ပြန်လည်မွေးဖွားမှု
Vol. 27 Ch. 371
အခန်း (၃၇၁) : ပြန်လည်မွေးဖွားမှု
ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ဆရာ၏ ဂူထံ အခေါ်ခံလိုက်ရသည်။ သူ ဝင်သွားသည်နှင့် ထိုလူသည် ပုံမှန်ထက် လေးနက်နေကြောင်း တွေ့သွားကာ သူလည်း လေးနက်လာမိသည်။
“ ဒါက မင်းအတွက်” ယဲ့လောင်က သူ့တပည့်ထံ ပုလင်းတစ်ခု ပေးရင်း ပြောလိုက်သည်။
ဝမ်ဝေ့က သူ့အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ အပေါ်တွင် ဇာမဏီပုံစံ ရေးဆွဲထားသည့် အနီရောင်တောက်တောက် ဆေးလုံးကို မြင်လိုက်ရသည်။ ထိုအထဲတွင် သူက အသက်ဓာတ် အမြောက်အများ ပါဝင်နေသည်ကို ခံစားမိလေ၏။
“ ဇာမဏီနှလုံးသား ဆေးလုံး” ဝမ်ဝေ့က အပြုံးလေးဖြင့် ရေရွတ်လိုက်သည်။ ယခင်တွေ့ဆုံမှုအတွင်း သူက သူ့ဘေးကင်းမှုနှင့် ပတ်သက်ပြီး အရိပ်အမြွက် ပြောပြထားခဲ့သည်။ ထိုအကြောင်းအရာမှာ ဤဆေးလုံးကြောင့်သာ ဖြစ်၏။
“ ဆရာ ဒီဆေးလုံးက အဖိုးတန်လွန်းမနေဘူးလား”
“ မင်းဒါကို စိုးရိမ်နေစရာ မလိုဘူး။ မင်း လက်ရှိအဆင့်အတန်း၊ ပါရမီနဲ့ အနာဂတ်အရ ဂိုဏ်းက မင်းကို ပြုစုပျိုးထောင်ပေးဖို့ ဘာမဆိုလုပ်ပေးလိမ့်မယ်”
“ ဂိုဏ်းရဲ့ ဆရာကို ကျေးဇူးတင်ပါတယ်။ ဒီတပည့်က အမြဲတမ်း ကျေးဇူးကို မှတ်ထားပါမယ်” ဝမ်ဝေ့က ဆေးလုံးကို သောက်ရင်း ပြန်ဖြေလိုက်သည်။ သူက ယဲ့လောင်၏ စကားများကို မယုံပေ။
သူက ယဲ့လောင်အတွက် ဆေးလုံးရရှိလာဖို့ လွယ်ကူမည် မဟုတ်ကြောင်း ခန့်မှန်းမိလေသည်။ အထူးသဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့် ဆေးလုံးဖြစ်၏။ သူ ဖူချိုက်ယွင်အကြောင်း သိထားပြီး စုံစမ်းထားသလောက် ထိုသူက အလွယ်တကူ လွှတ်ပေးမည် မဟုတ်ပေ။
သူက ဆေးလုံးမျိုချပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်အတွင်း သက်ရောက်မှု ဖြစ်မလာဘဲ သူ့နှလုံးသား၏ အခန်းတစ်ခန်းထဲ ဝင်ရောက်သွားပြီး လိုအပ်လာသည့်အခါ အသက်ဓာတ်အမြောက်အများ ထုတ်လွှတ်ဖို့အတွက် အဆင်သင့် ဖြစ်နေလေသည်။
ဒီဆေးလုံးနဲ့ဆိုရင် ငါ သွေးကို လေ့ကျင့်ပေးရမဲ့ ဒုတိယအဆင့်က အတော်လေး လျော့ကျသွားလိမ့်မယ်။
“ ဆရာ ကျွန်တော်တို့ ဘယ်သွားနေတာလဲ” ဝမ်ဝေ့က ပြီးဆုံးသည်နှင့် မေးလိုက်သည်။ ဂိုဏ်းချုပ်က ပို၍ လေးနက်လာလေသည်။ ယဲ့လောင်က သူ့အားမဖြေဘဲ အမှတ်အသားပြားကိုသာ ထုတ်ယူလိုက်သည်။ ထိုအရာကို အသက်သွင်းပြီးနောက်တွင် နှစ်ဦးသားက လျှို့ဝှက်နယ်မြေတစ်ခုသို့ ရောက်ရှိသွားလေသည်။
ထို့နောက် ဝမ်ဝေ့က သူ့ဆရာသည် လူအိုကြီးအား မိနစ်ပိုင်းကြာ စကားပြောပြီးသည့်နောက်တွင် တခြားနေရာသို့ ထပ်မံ ပြောင်းရွှေ့လိုက်ပြန်သည်။ ထိုလူအိုကြီးက ဘာမှမပြောသော်လည်း ဝမ်ဝေ့က သူတို့နှစ်ဦးနောက်တွင် လိုက်ပါလာသည့် လူတချို့ကို ခံစားမိလေသည်။
လျှို့ဝှက်နယ်မြေမှ ထွက်လာပြီးသည့်နောက်တွင် ယဲ့လောင်က ဝမ်ဝေ့အား လေဟာနယ် သင်္ဘောပေါ် ခေါ်ကာ အလယ်ပိုင်းကုန်းမြေသို့ ဦးတည်လိုက်သည်။ ထိုခရီးအတွင်း ယဲ့လောင်က အလွန်လျှို့ဝှက်ကာ သတိကြီးကြီးထားဟန်ပေါ်သည်။
ကြည့်ရတာ အကြောင်းအရင်းကောင်း ရှိနေပုံပဲ။
နှစ်ရက်ကြာ ခရီးသွားလာပြီးနောက်တွင် ဝမ်ဝေ့က ဝေဟင်ထဲ အစစ်အမှန် အုပ်ချုပ်သူများ တိုက်ခိုက်နေသည်ကို ခံစားမိလိုက်သည်။ သူက ဖူချိုက်ယွင်သည် သူ့အား သတ်ဖြတ်ဖို့အတွက် လုပ်ကြံသူများ စေလွှတ်လိုက်သည်ကို ခန့်မှန်းမိလေ၏။
မည်သို့ပင်ဆိုစေကာမူ သူက မသိသလိုသာ ဟန်ဆောင်နေခဲ့သည်။
တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် သူတို့က ဦးတည်ရာသို့ ရောက်ရှိလာခဲ့သည်။ ဤသည်က အလယ်ပိုင်းနှင့် အရှေ့ကုန်းမြေကြားရှိ ကျွန်းငယ်လေးတစ်ခု ဖြစ်၏။
သူက ထိုကျွန်းငယ်ကို သေးငယ်သည်ဟု ခေါ်ဆိုသော်လည်း နယ်မြေကမူ တခြားသော ကုန်းမြေများရှိ ပိုင်နက်များနှင့် ယှဉ်နိုင်လေသည်။ အကယ်၍ ဝမ်ဝေ့၏ ယခင်ဘဝနှင့် ယှဉ်ကြည့်ပါက ထိုကျွန်းငယ်လေးသည် နေအရွယ်အစားလောက် ရှိပေမည်။
သူ လက်ရှိရောက်နေသည့်နေရာကို အရှေ့ပိုင်း ပင်လယ်နယ်မြေဟု သိလေသည်။ ထိုနေရာတွင် ကျွန်းများစွာ တည်ရှိပြီး ကျင့်ကြံသူများက အပိုင်သိမ်းထားကြသည်။ အများစုက လေလွင့်ကျင့်ကြံသူများနှင့် မိသားစုငယ်များ ဖြစ်ကြသည်။
သူတို့က အရင်းအမြစ်များအတွက် အချင်းချင်း တိုက်ခိုက်ကာ ယှဉ်ပြိုင်နေကြ၏။
သူတော်စင်မိသားစုများက အရင်းအမြစ် အကြွယ်ဝဆုံးကျွန်းကို အပိုင်သိမ်းထားတတ်ကြသည်။ ကံဆိုးစွာဖြင့် အရင်းအမြစ် ပြတ်လပ်မှုက သူတို့အား ဤနယ်မြေတွင် အစစ်အမှန် အုပ်ချုပ်သူ ထွက်လာဖို့ အလွန်ခက်ခဲစေသည်။
ထို့အပြင် ပင်လယ်မျိုးနွယ်များက သူတို့ပိုင်နက်ကို သတ်မှတ်ထားပြီး အားကောင်းသည့် လူသားအင်အားစုများအား တည်ရှိခွင့်မပြုပေ။
…………………..
အဖြူရောင် နှလုံးသားကျွန်း
ယဲ့လောင်က တိတ်တဆိတ် ဆင်းသက်လာပြီးနောက် ဝမ်ဝေ့အား မြောက်ဘက်စူးစူးမှ တောအုပ်တစ်ခုအတွင်း ခေါ်ဆောင်သွားပြီး အမှတ်အသားပြားတစ်ခုကို ထုတ်ပေးလာသည်။ ထိုအရာကို အသက်သွင်းလိုက်သည်နှင့် အဖြူရောင်အလင်းတန်းက ဝမ်ဝေ့အား လွှမ်းခြုံသွားကာ ပျောက်ကွယ်သွားလေသည်။ ထိုစဉ် ယဲ့လောင်က ထိုအရာကို အံ့ဩခြင်း မရှိဘဲ အပြင်ဘက်မှ စောင့်ဆိုင်းနေလေ၏။
ဝမ်ဝေ့က သူ့ကိုယ်သူ မီးတောက် တစ်ဖက်တစ်ချပ်စီ ရှိနေသည့် အခန်းအတွင်းသို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း သူက အပူချိန် အမြင့်အတက် အနိမ့်အကျကို မခံစားမိပေ။ ပြောရလျှင် သာမန် ဖြစ်နေသည်။
ထို့နောက် သူက အခန်းအတွင်း အမျိုးသမီးအသံ ထွက်ပေါ်လာသည်ကို ကြားလိုက်မိ၏။
“ မီးတောက် ဧကရာဇ်အမွေအနှစ် စစ်ဆေးမှုမှ ကြိုဆိုပါတယ်။ မီးတောက်ထိန်းချုပ်ရေး ပညာရပ်ကို ကျေးဇူးပြုပြီး ပြသပေးပါ”
“ စိတ်ဝင်စားစရာပဲ” ဝမ်ဝေ့က ရေရွတ်လိုက်သည်။ မီးတောက်ဧကရာဇ်သည် အရှေ့ပိုင်းပင်လယ်နယ်မြေမှ ကျွန်းတစ်ကျွန်းတွင် မွေးဖွားလာသည်ဟု ကောလဟာလများ ရှိခဲ့ပြီး တာအိုကို သက်သေမပြခင်အထိ လေလွင့်ကျင့်ကြံသူအဖြစ် နေထိုင်ခဲ့သည်။
ဝမ်ဝေ့က တုံ့ဆိုင်းခြင်း မရှိဘဲ သူ့မီးတောက်ထိန်းချုပ်ရေး ပညာရပ်ကို စတင်ပြသလိုက်သည်။
“ မီးတောက်ထိန်းချုပ်ရေးပညာရပ် အဆင့် (၆) အောင်မြင်တယ်” အမွေအနှစ် စိတ်ဝိညာဉ်က ဖြေလိုက်သည်။
ထို့နောက် အဖြူရောင်အလင်းတန်း ရုတ်ချည်းပေါ်ထွက်လာကာ ဝမ်ဝေ့၏ အသိစိတ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ သူက မျက်လုံးမှိတ်လိုက်ပြီးသည့်နောက်တွင် ထိုပညာရပ်၏ ၇ ဆင့်မှ ၁၀ ဆင့်အထိ သတင်းအချက်အလက်များကို တွေ့လိုက်ရသည်။ သူက ထိုစမ်းသပ်ချက်ကို အောင်မြင်သွားသည့်အတွက် အခြေခံအကျဆုံး ရလဒ်ဖြစ်သည့်အကြောင်းကိုလည်း လက်ခံရရှိလိုက်ရသည်။
“ ဒုတိယစစ်ဆေးမှုကို စတင်ရအောင်” အမျိုးသမီးအသံက ထပ်ပြောလိုက်သည်။
ထို့နောက် သူ့ရှေ့တွင် ထူးဆန်းသည့် ပန်းတစ်ပွင့် ပေါ်ထွက်လာလေ၏။ သူ့ကို ထိုအရာအား သန့်စင်ဖို့ တောင်းဆိုလာသည်။ သတင်းအချက်အလက်အရ သူက ထိုပစ္စည်းကို ကောင်းကောင်းမွန်မွန် သန့်စင်နိုင်လေလေ သူ့ရမှတ်က များလေလေဖြစ်ပြီး သူ ရရှိမည့် ဆုလာဘ်ကလည်း ကောင်းလေလေဖြစ်သည်။
သူ့လက်အတွင်း မီးတောက်တစ်ခု ပေါ်ထွက်လာပြီး ထိုပန်းရှေ့တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ထို့နောက် သန့်စင်ရေးကို စတင်လိုက်၏။ သူ့စွမ်းရည်ဖြင့် ဤသည်က လွယ်ကူသည်ဟု ထင်ထားမိသော်လည်း မှားယွင်းခဲ့လေသည်။
အစပိုင်းတွင် သူ ထင်ထားသလောက် လွယ်ကူခဲ့လေသည်။ သို့သော်လည်း နောက်ပိုင်းတွင် ထိုပန်းအတွင်း သန့်စင်မှုက အသိစိတ်ပုံစံတချို့ ဖြစ်ပေါ်နေသည့်အတွက် သန့်စင်ဖို့ ခက်ခဲအောင် ပြုလုပ်ကာ ထွက်ပြေးသွားလေသည်။
ထို့အပြင် သူတို့က ပုန်းအောင်းရာ၌ တော်လွန်းသည့်အတွက် ဝမ်ဝေ့အနေဖြင့် အချိန်များစွာယူကာ ဆေးပင်၏ ဆေးအာနိသင်လည်း မပျောက်ပျက်စေအောင် အတတ်နိုင်ဆုံး သန့်စင်ပေးနေရသည်။
သူက သန့်စင်ရေးမီးတောက်ကိုပါ ထုတ်ကာ အသုံးပြုနိုင်လားဟု စစ်ဆေးကြည့်လိုက်သည်။ စိတ်ဝိညာဉ်က သူ့အား ခွင့်ပြုကြောင်း ပြောလာလေသည်။
ထို့ကြောင့် သူက နောက်ဆုံးအဆင့်အတွက် ကောင်းကင်မီးတောက်ကို အသုံးပြုလိုက်သည်။
“ ရှင်က ပြီးပြည့်စုံတဲ့အဆင့်ကို ရရှိထားပြီးတော့ ဒီစစ်ဆေးမှုကို အောင်မြင်သွားပါတယ်။ ကျေးဇူးပြုပြီး ဆုလာဘ်ကို လက်ခံပေးပါ”
ထိုစစ်ဆေးမှု၏ အဆင့်ပေးစနစ်အရ ၅ဆင့် ခွဲထားလေသည်။ နိမ့်ကျ၊ သာမန် - သာမန်အထက်၊ အောင်နိုင်ရုံမျှ၊ ထူးချွန်နှင့် ပြီးပြည့်စုံသောအဆင့်တို့ ဖြစ်ကြသည်။
ဝမ်ဝေ့၏ ရှေ့မှောက်တွင် အစိမ်းရောင် အစေ့တစ်စေ့ ပေါ်လာလေ၏။ ထိုအစေ့အထဲတွင် သေးငယ်သည့် မီးတောက်တစ်ခု မြင်နေရသည်။ ထို့နောက် သူ သိထားသလောက် ထိုဆုလာဘ်နှင့် ပတ်သက်ပြီး သတင်းအချက်အလက်များက သူ့စိတ်ထဲ ဝင်ရောက်လာလေ၏။
မိုးမြေကြားတွင် ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေအပေါ် မူတည်၍ မွေးဖွားလာသည့် မှော်မီးတောက်များ ရှိလေသည်။ ထိုမီးတောက်များက ရည်ရွယ်ချက် သို့မဟုတ် လုပ်ဆောင်ချက်တစ်ခု ပါရှိပြီး အလွန်ရှားပါးလေသည်။ ထို့ကြောင့် ကျင့်ကြံသူများက သူတို့ဘာသာ အသုံးပြုနိုင်ရန်အတွက် မကြာခဏဆိုသလို လိုက်လံရှာဖွေကြသည်။
ထိုအစေ့က သူ့အား မြေကမ္ဘာစိတ်ဝိညာဉ် မီးတောက်ဟု ခေါ်သည့် ကောင်းကင်မီးတောက်ဖြစ်ကြောင်း ပြောပြနေသည်။ ထိုအရာ၏ အဓိက ရည်ရွယ်ချက်က ဆေးပင်များ၏ သက်တမ်း၊ သူတို့၏ ကြီးထွားနှုန်းနှင့် ကောင်းမွန်သော ဆေးပင်များအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ဖို့အတွက် အာဟာရ ဖြည့်ပေးခြင်း ဖြစ်သည်။
ဤသည်က ဆေးဝါးပညာရှင်များသည် သန့်စင်ရေးဖြစ်စဉ်၌ ကူညီပေးနိုင်သည့်အတွက် အလွန်ကောင်းလေသည်။
ဝမ်ဝေ့က ပြုံးလိုက်ပြီး ထိုအရာကို သိမ်းဆည်းထားလိုက်သည်။ ဤအရာက ထိုက်တန်သော ဆုလာဘ်တစ်ခု ဖြစ်ပေသည်။
ထို့နောက် ဝမ်ဝေ့က အမွေအနှစ် စိတ်ဝိညာဉ်အား နောက်ထပ် ပန်းတစ်ပွင့်ပေးနိုင်မလားဟု မေးချင်စိတ်ပါ ပေါ်သွားလေသည်။ သူ သိထားသလောက် ထိုပန်းပွင့်မျိုးကို တစ်ခါမှ မမြင်ဖူးပေ။
သူမက သဘောတူလာလေ၏။
နောက်စစ်ဆေးမှုအတွင်း ဝမ်ဝေ့ရှေ့မှောက် စာအုပ်တစ်ခု ပေါ်ထွက်လာပြီး သူ့အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ သူ သိထားသလောက် ဆေးပင်များနှင့်အတူ ဖော်ညွှန်းချက်၊ သူတို့အပေါ် နားလည်နိုင်စွမ်း၊ ဂုဏ်သတ္တိများနှင့် သူတို့အသုံးပြုနိုင်သည့် ဆေးဖော်စပ်နည်း အမျိုးမျိုးကိုပါ စာရင်းပြုစုခိုင်းလာသည်။
ဝမ်ဝေ့က တုံ့ဆိုင်းခြင်း မရှိဘဲ လုပ်ဆောင်လိုက်သည်။ သူက ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်လေလေ ဆုလာဘ်က ပိုကောင်းမည် ဖြစ်ကြောင်း သိထားလေသည်။ ထို့ကြောင့် သူက တုံ့ဆိုင်းနေခြင်း မရှိပေ။ ဤစစ်ဆေးပွဲ၌မူ သူက ဆေးပင်များနှင့် ရောစပ်ရသည့်အချိုးအစားကို အတိအကျ ဖော်ပြပေးခဲ့သည်။ လော့ချန်၏ တိကျစွမ်းရည်ဖြင့် သူက ဆေးဖော်စပ်နည်းများအား ဆင့်ကဲပြောင်းလဲထားခဲ့သည်။
“ ရှင် ဒီစစ်ဆေးမှုကို အောင်မြင်ပါတယ်။” အမျိုးသမီးသံက ပြောလိုက်သည်။ သို့သော်လည်း ဝမ်ဝေ့က သူသည် တည်ငြိမ်နေခြင်းမရှိဘဲ စိတ်လှုပ်ရှားမှု ခံစားမိနေသည်ကို သတိပြုမိလိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို သူ့ရှေ့မှောက်တွင် ကျောက်စိမ်းအဆောင်နှစ်ခု ပေါ်ထွက်လာလေ၏။ ထိုအရာကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အနည်းငယ် အံ့အားသင့်သွားမိသည်။
စာအုပ်တစ်ခုအတွင်း ပါဝင်နေသည်က ဆေးပင်များနှင့် သူတို့၏ ဂုဏ်သတ္တိအကြောင်းများ ဖြစ်ပြီး နောက်တစ်ခုတွင် ဆေးဖော်စပ်နည်းများ ပါဝင်နေလေသည်။ အဖိုးတန်ဆုံးအရာက ထိုအရာများသည် မီးတောက်ဧကရာဇ်ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်၏။
ဝမ်ဝေ့က အားပါးတရအပြုံးနှင့်အတူ အဆောင်များကို သိမ်းဆည်းထားလိုက်သည်။
နောက်စစ်ဆေးမှုအတွက်မူ ဝမ်ဝေ့ရှေ့မှောက်တွင် သင်္ကေတတစ်ခု ပေါ်ထွက်လာလေသည်။
အကြောင်းအရင်းတချို့ကြောင့် သူက ထိုသင်္ကေတသည် ပြီးပြည့်စုံသည်ဟု ခံစားချက်ရနေမိ၏။ ထို့နောက်တွင် သူက ထိုအရာကို မသိကြောင်း သတိပြုမိသွားသည်။
ထို့အပြင် သူ့အနေဖြင့် ထိုသင်္ကေတသည် တခြားသော သင်္ကေတအမြောက်အများမှ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း အလျင်အမြန် သဘောပေါက်သွားလေသည်။
သူက သူတို့သည် မည်သို့ ပြီးပြည့်စုံစွာ အတူတကွ တည်ရှိနေသည်ကို နားမလည်နိုင်သောကြောင့် သူက မြန်မြန်ဆန်ဆန် စတင်လေ့လာလိုက်သည်။
မသိလောက်သည့် အချိန်တစ်ခု ကြာမြင်ပြီးသည့်နောက်တွင် သူက ထိုသင်္ကေတတွင် သင်္ကေတပေါင်း ၂.၂၆၉ ထရီလီယံဖြင့် ပြုလုပ်ထားသည်ကို သဘောပေါက်သွားလေသည်။ ကံဆိုးစွာဖြင့် သူက သန်းရာချီအချို့ကိုသာ ခွဲခြားနိုင်ခဲ့သည်။
ဤသည်က သဘာဝအစီအရင်တောင်တွင် နှစ်များစွာ လေ့လာခဲ့သည့် ဝမ်ဝေ့အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။
မည်သို့ပင်ဆိုစေကာမူ သူက တစ်ခုလုံးကို နောက်ပိုင်းတွင် လေ့လာဖို့ မှတ်ထားလိုက်သည်။ ထို့အပြင် သူ ခွဲခြားနိုင်သည့် သင်္ကေတအပေါ် မူတည်၍ သူက စစ်ဆေးမှုကို အောင်မြင်သွားသေးသည်။ ဆုလာဘ်အတွက်မူ သူက တစ်ဖန် အံ့အားသင့်သွားရပြန်သည်။
ဤသည်က တာအိုအခြေခံပေါင်းစပ်ရေး ဆေးလုံးဟုခေါ်ဆိုသော ဧကရာဇ်တစ်ပိုင်းအဆင့်ဆေးလုံး ဖြစ်၏။ ထိုအရာကို သောက်သုံးပြီးသည့်နောက်တွင် ဆေးလုံးက လော့ချန်၏ ယခင်အားနည်းနေသည့် အခြေခံအုတ်မြစ်အား ပြန်လည် တည်ဆောက်ပေးလိမ့်မည်။
အချိန်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် သူ့ ကျင့်ကြံဆင့်က ရုတ်သိမ်းသွားပြီး အစကနေ ပြန်စရလိမ့်မည်။
သူ ယခင် အဆင့် ၁၀ သွေးချီသည် အဆင့် ၁၂ ဖြစ်လာပြီး တော်ဝင်အုတ်မြစ်မှ တာအိုအုတ်မြစ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။
သူ့အံ့ဖွယ်ပင်လယ်က ကျယ်လာပြီး ပိုမိုခိုင်ခံ့ကာ မူလချီကလည်း ပို၍ သန့်စင်လာလိမ့်မည်။ သူ့အံ့ဖွယ်ပလ္လင်ကလည်း သွေးကြော ၃၆၅ခုဖြင့် ရေးထွင်းပြီးသား ဖြစ်သွားလိမ့်မည်။ ကံဆိုးစွာဖြင့် ထိုအရာတွင် အက်ကြောင်း အနည်းငယ် ပါဝင်နေသည့်အတွက် မပြီးပြည့်စုံပေ။
သူ့ ယခင် ၁၁ ရောင် ကံကြမ္မာကောင်းမီးတောက်က ၁၂ ရောင်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ သူ့အသိစိတ်ပင်လယ်က ကျယ်ပြန့်သွားကာ သူ့ဝိညာဉ်သည်လည်း အရွယ်အစားအားဖြင့် ကြီးမားလာလိမ့်မည်။
တခြားနည်းဖြင့် ဆိုရလျှင် လော့ချန်က ပိုမိုကောင်းမွန်သည့်ပုံစံအဖြစ် ပြန်လည်မွေးဖွားလာခြင်း ဖြစ်သည်။ သူက အုတ်မြစ်အပေါ် မူတည်၍ ကောင်းကင်ရွေးချယ်ခံ ဂုဏ်ပုဒ်ကိုပင် လက်ခံနိုင်လေပြီ။
ဝမ်ဝေ့က ထိုဆုလာဘ်ကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ သူက တာအိုအခြေခံအုတ်မြစ် ဖွဲ့စည်းရေး ဆေးလုံးသည် ဖော်စပ်ရာတွင် အခက်ခဲဆုံးသော ဧကရာဇ်တစ်ပိုင်း ဆေးလုံး ဖြစ်ကြောင်း သိလေသည်။ ဧကရာဇ်မျိုးနွယ်အများစုသာ တချို့ကို လက်ဝယ်ပိုင်ထားကြ၏။
အမွေအနှစ် စိတ်ဝိညာဉ်အား ဆေးလုံးအတွက် ကျေးဇူးတင်လိုက်ပြီးသည့်နောက်တွင် သူက နောက်ဆုံးစစ်ဆေးမှုကို လုပ်ဆောင်လိုက်သည်။ ထိုအရာက အတော်လေး ရိုးရှင်းနေလေသည်။ သူ လုပ်ဖို့လိုအပ်သည်က သူ လုပ်ဆောင်နိုင်စွမ်းအတွင်း အမြင့်ဆုံး ဆေးလုံးကို ဖော်စပ်ဖို့သာ ဖြစ်၏။
ထို့ကြောင့် ဝမ်ဝေ့က နောက်ထပ် သူတော်စင်ဆေးလုံးကို ထပ်မံဖော်စပ်လိုက်သည်။ သို့သော်လည်း ယခင်နှင့်မတူဘဲ သူက မပင်ပန်းပေ။ သူက ဖြူဖျော့သွားသော်လည်း အရမ်းကြီး မဆိုးရွားပေ။
“ ရှင် နောက်ဆုံးစစ်ဆေးမှုကို အောင်မြင်သွားပါပြီ။ ဂုဏ်ပြုပါတယ်။ အခု မီးတောက်ဧကရာဇ်ရဲ့ အမွေဆက်ခံသူဖြစ်သွားပါပြီ”
ထိုစဉ်ဝမ်ဝေ့ရှေ့တွင် မီးတောက်တစ်သောင်း ပညာရပ်ဟု ခေါ်သည့် ဧကရာဇ် တာအိုစည်းချက် ပါဝင်နေသော ကျမ်းတစ်ခု ပေါ်ထွက်လာလေသည်။
သူက ထိုဧကရာဇ်ကျမ်းကို အနည်းငယ် စိတ်ဝင်စားနေသည့်အတွက် ပြုံးလိုက်မိသည်။ အထူးသဖြင့် ထိုမီးတောက် ဧကရာဇ်ကျမ်းက သူ့လိုမျိုး ဟွင်သွမ်းမီးတောက်ကို ကျင့်ကြံနေသည်။ ထို့ကြောင့် သူက လက်မြှောက်ကာ အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ ကံဆိုးစွာဖြင့် သူ့ခန္ဓာကိုယ်က ရုတ်ချည်းဆိုသလို ရပ်တန့်သွားပြီး တစ်လက်မမှ မလှုပ်ရှားနိုင်တော့ပေ။