နတ်ဆိုးမျိုးနွယ်၏ အကျဉ်းအကျပ်နှင့် အနာဂတ်
Vol. 27 Ch. 365
အခန်း (၃၆၅) : နတ်ဆိုးမျိုးနွယ်၏ အကျဉ်းအကျပ်နှင့် အနာဂတ်
အောင်းရှန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်လေသည်။ အကြောင်းမှာ ပုလင်းထဲမှ သွေးနံ့က သူ့အား ထိန်းချုပ်မှု လွတ်ကင်းအောင် ပြုလုပ်နေသည့်အတွက် စိတ်လှုပ်ရှားလာမိ၍ ဖြစ်သည်။
“ ငါတို့နတ်ဆိုးမျိုးနွယ်က နောက်ဆုံးတော့ အမှန်တကယ် လွတ်လပ်ခွင့်ရလာပြီ” သူက ရေရွတ်လိုက်သည် “ လူသားတွေရဲ့ လက်ထဲမှာ နှစ်သန်းချီ ဖိနှိပ်ခံလာရပြီးတဲ့နောက်မှာ ဒါတွေအားလုံးက ငါ့လက်ထဲမှာ အဆုံးသတ်တော့မယ်”
နတ်ဆိုးမျိုးနွယ်၏ အကျဉ်းအကျပ်က ရှေးဟောင်းခေတ်ကာလ အဆုံးသတ်ကတည်းက မကောင်းခဲ့ပေ။ ထိုမတိုင်ခင်က အရာအားလုံးက ပုံမှန်သာ ဖြစ်၏။ လူသားများနှင့် တခြားမျိုးနွယ်ကြားရှိ ဆက်ဆံရေးက တင်းကြပ်သော်လည်း တစ်ယောက်နှင့်တစ်ယောက် သည်းခံကြသေးသည်။
သို့သော်လည်း ပထမဆုံး နတ်ဆိုးမဟာဧကရာဇ် မွေးဖွားလာသည့်အခါတွင် အရာအားလုံး ပြောင်းလဲသွားလေသည်။ ရွှေလူဝံက အသင်္ချေအင်ပါယာကမ္ဘာကို အုပ်စိုးလိုပြီး လူသားမျိုးနွယ်အား ကျွန်ပြုချင်ခဲ့သည်။
တိုက်ပွဲရူး ဧကရာဇ် သို့မဟုတ် အထီးကျန် ဧကရာဇ်တို့လိုမျိုး အဆင့်လောက် အားကောင်းသည့် ဧကရာဇ်တစ်ပါးအနေနှင့် သူက အောင်မြင်လုနီးပါး ဖြစ်ခဲ့သည်။ လူသားမျိုးနွယ်အတွက် ကံကောင်းသွားသည်က လူသားဧကရာဇ်က ပေါ်ထွက်လာကာ အခြေအနေကို ကိုင်တွယ်ခဲ့သည်။
ကံဆိုးစွာဖြင့် ထိုစဉ်ကတည်းက နတ်ဆိုးမျိုးနွယ်သည် လူသားများလက်အောက် ဖိနှိပ်ခံရပြီး ပျက်သုဉ်းလုနီးပါးအထိ ဖြစ်ခဲ့ရသည်။ သူတို့ကို အလယ်ပိုင်းကုန်းမြေမှ မြောက်ပိုင်းအထိ နှင်ထုတ်ခံရလေသည်။ ထိုနေရာက စစ်ပွဲကြောင့် ဝိညာဉ်စွမ်းအားနှင့် အရင်းအမြစ်များ နည်းပါးသည့်နေရာ ဖြစ်သည်။ သူတို့ကို အစားအစာ၊ ကူးသန်းသွားလာရေးအတွက် အသုံးပြုဖို့၊ ဆေးလုံးများ ဖော်စပ်ဖို့၊ အဆောင်များ၊ အစီအရင်နှင့် လက်နက်များ ပြုလုပ်ဖို့အတွက် အမဲလိုက်ခံရသည်။
ထိုနေရာတွင် ရပ်တန့်မသွားသေးပေ။ နတ်ဆိုးမျိုးနွယ်အနေနှင့် အရာအားလုံး ပြန်ကောင်းလာတော့မည့် အချိန်တိုင်း ထိပ်တန်းဧကရာဇ် မျိုးနွယ်များက အတူတကွ ပူးပေါင်းကာ သူတို့၏ အထက်ပိုင်းလူများကို တိတ်တဆိတ် သတ်ဖြတ်ပြီး အင်အားကို လျှော့ချပစ်ကြသည်။
သူတို့က မဟာဧကရာဇ်ကို ပြုစုပျိုးထောင်နိုင်သည့်အချိန်၌ သူတို့၏ အခြေအနေက အများအပြား တိုးတက်မလာခဲ့ပေ။ အနည်းဆုံးတော့ သူတို့က ငြိမ်းချမ်းမှုနှင့် ကြွယ်ဝသည့် အခိုက်အတန့်တော့ ရလိုက်ကြသည်။ ကံဆိုးစွာဖြင့် မဟာဧကရာဇ်ဆိုသူများက နောက်ဆုံးတွင် ကမ္ဘာမှ ထွက်သွားရမည်သာ ဖြစ်၏။
ထို့နောက် လူသားများက အင်အားသုံးကာ ထပ်မံ ဖိနှိပ်ကြလိမ့်မည်။
အကယ်၍ သူတို့၏ မဟာဧကရာဇ်က စွမ်းအားတိုးမြင့်ကာ နတ်ဆိုးမျိုးနွယ်၏ လွှမ်းမိုးမှုကို တိုးမြှင့်လိုသည့် ရည်ရွယ်ချက်ကို ပြသခဲ့သည်နှင့် ဧကရာဇ်မျိုးနွယ် အများစုက သူတို့၏ ဧကရာဇ် အသုံးအဆောင် ပစ္စည်းများထုတ်ကာ တာအိုဘိုးဘေးများနှင့် ထာဝရအရှင်များကို နိုးထစေပြီး ထိုဧကရာဇ်အား ဝိုင်းဝန်းတိုက်ခိုက်ကြလိမ့်မည်။
အကယ်၍ နတ်ဆိုးဧကရာဇ်က အားကောင်းနေခဲ့လျှင် ထိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီး သူတို့မျိုးနွယ်ကို ကာကွယ်နိုင်လိမ့်မည်။ အကယ်၍ ထိုသို့မဟုတ်ပါက သူတို့သည် အသတ်ခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်းတို့ ကြုံတွေ့နိုင်လေသည်။
ထို့အပြင် လူသားမျိုးနွယ်က ထိုအခြေအနေများကို အခွင့်ကောင်းယူကာ နတ်ဆိုးမျိုးနွယ်၏ ဧကရာဇ်ကျမ်းများကို ဖျက်ဆီးပစ်ပြီး သူတို့၏ ဧကရာဇ် အသုံးအဆောင်များကို ခိုးယူကြခဲ့သည်။ သူတို့က ထိုအရာကို အသုံးပြုနိုင်လျှင်ပင် နတ်ဆိုးမျိုးနွယ်လက်ထဲ ရှိခွင့်ပြုမည် မဟုတ်ပေ။
ထိုမျိုးနွယ်၏ ဘေးဒုက္ခကြောင့် ဉာဏ်ကောင်းသည့် နတ်ဆိုးများက လက်ရှိအခြေအနေကို ကိုင်တွယ်ဖို့ ပိုမိုသိမ်မွေ့သည့် နည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က လူသားမျိုးနွယ်၏ ဓလေ့၊ လူမှုအဖွဲ့အစည်းနှင့် ပေါင်းစပ်ဖို့ ကြိုးစားခဲ့ကြသည်။
သူတို့က သဘာဝအားဖြင့် မည်မျှပင် အရမ်းအရိုင်းဆန်စေကာမူ နတ်ဆိုးမျိုးနွယ်က သူတို့၏ သဘာဝအား ထိန်းချုပ်ကာ ဆေးလုံးဖော်စပ်ခြင်း၊ အဆောင်နှင့် လက်နက်ပြုလုပ်ခြင်းများကို သင်ယူဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သူတို့က မြောက်ပိုင်းမှာသာ ရရှိသည့် ရှားပါးအရင်းအမြစ်တချို့ကို ရောင်းချခြင်းဖြင့် စီးပွားရေးလုပ်ခြင်းက ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ကံဆိုးစွာဖြင့် လူသားမျိုးနွယ်က သူတို့၏ အပြုအမူအား လက်မခံပေ။
“ ငါတို့မျိုးနွယ် မဟုတ်ရင် ရန်သူပဲ”
ထိုသဘောတရားက လူသားမျိုးနွယ်၏ ဝိညာဉ်ထဲ နစ်ဝင်နေပြီဖြစ်၏။ ထို့ကြောင့် သူတို့က နတ်ဆိုးမျိုးနွယ်ကို စီးပွားရေးလောကမှ နှင်ထုတ်ဖို့ အကုန်လုပ်ကြသည်။ မြောက်ပိုင်းမှ ရှားပါးအရင်းအမြစ်များ ဝယ်ယူခြင်းနှင့် ပတ်သက်လာသည့်အခါ သူတို့က တန်ကြေးအား လျှော့ချဖို့အတွက် ခြိမ်းခြောက်မှုများပါ အသုံးပြုလာကြသည်။
ဤသို့သော အရာမျိုးက ရှေးဟောင်းဧကရာဇ်ခေတ်ကာလ အဆုံးသတ်ကတည်းက နှစ်သန်းချီ ကြာမြင့်ခဲ့လေသည်။
အကြိမ်များစွာ ကြိုးစားပြီးသည့်တိုင် နတ်ဆိုးမျိုးနွယ်က သူတို့၏ လက်ရှိအခြေအနေကို ဖြေရှင်းဖို့က တခြားကောင်းကင် အလိုဆန္ဒကမ္ဘာကို ပြောင်းရွှေ့ခြင်း သို့မဟုတ် ထာဝရဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်ခြင်းတို့ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။
ပြောင်းရွှေ့ခြင်းက ကိစ္စများစွာ ပါဝင်နေသည့်အတွက် ရွေးချယ်မှုကောင်းတော့ မဟုတ်ပေ။ သူတို့က တစ်မျိုးနွယ်စုလုံးကို တခြားကမ္ဘာအသိုင်းအဝိုင်းဆီ သယ်ဆောင်သွားပေးနိုင်မည့် အားကောင်းသော အာကာပြင် ရတနာကို လိုအပ်လေသည်။
ထို့နောက် သူတို့က လူသားမျိုးနွယ်က ဝင်ရောက်စွက်ဖက်ပြီး တားဆီးခြင်း ပြဿနာလည်း ရှိသေးသည်။ သို့သော်လည်း ထိုပြဿနာက ပြောင်းရွှေ့ရေးတွင် မဟာဧကရာဇ်တစ်ပါးက တာဝန်ယူပေးသရွေ့ အဆင်ပြေနိုင်သည်။
သို့သော်လည်း တခြားပြဿနာတစ်ခု ထပ်ပေါ်လာပြန်သည်။ သူတို့က နတ်ဆိုးမျိုးနွယ် ကြွယ်ဝတိုးတက်နိုင်မည့် ကောင်းကင်အလိုဆန္ဒကမ္ဘာကို ရှာဖို့လည်း လိုအပ်နေသည်။ အကယ်၍ လူသားမျိုးနွယ် သို့မဟုတ် တခြားမျိုးနွယ်က ထိုကမ္ဘာကို ထပ်မံအုပ်စိုးခဲ့လျှင် သူတို့က ပို၍ ခံစားရလိမ့်မည်။
နောက်ဆုံးတွင် သူတို့က ထိုကမ္ဘာ၏ မူလနေထိုင်သူများမှ ကောင်းချီး သို့မဟုတ် လက်ခံမှုလည်း လိုအပ်ပေသည်။ အကယ်၍ နတ်ဆိုးမျိုးနွယ်အုပ်စိုးသည့် ကမ္ဘာကို ရှာတွေ့ခဲ့လျှင်ပင် သူတို့က အဆင်ပြေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
နတ်ဆိုးမျိုးနွယ်သည် သဘာဝအားဖြင့် ပိုင်နက် သတ်မှတ်လွန်းကြသည်။ မျိုးနွယ်အမျိုးမျိုး ပေါင်းထားခြင်းက နတ်ဆိုးမျိုးနွယ် ဖြစ်လာသည့်အတွက် လူသားမျိုးနွယ်ကဲ့သို့ပင် သူတို့ကြားတွင်လည်း သတ်ဖြတ်မှုများ တိုက်ခိုက်မှုများ ရှိတတ်ကြသည်။
အသင်္ချေအင်ပါယာကမ္ဘာရှိ နတ်ဆိုးမျိုးနွယ်က ခြားနားနေသည့် အကြောင်းအရင်းမှာ သူတို့၏ မျှော်လင့်ချက် ကုန်ဆုံးဖွယ် အခြေအနေကြောင့် ဖြစ်ပေသည်။ တခြားကမ္ဘာများ၌ ထိုပြဿနာများက အဆပေါင်းသန်းချီ မြင့်မားလိမ့်မည်။
ထိုဖြစ်နိုင်ချေ အရာအားလုံးကို စဉ်းစားပြီးသော်လည်း နတ်ဆိုးမျိုးနွယ်က သူတို့၏ ထွက်လမ်းအဖြစ် အသုံးပြုဖို့အတွက် ဆုံးဖြတ်ထားဆဲ ဖြစ်သည်။ ပြောရလျှင် တစ်ရက် လူသားမျိုးနွယ် မဟာဧကရာဇ်လက်အောက်တွင် သူတို့သည် ပျက်သုဉ်းမှုကို ခံစားရနိုင်ချေရှိသည့်အတွက် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထာဝရဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်ပေးမည့် ဒုတိယအစီအစဉ်က သူတို့၏ လက်ရှိအခြေအနေအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လေသည်။
ကံဆိုးစွာဖြင့် နတ်ဆိုးမျိုးနွယ် ထင်ထားသည်ထက် ပို၍ ခက်ခဲနေလေသည်။ ခေတ်များစွာ ကြာမြင့်ပြီးသည့်နောက်တွင် သူတို့မျိုးနွယ်အတွင်း မဟာဧကရာဇ် မွေးဖွားမလာခဲ့ဖူးပေ။ ဗလာခေတ်ကာလမတိုင်ခင်က တချို့ရှိခဲ့သော်လည်း အတည်မပြုနိုင်ပေ။ ထို့အပြင် အကြောင်းအရင်းလည်း ရှိနေသေး၏။ နတ်ဆိုးမျိုးနွယ်က သူတို့၏ သွေးမျိုးဆက်အပေါ် မှီခိုလွန်းလေသည်။ သွေးမျိုးဆက် မြင့်မားမှု လုံလောက်ပြီး အရင်းအမြစ်များစွာ လုံလောက်ပါက တော်ဝင်နတ်ဆိုးမျိုးနွယ်အတွက် ဧကရာဇ်တစ်ပိုင်း နယ်ပယ်အဆင့်ကို ပြုစုပျိုးထောင်ဖို့အတွက် အလွန် လွယ်ကူလှသည်။
သူတို့က စိတ်အခြေအနေ မြင့်မားစရာ မလိုသလို အားကောင်းသည့် တာအိုနှလုံးသားနှင့် စိတ်ကူးမကြည့်နိုင်သည့် စိတ်ဆန္ဒမျိုးလည်း မလိုအပ်ပေ။ သူတို့လိုအပ်သည်က အရင်းအမြစ်သာ ဖြစ်၏။
သို့သော်လည်း နောက်ထပ် ပြဿနာတစ်ခု ပေါ်ထွက်လာပြန်သည်။ ထာဝရ ဧကရာဇ်ဖြစ်လာဖို့အတွက် ထိုအရာအားလုံးက လိုအပ်နေလေသည်။ ပြောရလျှင် သူတို့က အကြွင်းမဲ့ ထိပ်ဆုံးသို့ ရောက်ရှိနေရမည် ဖြစ်၏။ ထိုအချက်ကြောင့် နတ်ဆိုးခေါင်းဆောင်တချို့က ထာဝရဧကရာဇ်တစ်ပါး မွေးထုတ်ပေးနိုင်ရန် အတွက် လူသားမျိုးနွယ်၏ ကျင့်ကြံရေးကို ပြောင်းလဲကျင့်ကြံလိုကြသည်။ သို့သော်လည်း အများစုက ထိုသို့လုပ်ဖို့ရာအတွက် မကျေမနပ် ဖြစ်နေကြလေသည်။
နတ်ဆိုးမျိုးနွယ်က သူတို့၏ ဝိညာဉ်ထဲအထိ သွေးမျိုးဆက်ကို အလေးထားကြသည်။ သူတို့၏ သွေးမျိုးဆက် သာလွန်မှုက အရာအားလုံးထက် သာလွန်သည်။ ပြောရလျှင် သူတို့၏ သေဆုံးခြင်းနှင့် ပျက်သုဉ်းမှုထက်ပင် သာလွန်နေသည်။
ထိုသဘောထား ကွဲလွဲမှုက ရွှေကျီးမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ ခွဲခြားလိုက်သလိုမျိုး ဖြစ်သည်။ အကြောင်းမှာ သူတို့က လူသားမျိုးနွယ် ကျင့်ကြံရေးနည်းစနစ်ကို လိုက်လံကျင့်ကြံ၍ ဖြစ်သည်။
နောက်ထပ် နည်းလမ်းတစ်ခုက လက်ရှိသွေးမျိုးဆက်ထက် သာလွန်နေသည့် ကျင့်ကြံရေး နည်းစနစ်ကို ဖန်တီးရန် ဖြစ်သည်။ မဟာဧကရာဇ်များစွာက စိတ်၊ တာအိုနှလုံးသားနှင့် စိတ်ဆန္ဒကို သန့်စင်ပေးနိုင်ခြင်းများ ပါဝင်သည့် ပြီးပြည့်စုံသော သွေးမျိုးဆက်နည်းစနစ်ကို စီမံခဲ့ကြသည်။
နှမြောစရာကောင်းသည်က နတ်ဆိုးအများစုသည် ကျင့်ကြံဖို့အတွက် သူတို့၏ သွေးမျိုးဆက်အပေါ် မှီခိုလွန်းအားကြီးနေသည်။ သူတို့က ရှုပ်ထွေးကာ အခက်အခဲများသည့် နည်းလမ်းကို မပြောင်းလဲလိုကြပေ။
သူတို့မျိုးနွယ်၏ ကောင်းကင်ရွေးချယ်ခံအတွက်မူ သူတို့က နည်းလမ်းအသစ်ကို ကျင့်ကြံသော်လည်း သူတို့က ချက်ချင်းဆိုသလို ထာဝရဧကရာဇ် ဖြစ်လာမည်ဟု မဆိုလိုပေ။ ပြောရလျှင် လူသားမျိုးနွယ်က ထိုသို့သော နည်းစနစ်ကို သူတို့ထက် ကြာမြင့်စွာ အသုံးပြုထားသည် ဖြစ်သော်လည်း ထာဝရဧကရာဇ် ၇ ပါးသာ ပေါ်ထွက်သေးသည် မဟုတ်ပါလော။
အဆုံးသတ်တွင် နတ်ဆိုးမျိုးနွယ်က ထိုသွေးမျိုးဆက်သည် သူတို့မျိုးနွယ်၏ ဗဟိုချက်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ အကယ်၍ သူတို့သာ ထိုပြဿနာကို ဖြေရှင်းလိုလျှင် သွေးမျိုးဆက်ကသာ ပြဿနာကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောအရာ ဖြစ်လိမ့်မည်။
ထို့ကြောင့် သူတို့က စုစည်းကာ ဘိုးဘေးမျိုးရိုး ပြန်လည်ဖော်ဆောင်ခြင်း စီမံကိန်းကို စတင်ခဲ့ကြသည်။ နတ်ဆိုးမျိုးနွယ်က သူတို့၏ သွေးမျိုးဆက်များမှတဆင့် ပင်ကိုနတ်ဆိုးများ ဖန်တီးထားသည်ကို သိရှိကာ သူတို့သွေးမျိုးဆက်၏ လျှို့ဝှက်ချက်ကို လေ့လာပြီး ဘိုးဘေးများ၏ သွေးမျိုးဆက်သို့ ပြောင်းလဲပြီး ပင်ကိုနတ်ဆိုး ဖန်တီးနိုင်ရန် ပြင်ဆင်ခဲ့ကြသည်။
ထိုလူက သွေးမျိုးဆက်များ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ ဤသို့သော ပါရမီဖြင့် တခြားသော အရာများ မလိုအပ်ဘဲ ထာဝရဧကရာဇ်တစ်ပါး ဖြစ်လာနိုင်လိမ့်မည်။ ထိုလူ ကျရှုံးသွားလျှင်ပင် သူတို့၏ သွေးမျိုးဆက်က ကောင်းကင်အလိုဆန္ဒ၏ ဆေးကြောခြင်းကို ခံလိုက်ရပြီးနောက် မဟာဧကရာဇ် ဖြစ်လာသည်နှင့် သူတို့က တခြားသော ထာဝရဧကရာဇ်များထက် နိမ့်ကျမည် မဟုတ်ပေ။
ထိုစီမံကိန်းက အလယ်ပိုင်း ဧကရာဇ်ခေတ်ကာလတွင် စတင်ခဲ့ခြင်း ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုစဉ်ကတည်းက နတ်ဆိုးမျိုးနွယ်သည် မဟာဧကရာဇ်တစ်ပါးမှ မမွေးထုတ်နိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့အတွက် ခေတ်ကာလနှစ်ခု၊ မျိုးဆက်မြောက်များစွာ၊ စမ်းသပ်မှု မြောက်များစွာ၊ စတေးမှု မြောက်များစွာ လိုအပ်ခဲ့သည်။
နောက်ဆုံးတွင် သခင်လေး အောင်းရှန်က မွေးဖွားလာခဲ့သည်။ ပင်ကိုနတ်ဆိုး ဖြစ်ပြီး ဂုဏ်ယူဖွယ် မြင့်မြတ်သည့် နဂါးတစ်ကောင် ဖြစ်၏။
………………
အောင်းရှန်က နောက်ဆုံးတွင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ သူက စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ နတ်ဆိုးမျိုးနွယ်က သူ့အား အစစ်အမှန် နဂါးတစ်ကောင်အဖြစ် မွေးထုတ်ပေးဖို့ အောင်မြင်ခဲ့သော်လည်း သူ့သွေးမျိုးဆက်သည် မပြီးပြည့်စုံကြောင်း၊ တစ်ခုခု လိုအပ်နေကြောင်း အမြဲလိုလို ခံစားမိနေသည်။ ထို့ကြောင့် သူက ထိုအရာကို ပြည့်စုံအောင် လုပ်ချင်မိသည်။ သို့သော် သူက မည်သို့လုပ်ရမည်မှန်းမသိပေ။
သို့သော်လည်း သူက လျှို့ဝှက်နယ်မြေ ပေါ်ထွက်လာသည့်အကြောင်း သိလိုက်သည်နှင့် သူ့အလိုလိုသိစိတ်အရ လိုအပ်နေသည့်အရာသည် ထိုအထဲတွင် ရှိနေကြောင်း ပြနေသည်။ ထို့ကြောင့် သူက နတ်ဆိုးမျိုးနွယ်အား တာဝန်ပေးအပ်ကာ ဗဟိုချက်မှ ကံအပြောင်းအလဲ အခွင့်အရေးအား ရယူဖို့ အမိန့်ပေးခဲ့သည်။
ထိုအရာကို သိပြီးနောက် နတ်ဆိုးမျိုးနွယ်၏ အစစ်အမှန် အုပ်ချုပ်သူများက တုံ့ဆိုင်းမနေဘဲ သူတို့၏ အသက်ဓာတ်များကိုပင် လောင်ကျွမ်းခံကာ ဗဟိုချက်မှ အရာကို ရအောင် ယူဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် သူတို့က အောင်မြင်ခဲ့၏။
ကြည့်ရတာ ကံကြမ္မာက ငါ့ဘက်က ပါနေပုံပဲ …
အောင်းရှန်က တွေးလိုက်မိသည်။ ထို့
နောက် သူက ပုတ်သင်ညိုအား ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည် “ အဲဒါထုတ်ပေး”