လေးလံသော တာဝန်
Vol. 27 Ch. 366
အခန်း (၃၆၆) : လေးလံသော တာဝန်
အောင်းရှန်၏ စကားကို ကြားပြီးသည့်နောက်တွင် ပုတ်သင်ညိုက တုံ့ဆိုင်းခြင်းမရှိ ကြေးနီလှေငယ် တစ်ခုအား ထုတ်ပေးလိုက်သည်။ ထိုအရာ၏ အပေါ်ယံမျက်နှာပြင်တွင် အက်ကြောင်းများစွာ ရှိနေဟန်ပေါ်၏။
ထိုလှေငယ်လေးက သူ့အား တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ဝမ်ဝေ့၏ ဧကရာဇ်တစ်ပိုင်း လေဟာနယ်ပိတ်ဆို့ရေးအဆောင်ကို ချိုးဖောက်နိုင်ခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူက ထိုရတနာသည် မည်မျှအဖိုးတန်ကြောင်း သိထားသော်လည်း မခိုးယူရဲပေ။
အောင်းရှန်က လှေငယ်လေးကို ရရှိပြီးနောက်တွင် ကျေကျေနပ်နပ် ခေါင်းညိတ်ကာ ပြောလိုက်သည် “ခင်ဗျားက ပုတ်သင်ညိုမျိုးနွယ်မှာ တစ်ဦးတည်းသော အစစ်အမှန် အုပ်ချုပ်သူဆိုတာ သိထားတယ်။ ဒီနေ့လုပ်ပေးတဲ့အတွက် မျိုးနွယ်အဖွဲ့အစည်းက ခင်ဗျားနဲ့ ခင်ဗျားမျိုးနွယ်စုကို ကြီးကြီးမားမား ဆုချပေးလိမ့်မယ်”
ပုတ်သင်ညိုမျိုးနွယ် ခေါင်းဆောင်က ဦးညွတ်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားလေသည်။
အောင်းရှန်က သူ ထွက်သွားသည်ကို ကြည့်လိုက်ပြီးနောက် သွေးပုလင်းကိုသာ အာရုံစိုက်ထားလိုက်သည်။ နောက်ဆုံးတစ်ချက် ကြည့်မိပြီးနောက်တွင် သူက သိုလှောင်လက်စွပ်အတွင်း ထည့်သိမ်းထားလိုက်၏။ သူက ယခု မစုပ်ယူနိုင်သေးပေ။ အကြောင်းမှာ မိုးမြေကြားတွင် ထူးဆန်းသည့် မြင်ကွင်းများ ထွက်ပေါ်လာမည်ကို စိုး၍ ဖြစ်သည်။ ထိုသို့ဖြစ်ပျက်လာသည်နှင့် လူသားမျိုးနွယ်က သူ့အား တွေ့ရှိသွားလိမ့်မည်။
ထို့နောက် သူက ရွှေရောင်သတ္တုလုံးလေးအား ထုတ်ကာ အတွေးနက်နေသည်။
သူ့သွေးမျိုးဆက် ပြောင်းလဲမှုကို အောင်မြင်ပြီးသည့်နောက်တွင် အောင်းရှန်က မျိုးရိုးနာမည် အောင်းကို ရရှိလိုက်ရုံသာမက ရှေးခေတ်အချိန်အခါကတည်းက ကျင့်စဉ်နှင့်အတူ အံ့ဖွယ်စွမ်းရည်တချို့နှင့် မှတ်ဉာဏ်များကိုပါ အမွေဆက်ခံလိုက်ရသည်။
ထိုမှတ်ဉာဏ်များအတွင်း သူက ဗလာခေတ်အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး လျှို့ဝှက်ချက်များစွာကို သင်ယူခဲ့ရသည်။ ထိုအရာက ဟော်သဲ့သက်ရှိနှင့် ပင်ကိုသက်ရှိများကြား တိုက်ပွဲ ဖြစ်၏။
ထိုတိုက်ပွဲက ဒိုင်မေးရှင်းအနိမ့် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
လျှို့ဝှက်ချက်တစ်ခုက သူ့အတွက် အလွန်အရေးကြီးသည်။ သူက ပင်ကိုသက်ရှိများသည် မဟာဧကရာဇ်ဖြစ်လာဖို့အတွက် ကောင်းကင်အလိုဆန္ဒကို မစုပ်ယူနိုင်ကြောင်း သိခဲ့ရသည်။ ထိုသတင်းအချက်အလက်ကို ရရှိပြီးသည့်နောက်တွင် အောင်းရှန်က သူတို့နတ်ဆိုးမျိုးနွယ်၏ အားထုတ်မှုများက ဘာမှမဟုတ်ဘဲ အဆုံးသတ်သွားမည်ကို စိုးရိမ်လာမိသည်။ သို့သော်လည်း သူက နက်နက်ရှိုင်းရှိုင်း နားလည်ပြီးသည့်နောက်တွင် ကိစ္စများက သူ ထင်ထားသလောက် မရိုးရှင်းကြောင်း သဘောပေါက်သွားသည်။
ပင်ကိုသက်ရှိများသည် ကောင်းကင်အလိုဆန္ဒကို မစုပ်ယူနိုင်သည့် အကြောင်းအရင်းက သူတို့သည် မိုးမြေမှ မွေးဖွားလာသည့် အချက်ကြောင့် မဟုတ်ဘဲ ကောင်းကင်တာအိုကြောင့် ဖြစ်၏။ ပင်ကို-ဟော်သဲ့စစ်ပွဲအတွင်း သက်ရှိတိုင်း၊ မျိုးနွယ်တိုင်း၊ ကမ္ဘာတိုင်းက ဘက်ရွေးချယ်ခဲ့ရသည်။ ကောင်းကင်တာအိုသည်လည်း ခြွင်းချက် မဟုတ်ပေ။
ထိုစစ်ပွဲအား အစပြုခဲ့သည့် အသင်္ချေအင်ပါယာကမ္ဘာက ပထမဆုံး ဘက်ရွေးချယ်ခဲ့သည့် ကမ္ဘာ ဖြစ်၏။ ထိုအရာက ဟော်သဲ့သက်ရှိဘက်မှ ရွေးချယ်ခဲ့သည်။ ရလဒ်အနေဖြင့် ပင်ကိုသက်ရှိများက ကောင်းကင်အလိုဆန္ဒကို မစုပ်ယူနိုင်တော့ပေ။
စစ်ပွဲ၏ အထွတ်အထိပ် အခြေအနေတွင် မဟာဧကရာဇ်များနှင့် ပင်ကိုနတ်ဆိုး နတ်ဘုရားများက ကောင်းကင်အလိုဆန္ဒကမ္ဘာ၏ ကောင်းကင်တာအိုကို သူတို့ဘက်ရောက်အောင် နည်းလမ်းအမျိုးမျိုးသုံးကာ ဖျောင်းဖျခဲ့ကြသည်။
ပင်ကိုနတ်ဆိုး နတ်ဘုရားများက မဟာဧကရာဇ်ဖြစ်လာမည့် အလားအလာကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ သူတို့သည် ကောင်းကင်သွေဖယ်သည့် သွေးမျိုးဆက်ရှိနေပြီဖြစ်သည့်အတွက် ထိုပင်ကိုမဟာဧကရာဇ်များက အထွတ်အထိပ်တွင် ရှိနေသည်။
တိုက်ပွဲအဆုံးသတ်တွင် ကောင်းကင်တာအိုတချို့သာ ကြားနေအဖြစ် ကျန်ရှိနေလေ၏။
ထိုအကြောင်းကို တွေးမိပြီးသည့်နောက်တွင် အောင်းရှန်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည် “ ကောင်းကင်တာအိုက ရက်စက်တယ်။ ပြီးတော့ ဘက်မလိုက်မှုရဲ့ သွင်ပြင်တစ်ခု … ကမ္ဘာကြီးကို စံနှုန်းနဲ့အမှီ စည်းမျဉ်းတွေနဲ့ ပုံဖော်ထားတာပဲ။ ဘယ်လိုလုပ် ဘက်ရွေးနိုင်ရတာလဲ။
တစ်ကမ္ဘာလုံးအတွက် အကျိုးရှိနိုင်မှပဲ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်ခုခုကို မျက်နှာသာပေးလိမ့်မယ်။ အသိစိတ် ရှိလာတာ မဟုတ်ဘူးဆိုရင်ပေါ့။ ဒါပေမဲ့ အဲဒါသာ အမှန်ဖြစ်မယ်ဆိုရင် အသင်္ချေအင်ပါယာကမ္ဘာက လက်ရှိနဲ့ လုံးဝ ကွဲပြားနေလောက်တယ်။ ပြီးတော့ မဟာဧကရာဇ်တွေကလည်း သူ အသိရှိလာမယ်ဆိုရင် သတိပြုမိမှာပဲ။”
ထိုအရာကို မိနစ်ပိုင်းကြာ စဉ်းစားပြီးသည့်နောက်တွင် အဖြေထွက်မလာပေ။ အောင်းရှန်းက ထိုအရာကို ဆက်လက် မစဉ်းစားတော့ပေ။ သူ အားကောင်းလာသည်နှင့် ထိုလျှို့ဝှက်ချက်များ၏ အဖြေကို ရှာဖွေနိုင်သည်။
သူ့အစီအစဉ်အရ ကုသိုလ် အလုံအလောက်ရှိသည်နှင့် ကောင်းကင်တာအိုက သူ့အား ကောင်းကင်အလိုဆန္ဒကို လက်ခံယူဖို့ တားဆီးနိုင်မည် မဟုတ်ပေ။ မေးခွန်းကား သူ့အနေနှင့် ကုသိုလ်ကို မည်သို့ရယူရမည်မလဲဟူ၍ ဖြစ်သည်။
သူ့တွင် အရေးကြီးသည့် လုပ်ချင်စရာ ရှိနေသည့်အတွက် ထိုအတွေးများကို ဘေးဖယ်ထားလိုက်သည်။ သူက လက်ထဲမှ လှေငယ်ကို ကြည့်လိုက်သည်။
အခုထွက်သွားဖို့အချိန်ပဲ
သူက စံအိမ်အတွင်းမှ လျှို့ဝှက်အခန်း တစ်ခုအတွင်းသို့ သွားကာ အစီအရင်ကို အသက်သွင်းလိုက်သည်။ ထိုစဉ် တံခါးတစ်ချပ် ပေါ်လာပြီး အောင်းရှန်က အထဲသို့ ဝင်ရောက်လိုက်သည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက လူတချို့ စောင့်ဆိုင်းနေသည့် ကမ္ဘာငယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။
သူတို့က ခေါင်းဆောင်လေးယောက် ဖြစ်ပြီး ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်၊ လူဝံမျိုးနွယ် ခေါင်းဆောင်၊ ရွှေငှက်ကြီးမျိုးနွယ် ခေါင်းဆောင်နှင့် ကျားနက်မျိုးနွယ် ခေါင်းဆောင်တို့ ဖြစ်ကြသည်။
“ မင်း အောင်မြင်ခဲ့လား” ရွှေခြင်္သေ့ ခေါင်းဆောင်က မေးလိုက်သည်။
အောင်းရှန်က ခေါင်းအသာညိမ့်ကာ ပြန်ဖြေလိုက်၏။
သူမ၏ မျက်နှာထက်တွင် ငြိမ်းချမ်းသော အပြုံးတစ်ခု ထွက်ပေါ်လာကာ သူ့အား ပစ္စည်းနှစ်မျိုး ထုတ်ပေးလာသည်။ တစ်ခုက လက်စွပ်ဖြစ်ပြီး နောက်ဆုံးတစ်ခုက ကျောက်စိမ်းအဆောင် ဖြစ်၏။ အောင်းရှန်က သူ့အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အံ့ဩမိသွားသည်။
ထိုလက်စွပ်အတွင်းတွင် အဖြူရောင် တောင်တစ်ခုလိုမျိုး ပြည့်နှက်နေသည်။ သို့သော်လည်း ထိုအရာက တကယ့်တောင် အစစ်အမှန် မဟုတ်ဘဲ မူလအရင်းအမြစ်များဖြင့် ပြုလုပ်ထားသည့်အရာ ဖြစ်၏။
“ မူလအရင်းအမြစ်တွေက မင်းရဲ့ အင်မော်တယ် ကြေးနီလှေရဲ့ စွမ်းအားအရင်းအမြစ်အတွက် အသုံးပြုဖို့ပဲ။ ဒါပေမဲ့ မင်း ရောက်သွားပြီးတဲ့နောက်မှာ ကျင့်ကြံဖို့အတွက် ပိုဦးမှာပါ”
အောင်းရှန်က ခေါင်းညိတ်လိုက်သည်။ သူက ခေါင်းဆောင်များသည် ရွှေကျီးမျိုးနွယ်ကို ခြိမ်းခြောက်ကာ အရင်းအမြစ်များ ရယူထားသည်ကို ခန့်မှန်းမိလိုက်၏။ နတ်ဆိုးမျိုးနွယ်က သူ့အပေါ် အရင်းအမြစ်များ သုံးစွဲဖို့အတွက် အလွန်ကို ဆင်းရဲလှသည်။
“ မင်း ငါတို့ကမ္ဘာနဲ့ အနီးဆုံး ကမ္ဘာအသိုင်းအဝိုင်းဆီ ရောက်ဖို့က ပြဿနာမရှိဘူး။” ရွှေခြင်္သေ့ခေါင်းဆောင်က ပြောလိုက်သည် “ အဆောင်ထဲမှာ အခုရောက်ရှိသွားမဲ့ သိုင်းပညာလွှမ်းမိုးမှု ကမ္ဘာလို့သိတဲ့ ကောင်းကင်အလိုဆန္ဒကမ္ဘာရဲ့ အခြေခံအချက်အလက်တွေ ပါတယ်”
သူမက ခေတ္တရပ်လိုက်ပြီးနောက် အကြည့်ထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။
“ ဘယ်သူကမှ မင်းရဲ့ တာအိုကာကွယ်သူအဖြစ် မလိုက်ပါနိုင်ဘူး။ ဒိုင်မေးရှင်းအနိမ့်မှာ တည်ရှိတဲ့ အစစ်အမှန် နဂါးတစ်ကောင်အနေနဲ့ မင်းနောက်ကို ကမ္ဘာတိုင်းက လိုက်ဖမ်းကြလိမ့်မယ်။ အဲဒါကြောင့် တစ်ကမ္ဘာလုံးနဲ့ ရန်သူဖြစ်ပြီးတော့ ဆက်တိုက် အမဲလိုက်ခံရဖို့သာ ပြင်ထားလိုက်တော့”
အောင်းရှန်က ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မအံ့ဩမိပေ။ ဤသည်က သူ့ကိုယ်သူ လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်၏။ သေခြင်းရှင်ခြင်း တိုက်ပွဲများအကြား သူက အလျင်အမြန် အင်အားကြီးလာနိုင်သည်။ အကယ်၍ သူ အောင်မြင်ပါက မဟုတ်သေးဘူး …သူ အောင်မြင်သည့်အခါ သူက အလားအလာအပြည့် ရောက်ရှိသွားလိမ့်မည်။
ထို့ကြောင့် သူက ပစ္စည်းများကို သေချာကြည့်လိုက်သည်။ ရွှေကျီးမျိုးနွယ်က ထိုမူလအရင်းအမြစ် အားလုံးကို ပေးထားခြင်း မဟုတ်ကြောင်း ခန့်မှန်းမိလာ၏။ အဖွဲ့အစည်းမှ ၅၀မှ ၆၀ ရာခိုင်နှုန်းအထိ ထုတ်ပေးထားဟန် ပေါ်သည်။
နတ်ဆိုးမျိုးနွယ်၏ လက်ရှိအခြေအနေအဖြစ် အရေအတွက် များပြားလာလေသည်။ ထို့ကြောင့် သူက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ အနာဂတ်အတွက် သူ့အပေါ် လူများစွာ မှီခိုနေသည့်အကြောင်းကို တွေးမိကာ သူ့ပုခုံးပေါ်မှ လေးလံလှသည့် ဝန်ထုပ်ကြီး ရှိလာသလို ခံစားလိုက်ရသည်။
ဘယ်လိုပဲဖြစ်ဖြစ် ငါအသက်ရှင်ပြီး အောင်မြင်မြင်နဲ့ ပြန်လာနိုင်ရမယ်။ ငါ ထာဝရဧကရာဇ်တစ်ပါး ဖြစ်လာရမယ်။
သူက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ကြေးနီလှေအား အသက်သွင်းကာ တခြားကမ္ဘာအသိုင်းအဝိုင်းဆီ ဦးတည်လိုက်သည်။
“ သူ့ကို တာအိုကာကွယ်သူ မပါဘဲ လွှတ်လိုက်လို့ အဆင်ပြေပါ့မလား။” ကျားနက် ခေါင်းဆောင်က မေးလိုက်သည် “ တာအိုဘိုးဘေးနဲ့ ထာဝရအရှင်တွေက ပင်ကိုနတ်ဆိုးကို စိတ်ဝင်စားနေကြတယ်လေ။”
“ အဲဒီအတွက် စိုးရိမ်စရာ မလိုဘူး။ တာအိုဘိုးဘေးတွေနဲ့ ထာဝရအရှင်တွေက သူ့အပေါ် အသက်ကယ်နည်းလမ်းတွေ ထားပေးသွားပြီ။ သူတို့က အဆင့်တူ တစ်ယောက်ယောက်က လှုပ်ရှားလာတဲ့အခါမှာ အသက်ဝင်လာလိမ့်မယ်”
“ အဲဒါဆို အဆင့်နိမ့်တွေအတွက်ရော။ သူက သိုင်းပညာလွှမ်းမိုးမှုကမ္ဘာရဲ့ ကောင်းကင်ရွေးချယ်ခံတွေရဲ့ လက်ထဲမှာ သေဆုံးသွားရင်ရော ဘယ်လိုလုပ်မလဲ”
“ အဲဒါဆိုရင်တော့ သူတို့က ကျွန်မတို့ စောင့်ဆိုင်းနေတဲ့သူ မဟုတ်လို့ပဲပေါ့” ရွှေခြင်္သေ့ခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ တကယ်လို့ အဲဒီအတွေ့အကြုံကနေ အသက်မရှင်နိုင်ဘူးဆိုရင် ထာဝရဧကရာဇ် ဖြစ်လာဖို့အတွက် ကံမကောင်းဘူးလို့ပဲ ဆိုရမှာပေါ့”
…………………
ဂူတစ်ခုအတွင်း ဝမ်ဝေ့က ရုတ်ချည်းဆိုသလို မျက်လုံးပွင့်လာကာ သက်ပြင်းချလိုက်သည်။ သူက အသိစိတ်ပင်လယ်အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက သူ ဟွင်သွမ်းမီးတောက်နှင့် ကံကြမ္မာကောင်း မီးတောက်ကို ပေါင်းစပ်ပြီး သူ့ဝိညာဉ်အား ကမ္ဘာဦးစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။
“ နောက်ဆုံးတော့ ငါ မူလဆေးလုံး မီးတောက်ကျမ်းကိုပဲ မှီခိုနေရဦးမှာပါလား။ ငါ့အစီအစဉ်တွေက အလုပ်ဖြစ်ဖို့ပဲ မျှော်လင့်ရမှာပဲ။ မဟုတ်ရင် ကိစ္စတွေက ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်။”
ထို့နောက် သူက ဆက်သွယ်ရေး အဆောင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ သူ့အစ်မ(၃)က ထွက်သွားမည့် အချိန်ကျရောက်ပြီဖြစ်ကြောင်း လှမ်းပြောထားလေသည်။ မူလဆေးလုံး တာအိုဂိုဏ်း၏ အစစ်အမှန် အုပ်ချုပ်သူများကလည်း ထွက်ခွာသွားပြီဖြစ်၍ ဤနေရာတွင် ကျန်ရှိဖို့က မလုံခြုံတော့ပေ။
သူမက ပို့လိုက်သည့် တည်နေရာအား မှတ်သားပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ကိုယ်ပွားမှ အဆောင်အား စစ်ဆေးကြည့်လိုက်သည်။ ထိုအရာတွင် ဟို့ဖုန်းဟွမ်နှင့် ရင်ဆိုင်တိုက်ခိုက်မှုအကြောင်း သတင်းအချက်အလက်များ ပါဝင်နေပြီး သူတို့တိုက်ပွဲနှင့် အပြုအမူများနှင့်အတူ သူမအပေါ် သုံးသပ်ချက်များ ပါဝင်လေသည်။ ကိုယ်ပွားက ပျင်းရိမနေဘဲ အလုပ်တချို့ လုပ်ထားလေ၏။
ဝမ်ဝေ့က ပြီးဆုံးသွားသည့်အခါ လော့ချန်အဖြစ် ပြောင်းလဲပြီး ကျန်လူများနှင့် ဆုံတွေ့ဖို့ ပျံသန်းသွားလိုက်သည်။ မိနစ်သုံးဆယ် ကြာမြင့်ပြီးသည့်နောက်တွင် သူက နယ်မြေထဲ လူအားလုံး ပထမဆုံး ဝင်ရောက်ခဲ့သည့်နေရာသို့ ရောက်ရှိလာသည်။
သူက မူလဆေးလုံး တာအိုဂိုဏ်းမှ လေသင်္ဘောသည် သူ့အား စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ သူက သင်္ဘောပျံ အနီးအနားသို့ သွားလိုက်သည့်အခါ ပြန်ရောက်ရှိလာသည့်သူများက သိသိသာသာ လျော့ကျသွားသည်ကို သတိပြုမိလိုက်သည်။
အများစုက သေဆုံးသွားကြဟန်ပေါ်သည်။
အကယ်၍ သေချာသတိထားကြည့်မိပါက ထိုသေဆုံးမှု အများစုက ဖူချိုက်ယွင်၏ အင်အားစုမှ ဖြစ်ကြောင်း သတိပြုမိကြလိမ့်မည်။
ကြည့်ရတာ ဂိုဏ်းက အလုပ်ကောင်းကောင်း လုပ်ခဲ့တဲ့ပုံပဲ …
မူလတွင် ဝမ်ဝေ့က ထိုလူများအား ကိုယ့်ဘာသာကို သတ်ချင်သော်လည်း သူ့လက်ချက် ဖြစ်နေသည်ကို သတိပြုမိသွားမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် သူက ကံကြမ္မာအရိပ်တပ်ဖွဲ့အား ဆက်သွယ်ကာ သူ့အတွက် ညစ်ပတ်သည့် အလုပ်များအား လုပ်ခိုင်းခဲ့သည်။