← Chapters

ပြီးပြည့်စုံသောအောင်မြင်မှု

Vol. 31 Ch. 430

ပြီးပြည့်စုံသောအောင်မြင်မှု

Vol. 31 Ch. 430

ယန်ရွှမ်း၏ ရှုံးနိမ့်သွားမှုက မီးလျှံအဆီအနှစ် သွေးကြောနယ်မြေအတွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

ယန်ရွှမ်းမှလွဲ၍ ကျန်ရှိသော မြင့်မြတ်သောနန်းတော်၏ တပည့်များနှင့် ကန်ရွှမ်းကလန်၏ တပည့်များမှာ စွမ်းရည်တူညီကြ၏။ သို့သော် ကန်ရွှမ်းကလန်တွင်လည်း ယန်ရွှမ်းကဲ့သို့ ထူးခြားသူ ရှိနေလိမ့်မည်ဟု မည်သူကမှ ခန့်မှန်းမထားခဲ့ချေ။

မည်သူကမှ အလေးမထားပဲ လျစ်လျူရှုထားခဲ့သော ဇူယွမ်မှာ ယန်ရွှမ်းထက်ပင် အဆပေါင်းများစွာ ပို၍သာလွန်သူ ဖြစ်နေလေသည်။

ယန်ရွှမ်း ရှုံးနိမ့်သွားပြီးသည့်နောက်တွင် စိတ်ဓာတ်ကျဆင်း​နေသော မြင့်မြတ်သောနန်းတော်မှ တပည့်များကို ဇူယွမ်ဦးဆောင်သည့် ကန်ရွှမ်းကလန်၏အဖွဲ့က အလွယ်တကူပင် အနိုင်ယူခဲ့၏။

မြင့်မြတ်သောနန်းတော်မှ သိမ်းယူသွားခဲ့သော မီးလျှံအဆီအနှစ် ပိုင်နက်နယ်မြေများအား ဇူယွမ်တို့မှ အဆက်မပြတ် ပြန်လည်သိမ်းယူလေတော့သည်။

ထိုသို့နှင့် ကန်ရွှမ်းကလန်၏ အုပ်စုမှာ မိုင်ရှစ်ရာကျော်အထိ သိမ်းပိုက်နိုင်ခဲ့ပြီး မြင့်မြတ်သောနန်းတော်၏ပိုင်နက်မှာ မိုင်သုံးရာဝန်းကျင်မျှသာ ကျန်ရှိတော့၏။

မြင့်မြတ်သောနန်းတော်မှာ ကန်ရွှမ်းကလန်အား ဆိုးရွားစွာ ရှုံးနိမ့်နေရခြင်းပင် ဖြစ်သည်။

လီချင်းချန်တို့နှင့် တိုက်ခိုက်နေရသော ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့၏ အမူအရာမှာ ပိုမိုခက်ထန်လာရ၏။

ရွေးချယ်ခံများ အကြားရှိ တိုက်ပွဲမှာ ဇူယွမ်နှင့် ယန်ရွှမ်းတို့၏ တိုက်ပွဲထက် များစွာ ပြင်းထန်ပေသည်။ အဆက်မပြတ် ဖြစ်ပေါ်နေသော စွမ်းအင်လှိုင်းဂယက်များမှာ နဂါးတစ်ကောင် မာန်ဖီနေသည့်အလား ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေလျက် ရှိ၏။

သို့သော် နှစ်ဦးနှစ်ဖက်လုံး၏ စွမ်းအင်များမှာ မျှတနေသည့်အပြင် မည်သူမှလည်း အသက်ကို စွန့်လွှတ်ရန်အထိ ဆန္ဒမရှိကြသောကြောင့် တိုက်ပွဲရလဒ်မှာ မသဲကွဲပဲ သရေအဖြစ်သာ အဆုံးသတ်သွားရသည်။

မည်သို့ပင် ဆိုစေကာမူ မြင့်မြတ်သောနန်းတော်မှာ မီးလျှံအဆီအနှစ် သွေးကြောနယ်မြေအတွက် များစွာသော ကြိုတင်ကြံစည်မှုများ ပြုလုပ်ထားခဲ့သည်မှာ ထင်ရှားလှ၏။

အဝေးတစ်နေရာမှ စောင့်ကြည့်နေလျက်ရှိသော ဖန်းရင်နှင့် မြောက်ပိုင်းနဂါး ပင်လယ်ခန်းမ၏ ရွေးချယ်ခံတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်မိလိုက်ကြသည်။

ဖြစ်ပေါ်ခဲ့သော အခြေအနေများမှာ သူတို့ခန့်မှန်းထားသည်ထက် များစွာကျော်လွန်နေခဲ့၏။

“ဇူယွမ်ဆိုတဲ့ကောင်လေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ” ဖန်းရင်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။ ဖန်းရင်မှာ ပထမ၌ ဇူယွမ်အား အတွေ့အကြုံရရှိရန် လိုက်ပါလာခဲ့သော တပည့်အသစ် တစ်ယောက်ဟုသာ ယူဆထားခဲ့ပြီး ကျိုးချူးချင်ယုနှင့် ရင်းနှီးနေသောကြောင့်သာ မှတ်မိနေခဲ့ခြင်း ဖြစ်၏။

ကန်ရွှမ်းကလန်၏ အဖွဲ့အတွင်း၌ပင် မည်သူမှ အလေးထားခြင်း မခံရသော ထိုဇူယွမ်ဟူသည့် ကောင်လေးမှ အခြေအနေများ အားလုံးကို ပြောင်းလဲပစ်နိုင်လိမ့်မည်ဟု ဖန်းရင်အနေနှင့် မည်သို့မှ မထင်မှတ်ထားမိချေ။

ဇူယွမ်၏တိုက်ပွဲစွမ်းရည်နှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့မှာ အမှန်တကယ်ပင် အံ့အားသင့် ရလောက်ပေသည်။

“ကန်းမင်တိုက်ကြီးက တကယ်ကို ထူးချွန်တဲ့လူငယ်တွေ မွေးထုတ်ပေးနေတာပဲ”

ဖန်းရင်မှ သက်ပြင်းချကာ ရေရွတ်လိုက်၏။ ဇူယွမ်အားမဆိုထားနှင့် ကျိုးချူးချင်ယုနှင့် လုလျိုတို့သည်ပင် လွန်စွာအရည်အချင်းပြည့်ဝသော မိန်းမငယ်များဖြစ်ကြပြီး အနာဂတ်တွင် အလှပန်းတစ်ရာနန်းတော်မှ အားထားရသူများ ဖြစ်လာကြမည်မှာ မလွဲမသေပင် ဖြစ်သည်။

“မြောက်ပိုင်းနဂါး ပင်လယ်ခန်းမမှာလည်း ကန်းမင်တိုက်ကြီးကလာတဲ့ နင်ကျန်းဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ အဲဒီကောင်လေးကလည်း အရမ်းထူးချွန်တဲ့သူပဲ”

မြောက်ပိုင်းနဂါးပင်လယ်ခန်းမ၏ ရွေးချယ်ခံမှ စကားဆိုလိုက်၏။

ထိုစကားအား ကြားလိုက်ရသောအခါ၌ ဖန်းရင်မှာ အတော်ပင် အံ့အားသင့် သွားရသည်။ အတိတ်ကာလများ၌ ဝေးလံခေါင်ဖျားသော ကန်းမင်ကဲ့သို့ တိုက်မျိုးမှ ပေါ်ထွက်လာခဲ့သော ပါရမီရှင်များမှာ လွန်စွာနည်းပါးလှ၏။ ထို့ကြောင့် ယခုကဲ့သို့ ထူးချွန်သူများ တစ်စုတစ်စည်းတည်း ထွက်ပေါ်လာလိမ့်မည်ဟု ဖန်းရင်တစ်ခါမှ မထင်မှတ်ထားခဲ့ချေ။

“ကန်းမင်တိုက်ကြီးက ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံနေသလိုပါပဲလား”

ဖန်းရင်မှ သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ ကန်ရွှမ်းကလန်မှာ မိုင်ရှစ်ရာခန့်အား သိမ်းပိုက်ထားနိုင်ခဲ့ပြီး အကြီးမားဆုံးပိုင်နက်ကို ရယူထားနိုင်ခဲ့၏။

တခြားတစ်ဖက်တွင်မူ မြင့်မြတ်သောနန်းတော်မှာ မိုင်သုံးရာမျှသာ ရရှိနိုင်ခဲ့ကာ အလွန်ပင် အရှက်တကွဲ ​ဖြစ်ခဲ့ရပေသည်။

ထို့အပြင် အံ့အားသင့်စရာ အကောင်းဆုံးမှာ ထိုသို့အလှည့်အပြောင်းများအား ပြုလုပ်နိုင်ခဲ့သူမှာ ရွေးချယ်ခံတပည့် မဟုတ်ဘဲ ကန်ရွှမ်းကလန်၏ သာမန်တပည့်တစ်ဦးသာ ဖြစ်နေခဲ့၏။

ဖန်းရင်မှာ အကြောများကို ဆန့်ထုတ်လျက် ပျင်းရိစွာ ပြောလိုက်သည်။

“နောက်ဆုံးတော့လည်း ပြီးသွားပြီပေါ့”

***

မြင့်မြတ်သောနန်းတော်၏ ရွေးချယ်ခံနှစ်ဦးအား လီချင်းချန်နှင့် ကျောင်းဇူမှ တားဆီးထားခဲ့သောကြောင့် မြင့်မြတ်သောနန်းတော်မှ တပည့်များမှာ ဇူယွမ်ဦးဆောင်သော ကန်ရွှမ်းကလန်၏အဖွဲ့အား အသာစီးရနိုင်ခြင်း မရှိဘဲ တပ်ဆုတ်နေခဲ့ရ၏။

အဆုံးတွင် ဇူယွမ်တို့အုပ်စုမှ မိုင်ရှစ်ရှာပတ်လည်၌ အလံတိုင်ရှစ်ခုကို စိုက်ထူနိုင်ခဲ့လေသည်။ ထိုခမ်းနားထည်ဝါသော မြင်ကွင်းမှာ မဟူရာမီးတောက်စီရင်စု အတွင်းမှ ဒေသခံအဖွဲ့များကိုပါ အထင်ကြီး လေးစားသွားစေခဲ့၏။

ယခုတွင်မူ ၎င်းမိုင်ရှစ်ရာပတ်လည်အား မည်သူကမှ လာရောက် ထိပါးရဲတော့မည် မဟုတ်ပေ။

မီးလျှံအဆီအနှစ် သွေးကြောနယ်မြေအား ရယူသိမ်းပိုက်ရန် သတ်မှတ်ထားသော အချိန်ပြည့်ခါနီးသည်နှင့်အမျှ ဝမ့်ချီနှင့် ကောင်းကျင့်ဇူတို့၏ အမူအရာမှာ ပိုမိုခက်ထန်လာရသည်။ အနိုင်ရရန် သေချာနေခဲ့သော တိုက်ပွဲ၌ မျက်စိတမှိတ်စာမျှသော အချိန်လေးအတွင်း အလှည့်အပြောင်းများစွာ ဖြစ်ပေါ်သွားလိမ့်မည်ဟု သူတို့တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။

ဝမ့်ချီနှင့် ကောင်းကျင့်ဇူမှာ အေးစက်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်၏။

ထို့နောက် ဝမ့်ချီမှာ လီချင်းချန်အားကြည့်၍ အေးစက်စက် စကားဆိုလိုက်သည်။

“အဟက် ... လီချင်းချန် မင်းတို့ကန်ရွှမ်းကလန်က ဒီတစ်ခေါက် ကံကောင်း သွားတယ်မှတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြင့်မြတ်သော နန်းတော်က ဒီကိစ္စကို မေ့လိုက်မယ်မထင်နဲ့”

“အရှုံးသမားတစ်ယောက်ရဲ့ စကားကို ကြောက်နေစရာ အကြောင်းမရှိဘူး”

လီချင်းချန်မှ တည်ငြိမ်စွာ ပြန်၍တုံ့ပြန်လိုက်၏။

ဝမ့်ချီမှ ခပ်ဖွဖွ ရယ်မောလိုက်သည်။

“ဟားဟား ... အရမ်းလည်း ပျော်မနေပါနဲ့ဦး။ ဒီသွေးကြောနယ်မြေထဲက တိုက်ပွဲဆိုတာ ဘာမှပြောပလောက်တဲ့ အရာမဟုတ်ဘူး။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဖွင့်မဲ့ အချိန်ကြရင်သာ မင်းရီနိုင်ပါစေလို့ ငါဆုတောင်းပေးတယ်”

လီချင်းချန်မှ မျက်မှောင်ကြုတ်ကာ ပြန်၍ပြောလိုက်၏။

“ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ နင်နဲ့ငါတွေ့ခဲ့ရင် အဲဒီနေ့က နင်သေမယ့်နေ့ပဲ”

ဝမ့်ချီမှ လှောင်ပြောင်လိုဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

“လွန်ခဲ့တဲ့နှစ်တွေအတွင်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲ သေသွားတာတွေက မင်းတို့ ကန်ရွှမ်းကလန်ကချည်းပဲနော်”

လေထုသည် လွန်စွာတင်းမာလာခဲ့ပြီး သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

ထို့နောက် ဝမ့်ချီနှင့် ကောင်းကျင့်ဇူမှာ ခက်ထန်နေသော အမူအရာဖြင့် အဝေးသို့ ပျံသန်းသွားလေတော့သည်။

လီချင်းချန်နှင့် ကျောင်းဇူတို့မှာလည်း ဇူယွမ်တို့အုပ်စုရှိရာသို့ ထွက်ခွာလာခဲ့၏။

ရွေးချယ်ခံနှစ်ဦးအား မြင်လိုက်သည်နှင့်တကွ ချင်းဟိုင်နှင့် ပိုင်လီတို့မှာ မတ်တပ်ရပ်၍ အရိုအသေပြုလိုက်ကြသည်။

လီချင်းချန်မှာ ဇူယွမ်အားကြည့်၍ နူးညံ့စွာ ပြုံးလိုက်၏။ သူမ၏အပြုံးမှာ အေးခဲနေသော ကန်ငယ်အတွင်း၌ ပဒုမ္မာကြာပန်းလေး ဖူးပွင့်လာသကဲ့သို့ အလွန်ပင် ကျက်သရေရှိလှသည်။

“ဇူယွမ် ဒီတစ်ခါတော့ ငါတို့နင့်ကို ကျေးဇူးတင်ရတော့မယ်” လီချင်းချန်၏ မျက်ဝန်းများမှာ ကျေနပ်အားရမှုများနှင့် ပြည့်နှက်နေလျက် ဆက်၍ပြောလိုက်၏။

“ဒီတစ်ခေါက်တာဝန်အတွက် ခေါင်းဆောင်တံဆိပ်ပြားကို နင်ပဲရသင့်တယ်”

လီချင်းချန်၏ဘေးတွင်ရှိနေသော ကျောင်းဇူမှာ အလွန်ပင် အမူအရာ ပျက်ယွင်းသွားရသည်။ မည်သို့ပင်ဆိုစေကာမူ ဓားကပ်ဘေးတောင်ထွတ်နှင့် ဇူယွမ်မှာ ကောင်းမွန်သောဆက်ဆံရေး မရှိသည့်အတွက် ထိုကိစ္စအား ကျောင်းဇူမှ လက်သင့်မခံနိုင်ပေ။ ထို့ကြောင့် ကျောင်းဇူမှ ဝင်၍ပြောလိုက်၏။

“စီနီယာအစ်မတော်လီ ခေါင်းဆောင်တံဆိပ်ပြားကို ဘယ်သူရသင့်လဲဆိုတာ အကြီးအကဲဝူက ဆုံးဖြတ်ပါလိမ့်မယ်”

အတိတ်ကာလများ၌ ခေါင်းဆောင်တံဆိပ်ပြားအား ကောင်းကင်အဆင့်တာဝန်အား ဦးဆောင်သော ခေါင်းဆောင်နှစ်ဦးမှ ခွဲဝေရယူလေ့ရှိကြသည်။ အကယ်၍ ဇူယွမ့်ကိုသာ ခေါင်းဆောင်တံဆိပ်ပြား ပေးအပ်လိုက်ပါက လီချင်းချန်နှင့် ကျောင်းဇူမှာ ၎င်းတံဆိပ်ပြားအား မရရှိနိုင်တော့ချေ။

ကျောင်းဇူ၏စကားအား ကြားလိုက်ရသောအခါ၌ ပိုင်လီမှာ ကူကယ်ရာမဲ့စွာဖြင့် ဝင်ရောက် ပြောဆိုလိုက်၏။

“ဇူယွမ်ကြောင့်သာ မဟုတ်ရင် ဒီတာဝန်လည်း အောင်မြင်မှာမဟုတ်ဘူး။ အဲဒီလိုသာဖြစ်ခဲ့ရင် အခုလိုမျိုး တံဆိပ်ပြားတွေအကြောင်းတောင် ပြောလို့ရမယ်ထင်နေလား”

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ အတော်ပင် ကသိကအောက် ဖြစ်နေရပေသည်။ ဇူယွမ်၏ လုပ်ဆောင်ချက်များကြောင့် ခေါင်းဆောင်တံဆိပ်ပြား ရရှိမည့်ကိစ္စကို မငြင်းပယ်လိုပါသော်လည်း သူတို့မှာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များလည်း ဖြစ်နေရသောကြောင့် လက်သင့်ခံလိုက်ရန်လည်း ခက်ခဲနေရ၏။

လီချင်းချန်မှ တည်ငြိမ်စွာပင် ပြန်၍ပြောလိုက်သည်။

“ငါဒီကိစ္စကို အကြီးအကဲဝူဆီ တင်ပြသွားမှာပါ။ ဂျူနီယာမောင်တော်ကျောင်းဇူ စိုးရိမ်နေဖို့ မလိုပါဘူး”

ကျောင်းဇူမှာ အလွန်အမင်း ဒေါသထွက်နေရ၏။ အဖွဲ့ထဲတွင်ရှိနေသော မည်သည့်တပည့်မှ ငြင်းပယ်ခြင်း မပြုသည်ကို ကြည့်ရှုရခြင်းဖြင့် အားလုံးမှာ ဇူယွမ်အား လက်ခံသွားကြပြီဖြစ်ကြောင်း သိရှိနိုင်ပေသည်။

ကျောင်းဇူမှာ တည်ငြိမ်နေသော ဇူယွမ်၏အမူအရာအား ကြည့်ရင်း ပို၍ဒေါသဖြစ်လာရ၏။ ပထမ၌ ကျောင်းဇူမှာ ကောင်းကင်အဆင့် တာဝန်၌ ဇူယွမ်လိုက်ပါလာခြင်းအား ဆိုးရွားသော အဆုံးသတ်ဖြင့်သာ အရှက်တကွဲ ဖြစ်ရလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် ဇူယွမ်မှာ အဖွဲ့အတွင်း၌ တာဝန်အား အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်သည့်သူ ဖြစ်လာခဲ့၏။

ကောင်းကင်အဆင့်တာဝန်မှာ ဇူယွမ်အား အမြင့်သို့ ရောက်ရှိသွားစေလိမ့်မည်ဟု မည်သူကမှ မခန့်မှန်းထားခဲ့ပေ။

ဒေါင် ...

လီချင်းချန်တို့အုပ်စုမှ စကားစမြည် ပြောဆိုဆွေးနွေးနေစဉ်မှာပင် သွေးကြောဒေအတွင်း၌ ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုအား ကြားလိုက်ရသည်။ ထိုအသံအား ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကန်ရွှမ်းကလန်မှ တပည့်များ၏ မျက်နှာမှာ သက်တောင့်သက်သာ ဖြစ်သွားကြလေတော့၏။

ထိုခေါင်းလောင်းသံမှာ တိုက်ပွဲပြီးဆုံးကြောင်း ကြေညာသည့် အသံပင်ဖြစ်သည်။

ထို့အပြင် ...

မီးလျှံအဆီအနှစ် သွေးကြောနယ်မြေအား ကန်ရွှမ်းကလန်မှ အကြီးမားဆုံး ရယူပိုင်ဆိုင်နိုင်ခဲ့၏။

ထို့ကြောင့် ယခုအကြိမ် ကောင်းကင်အဆင့် တာဝန်မှာ အလွန်ပင် ပြီးပြည့်စုံသော အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပေသည်။

All Chapters