← Chapters

သူတော်စင်အဆင့် ဆေးဝါးပညာရှင်

Vol. 27 Ch. 367

သူတော်စင်အဆင့် ဆေးဝါးပညာရှင်

Vol. 27 Ch. 367

အခန်း (၃၆၇) : သူတော်စင်အဆင့် ဆေးဝါးပညာရှင်

“ မောင်လေး (၅) အဆင်ပြေရဲ့လား” လန်လင်းက ဝမ်ဝေ့အား ခေါင်းစခြေဆုံး ကြည့်ကာ ဒဏ်ရာရသည်လားဟု စစ်ဆေးရင်း မေးလိုက်သည်။

ဝမ်ဝေ့က ချက်ချင်းဆိုသလို စိတ်ထဲတွင် တစ်မျိုး ဖြစ်သွားလေသည်။ သူမ၏ အပြုအမူများက ပုံမှန် မဟုတ်ကြောင်း ခံစားမိလေသည်။ လန်လင်းက ဂရုစိုက်ပေးတတ်သည့်လူ ဖြစ်သော်လည်း ဤသို့ ပွင့်ပွင့်လင်းလင်း မပြသဖူးပေ။

ဝမ်ဝေ့က သူ့အစ်ကို(၁)၏ အံ့ဩသွားသည့် အမူအရာကိုလည်း သတိပြုမိလိုက်သည်။ သူသည်လည်း သူမ၏ အပြုအမူကို ထူးဆန်းသည်ဟု ထင်သွားဟန်ပေါ်သည်။

သူ့အနေနှင့် အရူးအမူးစွဲလမ်းပန်း၏ စွမ်းအားကို အပြည့်အဝ စည်းမပိတ်နိုင်ကြောင်း သိထားသော်လည်း ယခုအတွက် လုံလောက်သည်ထက် ပိုပေသည်။ ထို့အပြင် လော့ချန်က လန်လင်းအတွက် ခံစားချက်ရှိနေသည့်အတွက် ထိုပန်းပွင့်က နှစ်ဦးသားလုံးအတွက် အကျိုးအမြတ် ဖြစ်ထွန်းလာစေလိမ့်မည်။

ဂိုဏ်းက ထွက်သွားဖို့အတွက် ဝမ်ဝေ့ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။

ဝမ်ဝေ့က အပြုံးလေးဖြင့် ပြောလိုက်သည် “ ကျွန်တော် အဆင်ပြေပါတယ်။ အစ်မ မြင်တဲ့အတိုင်း ကျွန်တော် ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေ တွေ့ခဲ့တယ်”

ထို့နောက် လန်လင်းက သူ့မောင်လေး(၅)သည် နှစ်နှစ်ရာအတွင်း အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိသွားကြောင်း သတိပြုမိသွားသည်။ ဤသို့သော အချိန်ပမာဏက သူ့အား ထိပ်တန်းပါရမီရှင်များနှင့် တန်းတူ ဖြစ်စေသည်။

ကောင်းကင်ရွေးချယ်ခံများနှင့် မယှဉ်နိုင်သော်လည်း ကျင့်ကြံသူ သန်းပေါင်းများစွာအနက် မည်သူကများ ထိုဂုဏ်ပုဒ်ကို ရယူနိုင်မည်နည်း။

လော့ချန်၏ ယခင်စွမ်းရည်ဖြင့် သူက ပါရမီပါသည့်သူဟု ယူဆနိုင်သော်လည်း ထိပ်တန်းပါရမီရှင်တော့ မဟုတ်ခဲ့ပေ။ သူ ယခင်ပြသထားသည့် ပါရမီအရ သူ့အနေနှင့် အံ့ဖွယ်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိဖို့ရာ နှစ်၈၀၀မှ နှစ်၁၀၀၀ အထိ လိုအပ်လိမ့်မည်။

“ ကြည့်ရတာ ညီလေး(၅)  … မင်း ကံက တော်တော်ကောင်းပုံပဲ” ဝမ်လော့က အနည်းငယ် အားကျစွာဖြင့် ခနဲ့ပြီး ပြောလိုက်သည်။

“ အဟုတ်ပဲ။ ကျွန်တော်ရဲ့ ကံကောင်းမှုက အခုနောက်ပိုင်း အတော်လေးတိုးလာပုံပဲ” ဝမ်ဝေ့ကလည်း အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။

ဝမ်လော့က ထိုအရာကို ကြားပြီး နှာခေါင်းရှုံ့ကာ ဘာမှဆက်မပြောတော့ပေ။ လန်လင်းအတွက်မူ ဝမ်ဝေ့အား အနည်းငယ်ပြုံးပြလေသည်။

ထိုအရာကို မြင်ပြီး ဝမ်ဝေ့က အနည်းငယ် စိတ်အေးသွားမိသည်။ သူက အရူးအမူးစွဲလမ်းပန်းသည် သူမ၏ ပင်ကိုစရိုက်အား လုံးဝ ပြောင်းလဲပစ်ပြီး သူ၏ ဆရာ၏ အာရုံကို ဖမ်းစားသွားမည်ကိုလည်း စိုးရိမ်မိသည်။

မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ကျီယွီလို့က အသားအရည် ဖြူဖျော့စွာဖြင့် ရောက်ရှိလာသည်။ သူဒဏ်ရာရလာသည်မှာ သိသာလှ၏။ ဖူချိုက်ယွင်၏ တပည့်တစ်ယောက်အနေနှင့် သူသည်လည်း ဂိုဏ်း၏ လုပ်ကြံသတ်ဖြတ်ရေး ပစ်မှတ်မှ လွတ်မြောက်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူက အသက်ရှင်လျက် လွတ်မြောက်နိုင်သည့်အချက်က ကျီမိသားစုသည် သူ့အား မည်မျှတန်ဖိုးထားသည်ကို ပြသနေလေ၏။

ဝမ်ဝေ့အား သူ့အား ကြည့်လိုက်သည့်အခါ ကျီယွီလို့သည် ဒဏ်ရာရထားသော်လည်း အနည်းငယ် ပျော်ရွှင်နေသည်ကို ခံစားမိလေသည်။ သူက အကြောင်းအရင်းကို မှန်းဆမိလိုက်၏။ ကျီမိသားစုသည် လျူမိန်ရှု သေသွားသည့်အတွက် ပျော်ရွှင်နေသည်သာ ဖြစ်ရမည်။

ဝမ်ဝေ့က ကျီမိသားစု၏ အမြင်မရှိမှုကို တွေးကာ ခေါင်းအသာယမ်းလိုက်သည်။ အကယ်၍ ထိုလူများသာ အချင်းချင်း တိုက်ခိုက်မနေကြလျှင် သူတို့သည် လျူမိန်ရှုအား ပလ္လင်အတွင်း ယှဉ်ပြိုင်နိုင်ဖို့ ကောင်းကင်ရွေးချယ်ခံအဖြစ် သေသေချာချာ ပြုစုပျိုးထောင်နိုင်လိမ့်မည်။ သူတို့၏ စွမ်းရည်ဖြင့် သူမအတွက် လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်သို့ ရောက်ရှိဖို့ အချိန်သိပ်ကြာမည် မဟုတ်ပေ။ ဝမ်ဝေ့သည်လည်း ထိုအခြေအနေကို အခွင့်ကောင်း ယူနိုင်မည် မဟုတ်ပေ။ လျူမိန်ရှုကသာ နဂါးအရိုးကို ရရှိသွားပြီး စုပ်ယူနိုင်သရွေ့ သူမသည် ပလ္လင်အတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်ဝသည်ထက် ပိုသွားလိမ့်မည်။

အကယ်၍ သူမက ဤမျိုးဆက်တွင် ကျရှုံးခဲ့လျှင်ပင် သူမ၏ ဆင့်ကဲ အသင်္ချေသားရဲရုပ်ခန္ဓာဖြင့် အသက်ရှင်ဖို့ လုံလောက်သည်ထက် ပိုပေသည်။ ထို့နောက် သူမက သူမဘာသာသူမ စည်းပိတ်ကာ နောက်မျိုးဆက်အထိ ယှဉ်ပြိုင်နိုင်လိမ့်မည်။

အမှန်အတိုင်းဆိုရလျှင် ဝမ်ဝေ့က လျူမိန်ရှု၏ ရက်စက်မှု သို့မဟုတ် စာနာစိတ်ကင်းမဲ့မှုသည် ပတ်ဝန်းကျင်၏ ရလဒ်ကြောင့်မှန်း သိလိုက်သည်။ ဤသို့သော ပြင်းထန်သည့် ယှဉ်ပြိုင်မှုကြားတွင် သူမအနေဖြင့် ငယ်စဉ်ကတည်းက အားနည်းသူများသည် လမ်းဘေးမှ မြက်လောက်ပင် တန်ဖိုးမရှိကြောင်း သင်ယူခဲ့ရသည်။

ထို့ကြောင့် သူမက အသက်ရှင်ဖို့အတွက် အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။ အဆုံးသတ်နိုင်သရွေ့ သူမက သိက္ခာကိုလည်း ဂရုမစိုက်ဘဲ အကုန်လုပ်ဆောင်ခဲ့သည်။

ထိုအရာကို သိထားသော်လည်း ဝမ်ဝေ့က သူမကို သတ်ဖြတ်သည့်အတွက် ဘာမှမခံစားမိပေ။ သူမက ဤသို့သော စိတ်အခြေအနေမျိုးနှင့် ရှင်သန်လာသောကြောင့် သူမ၏ အဆုံးသတ်သည်လည်း ဆိုးဆိုးရွားရွားဖြစ်မည်မှန်း ကြိုတင်သိထားသင့်လေသည်။

ကျင့်ကြံသူများက သေမျိုးများကို ပုရွက်ဆိတ်ကဲ့သို့သာ ဆက်ဆံကြလေသည်။ သို့သော်လည်း သူတို့က လောကတွင် ကံကြမ္မာဝဋ်ကြွေး တည်ရှိသည်ကို သိထားသောကြောင့် သူတို့ကိုယ်သူတို့ ချုပ်ထိန်းကြလေသည်။

အကယ်၍ ဂရုမစိုက်ပါက သူတို့၏ အပြုအမူအတွက် သေလောက်အောင် ပြန်လည်ပေးဆပ်ရလိမ့်မည်။

ဝမ်ဝေ့က အတွေးနက်နေစဉ် သူတို့၏ အဖွဲ့က မူလဆေးလုံး တာအိုဂိုဏ်းသို့ ပြန်ရောက်ရှိသွားကြသည်။ ဝမ်ဝေ့နှင့် သူ့ဆရာတူ အစ်ကိုအစ်မများက ဆရာဆီသွားကာ သူတို့၏ အကြောင်းများအား ပြန်လည်တင်ပြကြသည်။

ယဲ့လောင်က လော့ချန်၏ တိုးတက်နှုန်းနှင့် ပတ်သက်ပြီး အတော်လေး ကျေနပ်နေကာ ဆက်တိုက်ဆိုသလို ချီးကျူးနေလေသည်။

ဝမ်ဝေ့က မျက်နှာအထက် ရှက်ရွံ့ကာ ရိုကျိုးသည့် အပြုံးမျိုးသာ ပန်ဆင်ထားလေသည်။ ထို့နောက် သူက သူ့ဂူသို့ ပြန်သွားလေ၏။

သူ့လမ်းတွင် ဂူတစ်ခုမှ မှုန်မှိုင်းမှိုင်း အငွေ့အသက်ကို ခံစားမိလေသည်။ ဤသည်က ဖူချိုက်ယွင်၏ ဂူ ဖြစ်၏။ ထိုလူက သူ့လူများ ဆုံးရှုံးမှုကြောင့် ဒေါသထွက်နေသည်မှာ သိသာလှသည်။

အိမ်သို့ ပြန်ရောက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အကျိုးအမြတ်များအား စတင် သုံးသပ်လိုက်သည်။ ခဏကြာ စဉ်းစားပြီးသည့်နောက်တွင် သူက ထိုမျှ ပျော်စရာမရှိကြောင်း ကောက်ချက်ချလိုက်သည်။

သူက ပင်ကိုနတ်ဆိုးများ၏ အကြွင်းအကျန်များကို ရရှိခဲ့သည်မှာ အမှန်ဖြစ်သော်လည်း သူ့အတွက် သူ့ ကျင့်ကြံဆင့်၏ နောက်ပိုင်းအဆင့်များတွင်သာ အကျိုးရှိလေသည်။

သူ့အစီအရင်နှင့် ဆေးဝါးပညာရပ်များက နှစ်နှစ်ရာအတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး အခြေခံအုတ်မြစ်ကို ခိုင်မာသွားစေသည်။ သူက လော့ချန်၏ ပင်ကိုစွမ်းရည်အပေါ် အခြေခံထားသည့် အားကောင်းသော ကျင့်စဉ်တစ်ခု၏ ရှေ့ပြေးကိုပင် ဖန်တီးထားခဲ့သည်။ ထိုအရာက သူ စံပြ ဖြစ်လာသည့်အခါ ကူညီပေးနိုင်လိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ထိုအစီအစဉ်အားလုံး၏ အဓိက အစစ်အမှန် ရည်ရွယ်ချက်ကို မရရှိသေးပေ။ သူက မီးတောက်ထိန်းချုပ်ရေး ပညာရပ်သည် ဤဂိုဏ်းကို ကျူးကျော်လိုက်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်နေသည်ဟု တွေးထားခဲ့ပြီး ထိုလျှို့ဝှက်ချက်ကို သင်ယူခြင်းကသာ ထိုရည်မှန်းချက်ကို အလျင်အမြန် အောင်မြင်ပြီးဆုံးနိုင်လိမ့်မည်။

သို့သော် သူ မှားယွင်းသွားခဲ့၏။

ဝမ်ဝေ့က ထိုအရာကို တွေးမိပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူက အလျင်မလိုသော်လည်း ကိစ္စများက မြန်မြန်ဆန်ဆန် ပြီးဆုံးလျှင် ပို၍ကောင်းပေသည်။

ထို့ကြောင့် သူက နောက်ထပ် အစီအစဉ်တစ်ခုကို စဉ်းစားလိုက်သည်။

နာရီပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူက စိတ်ကြည်လင်အောင် တရားထိုင်ပြီးနောက် အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။

“ ကြည့်ရတာ ငါ နည်းနည်းလေး ရဲတင်းမှ ဖြစ်တော့မဲ့ပုံပဲ”

နောက်တစ်ရက်တွင် ဝမ်ဝေ့က သူ့ဆေးဝါးပညာရှင်အဆင့်ကို ပြောင်းလဲဖို့အတွက် စစ်ဆေးရေးခန်းမသို့ တိုက်ရိုက်သွားခဲ့သည်။

သူက အနည်းငယ် အားစိုက်ထုတ်ရုံဖြင့် ထိပ်တန်းမြေကမ္ဘာအဆင့် ဆေးလုံးကို ဖော်စပ်ပြီး  ထိပ်တန်းအဆင့်(၂) ဆေးဝါးပညာရှင် ဖြစ်လာခဲ့သည်။ သို့သော်လည်း အားလုံးကို အံ့ဩသွားသေးသည်က သူက ထိုနေရာတွင် ရပ်တန့်မသွားဘဲ အဆင့်(၃) ဆေးဝါးပညာရှင်ဖြစ်ဖို့အတွက် ဖြေဆိုဖို့ စစ်ဆေးမှုကို တောင်းဆိုခဲ့သည်။

အဆင့်(၃) ဆေးဝါးပညာရှင်နှင့် ပတ်သက်လာသည့်အခါ သူတို့၏ အဆင့်အတန်းက အဆင့်(၂)နှင့် လုံးဝကွဲပြားလေသည်။ ပထမတစ်ချက်က သူတို့သည် စစ်ဆေးမှုအတွက် အခကြေးငွေပေးစရာ မလိုတော့ပေ။ သို့သော်လည်း အောင်မြင်မှသာ ဖြစ်၏။

လူများစွာက လော့ချန်သည် ရူးသွပ်သွားသည်ဟု တွေးမိနေကြသည်။ သူတို့အတွက် သူသည် ထိပ်တန်း မြေကမ္ဘာအဆင့်ဆေးလုံး ဖော်စပ်နိုင်သည်ကိုက အံ့ဩဖွယ် ဖြစ်နေလေပြီ။ ယခု သူက ကောင်းကင်အဆင့်ကို စိန်ခေါ်လိုသည်လား။

သို့သော်လည်း ဝမ်ဝေ့က သူတို့အား လျစ်လျူရှုထားလေသည်။

စည်းမျဉ်းများအရ သူသာ ထိပ်တန်းအဆင့်(၃) ဆေးဝါးပညာရှင် ဖြစ်လာသရွေ့ စစ်ဆေးမှုအတွက် တောင်းဆိုနိုင်လေသည်။ ထို့ကြောင့် လူအများက လေ့လာဖို့အတွက် အာရုံစိုက်ထားကြ၏။

ထို့နောက်တွင် နောက်ထပ် အံ့ဩစရာတစ်ခု ဖြစ်ပျက်လာခဲ့သည်။

ဝမ်ဝေ့က အံ့ဖွယ်သင်္ကေတ ဆယ်သန်းပါဝင်နေသည့် ဆေးလုံးအား ဖော်စပ်နိုင်ခဲ့သည်။ ဤသည်က မြေကမ္ဘာနှင့် ကောင်းကင်အဆင့်ကြားမှ ကွာခြားချက် ဖြစ်၏။ အကောင်းဆုံး မြေကမ္ဘာအဆင့် ဆေးလုံးက သင်္ကေတတစ်သောင်းမျှသာ လိုအပ်သော်လည်း အနိမ့်ဆုံး ကောင်းကင်အဆင့် ဆေးလုံးအတွက်မူ တစ်သန်းမှ အမြင့်ဆုံး ဆယ်သန်းအထိ လိုအပ်လေသည်။

ဤသည်က အဆတစ်ရာ ကွာခြားချက် ဖြစ်၏။

ဤသည်က ဆေးဝါးပညာရှင် အများစုသည် သူတို့တစ်ဘဝလုံး အဆင့်(၂)တွင်သာ ရပ်တန့်သွားရသည့် အဓိက အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပေသည်။

ထို့ကြောင့် ဝမ်ဝေ့က ထိပ်တန်း ကောင်းကင်အဆင့်ဆေးဝါးကို ဖော်စပ်နိုင်သည့်အခါ အကဲဖြတ်သူအားလုံးက အံ့ဩသွားကြလေသည်။ အထူးသဖြင့် သူ၏ ကျင့်ကြံဆင့် နိမ့်နေသည့်အခါတွင် ဖြစ်၏။ ဆေးဝါးပညာ၏ အစောပိုင်းအဆင့်များတွင် မြင့်မားသည့် ဆေးဝါးအဆင့်ကို ဖော်စပ်နိုင်သည်က အကျိုးအကြောင်း သင့်ပေသည်။ သို့သော်လည်း နောက်ပိုင်းအဆင့်များက သင်္ကေတ ရေးထွင်းဖို့အတွက် ဝိညာဉ်စွမ်းအားကို လိုအပ်လာသောကြောင့် ကျင့်ကြံဆင့် မြင့်မားဖို့ လိုအပ်လေသည်။

စစ်ဆေးရေးခန်းမမှ အကဲဖြတ်သူများက လုံလုံလောက်လောက် အံ့ဩသွားကြပြီဟု ထင်ထားသော်လည်း သူတို့က နောက်အဖြစ်အပျက်ကို မပြင်ဆင်ထားမိသေးပေ။

ဝမ်ဝေ့ သို့မဟုတ် လော့ချန်က အဆင့်(၄) သူတော်စင်အဆင့် ဆေးဝါးပညာရှင်အဖြစ် ဖြေဆိုဖို့ စစ်ဆေးမှုကို တောင်းဆိုလာသည်။ သူက ထိုစကားများကို ပြောလိုက်သည်နှင့် မူလဆေးလုံးတာအို ဂိုဏ်းတစ်ခုလုံး အနည်းငယ် အုံ့အုံ့ကြွပ်ကြွပ်  ဖြစ်သွားလေသည်။

အထက်ပိုင်းလူများကလည်း သိကာ လူများစွာက ထိုစစ်ဆေးမှုကို လာရောက်ကြည့်ရှုကြသည်။ ဂိုဏ်းပိုင်းဆိုင်ရာ အာဏာအကြောင်း သိထားသည့်သူများက သူသာ အောင်မြင်သွားလျှင် ဂိုဏ်းတစ်ခုလုံး အနည်းငယ် လှုပ်ခတ်သွားမည်ဖြစ်ကြောင်း သိထားကြသည်။

ထို့ကြောင့် သူ့စစ်ဆေးမှုက လိုအပ်သည့်လူများ စစ်ဆေးဖို့အတွက် တစ်ပတ်ကြာ အချိန်ယူခဲ့ရသည်။ ဤသည်က ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူတော်စင်အဆင့် ဆေးဝါးပညာရှင်၏ အဆင့်အတန်းက မြင့်မြတ်ကာ ပိုမိုတင်းကြပ်သည့် စစ်ဆေးမှုနှင့် စံနှုန်းများ လိုအပ်လေသည်။

All Chapters