← Chapters

တံဆိပ်ပြားခွဲဝေခြင်း

Vol. 31 Ch. 431

တံဆိပ်ပြားခွဲဝေခြင်း

Vol. 31 Ch. 431

မဟူရာမီးတောက်စီရင်စု၌ ဖြစ်ပေါ်ခဲ့သော မီးလျှံအဆီအနှစ်အား ခွဲဝေရယူသည့်တိုက်ပွဲ၌ ကန်ရွှမ်းကလန်မှ အကြီးမားဆုံး သိမ်းပိုက်နိုင်ခဲ့ပေသည်။

ယန်ရွှမ်းနှင့်ဇူယွမ်တို့၏ တိုက်ပွဲသတင်းသည်လည်း လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ ထို့ကြောင့် ယခုဆိုလျှင် မဟူရာမီးတောက်စီရင်စု တစ်ခုလုံးမှာ ကန်ရွှမ်းကလန်မှ ဇူယွမ်အမည်ရသော တပည့်လေးအား သိရှိနေကြပြီ ဖြစ်သည်။

ပထမ၌ လူတိုင်း အလေးမထားခဲ့သော လူငယ်လေးမှာ အနိုင်ရရန် သေချာနေခဲ့သော မြင့်မြတ်သော နန်းတော်အား တစ်ဦးတည်းဖြင့် ကိုင်တွယ်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့မိပေ။

ထို့အပြင် ဇူယွမ်၏ ကောင်းမွန်လှသော တိုက်ပွဲစွမ်းရည်​မှာလည်း လူတိုင်းအား အံ့အားသင့်စေခဲ့ရ၏။

ထိုအဖြစ်အပျက်များကြောင့် ကန်ရွှမ်းကလန်အား ပိုမို၍ ယုံကြည်လေးစား လာကြပေသည်။ ​လက်ရှိအချိန်၌ အားလုံး၏ အထွတ်အထိပ်တွင် ရှိနေသည်မှာ မြင့်မြတ်သော နန်းတော် ဖြစ်ပါသော်လည်း ကန်ရွှမ်းကလန်အား လျှော့တွက်၍မရနိုင်ပေ။

မဟူရာမီးတောက်စီရင်စု အတွင်းရှိ အုပ်စုများမှာ ပထမ၌ မြင့်မြတ်သော နန်းတော်၏ လက်အောက်ခံရန် တွေးတောထားခဲ့ပါသော်လည်း ယခုအချိန်တွင် ဆုံးဖြတ်ချက်ချရန် မဝံ့မရဲ ဖြစ်သွားခဲ့ရ၏။

ဇူယွမ်မှာ ယန်ရွှမ်းအား အနိုင်ရရှိ၍ မိုင်ရှစ်ရာခန့်သော သွေးကြောဒေသများကို သိမ်းယူနိုင်ခဲ့သည့် အကြောင်းအရာမှာ အပေါ်ယံမျှပင် ဖြစ်သည်။ အဓိက အချက်အလက်မှာ ထိုအဖြစ်အပျက်ကြောင့် မြင့်မြတ်သောနန်းတော်မှ မဟူရာမီးတောက်စီရင်စုအား သိမ်းယူရန် ခက်ခဲသွားခြင်းပင် ဖြစ်၏။

ဇူယွမ်၏အောင်မြင်မှုမှာ ပိုမိုရှုပ်ထွေးသော အ​ခြေအနေများကို ဖြစ်ပေါ်သွားစေခဲ့လေသည်။

***

မီးလျှံအဆီအနှစ် နယ်မြေအား သိမ်းပိုက်ခြင်းတိုက်ပွဲ ပြီးဆုံးသွားပြီးသည့်နောက် များစွာသော အုပ်စုအဖွဲ့များမှာ မဟူရာမီးတောက်မြို့တော်မှ အလျှိုလျှို ထွက်ခွာသွားကြ၏။ ထို့ကြောင့် မဟူရာမီးတောက်မြို့တော်မှာ တိတ်ဆိတ် ငြိမ်သက်နေသယောင် ရှိပေသည်။

ဇူယွမ်တို့အုပ်စုမှာ ပြင်းထန်သော တိုက်ပွဲများကို ​ရင်ဆိုင်ခဲ့ရသဖြင့် အလျင်စလို ထွက်ခွာခြင်းမပြုဘဲ ရက်အနည်းငယ်မျှ ဆက်လက် အနားယူနေကြ၏။

မဟူရာမီးတောက်မြို့တော် အတွင်းရှိ တည်းခိုဆောင်တစ်ခု၏ အပြင်ဘက်၌ ဇူယွမ်မှာ အရှေ့တွင်ရှိနေသော ကျိုးချူးချင်ယုအား ကြည့်ရှုလိုက်သည်။ ဇူယွမ်တို့၏အနီးတွင် အလှပန်းတစ်ရာ နန်းတော်မှ ဖန်းရင်နှင့် အခြားသောမိန်းမငယ်လေးများ ရှိနေကြ၏။

ဖန်းရင်တို့မှာ ယနေ့၌ အလှပန်းတစ်ရာ နန်းတော်သို့ ပြန်လည်ထွက်ခွာတော့မည် ဖြစ်သဖြင့် ဇူယွမ်မှာ ကျိုးချူးချင်ယုအား အထူးတလည် လာရောက်နှုတ်ဆက်ခြင်း ဖြစ်သည်။

“အစကတော့ငါက နင်နဲ့ငါနဲ့ကြားမှာရှိတဲ့ စွမ်းရည်ကွာခြားချက်ကို ဖယ်ပစ်လိုက်နိုင်ပြီလို့ ထင်နေတာ။ ဒါပေမဲ့ နင်ကတော့ အရင်လို ထူးခြားနေတုန်းပဲ။ မူလစဦး စတုတ္ထအဆင့်နဲ့တောင် အဋ္ဌမအဆင့် တစ်ယောက်​ကို အနိုင်ယူနိုင်နေပြီ” ကျိုးချူးချင်ယုမှ သက်ပြင်းချကာ စကားဆိုလိုက်၏။

“သူက အစစ်အမှန် မူလစဦး အဋ္ဌမအဆင့် မဟုတ်ပါဘူး” ဇူယွမ်မှ ပြုံး၍ ပြောလိုက်သည်။

ကျိုးချူးချင်ယုမှာ မျက်စောင်းထိုးလျက် ဇူယွမ်အား တုံ့ပြန်လိုက်၏။

“ဒါပေမဲ့ အရမ်းလည်း ပျော်မနေပါနဲ့ဦး။ ငါနဲ့လုလျိုက အလှပန်းတစ်ရာ နန်းတော်မှာ အရမ်းထူးချွန်ကြတာ။ တစ်ချိန်ချိန်ကြရင် နင့်ကိုမီလာမှာပဲ”

ဇူယွမ်မှ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ အလှပန်းတစ်ရာနန်းတော်သို့ ရောက်ရှိသည်မှာ မကြာမြင့်ပါသေးသော်လည်း ယခုကဲ့သို့ ကောင်းကင်အဆင့်တာဝန်၌ ပါဝင်လာရသည်ကို ကြည့်ခြင်းအားဖြင့် ကျိုးချူးချင်ယုမှာ မည်မျှပင်ထူးချွန်လှကြောင်း သိရှိနိုင်၏။

ဇူယွမ်တို့မှာ အချိန်အနည်းငယ်မျှ စကားစမြည် ပြောဆိုနေခဲ့ကြပြီးနောက် ကျိုးချူးချင်ယုမှ တိုးညင်းသောအသံဖြင့် စကားဆိုလိုက်သည်။

“​တတ်နိုင်သမျှ ကြီးမြတ်သော ဇူအင်ပါယာကို ကူညီပေးဖို့ ကျိုးချူးကလန်က ငါ့အဖေကို စာတစ်စောင် ပို့ထားတယ်”

ဇူယွမ်မှာ ဝူအင်ပါယာအား ရင်ဆိုင်နိုင်ရန်အတွက် ကန်ရွှမ်းကလန်သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ကျိုးချူးချင်ယုမှ သိရှိထားခဲ့၏။ သို့သော် ဝူဟောင်မှာ မြင့်မြတ်သောနန်းတော်သို့ ရောက်ရှိသွားသည့်အတွက် ကန်ရွှမ်းကလန်မှာ စည်းမျဉ်းများကို ချိုးဖောက်၍ ဇူယွမ်အား ကူညီပေးလိမ့်မည်မဟုတ်ပေ။

လက်ရှိအချိန်၌ ဇူအင်ပါယာမှာ ဝူအင်ပါယာထက် များစွာ အင်အားနည်းနေရဆဲပင် ဖြစ်သည်။ ကျိုးချူးကလန်မှာ ဝူအင်ပါယာအား ကြောက်ရွံ့ခြင်း မရှိပါသော်လည်း ပွင့်လင်းမြင်သာစွာဖြင့် ဝူဘုရင်အား ဆန့်ကျင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ကျိုးချူးချင်ယုမှာ ကြီးမြတ်သော ဇူအင်ပါယာအား တိတ်တဆိတ်သာ ကူညီထောက်ပံ့ပေးပါရန် တောင်းဆိုခဲ့၏။

ဇူယွမ်မှာ ဝူအင်ပါယာနှင့် ရင်ဆိုင်နိုင်ရန်အတွက် အချိန်များစွာ လိုအပ်နေသေးကြောင်း ကျိုးချူးချင်ယုမှ ကောင်းစွာ သိရှိနားလည်ထားပေသည်။

ဇူယွမ်မှာ ကျိုးချူးချင်ယု၏ ကြင်နာမှုနှင့် ကြီးမားလှသော အကူအညီအား ငြင်းပယ်ခြင်း မပြုတော့ဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

“ကျေးဇူးတင်ပါတယ် ဒီကူညီမှုကို အမြဲအမှတ်ရနေပါ့မယ်”

ယခုအချိန်၌ ဇူယွမ်မှာ အမှန်တကယ်ပင် အချိန်များစွာ လိုအပ်နေသေးသည်။

လက်ရှိအချိန်၌ ဝူဘုရင်မှာ နတ်ဘုံခမ်းဝါအဆင့်သို့ပင် ရောက်ရှိနေသူဖြစ်၏။ ထို့ကြောင့် ဇူယွမ်အနေဖြင်ဘ မည်သို့မှ အခွင့်အရေး မရရှိနိုင်ပေ။

ပို၍အရေးကြီးသော အချက်မှာ ဝူဟောင်သည် မြင့်မြတ်သော နန်းတော်အတွင်းသို့ ဝင်ရောက်သွားခဲ့သည့်အတွက် ဇူယွမ်မှာ ကန်ရွှမ်းကလန်၏ အကူအညီအား မရယူနိုင်တော့ခြင်းပင် ဖြစ်၏။

အင်အားကြီးမားသော ကလန်ကြီးများ၌ တပည့်များ၏ အညှိုးအတေးနှင့် ပဋိပက္ခများအား ဝင်ရောက်စွက်ဖက်ခွင့် မရှိဟူသော စည်းမျဉ်းသတ်မှတ်ချက် ရှိပေသည်။

ကလန်များမှ တပည့်များ၏ ပြဿနာများအား ဝင်ရောက်ဖြေရှင်းခွင့် မရှိသော်လည်း ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် အခွင့်အလမ်းများ၊ လိုအပ်သည်များကို ကူညီထောက်ပံ့ပေးနိုင်၏။ ထိုသည်မှာလည်း တပည့်များအား သန်မာစေရန် လေ့ကျင့်နည်းတစ်မျိုးပင် ဖြစ်သည်။

ကျိုးချူးချင်ယုမှာ လက်ကိုသာ ဝှေ့ယမ်းပြလိုက်၏။ သူမ၏ လှပတင့်တယ်သော ပုံရိပ်လေးမှာ ငယ်ရွယ်တက်ကြွနေဟန် ရှိသည်။

“နင်ပြန်ရောက်ရင်သာ ယောင်ယောင့်ကို ငါကနှုတ်ဆက်တယ်လို့ ပြောပေးပါ”

ထို့နောက် ကျိုးချူးချင်ယုမှာ အလှပန်းတစ်ရာနန်းတော်၏ အုပ်စုရှိရာသို့ လှည့်ထွက်သွား၏။ များပြားလှသော ပုရိသများစွာ၏ အကြည့်အောက်၌ပင် အလှပန်းတစ်ရာ နန်းတော်မှ ဖန်းရင်ဦးဆောင်သော အုပ်စုမှာ ချီတိမ်တိုက်တစ်ခုကို ဖန်တီး၍ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာ သွားလေတော့သည်။

ဇူယွမ်မှာ ထိုနေရာ၌ပင် အချိန်ကြာမြင့်စွာ ရပ်နေခဲ့၏။

ထို့နောက် လေပြည်လေညင်း တစ်ချက်နှင့်အတူ အေးစက်သော အသံလေးတစ်ခုအား ကြားလိုက်ရပေသည်။

“နင်က တော်တော်ရှုပ်တယ်နော်။ ဒီလောက်နေရာတိုင်းမှာ မိန်းကလေးတွေ ရှိနေတာကို ယောင်ယောင်က ဘယ်လိုများ သည်းခံနေသလဲမသိဘူး”

ဇူယွမ်မှ လှည့်ကြည့်လိုက်သောအခါ လီချင်းချန်အား တွေ့ရှိလိုက်ရသဖြင့် အလွန်ပင် ရှက်ရွံ့သွားရပြီး ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်၏။

“ကျွန်တော်တို့က သူငယ်ချင်းတွေပါပဲ”

လီချင်းချန်မှာ နှုတ်ခမ်းသားလေးကို ဖိကိုက်လျက် စကားဆိုလိုက်သည်။

“သွားရအောင်။ အကြီးအကဲဝူက ပြီးခဲ့တဲ့တာဝန်နဲ့ ပက်သတ်ပြီး ဆွေးနွေးဖို့ ခေါ်နေတယ်”

ထို့နောက် လီချင်းချန်မှာ လှည့်ထွက်သွားတော့၏။

လီချင်းချန်၏စကားအား ကြားလိုက်ရသောအခါ၌ ဇူယွမ်မှာ အလွန်ပင် တက်ကြွသွားရသည်။ အကြီးအကဲဝူနှင့်အတူ ကောင်းကင်အဆင့် တာဝန် အကြောင်းအရာများအား ဆွေးနွေးရန် စောင့်ဆိုင်းနေရသည်မှာ နှစ်ရက်မျှပင် ရှိနေပြီ ဖြစ်၏။

အကြီးအကဲဝူ၏ ထောက်ခံကြောင်း လက်မှတ်ကို ရရှိပြီးမှသာ ကလန်သို့ ပြန်လည်ထွက်ခွာနိုင်မည် ဖြစ်သည်။

ဇူယွမ်မှာ လီချင်းချန်နောက်မှ လျင်မြန်စွာ လိုက်ပါ၍ အကြီးအကဲဝူထံသို့ သွားလိုက်၏။

ဆွေးနွေးကြမည့်နေရာ၌ ကျောင်းဇူ၊ ပိုင်လီနှင် အခြားသူများအားလုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ ဇူယွမ်အခန်းထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် အကြည့်များအားလုံး ဇူယွမ့်ထံသို့ ရောက်ရှိလာကြ၏။ သို့သော် ဇူယွမ်မှ ယန်ရွှမ်းအား အနိုင်ယူလိုက်ပြီးသည့် အချိန်မှစ၍ မည်သူကမှ ဇူယွမ်အား အထင်အမြင်မသေးရဲကြတော့ပေ။

ကျောင်းဇူသည်ပင် ဇူယွမ်အား သဘောမကျသော်လည်း ယခင်ကဲ့သို့ မထီမဲ့မြင်ပြုစွာ မဆက်ဆံတော့ချေ။

အကြီးအကဲဝူမှာ အခန်း၏အလယ်၌ ထိုင်နေလျက်ရှိပြီး ဇူယွမ်အား တွေ့မြင်လိုက်ရသည်နှင့်တကွ ခပ်ဖွဖွရီမောကာ ထိုင်ရန်အချက်ပြလိုက်၏။

“ဒီတစ်ခေါက်တာဝန်က အဆင်ပြေပြေနဲ့ ပြီးဆုံးသွားခဲ့တယ်။ အားလုံးကလည်း အများကြီး ကြိုးစားခဲ့ကြတယ်” အကြီးအကဲဝူမှ စကားဆိုလိုက်သည်။

“အဲဒီတော့ အခုအချိန်က တံဆိပ်ပြားတွေအကြောင်း ဆွေးနွေးရမယ့် အချိန်ပဲ”

ကျောင်းဇူနှင့် အခြားသူများ၏မျက်ဝန်းများမှာ တောက်ပနေလျက် ရှိသော်လည်း ဇူယွမ်မှာမူ အလွန်ပင် တည်ငြိမ်နေလေသည်။

ကောင်းကင်တံဆိပ်ပြား ပေးအပ်ခြင်းတွင် အဆင့်လေးခု ခွဲခြားထား၏။

ကောင်းကင်တံဆိပ်ပြား ခွဲဝေ​​ပေးအပ်သော အဆင့်လေးခုမှာ ခေါင်းဆောင်တံဆိပ်ပြား၊ အဆင့်မြင့်တံဆိပ်ပြား၊ အဆင့်နိမ့် တံဆိပ်ပြားနှင့် အဆိုးရွားဆုံးဖြစ်သည့် ဗလာတံဆိပ်ပြားတို့ပင် ဖြစ်သည်။

ခေါင်းဆောင်တံဆိပ်ပြားမှာ ရရှိရန် အခက်ခဲဆုံးဖြစ်ပြီး တန်ဖိုးမှာ ကောင်းကင်တံဆိပ်ပြား၏ နှစ်ဆရှိ၏။

အဆင့်မြင့်တံဆိပ်ပြားမှာမူ ကောင်းကင်တံဆိပ်ပြား တစ်ခုစာ တန်ကြေးရှိပြီး အဆင့်နိမ့်တံဆိပ်ပြားမှာ ကောင်းကင်တံဆိပ်ပြား၏ တဝက်သာ တန်ကြေးရှိပေသည်။

နောက်ဆုံးအဆင့်ဖြစ်သော ဗလာတံဆိပ်ပြားမှာမူ အမည်အတိုင်းပင် တံဆိပ်ပြားတစ်ခုမျှ ရရှိနိုင်မည်မဟုတ်ပေ။ အကယ်၍ ဇူယွမ်သာ အပြင်ဖက်နယ်မြေ၌ပင် ရှိနေခဲ့ပြီး တိုက်ပွဲအလှည့်အပြောင်းများကို မပြုလုပ်နိုင်ခဲ့ပါက ဗလာတံဆိပ်ပြားကိုသာ ရရှိလိမ့်မည် ဖြစ်၏။

အကြီးအကဲဝူမှ ပြုံးကာ ပြောလိုက်သည်။

“တာဝန်က အရမ်းကို ပြီးပြည့်စုံခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင် ဘယ်သူမှ တံဆိပ်ပြားကို ရနိုင်တော့မှာ မဟုတ်ဘူး”

ထိုစကားအား ကြားရသောအခါ၌ သက်ပြင်းချသံများ အစီအရီ ထွက်ပေါ်လာ၏။

“အဆင့်နိမ့်တံဆိပ်ပြားကတော့ ...” ပိုင်လီနှင့် ချင်းဟိုင်တို့မှာ မတည်မငြိမ် ဖြစ်နေရသည်။

“ရတဲ့သူမရှိပါဘူး ... ” အကြီးအကဲဝူမှ ခပ်ဖွဖွ ရီမောလိုက်၏။

ပိုင်လီတို့အုပ်စုမှာ အလွန်ပင် ပျော်ရွှင်သွားရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ပိုင်လီတို့မှာ အဆင့်နိမ့် တံဆိပ်ပြားကိုသာ ရရှိနိုင်မည် ဖြစ်ပါသော်လည်း တာဝန်မှာ ပြီးပြည့်စုံစွာ ပြီးဆုံးသွားခဲ့သည့်အတွက် ဆုလာဘ်များ ပိုမိုကောင်းမွန်သွားရခြင်း ဖြစ်၏။

“အဆင့်မြင့်တံဆိပ်ပြားတွေ ရရှိသူကတော့ ပိုင်လီ၊ ချင်းဟိုင်နဲ့ ...”

အကြီးအကဲဝူမှ အမည်များကို ဖြည်းညင်းစွာ ရေရွတ်နေခဲ့သည်။ အမည်ခုနစ်ခုမျှ ရွတ်ဆိုလိုက်ပြီးနောက် အကြီးအကဲဝူမှ လီချင်းချန်နှင့် ကျောင်းဇူအား ကြည့်ရှုလိုက်၏။

“လီချင်းချန်နဲ့ ကျောင်းဇူကလည်း အဆင့်မြင့်တံဆိပ်ပြားကိုပဲ ရရှိမှာနော်”

လီချင်းချန်မှာ တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏အမူအရာမှာ ပိုင်လီတို့ကဲ့သို့ အလွန်အမင်း ပျော်ရွှင်နေခြင်း မရှိချေ။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့၏ ခေါင်းဆောင်တစ်ဦး အနေဖြင့် တာဝန်ပြီးဆုံးအောင် လုပ်ဆောင်နိုင်သည်နှင့်တကွ အဆင့်မြင့် တံဆိပ်ပြားအား ရရှိမည်ဖြစ်သောကြောင့်ပင် ဖြစ်၏။

တစ်ဖက်တွင်တော့ ကျောင်းဇူ၏ အမူအရာမှာ အတော်ပင် ပျက်ယွင်းနေရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ခေါင်းဆောင်တံဆိပ်ပြားအား တာဝန်အားဦးဆောင်သော ခေါင်းဆောင်နှစ်ဦးမှ ရယူရလေ့ရှိ၏။ သို့သော် ဤတစ်ကြိမ်၌ အကြီးအကဲဝူမှာ ခေါင်းဆောင်နှစ်ဦးလုံးအား တစ်ခုမျှပင် ပေးအပ်ခဲ့ခြင်း မရှိပေ။

ကျောင်းဇူမှာ စိတ်ထဲ၌ အလွန်ပင် အလိုမကျ ဖြစ်နေရပါသော်လည်း အကြီးအကဲဝူအား ပြန်လည်ပြောဆိုရဲခြင်း မရှိချေ။

လီချင်းချန်နှင့် ကျောင်းဇူမှာ တစ်ဖက်ကလန်၏ ရွေးချယ်ခံများကိုသာ တားဆီးပေးနိုင်ခဲ့ပြီး ဖြစ်ပျက်ခဲ့သော အချင်းအရာများအား အနည်းငယ်မျှ မပြောင်းလဲနိုင်ခဲ့သည့်အတွက် အကြီးအကဲဝူမှ အဆင့်မြင့် တံဆိပ်ပြားကိုသာ ပေးအပ်ခြင်းဖြစ်သည်။

အကြီးအကဲဝူမှ ဇူယွမ်အား နွေးထွေးစွာပြုံး၍ ပြောလိုက်၏။

“ဇူယွမ် မင်းကခေါင်းဆောင် တံဆိပ်ပြားကိုရမယ်”

အကြီးအကဲဝူမှ အခြားသူများကိုကြည့်၍ မေးမြန်းလိုက်သည်။

“ငြင်းပယ်ချင်တဲ့သူ ရှိသေးလား”

လီချင်းချန်မှ ခေါင်းကိုခါယမ်းလိုက်၏။

ပိုင်လီနှင့် ဓားကပ်ဘေးတောင်ထွတ်မှ မဟုတ်သော အခြားတပည့်များမှာလည်း လျင်မြန်စွာပင် ခေါင်းကိုခါယမ်းလိုက်ကြသည်။ ဇူယွမ်သာ အခြေအနေများကို ပြောင်းလဲပစ်နိုင်ခြင်း မရှိခဲ့ပါက တာဝန်မှာ ယခုကဲ့သို့ ပြီးပြည့်စုံစွာ ပြီးဆုံးသွားနိုင်မည် မဟုတ်သည့်အပြင် သူတို့အားလုံးမှာလည်း အဆင့်မြင့်တံဆိပ်ပြားကို ရရှိနိုင်မည် မဟုတ်ပေ။

တစ်နည်းဆိုရလျှင်မူ ပိုင်လီတို့အားလုံးမှာ ဇူယွမ်၏ အောင်မြင်မှုပေါ်တွင် မှီခိုနေရခြင်း ဖြစ်သည့်အတွက် အကြီးအကဲဝူ၏ဆုံးဖြတ်ချက်အား ငြင်းပယ်ရန် စိတ်ဆန္ဒမရှိပါချေ။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ ငြင်းပယ်လိုစိတ်မရှိသော အမူအရာအား တွေ့မြင်လိုက်ရသောအခါ ကျောင်းဇူမှာ အလွန်ပင် စိတ်အလိုမကျ ဖြစ်သွားရ၏။

သို့သော် ချင်းဟိုင်နှင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာလည်း အမှန်တကယ်ပင် ဇူယွမ်၏ အောင်မြင်မှုအား မှီခိုနေရခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ကျောင်းဇူမှာ တိတ်ဆိတ်စွာနေရန်ပင် ဆုံးဖြတ်လိုက်တော့၏။ ဤတစ်ကြိမ်တာဝန်၌ ဇူယွမ်မှာ အမှားအယွင်း တစ်ခုမျှပင် ရှာမရအောင် အလွန်ပြီးပြည့်စုံနေခဲ့သည်။

မည်သူမှ ငြင်းပယ်ခြင်း မရှိသည်ကို တွေ့လိုက်ရပြီးနောက် အကြီးအကဲဝူမှာ ကျေနပ်အားရစွာ ပြုံးလိုက်၏။ ထို့နောက် အင်္ကျီလက်မောင်းအိုးအား ခါယမ်းသည်နှင့်တကွ အလင်းတန်းဆယ်ခုမှာ ဇူယွမ်တို့အုပ်စုထံသို့ ရောက်ရှိလာလေသည်။

အလင်းတန်းများမှာ တံဆိပ်ပြားများပင် ဖြစ်၏။

လီချင်းချန်နှင့် အခြားသူများအားလုံးမှာ ငွေရောင်တံဆိပ်ပြားအား ရရှိခဲ့ကြပြီး ဇူယွမ်မှာမူ ခေါင်းဆောင်တံဆိပ်ပြား ဖြစ်သော ရွှေရောင်တံဆိပ်ပြားကို ရရှိခဲ့သည်။

ရွှေရောင်တံဆိပ်ပြားအား ကြည့်ရှုနေရင်းဖြင့် ဇူယွမ်မှာ ဝန်ထုပ်ဝန်ပိုးကြီး လျော့ပါးသွား သကဲ့သို့ ခံစားလိုက်ရ၏။ ခေါင်းဆောင်တံဆိပ်ပြားကို ရရှိနိုင်ခဲ့သည့်အတွက် ရွှမ်အဘိုးအိုအား ကောင်းကင်တံဆိပ်ပြားတစ်ခု ပေးအပ်ပြီးသည့်တိုင် ဇူယွမ့်ထံ၌ ကောင်းကင် တံဆိပ်ပြားတစ်ခု ကျန်ရှိနေဦးမည် ဖြစ်ပေသည်။

ယခုဆိုလျှင်မူ ကန်ရွှမ်းကလန်သို့ စိတ်အပူအပင် ကင်းမဲ့စွာ ပြန်သွားနိုင်တော့မည် ဖြစ်၏။

All Chapters