← Chapters

သူတော်စင်အဆင့် ဆေးဝါးပညာရှင်

Vol. 27 Ch. 368

သူတော်စင်အဆင့် ဆေးဝါးပညာရှင်

Vol. 27 Ch. 368

အခန်း (၃၆၈) : သူတော်စင်အဆင့် ဆေးဝါးပညာရှင်

လူအိုကြီးနှစ်ယောက်က ကောဇောပျံကို စီးနင်းလျက် တစ်နေရာသို့ ပျံသန်းလာသည်။ သူတို့နှစ်ယောက်လုံးတွင် ဆံပင်အဖြူ၊ မုတ်ဆိတ်အဖြူများ ရှိထားကြပြီး အနည်းငယ် ညိုသော အသားအရည် ရှိ၏။ သူတို့ထဲမှ တစ်ယောက်က အနီရောင် ဝတ်ဆင်ထားပြီး ကျန်တစ်ယောက်က အနက်ရောင် ဝတ်ဆင်ထားလေသည်။

“ ဒီကောင်လေး စစ်ဆေးမှုကို အောင်မြင်မယ်ထင်လား” အနီဝတ် အကြီးအကဲက မေးလိုက်သည်။

“ ငါ မသိဘူး။ ဒါပေမဲ့ သူ အောင်မြင်ခဲ့ရင်တော့ စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ”

“ အမှန်ပဲ။ အရင်မျိုးဆက် နှစ်ခုမှာ ဖူချိုက်ယွင်က မူလဆေးလုံးတာအိုဂိုဏ်းမှာ အံ့ဖွယ်ခန္ဓာကိုယ်အဆင့်နဲ့ သူတော်စင်ဆေးဝါးပညာရှင် ဖြစ်လာခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ တကယ်လို့ လော့ချန်သာ အောင်မြင်သွားခဲ့ရင် ဖူချိုက်ယွင်ရဲ့ စိတ်သဘောထား ကျဉ်းမြောင်းမှုနဲ့ သူ့အသက်ရှင်နိုင်ချေက အတော်လေးကို နည်းပါးသွားလိမ့်မယ်”

“ အဲလိုလည်း မဟုတ်လောက်ပါဘူး” အနီဝတ် အကြီးအကဲက ပြောလိုက်သည် “ အထွတ်အထိပ် အကြီးအကဲတွေက ဖူချိုက်ယွင်ရဲ့ ဖျက်ဆီးလိုစိတ်ကို သည်းခံပေးနေတာက သူ့ပါရမီကြောင့်ပဲ။ တကယ်လို့ လော့ချန်ကသာ သူ့လောက် ပါရမီကောင်းကြောင်း ပြသနိုင်ခဲ့ရင် သူနဲ့ မျှချေအဖြစ် အသုံးချနိုင်လိမ့်မယ်”

“ ခင်ဗျားက ဒီအခြေအနေနဲ့ ပတ်သက်ပြီး အကောင်းမြင်လွန်းနေတယ်။ လက်ရှိဂိုဏ်းမှာ အဆင့် (၆) ဧကရာဇ်တစ်ပိုင်း ဆေးဝါးပညာရှင် သုံးယောက်ပဲ ရှိတယ်။ တစ်ယောက်က ကြားနေ၊ တစ်ယောက်က မူလဆေးလုံးတာအိုဂိုဏ်းရဲ့ ကြီးထွားမှုကို အပြည့်အဝ အားစိုက်ထားတဲ့သူ၊ ပြီးတော့ ဖူချိုက်ယွင်က အငယ်ဆုံးပဲ။

လတ်တလော ကောလဟာလတွေအရ ဖူချိုက်ယွင်ရဲ့ အောင်မြင်နှုန်းက ကျန်တဲ့နှစ်ယောက်ကို ကျော်တက်သွားပြီတဲ့။ အဲဒီဟာတစ်ခုတည်းနဲ့တင် သူ့ရဲ့ လွှမ်းမိုးမှု မြင့်လာဖို့ လုံလောက်နေပြီ”

အကြီးအကဲနှစ်ဦးက ခေတ္တမျှ တိတ်ဆိတ်သွားပြီး တခြားတစ်ခုကို ပြောင်းပြောဖို့ ဆုံးဖြတ်လိုက်ကြသည်။ နှစ်ဦးလုံးက ဆေးဝါးအဖွဲ့အစည်း၏ အဖွဲ့ဝင်များဖြစ်ပြီး အကဲဖြတ်သူများအဖြစ် ရောက်လာကြခြင်း ဖြစ်သည်။

စည်းမျဉ်းများအရ တစ်စုံတစ်ယောက်က သူတော်စင်အဆင့် ဆေးဝါးပညာရှင် ဖြစ်လိုလျှင် စစ်ဆေးမှု အကဲဖြတ်သူများကလည်း အဆင့်အတူတူ ဖြစ်ရမည်။

ထိုလူအိုကြီး နှစ်ယောက်က အနည်းငယ် လှမ်းသည့်နေရာတွင် နေသည့်အတွက် နောက်ဆုံးမှ ရောက်ရှိလာခြင်း ဖြစ်၏။ ဆေးဝါးအဖွဲ့အစည်း၏ ပင်မဌာနက မူလဆေးလုံးတာအိုဂိုဏ်း၏ တောင်ခြေတွင် ရှိလေသည်။

ထို့ကြောင့် သူတို့ ရောက်ရှိလာသည်နှင့် စစ်ဆေးမှုနေရာဆီ တန်းသွားလိုက်ကြသည်။ သူတို့ကို အံ့အားသင့်သွားစေသည်က မမျှော်လင့်ထားသည့် လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ ယဲ့လောင်နှင့် ဖူချိုက်ယွင် ဖြစ်၏။ သူတို့နှစ်ဦးလုံးကလည်း လေးနက်သော အမူအရာများ ရှိနေကြသည်။

ခေတ္တမျှ တွေးလိုက်ပြီးသည့်နောက်တွင် သူတို့ရောက်လာသည်မှာ အကျိုးအကြောင်း သင့်တော်လေသည်။ ယဲ့လောင်က အထွတ်အထိပ်အဆင့် ဆေးဝါးပညာရှင် ဖြစ်ပြီး သူတော်စင်အဆင့် ဆေးဝါးပညာရှင်အား ဂရုစိုက်မနေသင့်ပေ။ သို့သော်လည်း ယခုက သူ့တပည့် ပါဝင်သည်ဖြစ်၍ သူ ရောက်လာခြင်း ဖြစ်၏။

ဖူချိုက်ယွင် ရောက်ရှိလာသည့်အတွက်မူ …

အကြီးအကဲနှစ်ဦးက တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ပြီးနောက် သူတို့မျက်နှာအထက် အပြုံးများ ပေါ်ထွက်လာသည်။ သူတို့က ထိုနှစ်ဦးဆီ သွားကာ ဦးညွှတ်လိုက်ကြ၏။ သူတို့နှစ်ဦးက ကျင့်ကြံဆင့်တူကာ မျိုးဆက်တူသော်လည်း ဆေးဝါးပညာနှင့် ပတ်သက်လာသည့်အခါ အဆင့်မတူသည့် အချက်က မပြောင်းလဲပေ။ ထို့ကြောင့် သူတို့က လေးစားမှုကို ပြသရသည်။

ဖူချိုက်ယွင်က သူတို့နှစ်ဦးကို တစ်ချက်သာ ကြည့်ပြီး လျစ်လျူရှုသွားလေသည်။ နှစ်ဦးလုံးက ထိုအချက်ကို မအံ့ဩကြပေ။ ယခုထိုလူ၏ အလွန်မောက်မာသော ဂုဏ်သတင်းကို ကမ္ဘာတစ်ဝှမ်းလုံး သိထားကြပြီ မဟုတ်ပါလော။

အနီဝတ် အမျိုးသားက ခေါင်းလှည့်လိုက်ပြီးသည်နှင့် သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံးမျိုး ပေါ်ထွက်လာသည်။ သူက မနေနိုင်ဘဲ လွန်ခဲ့သည့် နှစ်ရာစုခန့်က ဖူချိုက်ယွင်၏ ဇနီးသည် သူ့ယောက်ျားခေါင်းအပေါ် ဦးထုပ်စိမ်း ဆောင်းပေးခဲ့သည့် ကိစ္စအား ပြန်လည် အမှတ်ရသွားလေသည်။

ဤသည်က အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ခဲ့၏။ မူလဆေးလုံးတာအိုဂိုဏ်းက ထိုသတင်း၏ သက်ရောက်မှုအား လျှော့ချဖို့ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ကိစ္စများက ခေတ္တမျှ အရှိန်မြင့်တက်သွားသေးသည်။

ဖူချိုက်ယွင်၏ ဇနီးက သူမအပေါ် သူ့ဆက်ဆံပုံအား အလွန်မုန်းတီးကာ သူ့အား ပြန်လည်ပေးဆပ်ခိုင်းဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူက လက်စားချေသည့်အနေဖြင့် လူများစွာနှင့် အိပ်စက်ခဲ့သည်။ ကျောင်းတော်မှ ဆရာများသာ မကပေ။

ဤသည်က ဆေးဝါးလောက တစ်ခုလုံးအား တုန်လှုပ်စရာ ဖြစ်သွားလေသည်။ ကံကောင်းသည်ကား ဖူချိုက်ယွင်သည် အခြေအနေကို ကိုင်တွယ်သည့်နေရာ၌ သက်ညှာမှု ကင်းမဲ့လေသည်။ နောက်ခံအားနည်းသည့်သူ အားလုံးက ချက်ချင်းဆိုသလို အသတ်ခံလိုက်ရသည်။

အားကောင်းသည့်သူများအတွက်မူ သူက သူ့ချမ်းသာမှုနှင့် အရင်းအမြစ်များကို သုံးကာ ထိုလူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အဆုံးသတ်ခဲ့သည်။ ယခုမှစ၍ ထိုလူများက သူတို့ဂိုဏ်းတွင် မတည်ရှိကြတော့ပေ။

ပြင်ပလောက၌ သူတို့က သေဆုံးသွားပြီ ဖြစ်၏။ အများစုက အလျင်အမြန် စည်းပိတ်ကာ သူတို့အင်အားစု၏ အုတ်မြစ်ဖြစ်လာပြီး အခြေအနေမှ လွတ်မြောက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

အကြီးအကဲနှစ်ဦးက ယဲ့လောင်အား ဦးညွတ်လိုက်ပြီးနောက် သူတို့နေရာထံ သွားကာ စစ်ဆေးပွဲကို စောင့်ဆိုင်းလိုက်သည်။

ဂိုဏ်းချုပ်က ပို၍ ချဉ်းကပ်လွယ်ကူသော်လည်း ယခုလက်ရှိအနေအထားဖြင့် သူနှင့် နီးကပ်လွန်းသည်က အကောင်းဆုံး မဟုတ်ကြောင်း သိလေသည်။

ထိုလူများက ဖူချိုက်ယွင်အား မနှစ်သက်သော်လည်း သူ့လွှမ်းမိုးမှုအား လျစ်လျူမရှုနိုင်ပေ။

စစ်ဆေးပွဲဖို့ စတင်ဖို့ မိနစ်တချို့သာ ကျန်တော့သည်။ ယဲ့လောင်တို့၊ ဖူချိုက်ယွင်တို့နှင့်အတူ သူတော်စင်အဆင့် ဆေးဝါးပညာရှင် ၇ဦးလည်း ရောက်ရှိနေပြီ ဖြစ်၏။

သိပ်မကြာခင် ဝမ်ဝေ့က အခန်းအတွင်း ဝင်လာသည်။ သူက သူ့ဆရာအား ဦးညွတ်လိုက်ပြီးနောက် တခြားအကဲဖြတ်ဒိုင်များဆီ ဦးညွတ်လိုက်သည်။ ထို့နောက် သူက ဖူချိုက်ယွင်အား ကြည့်လိုက်၏။

ထို့နောက် သူက အဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။ ထိုစဉ် သူ့ဝန်းကျင်တွင် မမြင်ရသည့် အလွှာတစ်ခု ပေါ်ထွက်လာ၏။ ထိုအကာအရံက အကဲဖြတ်ဒိုင်များအား သူတို့၏ အံ့ဖွယ်အသိစိတ်ဖြင့် သူ့လုပ်ငန်းစဉ်အား စစ်ဆေးနိုင်ရန် ခွင့်ပြုထားသော်လည်း သူတို့သာ တစ်နည်းနည်းနှင့် ဝင်ရောက်စွက်ဖက်ခဲ့လျှင် အဆောင်က အသက်ဝင်လာပြီး ဝမ်ဝေ့အား ကာကွယ်ပေးလိမ့်မည်။

ဖူချိုက်ယွင်က ထိုအရာကို မြင်ပြီး မျက်မှောင်ကြုတ်သွားသည်။ သူက ဝမ်ဝေ့၏ အပြုအမူသည် တည့်တိုးဆန်လွန်းကြောင်း နားလည်လိုက်သည်။ သူ့ကို ဒိုင်အဖြစ် မယုံကြည်ကြောင်း ပြသနေခြင်းသာ ဖြစ်၏။

သူက မောက်မာသော်လည်း လူများစွာ အာရုံစိုက်နေသည့် စမ်းသပ်မှုတွင် လှည့်ဖျားဖို့ ကြိုးစားမည် မဟုတ်ပေ။

လော့ချန်က ထိုအချက်ကို သိထားသော်လည်း ထိုသို့လုပ်ဆဲသာ ဖြစ်၏။

ဖူချိုက်ယွင်က စိတ်ထဲမှ သရော်ကာ လော့ချန်သည် သူတော်စင်အဆင့်ဆေးလုံးကို ဖော်စပ်နိုင်လိမ့်မည်ဟု မထင်ပေ။ လွန်ခဲ့သည့်နှစ်များစွာက သူသည် ထိုလူ၏ ပါရမီအား စမ်းသပ်ခဲ့ဖူးလေသည်။

သူ၏ သာမန်ထက် သာလွန်နေသည့် မီးတောက်ထိန်းချုပ်မှုအပြင် သူ ဘာမှ မှတ်သားလောက်စရာ မရှိပေ။ သူ အဆင့်(၃) ဆေးဝါးပညာရှင် ဖြစ်လာသည်ကိုက အံ့ဩစရာ ဖြစ်နေလေပြီ။

ဖူချိုက်ယွင်က ယဲ့လောင်အား တစ်ချက်ကြည့်လိုက်သည်။ သူ့အတွက် လော့ချန်က ယဲ့လောင်က သူ့အား တိုက်ခိုက်ဖို့ ဖန်တီးထားသည့် ရုပ်သေးရုပ်အပြင် မပိုပေ။ လတ်တလော ဆေးဝါးပညာ တိုးတက်လာမှုများက သူနှင့် သက်ဆိုင်နေရမည်။

ဒီကောင်လေးက ဘယ်လိုလုပ်နိုင်မလဲ ကြည့်ရသေးတာပေါ့

ဖူချိုက်ယွင်က အမူအရာ အပြောင်းအလဲမရှိ တွေးလိုက်သည်။

………………………

ဝမ်ဝေ့က သင့်တော်သည့် ပြင်ဆင်မှုများ ပြုလုပ်လိုက်ပြီး ဆေးပြင်းမီးဖိုနှင့်အတူ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ သူက ဆေးပြင်းမီးဖိုအတွင်း ထည့်ကာ အညစ်အကြေးများအား ဖယ်ရှားလိုက်သည်။ သူက ပါဝင်ပစ္စည်းများကို တစ်ခုချင်းစီ သန့်စင်လိုက်သည်။ ဤနှစ်များတစ်လျှောက် ဝမ်ဝေ့က ထိန်းချုပ်နိုင်စွမ်း ကောင်းဖို့အတွက် ဆေးဝါးပညာကို ကောင်းကင်ဖျက်ဆီးရေး မီးတောက်ဖြင့် လေ့ကျင့်နေခဲ့သည်။ လော့ချန်၏ ပင်ကိုစွမ်းရည်အပြင် သူက ကိစ္စများစွာ ပြီးမြောက်ခဲ့၏။

ဖြစ်စဉ်က မပြီးမြောက်ခင် နှစ်ရက်တာ ကြာမြင်ခဲ့သည်။ ထို့နောက် ဝမ်ဝေ့က သန့်စင်ပြီးသွားသော ဆေးပင်များအား သင့်တော်သည့် အချိုးအစားဖြင့် ရောနှောလိုက်သည်။ သူက အချိုးအစားအပေါ်တွင် အသေးစိတ် ကျလွန်းသည့်အတွက် အကဲဖြတ်ဒိုင်များက ချက်ချင်းဆိုသလို အာရုံစိုက်လာကြသည်။

“ ဒါက…”

“ ဟုတ်တယ် ဒါက သူ့ရဲ့ ပင်ကိုစွမ်းရည်ပဲ” အကဲဖြတ်ဒိုင်တစ်ဦးက ပြောလိုက်သည်။ ဝမ်ဝေ့၏ ခန္ဓာကိုယ်အထက်တွင် သဘာဝလွန်ဆင့်ကဲ အံ့ဖွယ်သင်္ကေတများ ပေါ်ထွက်မလာသော်လည်း လူများစွာက သူ့အရှိန်အဝါ အတက်အကျနှင့် မူလအဆီအနှစ် လှုပ်ခတ်မှုများမှတဆင့် ပြောနိုင်ကြလေသည်။

အကဲဖြတ်ဒိုင်များ၏ အံ့အားသင့်မှုက ထိုနေရာမှာတင် ရပ်တန့်မသွားပေ။ ဆေးလုံးအတွက် ပြီးပြည့်စုံသည့် အချိုးအစားကို အသုံးပြုပြီးသည့်နောက်တွင် ဝမ်ဝေ့က သင်္ကေတများကို စတင် ရေးထွင်းလိုက်သည်။ သို့သော်လည်း သူ့ရေးထွင်းမှုက ပြီးပြည့်စုံသည် သို့မဟုတ် တိကျသည်ဟု ဆိုရမည်။

သူက သင်္ကေတတစ်ခုချင်းစီတွင် ရေးထွင်းဖို့ လိုအပ်သည့် ဝိညာဉ်စွမ်းအားပမာဏ မည်မျှမှန်း သေချာသိထားပုံပေါ်သည်။ သူက တုံ့ဆိုင်းနေခြင်း မရှိသလို ရပ်တန့်နေခြင်းလည်း မရှိဘဲ အမှားလည်း မပြုလုပ်ပေ။

အကဲဖြတ်ဒိုင်များ၏ မျက်နှာအထက် အားကျမှု ပေါ်ထွက်လာလေသည်။ ထိုသို့သော ပါရမီမျိုးက ဆေးဝါးပညာအတွက် အလွန်လိုက်ဖက်လှသည်။ သို့သော်လည်း သူတို့က ထိုခံစားချက်ဖယ်ဖို့ ခေါင်းအသာခါလိုက်ကြသည်။

ပင်ကိုစွမ်းရည်က မူလနည်းစနစ်၏ ကိစ္စကောင်းတစ်ခု ဖြစ်၏။ ထိုအရာက သာမန်လူတစ်ယောက်ကို သူတို့၏ ကံကြမ္မာကို ပြောင်းလဲခွင့်ပေးထားသည်။ သို့သော်လည်း ထိုလူတစ်ယောက်က ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်နေဆဲ ဖြစ်၏။ လော့ချန်က သူ့ပါရမီဖွံ့ဖြိုးဖို့ ဦးတည်ချက်ကို ရှာတွေ့သွားရုံသာမက နည်းလမ်းကိုလည်း တွေ့ရှိသွားဟန်ပေါ်သည်။

အကဲဖြတ်ဒိုင်များက အတွေးနက်နေစဉ် ဝမ်ဝေ့က လုပ်လက်စအလုပ်ကိုသာ အာရုံစိုက်ထားလေသည်။ သူက အာရုံစိုက်ထားလျက် အံ့ဖွယ်သင်္ကေတများအား ရေးထွင်းနေသည်။

သူ အံ့ဖွယ်သင်္ကေတ ဆယ်သန်းကို ရေးထွင်းပြီးသည့်အချိန်  သူ့ အသားအရည်က ဖြူဖျော့လာလေသည်။ အကြောင်းမှာ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွား၍ ဖြစ်၏။ မျက်စိပါသည့်သူတိုင်း ဤသည်က သူ့ကျင့်ကြံဆင့်နှင့် ပါရမီ၏ ကန့်သတ်ချက်သို့ ရောက်ရှိနေကြောင်း ပြောနိုင်လေသည်။

ဝမ်ဝေ့၏ ဝိညာဉ်ဖြင့် ထိုသို့သော ပြဿနာမျိုး မရှိသော်လည်း လော့ချန်အတွက်မူ အတူတူ မဟုတ်ပေ။ ကံကောင်းစွာဖြင့် သူက ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သူက ဆေးပြင်းမီးဖိုကို ထိလိုက်ပြီး အထဲမှ အစီအရင်အား အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို အထဲမှ ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကာ ပြန်လည် အားဖြည့်ပေး၏။ ဤနည်းဖြင့် သူက သင်္ကေတများကို ဆက်လက် ရေးထွင်းနိုင်လေသည်။

သူ့စွမ်းအား ကုန်ခမ်းသွားသည့်အချိန်တိုင်း ဆေးပြင်းမီးဖိုက အလိုလိုအသက်ဝင်လာပြီး ဝိညာဉ်စွမ်းအားအား ပို၍လွှတ်ပေးနေသည်။

ဤနည်းဖြင့် ဝမ်ဝေ့က အံ့ဖွယ်သင်္ကေတ သန်း ၈၀ ကို ရေးထွင်းခဲ့လေသည်။ သို့သော် ကံဆိုးစွာဖြင့် ထိုအရာက သူတော်စင်အဆင့်ဟု ခေါ်ဆိုဖို့ မလုံလောက်သေးပေ။ အနိမ့်ဆုံး သူတော်စင်အဆင့်၏ လိုလားချက်က အံ့ဖွယ်သင်္ကေတ သန်းတစ်ရာ ရှိရမည်ဖြစ်ပြီး ထိုအောက်ထက် နိမ့်ကျသည့် ဆေးလုံးကို သူတော်စင်တစ်ပိုင်း အဆင့်ဟုသာ ယူဆနိုင်လေသည်။

သူဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသည်နှင့် ဆေးပြင်းမီးဖိုအတွင်းမှ ဆေးလုံးတစ်လုံးက ရုတ်ချည်း ထွက်ပေါ်လာကာ မြူအဖြစ် ပြောင်းလဲသွားပြီး ဝမ်ဝေ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားလေသည်။ ဤဆေးလုံးက သူ့ဝိညာဉ်စွမ်းအားကို အလျင်အမြန် ဖြည့်တင်းပေး၏။

အဖွဲ့အစည်း၏ စည်းမျဉ်းများအရ ထိုအရာကို ခွင့်ပြုပေးထားသည်။ သို့သော်လည်း ဝိညာဉ်စွမ်းအား ရုတ်ချည်းတိုးပွားမှုသည် ထိန်းချုပ်ဖို့အတွက် အလွန်ခက်ခဲသည့်အတွက် ဆေးဝါးပညာရှင် တချို့သာ လုပ်ကြသည်။

ကံကောင်းစွာဖြင့် ဝမ်ဝေ့က ဝိညာဉ်စွမ်းအားအပေါ် ပြီးပြည့်စုံသည့် ထိန်းချုပ်မှုကို ရရှိထားသည်။ ဆေးလုံးအချို့၏ အကူအညီဖြင့် သူက သန်းတစ်ရာမြောက် သင်္ကေတကို အလျင်အမြန် ရေးထွင်းလိုက်သည်။ ထိုအခါ ဝမ်ဝေ့က စာရွက်တစ်ရွက်လိုမျိုး ဖြူဖျော့နေပြီ ဖြစ်၏။

သူက သူ့ခေါင်းပင် ပေါက်ထွက်တော့မည်ဟု ခံစားနေရသည်။ ခန္ဓာကိုယ် လေ့ကျင့်ထားသူတစ်ဦးအနေနှင့် ဝမ်ဝေ့က နာကျင်မှုနှင့် အသားကျနေပြီဖြစ်သော်လည်း ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုအများစုသာ ဖြစ်သည်။ သူက ဝိညာဉ်နာကျင်မှုမျိုးကို ခံစားခဲသည်။

သူ့ အားကောင်းသည့် စိတ်ဆန္ဒကို အသုံးပြုကာ ကိစ္စများက မပြီးပြတ်သေးသည့်အတွက် မေ့လဲသွားခြင်းမှ တောင့်ခံထားလိုက်သည်။

ကောင်းကင်အဆင့် ဆေးလုံးနှင့်အထက်သည် လေဟာနယ်ဖြိုခွင်းခြင်းအဆင့်နှင့်အထက် ကျင့်ကြံသူများသာ ဖော်စပ်နိုင်သည့် အကြောင်းအရင်းတစ်ချက်မှာ စည်းမျဉ်းကြောင့် ဖြစ်၏။ ဆေးဝါးပညာရှင်က သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းဖြင့် မိုးမြေ၏ စည်းမျဉ်းကို လိုက်ဖက်ညီဖို့ လိုအပ်ပြီး ဆေးလုံးအား ဆေးကြောကာ နောက်ဆုံးအသွင်ပြောင်းမှုကို ပြုလုပ်ပေးရမည်။

သို့သော်လည်း ဝမ်ဝေ့ကဲ့သို့သော ကမ္ဘာဦးစိတ်ဝိညာဉ် မရှိဘဲ ကျင့်ကြံဆင့် နိမ့်သည့်သူက မိုးမြေကြားမှ စည်းမျဉ်းကို မမြင်နိုင်ပေ။ ထို့ကြောင့် သူတို့က သူတို့ခံစားချက် သို့မဟုတ် အလိုလိုသိစိတ်အပေါ် မူတည်ကာ စည်းမျဉ်းဆေးကြောမှုအား လမ်းညွှန်ပေးရသည်။

ဤသည်က ပါရမီများစွာ လိုအပ်လေသည်။

ဝမ်ဝေ့က ချက်ချင်းဆိုသလို နောက်ထပ် ဆေးလုံးတစ်လုံးအား သောက်သုံးလိုက်သည်။ သူ့ အသားအရည်က ချက်ချင်းဆိုသလို ပြန်လည်အားပြည့်လာလေ၏။ သို့သော်လည်း ဤသည်က ယာယီမျှသာ ဖြစ်ကြောင်း သိထားလေသည်။

ထို့ကြောင့် သူက အလျင်အမြန် မျက်လုံးမှိတ်ကာ စည်းမျဉ်းဆေးကြောခြင်း ဖြစ်စဉ်ကို စတင်လိုက်သည်။ အခန်းအတွင်းရှိ အကဲဖြတ်ဒိုင် အားလုံးကလည်း အလွန်တိတ်ဆိတ်နေကြပြီး နောက်ဆုံးရလဒ်အား စောင့်ဆိုင်းနေကြသည်။ သူတို့က ဝမ်ဝေ့အား စောင့်ကြည့်ဖို့ အံ့ဖွယ်အသိစိတ်ပင် အသုံးမပြုရဲကြပေ။

All Chapters