လက်မောင်းနှင့် ရုပ်အလောင်းကြီး ဆင်မြန်းထားသည့် အဝတ်အစားများမှာ ဆွေးမြည့်မှုဒဏ် ခံနိုင်သော အဝတ်စတစ်မျိုးဖြင့် ရက်လုပ်ထားခြင်းဖြစ်သည်။ ၎င်းမှာ နွားချေးပိုးကြီးထဲတွင် တွေ့ခဲ့ရသည့် ရုပ်အလောင်းကြီး ဆင်မြန်းထားသော ချပ်ဝတ်တန်ဆာနှင့် မတူသည့် အဆင့်မြင့် အဝတ်အစားတစ်မျိုး ဖြစ်ပေသည်။
သူတို့၏ ခန္ဓာကိုယ်အချိုးအစားများမှာလည်း ကွဲပြားနေကြ၏။ သလင်းကျောက်လက်မောင်းနှင့် ရုပ်အလောင်းကြီးမှာ ပိန်သွယ်သွယ်ဖြစ်နေပြီး နွားချေးပိုးကြီးထဲမှ ရုပ်အလောင်းကြီးမှာ တောင့်တင်းသန်မာသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထား၏။ ထိုအချင်းအရာများကိုကြည့်လျှင် တစ်ယောက်မှာ စာဆိုပညာရှိတစ်ယောက် ဖြစ်နိုင်ပြီး အခြားတစ်ယောက်မှာ စစ်သည်တော်တစ်ယောက် ဖြစ်နိုင်ကြောင်း သိနိုင်ပေသည်။
" မဟုတ်သေးပါဘူး... " ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းမိသွားပြီး စိတ်ထဲတွင် မမလေးအား လှမ်းခေါ်လိုက်၏။ ယခုအကြိမ်တွင် သူမသည် အိပ်ရာနိုးနေပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့၏ ဆင့်ခေါ်သံအား ပြန်ထူးလိုက်၏။
" ဒီလောက် ရိုးရိုးရှင်းရှင်းကိစ္စလေး တစ်ခုကိုတောင် နင် မသိဘူးလား " မမလေးမှာ ဂရုမစိုက်ဟန်ဖြင့်ဆိုလိုက်၏။ သူမ၏ စကားသံမှာ အမြော်အမြင်ရှိကာ အထင်သေးနေသည့်လေသံ ပေါက်နေ၏။
" ငါ ခုနစ်နှစ်သမီး အရွယ်တုန်းက အဆုံးမဲ့မျိုးနွယ်စုဝင်တွေကို ဖမ်းမိခဲ့ဖူးတယ်။ အဲ့တာနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ကြည့်တော့ သာမန် အဆုံးမဲ့မျိုးနွယ်စုဝင်တွေက မွေးကတည်းကနေ သေတဲ့အထိ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်ပါတယ်ဆိုတာ သိခဲ့ရတာပဲ။ သူတို့ရဲ့ တော်ဝင်မျိုးနွယ်စုဝင်တွေပဲ အထူးကျင့်ကြံခြင်းပညာရပ်တစ်ခုကို လေ့လာပြီးရင် သူတို့ရဲ့ ခေါင်းတွေနဲ့ လက်တွေကို စွမ်းအင်ရင်းမြစ်တွေအဖြစ် ပြောင်းလဲနိုင်စွမ်းရှိတာ "
" ပထမအဆင့်ရောက်ရင် သူတို့ရဲ့ ခေါင်းတစ်လုံးနဲ့ လက်တစ်ဖက်ကို စွမ်းအင်ရင်းမြစ်တွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်။ အဲဒီအဆင့်ရောက်ရင် သူတို့က ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ အဆင့်အတူတူဖြစ်သွားပြီ။ ခေါင်းနှစ်လုံးနဲ့ လက်နှစ်ဖက်ကို ပြောင်းလဲနိုင်ရင် ထာဝရကြယ်အဆင့်ကို ရောက်သွားကြမှာ။ တကယ်လို့ သူတို့က ခေါင်းသုံးလုံးစလုံးနဲ့ လက်ခြောက်ဖက်စလုံးကို စွမ်းအင်ရင်းမြစ်တွေအဖြစ် ပြောင်းလဲပစ်နိုင်မယ်ဆိုရင်တော့ ကြယ်နယ်မြေအဆင့်ကို ရောက်သွားကြမှာပဲ "
" နင့်ရှေ့က ရုပ်အလောင်းကြီးကတော့ လက်တစ်ဖက်ပဲ စွမ်းအင်ရင်းမြစ်အဖြစ် ပြောင်းလဲသွားသေးတာ။ သူ့ရဲ့ခေါင်းက ပြောင်းနေတုန်း တန်းလန်းကြီး။ အဲတာမလို့ သူ မသေခင်တုန်းက ထာဝရဝိညာဉ်အဆင့်မှာ ရှိနေခဲ့လောက်တယ်။ သူ့ရဲ့ ခေါင်းတစ်ခေါင်းလုံး စွမ်းအင်ရင်းမြစ်တစ်ခု ဖြစ်သွားတဲ့အချိန်ကျရင် သူက ဖောက်ထွက်သွားပြီးတော့ ဂြိုဟ်အဆင့်ကို ရောက်ရှိသွားမှာ "
မမလေးမှာ ဝမ်ပေါင်လဲ့အား ယခုလို ရှင်းပြလိုက်ရသည့်အတွက် သူမကိုယ်သူမ ကျေနပ်နေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာလည်း သူမ၏ ရှင်းလင်းချက်များကို နားထောင်လိုက်ရပြီးနောက် အတွေးများ ကြည်လင်သွားရ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တဖြည်းဖြည်းနှင့် တောက်ပလာတော့သည်။
" လက်တွေကို စွမ်းအင်ရင်းမြစ်တွေအဖြစ် ပြောင်းလဲတယ်ဆိုပါလား.... ဒီ ကျင့်ကြံခြင်းနည်းလမ်းကို ငါ ရင်းရင်းနှီးနှီး သိနေတဲ့ပုံပဲ " ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မျောနေရင်း ထိုလက်မောင်းကြီးအား သေသေချာချာ ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါ သူသည် ရုတ်တရက်ဆိုသလို အသက်ရှူသံများ မြန်ဆန်လာ၏။
" နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်က ကိုယ့်ရဲ့ ခန္ဓာကိုယ်အစစ်ရဲ့ အပြင်ဘက်မှာ အသွေးအသားတွေနဲ့ တည်ဆောက်ထားတဲ့ ချပ်ဝတ်တန်ဆာတစ်ခုကို ဖန်တီးပေးတာ... အဲ့တာဆိုရင် စွမ်းအင်ပြောင်းလဲမှုဖြစ်စဉ်နဲ့ အတိုင်းအတာတစ်ခုအထိ တူမနေဘူးလား။ တစ်ခုတည်းသော ခြားနားချက်က အဆုံးမဲ့မျိုးနွယ်စုရဲ့ တော်ဝင်မျိုးနွယ်စုဝင်တွေပဲ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ပြောင်းလဲနိုင်ပြီးတော့ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်က ခန္ဓာကိုယ်အစစ်ရဲ့ အပြင်ဘက်မှာ နောက်ထပ်ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးတဲ့အချက်ပဲ " ဝမ်ပေါင်လဲ့မှာ အတွေးများ ယောက်ယတ်ခတ်နေရပြီ ဖြစ်သည်။ သူသည် မျက်ဝန်းများမှာလည်း ပို၍ တောက်ပလာကြ၏။ သူသည် အလွန်အင်မတန်မှ အရေးကြီးသော အချက်တစ်ချက်အား နားလည်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
၎င်းမှာ သူ့အား နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ကို လေ့ကျင့်နိုင်အောင် ကူညီပေးနိုင်မည့် သော့ချက်တစ်ခုဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပြီးနောက် သူ၏ လက်ကိုချက်ချင်းပင်ဝှေ့ယမ်းကာ ဓားပျံတစ်လက်အား ဆွဲထုတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးများ အရောက်လက်သွားပြီး ထို ရုပ်အလောင်းကြီးအား ဓားဖြင့် ခုတ်ထစ်လိုက်တော့သည်။ သူသည် ထိုရုပ်အလောင်းကြီးအား ခွဲစိတ်စစ်ဆေးကာ ၎င်း၏ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများကို ရှာဖွေပြီး လက်မောင်းအား စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် ပြောင်းလဲသွားစေသည့် အကြောင်းအရင်းအား ရှာဖွေရန် ကြံစည်နေခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် အအိပ်ပျက် အစားပျက်ခံ၍ ထိုကဲ့သို့ ခွဲစိတ်မှုများပြုလုပ်ကာ အသေးစိတ် ကြည့်ရှုလေ့လာစစ်ဆေးနေရင်း အချိန်များကုန်ဆုံးသွား၏။ သူသည် မြည်းလေးအား မီးပင်လယ်ထဲသို့ ပြန်သွားကာ ယခုလို စွမ်းအင်ရင်းမြစ်များအဖြစ် ပြောင်းလဲသွားသော လက်များကို ပိုင်ဆိုင်ထားသည့် ရုပ်အလောင်းများအား ထပ်၍ရှာဖွေပေးရန် ညွှန်ကြားလိုက်၏။ ထိုသို့ဖြင့် တစ်လတိတိ ကုန်ဆုံသွားပြန်သည်။ သူသည် ထိုအတောအတွင်းတွင် ရုပ်အလောင်း ခုနစ်ခုရှစ်ခုခန့် ခွဲစိတ်နိုင်ခဲ့သည့်တိုင်အောင် အဆုံးမဲ့မျိုးနွယ်စုမှ ကျင့်ကြံခြင်းပညာရပ်များ၏ အကြောင်းကို အများကြီး မနားလည်နိုင်သေးဘဲ ဖြစ်နေရဆဲပင်။ သို့သော် သူသည် စွမ်းအင်ရင်းမြစ်များအဖြစ် ပြောင်းလဲသွားခဲ့သော လက်များနှင့်ပတ်သတ်၍ သဲလွန်စအချို့ ရှာတွေ့ထားပြီဖြစ်သည်။
၎င်းတို့မှာ ထို ရုပ်အလောင်းများ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီများကြောင့် ပေါ်ပေါက်လာသည့် စွမ်းအင်စီးမှုလမ်းကြောင်းများပင် ဖြစ်သည်။
ထို ရှာဖွေတွေရှိမှုကြောင့် သူ၏ နားလည်နိုင်စွမ်းများမှာ ပို၍ပင်တိုးတက်လာတော့သည်။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ကြီးနှင့် ပတ်သတ်၍ အကြံတစ်ခုရသွားသဖြင့် စိတ်လှုပ်ရှားသွားရ၏။
" နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ကို လေ့ကျင့်နိုင်တဲ့ တခြားနည်းလမ်းတွေ ရှိရင်ရှိနေနိုင်ပေမဲ့ ငါတွေးနေတဲ့ နည်းလမ်းကတော့.... ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းတွေအားလုံးကို ဝိညာဉ်ချီတွေနဲ့ ချိတ်ဆက်ပေးဖို့ပဲ။ အဲလို ချိတ်ဆက်ပြီးသွားရင် အဲဒီ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းတွေကို ငါ့ရဲ့ ခန္ဓာကိုယ်ထဲကနေ အပြင်ဘက်ကို ထွက်လာအောင်လုပ်ပြီးတော့ ခန္ဓာကိုယ်အပြင်ဘက်မှာ သွေးလည်ပတ်မှု စနစ်တစ်ခု ဖန်တီးလိုက်ရုံပဲ "
" အဲဒီအခါ ငါ့ရဲ့ အရိုးတွေက သစ်စေ့တစ်စေ့အဖြစ် ပြောင်းလဲသွားသလို ဖြစ်သွားမှာ။ ငါက ငါ့ရဲ့ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းတွေကို အပြင်ဘက်ရောက်သွားအောင် ဖြန့်ကြက်ပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ် အပြင်ဘက်မှာ ပြန်လည်ဖွဲ့စည်းရမှာပဲ " ဝမ်ပေါင်လဲ့မှာ တစ်ယောက်တည်း ရေရွတ်နေလိုက်၏။ သူသည် ထိုအကြောင်းများကို တွေးတောရင်း ထိုနည်းလမ်းမှာ အလုပ်ဖြစ်နိုင်ကြောင်း ပို၍ပင် ယုံကြည်လာတော့သည် တော့သည်။ သို့သော် သူအသုံးပြုမည့် နည်းလမ်းမှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာနှင့် ဆင်တူနေသည်ဟု ထင်ရပါသော်လည်း အမှန်တကယ်တွင် အနည်းငယ်ခန့် ကွဲပြားနေဆဲဖြစ်သောကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေရဆဲပင်။
နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ကြောင့် ထွက်ပေါ်လာမည့် အသွေးအသားများမှာ စွမ်းအားများနှင့် ခွန်အားများကို ပေးစွမ်းမည်ဖြစ်သည်။ ထို့အပြင် ၎င်းမှာ သူ၏ အပြင်ခန္ဓာကိုယ်အစစ်ကိုလည်း အဆပေါင်းများစွာ အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ ပုံကြီးချဲ့ မှန်ဘီလူးတစ်ခုကဲ့သို့ပင်။ ထို တိုးတက်မှုများမှာ ချပ်ဝတ်တန်ဆာထဲ၌ စုဝေးလာကြသည့် ဝိညာဉ်ချီများ ကြောင့် ဖြစ်ပေသည်။
ထိုချပ်ဝတ်တန်ဆာအား ခန္ဓာကိုယ်အသစ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ ၎င်း၏ စုပ်ယူအားနှုန်းနှင့် ကျင့်ကြံခြင်းအမြန်နှုန်းတို့မှာ အများကြီးပို၍ မြန်ဆန်နေမည် ဖြစ်သည်။ ၎င်းတို့အား ကုလားအုတ်များ၏ ဘို့များနှင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အဆက်မပြတ် စုဝေးလာနေသရွေ့ ၎င်းတို့မှာ အပြင်ခန္ဓာကိုယ်အစစ်ထဲသို့ ပြန်လည်ရောက်ရှိသွားကြမည်သာဖြစ်သည်။ ထိုသို့ဖြင့် တိုးတက်မှုများ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။
မည်သို့ပင်ဆိုစေကာမူ ပေါ်ပေါက်လာမည့် ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်သာဖြစ်သည်။ သူသည် ၎င်းအား သူ၏ ခြေလက်များကဲ့သို့ လှုပ်ရှားနိုင်စွမ်း ရှိပါသော်လည်း သူ၏ အပြင်ခန္ဓာကိုယ် အစစ်ပေါ်မှ ခွာ၍ရမည် မဟုတ်ပေ။
သို့သော်.... ဝမ်ပေါင်လဲ့မှာ သူ ယခုလေးတင် စဉ်းစားမိလိုက်သည့် နည်းလမ်းနှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်အား လေ့ကျင့်မည်ဆိုပါက ရလဒ်များမှာ တူတော့မည်မဟုတ်ပေ။ သူသည် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများကို ခန္ဓာကိုယ်အပြင်ဘက်သို့ထုတ်ကာ သွေးလည်ပတ်မှုစနစ်တစ်ခုကို ဖန်တီးရမည် မဟုတ်ပါလော။ ထို့ကြောင့် အရိုးဖွဲ့စည်းပုံတစ်ခု တည်ဆောက်ရာတွင်လည်း ထိုနည်းလမ်းအတိုင်း ဆက်လုပ်ရမည်သာဖြစ်သည်။ သို့သော် ၎င်းမှာ တိုးချဲ့မှုတစ်ခုမျှသာ ဖြစ်ပေသည်။ အရိုးအရှင်းဆုံး ဖော်ပြရပါက ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်အစစ်အား ဖုံးအုပ်သွားမည့် အဆောင်တစ်ခုအား ဖန်တီးသန့်စင်လိုက်သကဲ့သို့ပင်။
သူအသုံးပြုမည့် နည်းလမ်း၏ အားနည်းချက်များမှာ ထိုချပ်ဝတ်တန်ဆာကြီးအား သူနှင့်ခန္ဓာကိုယ်နှင့် လုံးဝခွဲမရသည့် အဆင့်အထိရောက်အောင် မလုပ်နိုင်ခြင်းပင်။ ထို့ကြောင့် ၎င်းမှာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ အပိုပစ္စည်းတစ်ခုအနေနှင့်သာ ရှိနေမည်ဖြစ်သည်။ ကျင့်ကြံခြင်းအပိုင်း၊ ဝိညာဉ်ချီစုပ်ယူခြင်းအပိုင်းနှင့် ချပ်ဝတ်တန်ဆာကြီး၏ ဂုဏ်သတ္တိအပိုင်းများတွင်လည်း ပထမနည်းလမ်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
သူ အသုံးပြုမည့် နည်းလမ်း၏ အားသာချက်များမှာမူ ၎င်းမှာ အလွန်အင်မတန်မှ ရိုးရှင်းနေခြင်းပင်။ အကယ်၍ သူသာ ပထမပြဿနာကို ဖြေရှင်းနိုင်မည်ဆိုပါက ထိုချပ်ဝတ်တန်ဆာ၏ စွမ်းအားနှင့် ကျင့်ကြံခြင်းအမြန်နှုန်းများမှာ ပထမနည်းလမ်းထက် အပြားကြီးပို၍ သာလွန်နေမည်ဖြစ်သည်။
ထိုကျင့်ကြံခြင်းနည်းလမ်း နှစ်ခုထဲတွင် တစ်ခုမှာ ကောင်းမွန်သော ကျင့်ကြံခြင်းနည်းလမ်းတစ်ခုဖြစ်ပြီး အခြားတစ်ခုမှာ မိစ္ဆာကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ... ဝိညာဉ်ချီစုပ်ယူခြင်းအပိုင်းနှင့် ချပ်ဝတ်တန်ဆာကြီး၏ ဂုဏ်သတ္တိအပိုင်းတို့နှင့် ဆက်နွယ်နေသော ပြဿနာများအား ဖြေရှင်းနိုင်သည့် နည်းလမ်းမှာ တစ်ခုတည်းရှိသောကြောင့်သာ ဖြစ်သည်။ ကျင့်ကြံစရာမလိုဘဲ ဝိညာဉ်ချီအမြောက်အမြား စုစည်းနိုင်သည့် နည်းလမ်းမှာ တစ်ခုတည်းသာ ရှိပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းနှင့် ပတ်သက်၍ အခြားအကြံအစည်များလည်း ရှိနေသေးသည်။ ၎င်းမှာ... နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာ အမွေအနှစ်ပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်သည့် .... ပြီးပြည့်စုံခြင်းမရှိသေးသော ကျူးသို အမွေအနှစ်ပညာရပ်ကြီးပင်ဖြစ်သည်။ ( မီးတောက်ခိုးယူခြင်းပညာရပ်လို့ ပြန်ရင် ထောက်နေလို့ နာမည်အသံထွက် " ကျူးသို " လို့ပဲ ပြောင်းရေးလိုက်ပါတယ် )
ထိုပညာရပ်မှာ အလွန်အင်မတန်မှ မိစ္ဆာဆန်ပေသည်။ ၎င်းအား ကျင့်ကြံပါက လူများအား သတ်ဖြတ်ကာ သူတို့၏ သက်စောင့်စွမ်းအားများနှင့် စိတ်ဆန္ဒများကို ခိုးယူရန် လိုအပ်၏။ အကယ်၍ ၎င်းအား ကျင့်ကြံထားသည့်သူသာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းမရှိပါက အသိစိတ်ပျောက်ကာ ရူးသွပ်သွားရမည်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်... သူ သတ်ဖြတ်ခဲ့သည့် လူအရေအတွက်နှင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခဲ့သည် စိတ်ဆန္ဒအရေအတွက်များ ပို၍ များလာလေလေ ၎င်းတို့ကြောင့် ခံစားရမည့် စိတ်ချောက်ချားမှုဝေဒနာများကို ထိန်းချုပ်နိုင်ရန် ပို၍ အခက်တွေ့လာရလေလေ ဖြစ်နေသောကြောင့်ပင်။
သို့သော် မိမိ၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ထွက်နေသော ချပ်ဝတ်တန်ဆာအား ထိုသတ်ဖြတ်မှုများမှ ရရှိလာမည့် သက်စောင့်စွမ်းအားများနှင့် စိတ်ဆန္ဒများကို ထိန်းသိမ်းပေးထားနိုင်မည့် ကြားခံနယ်တစ်ခုအဖြစ် အသုံးပြုနိုင်မည်ဆိုလျှင် ထိုပြဿနာများအားလုံးမှာ ပြေလည်သွားပြီဖြစ်သည်။ သူသည် လူတစ်ယောက်အား သတ်ဖြတ်ပြီးတိုင်း ပို၍ အစွမ်းထက်လာမည်သာ ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ အကယ်၍ သူသာ ထိုအမွေအနှစ်များကို လေ့လာလိုက်မည်ဆိုပါက မည်ကဲ့သို့သောအကျိုးဆက်များနှင့် ကြုံတွေ့ရမည်ကို မသိနိုင်ဘဲ ဖြစ်နေရ၏။ သူ သတ်ဖြတ်ခဲ့သည့် လူအရေအတွက် တဖြည်းဖြည်းနှင့် ပိုများလာသည်နှင့်အမျှ နောက်ဆုံးတွင် ထိုချပ်ဝတ်တန်ဆာကြီးမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်လှုပ်သွားစေနိုင်သော သတ်ဖြတ်လိုစိတ်များကို ပိုင်ဆိုင်ထားသည့် နတ်ဆိုးချပ်ဝတ်တန်ဆာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားမည်လော။
သူသည် တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် တိုးတိုးလေး ရေရွတ်လိုက်တော့သည် " ငါ့ရဲ့ သတ်ဖြတ်မှုတွေအားလုံးကို စုစည်းပြီးတော့ မှတ်တမ်းတင်ပေးထားမယ့် ကြားခံနယ်ကြီးတစ်ခုပေါ့... ဟုတ်ပြီလေ "