မဖြစ်နိုင်မှုများကိုဆန့်ကျင်၍
Vol. 31 Ch. 429
ယန်ရွှမ်း၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသောကြောင့် စောင့်ကြည့်နေကြသူများ၏ အမူအရာမှာ အေးခဲကုန်ရသည်။
ကျိုးချူးချင်ယု၊ ပိုင်လီ၊ ချင်းဟိုင်နှင့် အခြားသူများအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။
မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ တောင့်တင်းသွားကြရသည်။
လူများမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို လက်ဖြင့်ပွတ်သပ်နေ၏။
ပတ်ဝန်းကျင်မှာ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေခဲ့ပြီးနောက် လူတစ်ဦးမှ ထိတ်လန့်နေသောအသံဖြင့် အော်ဟစ်လိုက်သည်။
“ယန်ရွှမ်း ရှုံးသွားပြီ”
“ဟင် ... ”
“ဟာ ... ”
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဝေဖန်ဆွေးနွေးသံများဖြင့် ဆူညံသွားတော့၏။
“ဘယ်လိုဖြစ်သွားတာလဲ။ ယန်ရွှမ်းက မူလစဦး အဋ္ဌမအဆင့်ကို ရောက်နေတာတောင်မှ ရှုံးသွားရတာလား”
“တကယ်ဆို ယန်ရွှမ်းက အသာစီးရနေတာ မဟုတ်ဘူးလား”
“နောက်ဆုံးအချိန်မှာ ဇူယွမ် ထုတ်သုံးလိုက်တာ ဘာကြီးလဲ”
“ ... ... ”
လူတိုင်းမှာ အလွန်ပင် စိတ်ရှုပ်ထွေးနေဟန် ရှိသည်။ ယန်ရွှမ်း၏ အရိုးဖြူအကာအကွယ်မှာ သွေးနီရောင်သို့ ပြောင်းလဲသွားပြီးနောက် ခရမ်းပြာရောင်မီးတောက်မှာ ယန်ရွှမ်းအား တားဆီးနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် မည်သူကမှ နောက်ဆုံးအချိန်၌ ဇူယွမ်မှ အသာစီးရသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
ထို့အပြင် ယန်ရွှမ်း၏ လက်မောင်းတစ်ဖက်သည်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့ရ၏။ မည်သို့သော ကြောက်မက်ဖွယ်စွမ်းအင်မျိုးက မူလစဦး အဋ္ဌမအဆင့်ပင်ရှိသော ယန်ရွှမ်းအား ထိုသို့ရှုံးနိမ့်သွားစေပါသနည်း။
လူတိုင်းမှာ ဇူယွမ်အား ကြောက်လန့်တုန်လှုပ်နေသော အကြည့်များဖြင့် ငေးမောကြည့်ရှုလိုက်ကြသည်။
အဝေးမှစောင့်ကြည့်နေခဲ့သော လီချင်းချန်နှင့် ဝမ့်ချီတို့မှာလည်း အဖြစ်အပျက်များကြောင့် အလွန်ပင် အံ့အားသင့်သွားခဲ့ရ၏။
ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့မှာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ တိုက်ပွဲရလဒ်မှာ သူတို့ခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေ၏။
ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့၏ အမူအရာမှာ အလွန်ပင် ခက်ထန်လာခဲ့သည်။ ယန်ရွှမ်းမှာ ဇူယွမ်ထံ၌ ရှုံးနိမ့်သွားရသောကြောင့် အစီအစဉ်များအားလုံး ကမောက်ကမ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ဝမ့်ချီတို့နှစ်ဦးမှာ ဇူယွမ်အား အေးစက်စွာ ကြည့်ရှုလိုက်သည်။
“တော်တော် ဆိုးရွားတဲ့အကောင်ပဲ။ ငါမင်းကို အလွတ်မပေးနိုင်ဘူး”
ဝမ့်ချီမှာ ဒေါသထွက်နေဟန်ဖြင့် ရေရွတ်လိုက်ပြီးနောက် လက်များကို ဆန့်ထုတ်ကာ ပြင်းထန်လှသော စွမ်းအင်လှိုင်းများကို ပေါက်ကွဲထွက်ပေါ်စေလိုက်၏။
ယန်ရွှမ်းမှာ ရှုံးနိမ့်သွားရပြီ ဖြစ်သောကြောင့် အခြေအနေများကို ဆက်လက် ကိုင်တွယ်နိုင်ရန်အတွက် ဇူယွမ်အား သတ်ပစ်ရန်သာ ရှိတော့သည်။
ဝှစ် ...
ဝမ့်ချီမှ လှုပ်ရှားရန် ဟန်ပြင်လိုက်စဥ်မှာပင် လှပသောပုံရိပ်တစ်ခုမှ တားဆီးလာခဲ့၏။ ထို့နောက် အေးခဲလှသော စွမ်းအင်ဖိအားများကို ခံစားလိုက်ရပေသည်။
ဝမ့်ချီမှာ ထိုသို့ သေစေနိုင်လောက်သော စွမ်းအင်များအား လျစ်လျုရှုထားရန် မဝံ့ရဲပါချေ။ ထို့ကြောင့် စွမ်းအင်များကို အသုံးပြုကာ လျင်မြန်စွာပင် တုံ့ပြန်လိုက်ရ၏။
ဝုန်း ...
ချီစွမ်းအင်များ တွေ့ဆုံသွားခဲ့ပြီးနောက် ဝမ့်ချီမှာ အနောက်သို့ ပေအနည်းငယ်မျှ လွင့်စဉ်သွားရသည်။ ဝမ့်ချီမှာ မော့ကြည့်လိုက်သောအခါတွင် သူ၏ရှေ့၌ ပိတ်ဆို့နေလျက်ရှိသော လီချင်းချန်၏ လှပသောပုံရိပ်လေးအား တွေ့ရှိလိုက်ရ၏။
“ရွေးချယ်ခံ တပည့်တစ်ယောက်က ရွေးချယ်ခံတပည့် အချင်းချင်းနဲ့ပဲ တိုက်ခိုက်သင့်တယ်ဆိုပြီး နင်ပဲပြောခဲ့တာမလား”
လီချင်းချန်မှ အေးစက်စွာ ပြုံး၍ပြောလိုက်သည်။
ဝမ့်ချီမှာ အလွန်အမင်း ဒေါသထွက်လာဟန်ဖြင့် အော်ဟစ်လိုက်၏။
“ဖယ်ပေးစမ်း”
“နင့်မှာအရည်အချင်းရှိရင် ငါ့ကိုဖြတ်ကျော်သွားလေ”
လီချင်းချန်၏ ခန္ဓာကိုယ်ထက်မှ အေးခဲလှသော ချီစွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ လီချင်းချန်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဝမ့်ချီအား ကြည့်လိုက်၏။
လီချင်းချန်ကဲ့သို့ အေးစက်စက်နိုင်လှသော သူသည်ပင်လျှင် ဝမ့်ချီ၏ စိတ်ဆိုးဒေါသထွက်နေသော အမူအရာအား ကျေနပ်အားရနေမိသည်။ သူမ၏ မကျေနပ်မှုများအားလုံး လျော့ပါးသွားသည်ဟုပင် ခံစားရ၏။
လီချင်းချန်မှာ ဆက်သွယ်ရေး ကျောက်စိမ်းပြားအား ထိကာ စကားဆိုလိုက်သည်။
“အရမ်းတော်တယ် ဇူယွမ်။ နင်အဆင်ပြေရဲ့လား”
လီချင်းချန်၏အသံမှာ လွန်စွာပင် နူးညံ့သိမ်မွေ့နေ၏။
ယောင်ယောင်၏ တောင်းဆိုမှုကြောင့် လီချင်းချန်မှာ ဇူယွမ်အား ကောင်းကင်အဆင့်တာဝန်သို့ မဖြစ်ဖြစ်အောင် ခေါ်ဆောင်လာခဲ့ရပြီး များစွာသော ဖိအားများကို ရင်ဆိုင်ခဲ့ရသည်။ အကြီးအကဲဝူဆိုလျှင် သူမ၏ရွေးချယ်ခံဟူသော အဆင့်အတန်းအား လေးစားသဖြင့် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပါသော်လည်း ဇူယွမ်အား ဗဟိုချက်ဒေသ၏ အပြင်ဖက်၌သာ တာဝန်ချပေးခဲ့၏။
ထိုအကြောင်းအရာများက သူမအား စိတ်အလိုမကျ ဖြစ်စေခဲ့သည်။
လီချင်းချန်မှာ ထိုဖိအားများအား မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပဲ တိတ်တဆိတ်သာ နေခဲ့ရ၏။ ထို့ကြောင့် လီချင်းချန်၏ စိတ်ထဲ၌ မကျေနပ်မှုများ ဖြစ်ပေါ်နေခဲ့ရပြီး ဇူယွမ့်ကိုပင် အေးစက်စွာ ဆက်ဆံနေမိခဲ့သည်။
ယခုအချိန်၌ ထိုစိတ်ခံစားချက်များ အားလုံးမှာ ယန်ရွှမ်းရှုံးနိမ့်သွားခြင်းနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
လီချင်းချန်မှာ မျှော်လင့်ချက်များ ပျောက်ဆုံးသွားရချိန်၌ လူတိုင်းမှ နှိမ်ချဆက်ဆံနေခဲ့သော ဇူယွမ်မှာ မယုံနိုင်စရာ ကောင်းလောက်အောင် ယန်ရွှမ်းအား အနိုင်ယူနိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
လီချင်းချန်မှာ အဝေးမှ ဇူယွမ်၏ပုံရိပ်အား ငေးကြည့်နေရင်းဖြင့် နှလုံးခုန်နှုန်းများပင် အနည်းငယ် မြန်ဆန်လာရသည်။ ယောင်ယောင်မှာ အဘယ့်ကြောင့် ဇူယွမ်အား အမြဲတစေ ယုံကြည်နေရသည်ကို သူမအခုမှ နားလည်လာမိ၏။
ဇူယွမ်မှာ ဆိုးရွားလှသော အခြေအနေများအတွင်း အမြဲတစေ အလှည့်အပြောင်းများကို ပြုလုပ်နိုင်ခဲ့သည်။
ဇူယွမ်မှာ မူလစဦး စတုတ္ထအဆင့်သာ ရှိသေးပြီး အလွန်သန်မာသည်ဟု မထင်မှတ်ရပါသော်လည်း အံ့အားသင့်စရာကောင်းသော ဝှက်ဖဲများ အမြဲလိုလို ရှိနေတက်၏။
လီချင်းချန်၏ မျက်ဝန်းများမှာ သိလိုစိတ်ပြင်းပြသော အရိပ်အယောင်များ ယှက်သန်းလာရသည်။
ဒီကောင်လေးဆီမှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေတာလဲ ...။
***
မီးတောင်ဝ၌ …
လူတိုင်းမှာ ဇူယွမ်နှင့်ယန်ရွှမ်းတို့၏ တိုက်ပွဲရလဒ်ကြောင့် အလွန်ပင် အံ့အားသင့်နေကြရ၏။
“တော်လိုက်တဲ့ကောင်လေး”
အကြီးအကဲဝူမှာ ပေါင်ကိုပုတ်ကာ အလွန်အမင်း ပျော်ရွှင်နေဟန်ဖြင့် ရေရွတ်လိုက်သည်။ အကြီးအကဲဝူမှာ မြင့်မြတ်သော နန်းတော်ထံ၌ ရှုံးနိမ့်သွားရမည့် အခြေအနေအား လက်ခံနိုင်ရန်အထိပင် ပြင်ဆင်ထားခဲ့ပါသော်လည်း မျက်စိတစ်မှိတ် အတွင်း၌ပင် အခြေအနေများ အားလုံး ပြောင်းလဲသွားခဲ့၏။
အကြီးအကဲဝူမှာ အလွန်အမင်း ဒေါသထွက်နေဟန်ရှိသော မြင့်မြတ်သောနန်းတော်မှ အကြီးအကဲအား ကြည့်ရှုလိုက်သည်။ မြင့်မြတ်သောနန်းတော်၏ အကြီးအကဲမှာ စိတ်မထိန်းထား နိုင်တော့ဟန်ဖြင့် ဒေါသထွက်စွာ အော်ဟစ်လိုက်၏။
“ဒါမဖြစ်နိုင်ဘူး။ မင်းတို့ ကန်ရွှမ်းကလန်က ကလိမ်ကကျစ်ကျတာပဲနေမှာ”
အကြီးအကဲဝူမှာ မည်သည့်စကားမှ ပြန်လည် တုံ့ပြန်မနေတော့ဘဲ မြင့်မြတ်သောနန်းတော်၏ အကြီးအကဲအား မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။
ဇူယွမ်နှင့်ယန်ရွှမ်းအကြားရှိ ကျင့်ကြံရေးအဆင့်မှာ များစွာ ကွာခြားလှပါသော်လည်း ဇူယွမ်မှာ မဖြစ်နိုင်မှုများကို ဆန့်ကျင်၍ အနိုင်ရယူနိုင်ခဲ့၏။ ထိုအဓိပ္ပါယ်မှာ မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ အသုံးကျခြင်းမရှိဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
အကြီးအကဲဝူမှာ စွမ်းအင်မှန်ချပ်အား ကြည့်ရှုကာ အမူအရာများ ပျော့ပျောင်း သွားပြီးနောက် ပြုံးကာရေရွတ်လိုက်၏။
“ငါဒီတစ်ခါ တော်တော် အမြင်မှားသွားတယ်။ ဒီကောင်လေးက သူ့ရဲ့စွမ်းရည်တွေကို သေချာ ဖုံးကွယ်ထားခဲ့တာပဲ”
“ပြန်ရောက်တဲ့အခါကြရင် ဒီကောင်လေးကို အကောင်းဆုံး မှတ်ချက်ပေးရမယ်”
ပထမ၌ အကြီးအကဲဝူမှာ ဇူယွမ်အား အပိုလူဟုသာ ယူဆခဲ့ပြီး အနည်းငယ်မျှပင် အာရုံမစိုက်ထားခဲ့ချေ။ သို့သော် ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာအား ကယ်တင်ပေးခဲ့သူမှာ အကြီးအကဲဝူ အရေးပင်မစိုက်ခဲ့သော ထိုဇူယွမ်ဆိုသည့်ကောင်လေးသာ ဖြစ်နေခဲ့ပေသည်။
အကြီးအကဲဝူမှာ မြင့်မြတ်သောနန်းတော်၏ အရှက်ခွဲခြင်းအား ခံယူရမည်ထက်စာလျှင် ဇူယွမ်အား မှားယွင်းစွာ ယူဆမိခဲ့သည်ဟူသော အချက်ကိုသာ အကြိမ်ကြိမ်အခါခါ ဝန်ခံလိုက်မည် ဖြစ်၏။
***
လီချင်းချန်၏အသံအား ကြားလိုက်ရသောအခါမှသာ ဇူယွမ်မှာ အသိစိတ်ပြန်ဝင်လာခဲ့သည်။ ထို့နောက် ဇူယွမ်မှာ ထိပ်တိုက် ရင်ဆိုင်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိနေသော လက်မောင်းအား ကြည့်ရှုလိုက်၏။ ဇူယွမ်၏ လက်မောင်းမှာ အစိမ်းရင့်ရောင်များ ခပ်မှိန်မှိန်လင်းလက်နေကာ အသွေးအသားများ လျင်မြန်စွာပင် ပြန်လည်ဖြစ်ပေါ်နေခဲ့သည်။
ထိုက်ရိအမှတ်အသားမှာ ပြီးပြည့်စုံခြင်း မရှိသေးပါသော်လည်း လွန်စွာပင် အံ့အားသင့်စရာ ကောင်းလှပြီဖြစ်၏။ ဇူယွမ်၏ ပြန်လည်ကောင်းမွန်ခြင်း စွမ်းရည်မှာ အခြားသော ကျင့်ကြံသူများထက် များစွာသာလွန်နေခဲ့ပြီ ဖြစ်သည်။
ဇူယွမ်မှာ လက်မောင်းတစ်ဖက် မရှိတော့သည့် ယန်ရွှမ်းအား ငေးမောကြည့်ရှုလိုက်၏။ ယန်ရွှမ်းမှာ တိုက်ခိုက်ရန် အလွန်ခက်ခဲသော ရန်သူတစ်ဦးဖြစ်ကာ ငွေအရိပ်ကိုပင် ထုတ်ယူသုံးစွဲခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ငွေအရိပ်အား မည်သူကမှ သေချာစွာ မတွေ့ရှိသွားကြချေ။ ငွေအရိပ်မှာ ဇူယွမ်၏ တန်ဖိုးကြီးမားသော ဝှက်ဖဲတစ်ခုဖြစ်ပြီး ကလန်အတွင်း၌ တစ်ခါမျှပင် မသုံးစွဲခဲ့ဖူးပေ။ ထို့ကြောင့် သိရှိသူနည်းလေ ပို၍ကောင်းမွန်လေပင် ဖြစ်၏။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ကာ ချီစွမ်းအင်များကို တည်ငြိမ် စေလိုက်ပြီးနောက် ဆက်သွယ်ရေး ကျောက်စိမ်းပြားအားထိကာ ပြန်၍ပြောလိုက်သည်။
“ကျွန်တော်အဆင်ပြေပါတယ်”
“ကောင်းတယ်။ အခုယန်ရွှမ်းက ရှုံးသွားပြီဆိုတော့ နင်တို့တွေအားလုံး ငါတို့ရဲ့ပိုင်နက်တွေကို ပြန်သိမ်းသင့်ပြီ”
“ပိုင်လီ၊ ချင်းဟိုင်နဲ့ တခြားသူတွေအားလုံးကို ဇူယွမ်က ဦးဆောင်ပြီး ပိုင်နက်တွေ သိမ်းပိုက်ဖို့လုပ်ကြ။ ငါတို့ကဒီမှာ ရွေးချယ်ခံနှစ်ယောက်ကို ထိန်းပေးထားမယ်”
လီချင်းချန်မှ ဇူယွမ်အား အမိန့်ပေးလိုက်၏။
အတိတ်ကာလများ၌ ထိုသို့အမိန့်ပေးခဲ့ပါက မည်သူကမှ လက်သင့်ခံလိမ့်မည်မဟုတ်ပေ။ သို့သော် ဇူယွမ်မှ ယန်ရွှမ်းအား အနိုင်ယူလိုက်ပြီးသည့် အချိန်မှစ၍ မည်သူကမှ ဇူယွမ်အား အထင်အမြင်မသေးရဲတော့ပါချေ။
ပိုင်လီတို့အားလုံး စုပေါင်း တိုက်ခိုက်ခဲ့သည်တောင်မှ ယန်ရွှမ်းအား မတားဆီးနိုင်ခဲ့ပါသော်လည်း ဇူယွမ်မှာ တစ်ဦးတည်းဖြင့် ယန်ရွှမ်းအား အနိုင်တိုက်နိုင်ခဲ့သည်။ ဤမျှနှင့်ပင် ဇူယွမ်ကွယ်ဝှက်ထားသော တိုက်ပွဲစွမ်းရည်များအား သိရှိနိုင်၏။
ဇူယွမ်၏ အရည်အချင်းမှာ ကန်ရွှမ်းကလန်၌ သက်ဆိုင်ရာတောင်ထွတ်၏ တပည့်ခေါင်းဆောင်နေရာ ရရှိရန်ပင် ထိုက်တန်နေပြီ ဖြစ်သည်။
သို့သော် ကန်ရွှမ်းကလန်၌ ရှိစဥ်ကာလများအတွင်း ဇူယွမ်မှာ ဤမျှလောက် သန်မာခြင်းမရှိခဲ့ပေ။ ခရမ်းရောင်ခါးစည်း ရွေးချယ်ခြင်းပြိုင်ပွဲ၌ ဇူယွမ်မှာ မူလစဦး သတ္တမအဆင့်ရှိသည့် ရှုယန်ကိုပင် ကိုင်တွယ်ခြင်း မပြုနိုင်ခဲ့သည်မှာ ထင်ရှားလှ၏။
ဇူယွမ်မှာ ခေါင်းတညိတ်ညိတ်ဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆွဲကိုင်ကာ ပိုင်လီတို့ထံသို့ သွားလိုက်သည်။
ပိုင်လီတို့အုပ်စုမှာ ယခင်ကကဲ့သို့ ဇူယွမ်အား အရေးမစိုက်သော အမူအရာများ ရှိမနေတော့ပဲ မျက်ဝန်းများ၌ ကြောက်ရွံ့မှုနှင့် လေးစားမှု အရိပ်အယောင်များ ရှိနေခဲ့၏။
“လူတိုင်း တိုက်ခိုက်ဖို့ အားရှိသေးတယ်မလား”
ဇူယွမ်မှ ရီမောကာ မေးလိုက်သည်။ ပိုင်လီတို့မှ ခေါင်းညိတ်ပြသောအခါ ဇူယွမ်မှာ ကြောက်ရွံ့ထိတ်လန့်နေသော မြင့်မြတ်သောနန်းတော်၏ တပည့်များအား ကောင်းကင်ဘုံ ယွမ်စုတ်တံဖြင့် ချိန်ရွယ်လိုက်၏။
“အဲဒါဆိုရင် ကျွန်တော်တို့ရဲ့ ပိုင်နက်တွေကို ပြန်ပြီး သိမ်းပိုက်လိုက်ရအောင်”
ပိုင်လီမှာ ဇူယွမ်အား ငေးမော ကြည့်ရှုလိုက်မိသည်။ ပထမဆုံးအကြိမ်အဖြစ် ဇူယွမ့်အပေါ်၌ အထင်အမြင်သေးသော စိတ်များ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်၏။