ဝှက်ဖဲ
Vol. 31 Ch. 427
ဝုန်း ...
အစီအရင်အား အသက်သွင်းလိုက်သည်နှင့်တကွ ယန်ရွှမ်းပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါလာပြီး ပြင်းထန်လှသော လျှပ်စီးနှင့်မီးလျှံများ ထွက်ပေါ်လာခဲ့သည်။
တိုက်ပွဲဧရိယာအနီးရှိ စောင့်ကြည့်နေသော သူများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာရ၏။
အစောပိုင်း၌ ဇူယွမ်မှာ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်နေခြင်း မဟုတ်ဘဲ အစီအရင်အား ရေးဆွဲနေခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
“ပါးနပ်တဲ့ကောင်လေးပဲ” လူအုပ်ကြီးထံမှ ဝေဖန်ဆွေးနွေးသံများ တီတိုးထွက်ပေါ်လာ၏။
မည်သူကမှ ဇူယွမ်မှာ ထိုမျှအထိ ကြိုတင်ပြင်ဆင်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။ ဇူယွမ်၏ တိုက်ပွဲစွမ်းရည်မှာ အမှန်တကယ်ပင် ချီးကျူးရလောက်ပေသည်။
ပိုင်လီနှင့် ကန်ရွှမ်းကလန်မှ တပည့်များမှာ အံ့အားသင့်သွားရပြီးနောက် မျက်နှာများပင် ရဲတွတ်လာခဲ့ရ၏။ သူတို့အားလုံးမှာ အစောပိုင်း၌ ဇူယွမ်ထွက်ပြေးသွားသည်ဟုသာ မှတ်ယူခဲ့ကြပြီး အနည်းငယ်မျှ စိတ်ပျက်သွားခဲ့ကြသည်။ သို့သော် ဇူယွမ်မှာ ထွက်ပြေးရန် ကြံစည်နေခြင်း မဟုတ်ဘဲ သူတို့သည်သာ စောစီးစွာ ကောက်ချက်ချမိခဲ့ခြင်းဖြစ်သောကြောင့် စိတ်ထဲမှ ရှက်ရွံ့နေမိ၏။
“အစီအရင်လေးပေါ့လေ ဟုတ်လား”
ယန်ရွှမ်းမှာ လျှပ်စီးနှင့်မီးလျှံများအကြား၌ တည်ငြိမ်စွာပင် ရပ်နေသည်။ ယန်ရွှမ်း၏ခန္ဓာကိုယ်ထက်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာဖိအားကို ထုတ်လွှတ်နေလျက် ရှိ၏။
ယန်ရွှမ်းမှာ ဇူယွမ်အားကြည့်၍ ပြုံးကာပြောလိုက်သည်။
“ငါမင်းကို တကယ်လေးစားမိတယ် သိလား”
ယန်ရွှမ်းမှာ ပထမ၌ မူလစဦး စတုတ္ထအဆင့်သာရှိသေးသည့် ဇူယွမ်အား ယင်ကောင်လေးတစ်ကောင် သတ်ရသကဲ့သို့ လွယ်ကူလိမ့်မည်ဟု ယူဆထားမိ၏။ သို့သော် ထိုယင်ကောင်သာသာ မှတ်ယူထားခဲ့သော ဇူယွမ်မှာ ယန်ရွှမ်းအား အကန့်အသတ်ထိ ရောက်အောင်ပင် တွန်းအားပေးနိုင်ခဲ့သည်။
အဆုံး၌ ယန်ရွှမ်းမှာ ချိတ်ပိတ်ထားသော စွမ်းအင်များကိုပင် ဖော်ထုတ်ခဲ့ရ၏။ ယန်ရွှမ်းမှာ ထိုချိတ်ပိတ်ထားခြင်းအား အခြားတစ်ခုအတွက် သိမ်းဆည်ထားချင်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်၌ ချိတ်ပိတ်ထားသော စွမ်းအင်များအား ကြိုတင်ပြင်ဆင်မှု မရှိဘဲ ချိုးဖျက်ခဲ့ရပြီး ယန်ရွှမ်းကြိုးစားထားခဲ့ရသမျှအကုန် ဖြုန်းတီးပစ်သလို ဖြစ်သွားရ၏။
“မင်းကိုလည်း ငါအရမ်းအံ့သြမိပါတယ်”
ဇူယွမ်မှ မျက်မှောင်ကြုတ်လျက် ပြန်ပြောလိုက်သည်။ ဇူယွမ်မှာလည်း ယန်ရွှမ်းအား ထိုမျှလောက် သန်မာနေလိမ့်မည်ဟု မခန့်မှန်းထားခဲ့ပေ။
ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံကြောင့် ဘဝင်မြင့်နေမိပါသော်လည်း ယန်ရွှမ်းမှာ ဝှက်ဖဲပေါင်းများစွာ ရှိနေခဲ့ပြီး မူလစဦး အဋ္ဌမအဆင့်သို့ပင် ရောက်ရှိထားသူ ဖြစ်နေခဲ့၏။
ယန်ရွှမ်းမှာ ချီစွမ်းအင်များ ရစ်ဝဲနေသောလက်ဝါးအား မြှောက်တင်လိုက်ပြီးနောက် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့အပေါစားဝှက်ဖဲတွေကို ထုတ်သုံးမနေနဲ့တော့။ အဲဒါတွေက အခြေအနေကို ပြောင်းလဲသွားစေနိုင်မှာ မဟုတ်ဘူး”
လျှပ်စီးနှင့်မီးလျှံများမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ် လာနေခဲ့သော်လည်း ယန်ရွှမ်း၏မျက်ဝန်းများ၌ ကြောက်ရွံ့မှု အရိပ်အယောင်များ အနည်းငယ်မျှပင် ရှိမနေခဲ့ချေ။
ဇူယွမ်မှာ အနည်းငယ်မျှပြုံး၍ တုံ့ပြန်လိုက်၏။
“ဘာပဲပြောပြော ဒါကိုရေးဆွဲရတာ ငါ့အတွက်မလွယ်ကူဘူးလေ။ ငါနည်းနည်း ဖြစ်ဖြစ်တော့ ကြိုးစားကြည့်သင့်တယ်မလား”
ထို့နောက် ဇူယွမ်မှာ အချိန်ဆွဲမနေတော့ဘဲ လက်နှစ်ဖက်ကို ချိတ်ဆက်ကာ အော်ဟစ်လိုက်သည်။
“ကောင်းကင်ဘုံလျှပ်စီးနှင့် ထူးခြားသောမီးတောက် အစီအရင် ... ”
ဝုန်း ...
ချက်ချင်းဆိုသလိုပင် လျှပ်စီးနှင့်မီးလျှံများ ပို၍ပြင်းထန်စွာ ထွက်ပေါ်လာ၏။ ထို့နောက် လျှပ်စီးနှင့်မီးလျှံများမှာ ကောင်းကင်တစ်ခွင်လုံးတိုင် လွှမ်းခြုံသွားပြီး ယန်ရွှမ်း၏ သေကွင်းသေကွက်များသို့ ချိန်ရွယ်လျက် ကျဆင်းလာကြသည်။
ယန်ရွှမ်းမှာ ကျဆင်းလာနေသော လျှပ်စီးနှင့်မီးလျှံများကို ကြည့်ရှုလိုက်ပြီးနောက် မြေပြင်အား ဆောင့်နင်းချလိုက်သည်နှင့် တစ်ပြိုင်နက် ချီစွမ်းအင်များမှာ အေးခဲလှသော အခိုးအငွေ့များ အဖြစ်သို့ ပြောင်းလဲသွား၏။
“နှင်းခဲအရိုးမြူ”
ဖောက် ... ဖောက် ...
လျှပ်စီးနှင့်မီးလျှံများ ကျဆင်းလာကာ အေးခဲလှသော အခိုးအငွေ့များနှင့် တွေ့ဆုံသွားကြ၏။ သို့သော် ထိုအခိုးအငွေ့များနှင့် ထိတွေ့လိုက်သည်နှင့်တကွ လျှပ်စီးများ ပျက်စီးသွားရပြီး မီးလျှံများ ပျက်ပြယ်သွားရသည်။
ထိုအေးခဲလှသော အခိုးအငွေ့များမှာ အရိုးများကိုပင် အေးခဲသွားစေနိုင်သော ကြောက်မက်ဖွယ်ရာ အအေးလှိုင်းစွမ်းအင်များ ပါဝင်နေ၏။
လျှပ်စီးနှင့်မီးလျှံများ အဆက်မပြတ် ကျဆင်းနေသကဲ့သို့ ယန်ရွှမ်း၏ နှင်းခဲအရိုးမြူမှာလည်း ပြင်းထန်လှသော အအေးလှိုင်းများကို ဆက်လက်ထုတ်လွှတ်နေခဲ့သည်။
ထို့ကြောင့် ပတ်ဝန်းကျင်ရှိ မြေပြင်မှာ အပျက်အစီးများဖြင့် ပြည့်နှက်လာခဲ့ရ၏။
တိုက်ပွဲဧရိယာအနီးမှ စောင့်ကြည့်နေကြသူများမှာ ကြောက်ရွံ့နေသော မျက်ဝန်းများဖြင့် တိုက်ခိုက်မှုအား ကြည့်ရှုနေကြသည်။ လျှပ်စီး၊ မီးလျှံနှင့် နှင်းခဲအရိုးမြူတို့၏ တွေ့ဆုံမှုမှာ မည်သည့်ပေါက်ကွဲသံမှ ထွက်ပေါ်နေခြင်း မရှိပါသော်လည်း အလွန်ပင်ပြင်းထန်လှကြောင်း ထင်ရှားနေ၏။ ဇူယွမ်နှင့်ယန်ရွှမ်းတို့ နှစ်ဦးလုံးမှာ အကန့်အသတ်သို့ ရောက်ရှိသည်အထိ တိုကိခိုက်နေကြကြောင်း သိသာလှပေသည်။
အဝေးမှ စောင့်ကြည့်နေလျက်ရှိသော လီချင်းချန်၏ မျက်ဝန်းများမှာ စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ယှက်သန်းလာရ၏။ ဇူယွမ်၏ အစီအရင်မှာ ကောင်းမွန်ပါသော်လည်း ထိုမျှလောက်ဖြင့် ယန်ရွှမ်းအား အနိုင်ရရှိရန် မဖြစ်နိုင်ပေ။
ဝမ့်ချီနှင့် ကောင်းကျင့်ဇူမှာလည်း ထိုအချက်အား သိရှိနေသောကြောင့် သက်တောင့်သက်သာ ဖြစ်နေခဲ့ပြီး မထီမဲ့မြင်သော မျက်ဝန်းများဖြင့် ဆက်လက်ကြည့်ရှုနေခဲ့သည်။
“ဇူယွမ် နင်လုပ်နိုင်ပါတယ်” ကျိုးချူးချင်ယုနှင့် အခြားသူများမှာ ဇူယွမ်အား အားပေးနေကြ၏။
သို့သော် ယန်ရွှမ်း၏ အခိုးအငွေ့အလွှာမှာ ယခင်ကကဲ့သို့ပင် သိပ်သည်းနေဆဲဖြစ်ပြီး အသင်္ချေမျှသော လျှပ်စီး၊ မီးလျှံများနှင့် ရင်ဆိုင်နေရသည်တောင်မှ အနည်းငယ်မျှပင် မလျော့ပါးသွားခဲ့ချေ။
တစ်ဖက်တွင်တော့ ကောင်းကင်အပြည့် လွှမ်းခြုံထားခဲ့သော လျှပ်စီးနှင့်မီးလျှံများမှာ လျော့ပါးလာခဲ့ပြီ ဖြစ်သည်။
စောင့်ကြည့်နေသူများထံမှ စိတ်မကောင်းဖြစ်စွာဖြင့် သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့ရ၏။ ဇူယွမ်မှာ အစီအရင်အားရေးဆွဲ၍ ယန်ရွှမ်းအား တိုက်ခိုက်နိုင်ရန် ကြံစည်ထားခဲ့သည်။ သို့သော်လည်း ဇူယွမ်၏အစီအရင်မှာ ယန်ရွှမ်းအား အနည်းငယ်မျှပင် မထိခိုက်စေခဲ့ချေ။
မူလစဦး အဋ္ဌမအဆင့်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ယန်ရွှမ်းမှာ ဇူယွမ်အား ခြင်္သေ့မှ သားကောင်အား ကြည့်သကဲ့သို့ မထီမဲ့မြင်ပြုစွာဖြင့် ကြည့်ရှုလိုက်သည်။
ဇူယွမ်မှာ ယန်ရွှမ်းအား အလုံးစုံ လျစ်လျူရှုကာ လက်နှစ်ဖက်ကို ချိတ်ဆက်၍ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်၏။
ပူပြင်းလှသော စွမ်းအင်လှိုင်းများ ဇူယွမ့်ထံမှ ထွက်ပေါ်လာခဲ့သည်။
ဇူယွမ်၏ မျက်နှာမှာ နီရဲလာပြီးနောက် ပါးနှစ်ဖက်မှာ အလွန်ပင် ဖောင်းကားလာကာ ဦးခေါင်းထက်မှ အပူရှိန်များ ထွက်ရှိလာ၏။
ယန်ရွှမ်းမှာ ထိုအပူလှိုင်းများအား ခံစားမိလိုက်သဖြင့် မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့ရသည်။
“ကောင်းကင်နေနတ်ဘုရား မှတ်တမ်းကျင့်စဥ် ကောင်းကင်ဘုံ နေမင်းမီးတောက် ... ”
ဇူယွမ်မှာ နှလုံးသားထဲမှ အော်ဟစ်လိုက်ပြီးနောက် ယန်ရွှမ်းထံသို့ ပြင်းထန်လှသော အဖြူရောင် မီးတောက်များကို မှုတ်ထုတ်ပစ်လိုက်၏။
ထိုအဖြူရောင် မီးတောက်များ၏အကြား၌ ခရမ်းပြာရောင် အစက်အပြောက်များ ပါဝင်နေလျက် ရှိသည်။
မီးလျှံအဆီအနှစ်များအား စုပ်ယူခဲ့ပြီးနောက် ဇူယွမ်၏ ကောင်းကင်ဘုံ နေမင်းမီးတောက်မှာ ခရမ်းပြာရောင် အကြိုအဆင့်သို့ ရောက်ရှိခဲ့ပြီး ယခင်ကထက် များစွာတိုးတက်လာ၏။
ခရမ်းပြာရောင်သန်းနေသော မီးတောက်အား မှုတ်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ကျောက်ခဲကျောက်ဆောင်များသည်ပင် ပျော်ကျသွားခဲ့ရသည်။
တိုက်ပွဲဧရိယာအနီးမှ စောင့်ကြည့်နေကြသူများမှာ ထိုမြင်ကွင်းအား ကြည့်ရှုနေရင်းဖြင့် အလွန်ပင် အံ့အားသင့် သွားကြရ၏။ ဇူယွမ်၏အဓိကဝှက်ဖဲမှာ အစီအရင် မဟုတ်ဘဲ ထိုကြောက်မက်ဖွယ်ရာမီးတောက် ဖြစ်နေခဲ့ပေသည်။
အစီအရင်မှာ ယန်ရွှမ်းအား စိတ်ရှုပ်ထွေးစေရုံသက်သက်သာ ဖြစ်နေ၏။
ယန်ရွှမ်းမှာ မီးတောက်ထံမှ အန္တရာယ် အငွေ့အသက်များကို ခံစားလိုက်ရသဖြင့် အမူအရာမှာ ခက်ထန်သွားရသည်။
“ဒါက မင်းရဲ့ဝှက်ဖဲပေါ့လေ”
ယန်ရွှမ်း၏အမူအရာမှာ တင်းမာခက်ထန်နေ၏။ ထို့နောက် ယန်ရွှမ်းမှာ တွေဝေမနေတော့ဘဲ လက်နှစ်ဖက်ကို ချိတ်ဆက်ကာ ချီစွမ်းအင်များကို ပေါက်ကွဲ ထွက်ပေါ်စေလိုက်သည်။ ထွက်ပေါ်လာသော ချီစွမ်းအင်များမှာ လျင်မြန်စွာဖြင့် အရိုးဖြူအကာအကွယ် တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
“ကောင်းကင်ဘုံကျင့်စဥ် အရိုးဖြူမိစ္ဆာအကာအကွယ် ... ”
ထိုအရိုးဖြူအကာအကွယ်မှာ ကြီးမားလာပြီးနောက် ယန်ရွှမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးကွယ်သွားခဲ့သည်။ ၎င်းအကာအကွယ်မှ ထွက်ပေါ်နေလျက်ရှိသော စွမ်းအင်လှိုင်းများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အေးခဲလှ၏။
“မင်းရဲ့ဝှက်ဖဲကို ဖျက်ဆီးပြီးတာနဲ့ မင်းကိုတစ်စစီ လုပ်ပြမယ်” အရိုးဖြူအကာအကွယ် အတွင်းရှိနေသော ယန်ရွှမ်းမှ ဇူယွမ်အား သတ်ဖြတ်လိုသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
စောင့်ကြည့်နေကြသူများမှာ မျက်တောင်ပင် မခတ်နိုင်အောင် ဖြစ်နေရ၏။ တိုက်ပွဲမှာ အရှိန်မြင့်နေပြီဖြစ်ကာ မကြာမီအချိန်တွင်းမှာပင် အနိုင်အရှုံး သဲကွဲသွားတော့မည် ဖြစ်သည်။
ဇူယွမ်ရဲ့ ခရမ်းပြာရောင် မီးတောက်က ယန်ရွှမ်းရဲ့ အရိုးဖြူမိစ္ဆာ အကာအကွယ်ကို ချိုးဖြတ်နိုင်ပါ့မလား။
ဒုန်း ...
စောင့်ကြည့်နေသော အကြည့်များစွာ၏ အောက်၌ပင် ခရမ်းပြာရောင် သန်းနေသည့် မီးတောက်ကြီးမှာ ယန်ရွှမ်း၏ အရိုးဖြူအကာအကွယ် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။