ဒုတိယတွေ့ဆုံမှု
Vol. 27 Ch. 378
အခန်း (၃၇၈) : ဒုတိယတွေ့ဆုံမှု
ဝမ်ဝေ့က ကျမ်းခန်းမဆောင်မှ ထွက်လာပြီးသည့်နောက်တွင် ဂိုဏ်းအထက် တိမ်မည်းများ စုစည်းနေသည်ကို မြင်လိုက်ရသည်။ သူ့အကြည့်က အဝေးတစ်နေရာသို့ ထိုးဖောက်သွားသည့်အခါ ဆေးလုံး စမ်းသပ်ချက် ခံယူနေသည့် ဆေးလုံးတစ်လုံးကို မြင်လိုက်ရ၏။
ထိုစမ်းသပ်ချက်၏ ပြင်းအားက အတော်လေး ပြင်းထန်လွန်းပြီး မီးတောက်၊ လေနှင့် မိုးကြိုးတို့ကပါ ဖျက်ဆီးဖို့ ကြိုးစားနေကြသည်။ သို့သော်လည်း ဆေးလုံးက ကောင်းကောင်းခံနိုင်ရည်ရှိနေသည်။
“ ကြည့်ရတာ ဆရာက အောင်မြင်သွားပုံပဲ” ဝမ်ဝေ့က ရေရွတ်လိုက်ပြီးနောက် သူ သီးသန့်ကျင့်ကြံသွားသည့်အချိန်က လူအိုကြီးနှင့် အတူတူဖြစ်နေသည်မှာ တိုက်ဆိုင်မှုလားဟု တွေးနေမိလေသည်။
သူ ယဲ့လောင်အား ပေးလိုက်သည့် ပင်ကိုဆေးလုံး နည်းစနစ်ထဲတွင် သင်္ကေတ ရေးထိုးခြင်းဖြစ်စဉ်ကို ကူညီပေးနိုင်သည့် မိုးမြေစွမ်းအားကို အသုံးပြုခြင်း ပါဝင်သည့် သီးသန့်နည်းလမ်းကို ရေးသားထားလေသည်။
သူက ထိုနည်းလမ်းသည် သူ့ဆရာအား အဆင့် ၆ ဧကရာဇ် တစ်ပိုင်း ဆေးဝါးပညာရှင် ဖြစ်လာဖို့အတွက် အတားအဆီး ချိုးဖောက်ဖို့ရာ ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိနေသည်။ ကောင်းကင်ရှိ တိမ်တိုက်များအပေါ် မူတည်၍ သူက အောင်မြင်သွားပုံပေါ်သည်။
စမ်းသပ်ချက် အောင်မြင်သွားသည့် ဆေးလုံးကို ကြည့်နေရင်း ဝမ်ဝေ့က သူ့ဘာသာသူ တွေးလိုက်မိသည်။
ဒီဟာက ခင်ဗျားရဲ့ တပည့် ဟန်ဆောင်ပြီး ခင်ဗျားဂိုဏ်းက ဧကရာဇ်ကျမ်းနှစ်ခုကို ခိုးယူ … မဟုတ်သေးဘူး ငှားယူတာအတွက် ကံကြမ္မာဝဋ်ကြွေးကို ပေးဆပ်ဖို့ လုံလောက်မှာပါ …
ထို့နောက် သူက သူ့ဆရာဆီ သွားမတွေ့ဘဲ သူ့ဂူဆီ ပြန်သွားလိုက်လေသည်။ သူက လူအိုကြီးသည် လတ်တလော အဆင့်တက်လှမ်းမှုကို အခြေတည်ဖို့ ကြိုးစားရဦးမည်ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။
ဂူသို့ ပြန်ရောက်သည်နှင့် သူက အပြင်လူများအား သူ့ကို မနှောင့်ယှက်ဖို့ သတိပေးစာကပ်ပြီးနောက် အစီအရင်ကို အသက်သွင်းလိုက်သည်။ ဝမ်ဝေ့က သတိကြီးကြီးထားဖို့အတွက် သူ့သိုလှောင်လက်စွပ်အတွင်း ဝင်ရောက်လိုက်လေသည်။
သူ ပထမဆုံး လုပ်လိုက်သည့်အရာက လော့ချန်ဆီမှ ခွာလိုက်ပြီး သူ့ကိုယ်ပိုင်ဝိညာဉ်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်ခြင်း ဖြစ်၏။
“ ဟူး တော်ပါသေးရဲ့။ ဒီနည်းစနစ်က ပြဿနာ မရှိဘူး”
ဝမ်ဝေ့က သူ့ဝိညာဉ်အပေါ်တွင် အတားအဆီးကို ရှာမတွေ့သည့်အတွက် ထိုအတားအဆီးက သူ့အား လော့ချန်အဖြစ်သာ အသိအမှတ်ပြုထားသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။ မီးတောက်ဧကရာဇ် စစ်ဆေးပွဲအတွင်း သူ့အကြောင်း သိရှိသွားသည့် အကြောင်းအရင်းမှာ ထိုလူက လူကိုယ်တိုင် ပေါ်ထွက်လာ၍ ဖြစ်သည်။
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် လော့ချန်အဖြစ် ပြန်သွားလိုက်သည်။ ထို့နောက် သူက လက်ချောင်းများဖြင့် မူလဆေးလုံး မီးတောက်ကျမ်းကို နားလည်ဖို့အတွက် မည်မျှကြာမြင့်မည်ကို စတင်တွက်ချက်လိုက်သည်။ ရလဒ်က ၁၂ နှစ် ဖြစ်၏။
ဤသည်က သူ ထင်ထားသလောက် မကြာပေ။ သို့သော်လည်း ကျမ်းကို နားလည်ခြင်းက လေ့ကျင့်ခြင်းနှင့် ကွဲပြားလေသည်။
ထိုကျမ်းတွင် ဝမ်ထျန်း၏ အကြွင်းမဲ့ပိုင်းဖြတ်ခြင်းကျမ်းကဲ့သို့ ကျင့်ကြံဖို့အတွက် လိုအပ်ချက်များ မြင့်မားလေသည်။ ထိုကျမ်းကို လေ့ကျင့်ဖို့အတွက် လိုအပ်ချက်က ဓားသမားတစ်ယောက်၏ နှလုံးသား သို့မဟုတ် ဓားတာအို နှလုံးသား ရှိရမည်ဖြစ်ပြီး ဓားနည်းလမ်းများ အပေါ် မတုန်မလှုပ်သော စူးစိုက်မှုတို့ လိုအပ်ပေသည်။ မဟုတ်ပါက ထိုကျမ်းကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။
ပါရမီရှင်က ထိုလိုအပ်ချက်အား ဖြည့်စည်းနိုင်လျှင်ပင် ထိုကျမ်း၏ စွမ်းအားက အလားအလာအပြည့် ထုတ်ပြနိုင်မည် မဟုတ်သေးပေ။ ထို့ကြောင့် ဝမ်ဝေ့က ထိုကျမ်းကို ကိုးကားမှုတစ်ခုအဖြစ်သာ အသုံးပြုပြီး ဘယ်သောအခါမှ မကျင့်ကြံခြင်း ဖြစ်၏။
မူလဆေးလုံးမီးတောက် ကျမ်းသည်လည်း အတူတူသာ ဖြစ်လေသည်။ အခြေအနေက ပို၍ပင် ပြင်းထန်လေ၏။ ထိုနည်းစနစ်၏ ပထမအဆင့်ကို ကျင့်ကြံဖို့အတွက် မူလဆေးလုံး မီးတောက်ကို ဖွဲ့စည်းဖို့ လိုအပ်ပေသည်။ ထိုမီးတောက်က ကျမ်းတစ်ခုလုံး၏ အခြေခံအုတ်မြစ် ဖြစ်၏။ ထိုအရာ မပါရှိဘဲ ဤဧကရာဇ်ကျမ်းက တန်ဖိုးမဲ့သည်ဟု ပြောနိုင်ပေသည်။
သို့သော်လည်း ပထမအဆင့်ကို ပြီးမြောက်ရမည့် အခြေအနေများက အတော်လေး ပြင်းထန်လှသည်။
ဆေးဝါးပါရမီအရ ဖြစ်စေ သို့မဟုတ် ဆေးလုံးတာအိုနှလုံး လိုအပ်ချက်အရ ဖြစ်စေ …
ဆေးလုံးတာအို၌ အပြီးတိုင် နစ်မြုပ်ထားသည့်သူများသာ မူလဆေးလုံးမီးတောက်ကို ဖွဲ့စည်းနိုင်ကြသည်။ ဝမ်ဝေ့ကဲ့သို့သော ဆေးဝါးတာအိုကို ကျင့်ကြံရေးလမ်းစဉ်တွင် အသေးအဖွဲ့အဖြစ် သတ်မှတ်ထားသူတစ်ဦးအတွက် ထိုမီးတောက်ကို ဖွဲ့စည်းဖို့ အိပ်မက်သာ မက်နေနိုင်သည်။
ကံကောင်းစွာဖြင့် သူ့ ကံကြမ္မာခိုးယူခြင်း နည်းစနစ်က သူ့အား လော့ချန်အဖြစ် သွေးမျိုးဆက်မှ ဝိညာဉ်အထိ၊ တာအိုနှလုံးသားကိုပင် ပြောင်းလဲပေးခဲ့သည်။ ထို့ကြောင့် သူက သူ့အား အသုံးချကာ မီးတောက်ကို ဖွဲ့စည်းနိုင်လေသည်။
စစ်ဆေးမှု မတိုင်ခင် လော့ချန်က ဤကျမ်းကို ကျင့်ကြံဖို့အတွက် ပါရမီ မလုံလောက်ခဲ့သော်လည်း ဆေးလုံးတာအိုအပေါ် စူးစိုက်ထားမှုက လုံလောက်သည်ထက် ပိုပေသည်။ သူက အချိန်အများစုကို ဆေးလုံးဖော်စပ်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိပြီး သူ့ နည်းစနစ်များအား ပြီးပြည့်စုံအောင် လုပ်ကာ အနည်းငယ်သော တိုးတက်မှုကပင် သူ့အတွက် ကျေနပ်မှု ဖြစ်စေသည်။ သူက အမြန်ဆန်ကြီး မတိုးတက်သည့်အတွက် ဘယ်သောအခါမှ မညည်းတွားဖူးပေ။
သူက သူ့ ဆရာတူ မောင်နှမများကိုလည်း အားမကျဖူးပေ။ သူ့အတွက် ကိစ္စသုံးခုသာ အရေးကြီးလေသည်။ သူ့အနေနှင့် အဖေလို ဆက်ဆံရသည့် ဆရာ၊ သူ့ဘဝ၏ ချစ်မြတ်နိုးရသည်ဟု ယုံကြည်ထားသည့် အစ်မ(၃)နှင့် ဆေးဝါးပညာ လေ့ကျင့်ခြင်း ဖြစ်၏။
ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မလိုလားအပ်သည့် အတွေးများကို ဖယ်ထုတ်လိုက်သည်။ သူက ယုံကြည်မှု ရှိထားသော်လည်း အနည်းငယ်တော့ စိုးရိမ်မိလေသည်။ သို့သော်လည်း ထိုမီးတောက်ကို မဖွဲ့စည်းနိုင်သည့်အခါ ထားရှိသည့် အရန်အစီအစဉ်အား တွေးလိုက်မိပြီးသည့်နောက်တွင် သူက ပို၍ စိတ်တည်ငြိမ်သွားသည်။
ယခု ကျရှုံးသွားလျှင်ပင် သူ လုပ်ဖို့ လိုအပ်သည်က ယန်းလီလင်းအား ထိုနည်းစနစ် ကျင့်ကြံခိုင်းပြီး သူ့ဝိညာဉ်ကို သန့်စင်ခိုင်းဖို့ ဖြစ်သည်။ သူမ၏ ပါရမီနှင့် နှလုံးသားဖြင့် သူမအတွက် မူလဆေးလုံးမီးတောက်ကို အောင်အောင်မြင်မြင် ဖွဲ့စည်းနိုင်ဖို့ ပြဿနာ မဟုတ်ပေ။
သို့သော်လည်း ဝမ်ဝေ့က ထိုအရန်အကြံအစည်ကို တတ်နိုင်သမျှ အသုံးမပြုလိုပေ။
သူက မျက်လုံးကို မှိတ်ကာ သီးသန့်မီးတောက်ကို စတင်ဖွဲ့စည်းလိုက်၏။
တကယ်တမ်း ပြောရလျှင် ယခုဖြစ်စဉ်က အနည်းဆုံး ဆယ်ဆမက ပို၍ ခက်ခဲပေလိမ့်မည်။ သို့သော်လည်း နှစ်ကြာလာသည်နှင့်အမျှ မူလဆေးလုံးတာအို ဂိုဏ်း၏ ပညာရှိဝိဇ္ဇာများက သူတို့၏ နားလည်နိုင်စွမ်းများနှင့် အပြောင်းအလဲများကို ကျမ်းထံ ပေါင်းထည့်ပေးခဲ့ကြသည်။
တချို့သော ဝိဇ္ဇာများက ဤဖြစ်စဉ်သည် အလွန်ခက်ခဲကြောင်း သိ၍ မူလဆေးလုံးမီးတောက်ကျမ်း၏ စွမ်းရည်နှင့် စွမ်းအားကို သိမ်းဆည်းထားနိုင်ပြီး ခက်ခဲမှုကို လျှော့ချနိုင်မည့် နည်းလမ်းအား ဖန်တီးခဲ့ကြသည်။
အချိန်ကြာလာသည့်အခါ လူများစွာ ဖန်တီးထားသည့် ဤနည်းစနစ်က တန့်ယွမ်ဧကရာဇ် ဖန်တီးထားသည်ထက်ပင် ပို၍ကောင်းသည်ဟုပင် ပြောနိုင်ပေသည်။
မျိုးဆက်တိုင်းတွင် လူတချို့ကသာ ထိုကျမ်းကို ကျင့်ကြံနိုင်ကြလေသည်။ မည်သို့ပင်ဆိုစေကာမူ မူလဆေးလုံး တာအိုဂိုဏ်းက အချိန်အကြာကြီး တည်ရှိနေတာ ဖြစ်သည့်အတွက် လူများစွာက ထိုကျမ်းကို လေ့လာထားပြီး အားလုံးကလည်း အလွန်ပါရမီ ထူးချွန်သည့်သူများ ဖြစ်ကြသည်။
ဘိုးဘေးများ ဖန်တီးထားသည့် မူလဆေးလုံးမီးတောက် ဖန်တီးဖို့ နည်းလမ်းက မူလနည်းစနစ်ကို ကျင့်ကြံဖို့ အသုံးပြုသည့် ကံကြမ္မာကောင်းမီးတောက်မှ အစိတ်အပိုင်းငယ် တစ်ခုကို ယူဖို့ ဖြစ်သည်။
ထို့နောက် ထိုအစိတ်အပိုင်းအပေါ် မူတည်၍ ကံကြမ္မာကောင်း စွမ်းအားတချို့ကို ခွဲခြားကာ မူလဆေးလုံး မီးတောက်အဖြစ် ဖန်တီးရမည်။
ဝမ်ဝေ့က ထိုနည်းလမ်းအတိုင်း လိုက်လုပ်လိုက်သည်။ သူ့ ကံကြမ္မာကောင်း မီးတောက်က အရောင် ၁၃ရောင် ရှိသည့်အတွက် ထူးခြားလေသည်။ ထို့ကြောင့် ကံကြမ္မာကောင်း မီးတောက်တွင် ပါရှိနေသည့် စွမ်းအားက ပုံမှန်မီးတောက်များထက်ပို၍ ပေါများလေသည်။
ထိုအကြောင်းရင်းကြောင့် ကိစ္စများက သူထင်ထားသည်ထက် ပိုကောင်းနေခဲ့သည်။ သို့သော်လည်း ထိုဖြစ်စဉ်အတွင်း သူက ခေတ္တမျှ စိတ်အာရုံထွေပြားသွားခဲ့သည်။ သူက ကံကြမ္မာခိုးယူခြင်း နည်းစနစ်၏ သက်ရောက်မှုအကြောင်း စဉ်းစားမိနေ၍ ဖြစ်သည်။
သူက လော့ချန်နှင့် သူ့ကို ပေါင်းစပ်ထားသလိုမျိုးဖြစ်၏။ သူက လော့ချန်အဖြစ် နေရင်း လော့ချန်အတွက် အကျိုးရစေဖို့ သူ့ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုသလိုမျိုး ခန္ဓာကိုယ်အစစ်ကို အသုံးပြုနိုင်သည်။
သူက လော့ချန်အား သူ့လုပ်ရပ်၏ အကျိုးဆက်ကို ခံယူခိုင်းထားစဉ် သူ့ တကယ့်ခန္ဓာကိုယ်အပေါ် သက်ရောက်မှုမရှိပေ။ နမူနာအားဖြင့် ဝိညာဉ်ပေါ်ရှိ ကျမ်း အတားအဆီးလို ဖြစ်၏။
လော့ချန်အဖြစ် ပေါ်ထွက်လာစဉ် သူက အသိစိတ်၊ မှတ်ဉာဏ်နှင့် အတွေးတချို့ ဝင်ရောက်လာသည်။
အချုပ်အားဖြင့် ဝမ်ဝေ့က သူကိုယ်တိုင်က လော့ချန်ဖြစ်နေသလို လော့ချန်ကလည်း ဝမ်ဝေ့ ဖြစ်နေသည်။
ဝမ်ဝေ့က စိတ်အာရုံထွေပြားသွားစဉ် ဖြစ်စဉ်က ကျရှုံးတော့မည် ဖြစ်သောကြောင့် တောင့်ခံထားလိုက်ရသည်။ ဤဖြစ်စဉ်က ရက်အနည်းငယ် ကြာမြင့်ပြီးနောက် သူ့လက်အတွင်း ပန်းရောင် မီးတောက်တစ်ခု ပေါ်ထွက်လာလေသည်။
နောက်ဆုံးတွင် သူက အောင်မြင်သွားလေပြီ။
သူက လော့ချန်မှ ချက်ချင်း ကွဲထွက်လိုက်ပြီး ထိုမီးတောက်အား သူ့နှလုံးသားအတွင်း ပို့ဆောင်ကာ ဟွင်သွမ်းမီးတောက်ဖြင့် ပေါင်းစပ်ဖို့ ထိန်းချုပ်လိုက်သည်။ သူ မီးတောက်ဧကရာဇ် အမွေအနှစ်မှ ရရှိသည့် အကျိုးအမြတ်တစ်ခုမှာ ဟွင်သွမ်းမီးတောက်အား တခြားသော ကောင်းကင်မီးတောက်များအဖြစ် ပြောင်းလဲသည့် နည်းလမ်း ဖြစ်သည်။
မူလဆေးလုံးမီးတောက်ကို စုပ်ယူပြီးသည့်နောက်တွင် ပြောင်းလဲသည့် ဟွင်သွမ်းမီးတောက်က ပန်းရောင်အဖြစ် ပြောင်းလဲသွားပြီး ထိုမီးတောက်အသစ်၏ စွမ်းရည်နှင့် ဂုဏ်သတ္တိအားလုံး ပါဝင်နေသည်။
ထို့နောက် ဝမ်ဝေ့၏ ထိန်းချုပ်မှုအောက်တွင် ဟွင်သွမ်းမီးတောက်က ကောင်းကင်ဖျက်ဆီးရေးမီး တောက်ဖြစ်သည့် အနက်ရောင်သို့ ပြောင်းသွားသလို သန့်စင်ရေးမီးတောက်ဖြစ်သည့် အဖြူရောင်အဖြစ်လည်း ပြောင်းလဲသွားသည်။ ထို့နောက် သူ ကျီစုန့်၏ မိစ္ဆာနတ်ဘုရားအရိုးမှ ရရှိထားသည့် ဝိညာဉ်တိုက်စားရေး မီးတောက်ဖြစ်သည့် အညိုရောင်အဖြစ်လည်း ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ပန်းရောင်အဖြစ် ပြောင်းလဲသွားလေ၏။
သူက ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် မီးတောက်အား နှလုံးသားအတွင်း ပြန်လည် သိမ်းဆည်းထားလိုက်သည်။ သူက လော့ချန်နှင့် ပြန်လည်ပေါင်းစပ်လိုက်ပြီး မူလဆေးလုံးမီးတောက်ကို ထပ်မံဖွဲ့စည်းလိုက်သည်။ ဤတစ်ခါ လော့ချန်၏ ကံကြမ္မာကောင်း မီးတောက်ကို အသုံးပြုထားလေသည်။
သူက အတွေ့အကြုံ ရှိထားပြီးသား ဖြစ်သည့်အတွက် ထိုဖြစ်စဉ်က နာရီပိုင်းမျှသာ ကြာမြင့်လေသည်။ ထိုမီးတောက်က လော့ချန်အတွက် ချန်ထားပေးခဲ့ခြင်း ဖြစ်၏။ ထိုအရာအားလုံး ပြီးဆုံးသွားသည့်အခါ ဝမ်ဝေ့က သူ ထွက်သွားရမည့် အချိန်ကျရောက်မည်မှန်း သိလိုက်သည်။
သို့သော် သူ ထွက်မသွားခင် လုပ်ရမည့်ကိစ္စနှစ်ခု ရှိနေသေးသည်။ ပထမတစ်ခုက မူလဆေးလုံးတာအိုဂိုဏ်းမှ ရှားပါးသည့် ဆေးဖော်စပ်နည်းများ ခိုးယူဖို့ ဖြစ်သည်။ သူက သူတို့အား ကံကြမ္မာဝဋ်ကြွေး ငှားယူထားသည့်အတွက် အနည်းငယ် ပိုများသွားသည်က ကိစ္စမရှိပေ။
သူ တာအိုကို သက်သေပြနိုင်သည်နှင့် သူတို့ကို ပြန်လည်ပေးဆပ်ဖို့ နည်းလမ်းရှာနိုင်လေသည်။
ထို့ကြောင့် သူက ဆေးလုံးဝိဇ္ဇာငယ် အဆင့်အတန်းကို အသုံးပြုကာ ထိုဆေးဖော်စပ်နည်းများအား ရယူခဲ့သည်။ သူ့ အမှတ်အသားပြား အသစ်ဖြင့် ထိုအရာများကို ရရှိဖို့အတွက် ဂိုဏ်းအကျိုးပြုမှတ်လည်း ပေးစရာ မလိုအပ်ပေ။
အကြီးအကဲများက ဘာမှမပြောဘဲ သူက ထိုဆေးလုံးများကို ဖော်စပ်ဖို့ ကြိုးစားနေသည်ဟုသာ တွေးကြသည်။ ထို့အပြင် သူ့ဆရာကလည်း သီးသန့်ကျင့်ကြံနေသည့်အတွက် မည်သူကမှ သူ့အား မေးခွန်းမမေးကြဘဲ အကြီးအကဲအများစုကလည်း သူ့အား ပင့်မြှောက်နေကြသည်။
သူက သူတော်စင်အဆင့် ဆေးဝါးပညာရှင်ငယ် တစ်ယောက်ဖြစ်ရုံသာမက ဤမျိုးဆက်၏ ဘိုးဘေးကောင်းချီးကို ရရှိထားသည့် ဆေးလုံးဝိဇ္ဇာငယ် တစ်ယောက်လည်း ဖြစ်ကာ သူ့ဆရာကလည်း ယခုအခါ ဂိုဏ်းအတွင်း လေးယောက်မြောက် ဧကရာဇ်တစ်ပိုင်း ဆေးဝါးပညာရှင် ဖြစ်နေပြီဖြစ်၏။ ယခု သူ့အဆင့်အတန်းက ပိုမိုမြင့်မြတ်သွားလေပြီ။
ဝမ်ဝေ့က သူ့မီးတောက်ဧကရာဇ် အမွေအနှစ် စစ်ဆေးမှုတွင် ရရှိထားသည့် အရာများအား ပုံတူပွားလိုက်ပြီး လော့ချန်အတွက် ချန်ထားခဲ့သည်။ သို့သော်လည်း သူက မြေကမ္ဘာဝိညာဉ် မီးတောက် မျိုးစေ့ကိုမူ ယူဆောင်သွားခဲ့သည်။
နောက်ဆုံးတွင် သူက လော့ချန်ဆီမှ ခွာလိုက်ပြီး ထိုလူအား နိုးထစေလိုက်သည်။ သူတို့က တရားဝင်အဖြစ် ဒုတိယတွေ့ဆုံမှု စတော့မည် ဖြစ်၏။