ခံစားချက်များစွာ
Vol. 40 Ch. 555
အခန်း (၅၅၅) ခံစားချက်များစွာ
ထူးကဲယင်သရဖူနှင့် ထူးကဲယင်ပြိုင်ပွဲ။
ဖန်းယွင်ရှန်း အသက်ငယ်စဉ်မှာပင် နေသူတော်စင်ဂိုဏ်းသို့ ရောက်ရှိခဲ့ပြီး သူမဘဝ၏အဓိပ္ပါယ်က ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှစတင်ပြီး ထူးကဲယင်သရဖူကို ရယူရန်မှာ သူမဘဝတွင် အထွတ်ထိပ်ထားရှိသော ရည်မှန်းချက်နှင့် မျှော်လင့်ချက် ဖြစ်လာခဲ့သည်။
သို့သော်လည်း ထိုကိစ္စက သူမနှလုံးသားအတွင်းပိုင်းအထိ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်မျိုး မဟုတ်သေးပေ။
တစ်စုံတစ်ခုကို ဆုံးရှုံးသွားပြီးမှ ပြန်လည်ရရှိသည်များသည် ထိုအရာကို ပို၍ပင် အလေးအနက်ထားကြပေသည်။ ဖန်းယွင်ရှန်းသည်လည်း ထိုသို့ပင် ဖြစ်၏။
ယခင်တစ်ချိန်က သူမသည် မန်ဝမ်ထက်သာလွန်သည့် ထူးကဲယင်မိန်းမပျိုတစ်ယောက် ဖြစ်ခဲ့ပြီး ထူးကဲယင်သရဖူကို ရယူရန်အတွက် နေသူတော်စင်ဂိုဏ်းက သူမအပေါ် အလွန်အမင်း မျှော်လင့်ချက်ထားရှိခဲ့သည်။ သို့သော် မတော်တဆမှုတစ်ခုကြောင့် သူမခန္ဓာကိုယ်မှ ထူးကဲယင်စွမ်းအားများ အားလုံးနီးပါး ခမ်းခြောက်သွားခဲ့သည်။ ထို့နောက်မှာတော့ နေသူတော်စင်ဂိုဏ်းက ရွေးချယ်စရာမရှိဘဲ သူမနေရာတွင် မန်ဝမ်ကို အစားထိုးလိုက်ရသည်။
ပထမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် အသက်ငယ်ရွယ်သေးသော မန်ဝမ်သည် ကျောက်စိမ်းပင်လယ်မြို့တော်မှ ‘ချန်စုထင်’ နှင့် အတော်လေး ရုန်းကန်တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံး ပွတ်ကာသီကာ အနိုင်ရသွားခဲ့သည်။
ထိုအချိန်မှာ ဖန်းယွင်ရှန်းကတော့ နေသူတော်စင်ဂိုဏ်းမှ ထွက်ပြေးနေရပြီ ဖြစ်၏။
သို့ပေသိ ဂိုဏ်းထဲမှ အကြောင်းသိများက ဖန်းယွင်ရှန်းအတွက် အလွန်အမင်း နှမျောတသ ဖြစ်ခဲ့ကြသည်။ ဖန်းယွင်ရှန်းသာ ပြဿနာမကြုံခဲ့လျှင် နေသူတော်စင်ဂိုဏ်းအနေဖြင့် ပထမအကြိမ် ထူးကဲယင်ပြိုင်ပွဲတွင် တည်ငြိမ်စွာပင် ထူးကဲယင်သရဖူကို ဆွတ်ယူနိုင်မည်ဖြစ်ပြီး ထိုမျှ ပွတ်ကာသီကာ အနိုင်ရသည့်အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။
ထိုနှစ်များတွင် ဖန်းယွင်ရှန်းကတော့ သူမ၏ ထူးကဲယင်စွမ်းအားများ ခမ်းခြောက်လာခဲ့ပြီး ရှောင်ရှန်းကို ဒဏ်ရာရစေခဲ့သည့်အတွက် ဂိုဏ်းမှ ထွက်ပြေးနေခဲ့ရသည်။ အမြင့်ဆုံးတောင်ထိပ်မှသည် အနက်ရှိုင်းဆုံးလျှိုမြောင်ထဲ ပြုတ်ကျသွားသည့်အလား သူမ၏ ကျက်သရေရှိလှစွာသော အနာဂတ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဖန်းယွင်ရှန်း တစ်ခါတစ်ရံ သိချင်မိသည်မှာ -
ထိုအချိန်က မတော်တဆမှုသာ မဖြစ်ပွားခဲ့လျှင် သူမဘဝ မည်သို့ရှိမည်နည်းဟူ၍ပင်။
နေသူတော်စင်ဂိုဏ်းမှ တပည့် ‘ဖန်းမုကဲ’ သည် စောစီးစွာပင် ရည်မှန်းချက်အောင်မြင်ခဲ့ပြီး ပြိုင်ဘက်များအားလုံး၏အထက်တွင် မာန်မာနအပြည့်ဖြင့် ရပ်တည်နေမည် ဖြစ်သည်။
သို့ပေသိ ထိုသို့ဖြစ်လာခဲ့လျှင် ဝါဒတောင်၏တပည့် ‘ဖန်းယွင်ရှန်း’ ဆိုသည်မှာ ရှိလာတော့မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူမနှင့် ရန်ကျောက်ကဲကြား အခြေအနေက မည်သို့ရှိပါမည်နည်း။
သူမက မန်ဝမ်ထက် စိတ်ဓာတ်ပြင်းထန်ပြီး ဒေါသလည်းကြီးသူဖြစ်လေရာ သူမနှင့် ရန်ကျောက်ကဲက ရန်သူပမာ ပဋိပက္ခများပင် ပြင်းထန်လာနိုင်သည်။
ထိုသို့တွေးမိတော့ ဖန်းယွင်ရှန်း မည်သို့မှ မတတ်နိုင်စွာ ပြုံးမိလေသည်။
ရှန်ကျောက်ကဲက သူမကို စိုက်ကြည့်ကာ မျက်တောင်တစ်ချက်ခတ်ရင်း...
“ဒီမိန်းကလေး... သတိသာထားပေတော့ ၊ ငါက သနားတတ်တဲ့လူစားမျိုးမဟုတ်ဘူး ၊ ငါ့ရန်သူတိုင်းက ဇာတ်သိမ်းလှမှာ မဟုတ်ဘူး”
“အင်းပါ... ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ ကျွန်မသိပါတယ်”
ဖန်းယွင်ရှန်း တစ်ယောက်တည်း ရေရွတ်မိသည်။
“ရှင်က အရည်အချင်းရှိပြီး တခြားသူတွေ မလုပ်နိုင်တာကို လုပ်နိုင်တဲ့သူမျိုးပါ ၊ အမြဲတမ်း လူတိုင်းကို တုန်လှုပ်ချောက်ချားအောင် လုပ်နိုင်စွမ်းရှိတာ ကျွန်မ သိပါတယ် ၊ ဆိုတော့... ဒီတစ်ခါလည်း အေးအေးဆေးဆေးပဲ ကျွန်မတို့ဆီ ပြန်ရောက်လာမှာ မဟုတ်လား”
“ရှင် တစ်ခုခုကို ကြံစည်နေတာမို့ တစ်နေရာရာမှာ ပုန်းကွယ်နေတာမဟုတ်လား ၊ ပြီးရင် ရုတ်တရက် ခုန်ထွက်လာပြီး လူတိုင်းကို အံ့အားသင့်အောင် လုပ်ဦးမှာမလား ၊ အချိန်အရမ်းကြာနေပြီလေ... ရှင် ပြန်လာတော့မှာမလား”
ရန်ကျောက်ကဲပုံရိပ်က ဖန်းယွင်ရှန်း၏ စိတ်အာရုံတွင် ထင်ဟပ်လာသည်။
ထိုသူက အနက်ရှိုင်းဆုံးလျှိုမြှောင်ထဲကျသွားသည့် သူမဘဝကို ပြန်လည်ကယ်တင်ကာ နောက်တစ်ကြိမ် ရပ်တည်နိုင်အောင် ကူညီပေးခဲ့သူပင်။ ထိုသူကြောင့်ပင် သူမ အထွတ်ထိပ်သို့ နောက်တစ်ကြိမ်တက်လှမ်းရန် အခွင့်အရေး ရရှိခဲ့သည်။
ဖန်းယင်ရှန်း၏သိုင်းစွမ်းဖြင့်ဆိုလျှင် ထူးကဲယင်မိန်းမပျိုမဟုတ်လျှင်တောင်မှ အနာဂတ်တွင် အောင်မြင်နိုင်ခြေ အလွန်မြင့်မားသည် အမှန်ပင်။
သို့သော် တစ်ချိန်က သူမအတွက် အလွန်တရာ အဖိုးထိုက်တန်သောအရာတစ်ခုကို ပြန်လည်ရရှိသည့် ခံစားချက်က အမှောင်ထုထဲတွင် နေ့အလင်းရောင်တစ်ဖန်ပြန်လည်မြင်ရသည့်ပမာ ထူးထူးခြားခြား အမှတ်ရစရာ ဖြစ်သည်။
ယခုတော့ သူမကို ကူညီပေးခဲ့သူ ရန်ကျောက်ကဲ ပျောက်ဆုံးနေခဲ့ပြီး အသက်ရှင်သည်လား ၊ သေသည်လား မသိနိုင်ပေ။
ဤနေ့ရက်များသည် ဖန်းယွင်ရှန်းအတွက် စိုးရိမ်စရာအကောင်းဆုံးနေ့ရက်များဖြစ်သည်ဟု သူမ ခံစားမိသည်။ ဟိုစဉ်တစ်ချိန်က တိမ်လွှာတောင်တွင် ဆရာဖြစ်သူ ဖူအန်းစု ပြောခဲ့သောစကားများကို ရုတ်တရက် သတိရသွားမိသည်။
“အတူရှိနေချိန်မှာ သူ့အကြောင်း အမြဲတွေးပြီးပျော်ရွှင်နေတာက ဘာမှမဖြစ်ပါဘူး ၊ ဒါပေမဲ့ အတူမရှိတော့ချိန်မှာ မင်း သူ့အကြောင်းဆက်တွေးနေဦးမယ်ဆိုရင်တော့ သတိထားရမယ့်အချိန် ရောက်လာပြီ”
ဖန်းယွင်ရှန်း သက်ပြင်းတိုးတိတ်ချမိသည်။
ယခုတော့ သူမသည် ရန်ကျောက်ကဲအကြောင်း အချိန်ပြည့်တွေးတောနေမိပြီ ဖြစ်သည်။
အရင်ကတော့ သူတို့နှစ်ယောက် တစ်ခါမှ ဝေးကွာဖူးခြင်း မရှိကြပေ။ ယခုလို အချိန်ကြာမြင့်စွာ သတင်းမကြား ၊ သေသည်လား ရှင်သည်လား မသိနိုင်သည့် အခြေအနေမျိုး သူမနှင့် ရန်ကျောက်ကဲကြား တစ်ခါမှ မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုသူအဆင်ပြေမည်ဟု စိတ်ချမျှော်လင့်ထားရုံသာ တတ်နိုင်ခဲ့သည်။
“ဂိုဏ်းတူအစ်မ’ဖန်း’...”
ဟန်လုန်အာက ဖန်းယွင်ရှန်း မျက်နှာရှေ့တွင် သူ့လက်ကို အကြိမ်ကြိမ်ဝှေ့ယမ်းရင်း ခေါ်လိုက်သည်။ ဖန်းယွင်ရှန်းမှ ယခုမှ သတိဝင်လာပြီး ခေါင်းခါယမ်းလျှက် အနည်းငယ် ပြုံးလိုက်၏။
အတူမရှိသည့်တိုင် ရန်ကျောက်ကဲအကြောင်း အဆက်မပြတ်တွေးတောနေမိခြင်းက သူမအတွက် ပြဿနာတစ်ခု မဟုတ်တော့ဘဲ ကျင့်သားပင်ရနေပေပြီ။ ပြီးတော့ တစ်စုံတစ်ယောက်အကြောင်းစဉ်းစားရင်း ယခုကဲ့သို့ သတိလက်လွတ် တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
သို့သော် ယခုတစ်ကြိမ် ရန်ကျောက်ကဲနှင့် ဝေးကွာရခြင်းက ပြန်လည်ဆုံဆည်းခွင့် ရှိနိုင်ပါမည်လား မသေချာသဖြင့် သူမနှလုံးသားထဲ စူးရှသောနာကျင်ခြင်းကို ခံစားရသည်။ ထိုနာကျင်မှုက ပိုမိုဆိုးရွားပြင်းထန်လာပြီး နောက်ဆုံးတွင် မေ့ပျောက်မရ ၊ နောက်ဆုတ်မရ အခြေအနေအထိ ကြီးမားလာသည်။
ဖန်းယွင်ရှန်းက ထိုခံစားချက်ကို ဖုံးကွယ်ထားခြင်းမရှိသလို ရှက်ရွံ့ခြင်းလည်း မရှိခဲ့ပေ။
သူမ အထွတ်ထိပ်အခြေအနေပြန်လည်ရောက်ရှိစေရန် ရန်ကျောက်ကဲက ကူညီပေးခဲ့သဖြင့် ကျေးဇူးတရားကြောင့် နှလုံးသားထဲ ထိုသို့ခံစားရသည်လား ၊ ရန်ကျောက်ကဲ၏ ဝင့်ဝင့်ကြွားကြွား အံ့သြဖွယ်ရာ ပါရမီများကို နှစ်သက်သဘောကျခြင်းကြေင့်လား ၊ ဒါမှမဟုတ် ရန်ကျောက်ကဲ အနားတွင် မရှိသည့်အခါ အထီးကျန်ခြင်းကို ခံစားရသည်လား။
ရန်ကျောက်ကဲအကြောင်းတွေးမိသည့်အချိန်တိုင်း စိုးရိမ်ပူပန် နာကျင်ခံစားရသည့်တိုင် ဖန်းယွင်ရှန်းအနေဖြင့် သူမ၏ခံစားချက်ကို ခွဲခြားသိရှိခြင်း မရှိသေးပေ။
သို့သော် ကျေးဇူးသိတတ်မှု ၊ လေးစားအားကျမှုနှင့် မိတ်ဆွေသူငယ်ချင်း ဖြစ်ခြင်းများသည် “အချစ်” ဆိုသော ခံစားချက်နှင့် မတူညီကြောင်း သူမ သဘောပေါက်ခဲ့ပါသည်။
ယခင်က နှလုံးသားရေးရာနှင့်ပတ်သက်ပြီး များစွာအတွေ့အကြုံမရှိခဲ့သော ဖန်းယွင်ရှန်းသည် ဤခံစားချက်များက “အချစ်” ဆိုသောအရာ ဟုတ်သည်လား မဟုတ်သည်လား ရှင်းရှင်းလင်းလင်း မသိနိုင်ခဲ့ပေ။ သို့သော် ကျေးဇူးသိတတ်ခြင်း ၊ လေးစားအားကျခြင်းနှင့် မိတ်ဆွေသူငယ်ချင်း ဖြစ်ရခြင်းများကြောင့် မဟုတ်သည်မှာ သေချာသည်။
ဝါဒတောင်ထက်တွင်လမ်းလျှောက်ရင်း ဖန်းယွင်ရှန်း ကောင်းကင်ထက်မှ လမင်းကို မော့ကြည့်လိုက်သည်။ ယခင်က လမင်းကိုမျှော်ကြည့်လေတိုင်း ထူးကဲယင်သရဖူအကြောင်းကိုသာ အမြဲတွေးတတ်သည်။
ယခု ထိုသရဖူသည် သူမလက်ထဲရောက်ရန် ပိုမိုနီးကပ်လာပေပြီ။
သို့သော် အရှေ့ပင်လယ်မှ ပြန်ရောက်လာပြီးနောက်ပိုင်း လမင်းကိုငေးကြည့်လေတိုင်း သူမစိတ်ထဲတင်ရောက်လာသည်မှာ... “ရန်ကျောက်ကဲ” သာလျှင်...။
အမည်မသိနေရာတစ်ခုတွင် ထိုသူသည်လည်း ခေါင်းမော့ကြည့်လျှင် လရောင်ကိုမြင်နိုင်သည့် တစ်နေရာတွင် ရှိနေလေမည်လား။
လရောင်ကိုငေးကြည့်ရင်း ဖန်းယွင်ရှန်း တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။
သူမ၏စွမ်းအားများ တစ်စတစ်စ မြင့်တက်လာသည်နှင့်အမျှ ထူးကဲယင်ပြိုင်ပွဲတွင်အောင်မြင်ရန် နီးကပ်သည်ထက် နီးကပ်လာခဲ့သည်။ အရင်ကတော့ လူသားတစ်ယောက်ခံစားရလေ့ရှိသည့်အတိုင်း စိုးရိမ်ပူပန်မှု အနည်းငယ် ရှိခဲ့သည်။
သို့သော် အရှေ့ပင်လယ်မှပြန်ရောက်လာပြီးနောက် ထိုသို့စိုးရိမ်ပူပန်မှုက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ထူးကဲယင်သရဖူပြိုင်ပွဲမှာ “ငါ နိုင်ကိုနိုင်ရမယ်” ဆိုသောအတွေးသာ သူမစိတ်ထဲ ရှိနေ၏။
ထိုအတွေးက ပိုမိုကြီးထွားသိပ်သည်းလာပြီး သူမစိတ်ထဲမှ အနှုတ်လက္ခဏာဆောင်သော အဆိုးမြင်အတွေးအားလုံးကို ဖိနှိပ်ဖယ်ရှားပစ်လိုက်သည်။
သို့ပေသိ ဖန်းယွင်ရှန်း၏ အောင်မြင်လိုသောဆန္ဒက အရင်ကအတိုင်း ခိုင်မာနေဆဲဖြစ်သည့်တိုင် ထူးကဲယင်သရဖူကို ရယူရန်မှာ သူမတစ်ဘဝလုံး ထားရှိခဲ့သော ရည်မှန်းချက်မဟုတ်တော့ပေ။
သူမ ထူးကဲယင်သရဖူကို ရယူလိုသည်မှာ ရန်ကျောက်ကဲနှင့် သူမ ထားရှိခဲ့သော ကတိတစ်ခုအတွက်သာလျှင် ဖြစ်သည်။
ထိုစဉ်...
“ဂိုဏ်းတူညီမလေး’ဖန်း’”
ခေါ်သံကြောင့် ဖန်းယွင်ရှန်း တည်ငြိမ်စွာ ခေါင်းလှည့်ကြည့်လိုက်တော့ သူတို့ဆီလှမ်းလာနေကြသော လူတစ်စုကို တွေ့ရသည်။ သူတို့က ဖန်းယွင်ရှန်း ၊ စစ်ခုန်ချင်းနှင့် ယင်လုန်ထူတို့နှင့်တွေ့ဆုံရန် ရောက်လာခြင်းပင်။
ဖန်းယွင်ရှန်းကို လှမ်းခေါ်လိုက်သူက ကျင်းယွင်ကျီ ဖြစ်၏။ သူမနံဘေးတွင်တော့ ကျောက်မင်နှင့် အခြားသူများရှိနေကြသည်။ ထိုသူများအားလုံးက ဖန်းယွင်ရှန်း ဝါဒတောင်ရောက်လာကတည်းက ခင်မင်ရင်းနှီးသူများဖြစ်ပြီး သူတို့ဆက်ဆံရေးက အတော်လေး ကောင်းမွန်သည်။
သူတို့ အပြန်အလှန်နှုတ်ဆက်စကားဆိုရင်း စကားစမြည်ပြောကြပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာအကြောင်းများ ဆွေးနွေးကြသည်။
အားလုံးက ဝါဒတောင်မှတပည့်များဖြစ်လေရာ အန္တရယ်ကြုံရချိန်တွင် ထွက်ပြေးသွားခဲ့ပြီး ယခုမှာ မျက်နှာပြောင်တိုက်ကာ အလိမ်အညာဖြင့် အမှတ်ဝင်ယူနေသည့် ကောင်းကင်မိုးကြိုးခန်းမနှင့် နောက်ကျောထားနှင့်ထိုးသည့် နေသူတော်စင်ဂိုဏ်းတို့ကို အလွန်တရာ မကျေမနပ် မုန်းတီးနေကြသည်။ ထိုနှစ်ဂိုဏ်းလုံးက သူတို့၏ အကြီးအမားဆုံး ပြင်ပရန်သူများ ဖြစ်ပေသည်။
ကျောက်မင်က နှာခေါင်းတစ်ချက်ရှုံ့ရင်း...
“နေသူတော်စင်ဂိုဏ်းက မိုးဖြိုပုဆိန်ကိုရသွားတော့ရော ဘာဖြစ်သေးလဲ ၊ အဲဒါကို သူတို့ အနှေးနဲ့အမြန် ပြန်ပေးရမှာပဲလေ”
သူက ဖန်းယွင်ရှန်းကိုကြည့်ရင်း...
“ဂိုဏ်းတူညီမ’ဖန်း’... မင်းသာ ထူးကဲယင်သရဖူကို ရယူနိုင်မယ်ဆိုရင် နေသူတော်စင်ဂိုဏ်းနဲ့ ကောင်းကင်မိုးကြိုးခန်းမ လှုပ်နိုင်မှာ မဟုတ်တော့ဘူး ၊ ပြီးတော့ အရှေ့ပင်လယ်မှာ ပိတ်မိနေတဲ့ ဂိုဏ်းချုပ်ပြန်ရောက်လာရင် သေချာပေါက် သူတို့နဲ့ စာရင်းရှင်းလိမ့်မယ်”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
ဟွမ်ကွမ်လီသည်လည်း အရှေ့ပင်လယ်မှ ပြန်လည်ရောက်ရှိလာသည့်တိုင် ထိုအဘိုးကြီးက ရန်တိကို ယှဉ်နိုင်မည် မဟုတ်ပေ။ တစ်ချိန်တည်းပင် အဘိုးအို’မော့’ ၊ ကျောက်စိမ်းပင်လယ်မြို့တော်မှ ‘စုန့်ဝူလျန်’ တို့သည်လည်း နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမကို မျက်နှာသာပေးမည် မဟုတ်ပေ။
ကျင်းယွင်ကျီက ဖန်းယွင်ရှန်းကိုကြည့်ရင်း...
“ဂိုဏ်းတူညီမလေး’ဖန်း’ ၊ ဒီအတောအတွင်း ကျင့်ကြံတာလည်း ကျင့်ကြံပေါ့ ၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်နော် ၊ အပြင်လောကထွက်ပြီး အတွေ့အကြုံရှာတာတွေ ဘာတွေ မလုပ်နဲ့တော့ ၊ မတော်လို့ မကောင်းကြံတဲ့သူနဲ့တွေ့ရင် ဒုက္ခရောက်နိုင်တယ်”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“စိတ်ချပါ ဂိုဏ်းတူအစ်မ... ကျွန်မ နားလည်ပါတယ်”
သူမက တည်ငြိမ်သောလေသံဖြင့် ဆက်ပြောသည်။
“... ဝါဒတောင်အတွက် ၊ ဆရာဘိုးဘိုးအတွက် ၊ ဆရာ့အတွက် ၊ ပြီးတော့ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ အတွက် ဒီတစ်ခေါက် ထူးကဲယင်ပြိုင်ပွဲမှာ ကျွန်မ သေချာပေါက် အနိုင်ယူမှာပါ”