အံ့သြဖွယ်ရာမထင်မှတ်သည့်ဖြစ်ရပ်များ
Vol. 40 Ch. 556
အခန်း (၅၅၆) အံ့သြဖွယ်ရာမထင်မှတ်သည့်ဖြစ်ရပ်များ
ကျောက်မင် ၊ ကျင်းယွင်ကျီနှင့် အခြားသူများက ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းကို နှစ်သိမ့်လိုက်ကြသည်။
“အကြီးအကဲ’ဖူ’ ကို ကံကြမ္မာက မျက်နှာသာပေးမှာပါ ၊ သူ ဘာမှ မဖြစ်လောက်ပါဘူး ၊ ဂိုဏ်းချုပ်ဟောင်းလည်း အကြီးအကဲ’ဖူ’နဲ့ ဂိုဏ်းတူအစ်ကို’ရန်’ တို့လိုပဲ ဖြစ်ခဲ့တာ မဟုတ်လား”
ယွမ်ကျန်းဖုန်းက မြေကမ္ဘာနယ်မြေအတွင်းရှိ ပရမ်းပတာ ဗလာနယ်ဝဲဂယက်အတွင်း ကျရောက်ပျောက်ဆုံးသွားခဲ့ပြီး ဘယ်ဆီရောက်သွားမှန်း မသိရပေ။ ဝါဒတောင်က သူ့အတွက် စိုးရိမ်ပူပန်နေသည့်တိုင် အသက်ရှင်သန်နေသဖြင့် တစ်ချိန်ချိန်တွင် ပြန်လည်ရောက်ရှိလာမည်ဟု အာမခံချက်ပေးနိုင်သည်။
ရန်ကျောက်ကဲနှင့် ဖူအန်းစုတို့ ပျောက်ဆုံးသွားခြင်းကိုလည်း ယွမ်ကျန်းဖုန်းကဲ့သို့ပင်ဖြစ်နိုင်သည်ဟု ဝါဒတောင်မှလူအများ သိရှိထားကြသည်။
ဖူအန်းစုနှင့်အတူ ခရီးထွက်ခဲ့ကြသော ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွား ၊ ပြီးတော့ အခြားသော ဝါဒတောင်ထိပ်တန်းအကြီးအကဲများသာလျှင် အဖြစ်အပျက် အပြည့်အစုံကို နားလည်သိရှိကြသည်။
အမှန်တော့ ဖူအန်းစုနှင့် ရန်ကျာက်ကဲ ပျောက်ကွယ်သွားသည်ဟု ပြောဆိုနေသည်မှာ ကိုယ့်ဘာသာ စိတ်ဖြေသာရန်သာ ဖြစ်၏။
ပုံမှန်ဆိုလျှင် ထိုက်ယီချိုးဖျက်အစီအရင် စည်းတံဆိပ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော အဖျက်စွမ်းအားများကြားတွင် သိုင်းသူတော်စင်အောက် ကျင့်ကြံခြင်းအဆင့်ရှိသော မည်သူမဆို သေဆုံးသွားကြရမည်မျာ မေးခွန်းထုတ်စရာပင် မလိုပေ။
သို့တိုင် ဖန်းယွင်ရှန်းက ခိုင်မာတည်ကြည်စွာ ခေါင်းညိတ်လိုက်ရင်း...
“ဟုတ်တယ် ၊ ဆရာတို့အားလုံး အန္တရယ်ကင်းကင်းနဲ့ ပြန်ရောက်လာမှာပါ”
သူတို့ စကားပြောနေကြစဉ် လွှမ်းမိုးနိုင်စွမ်းမြင့်မားသော သက်လတ်ပိုင်းလူရွယ်တစ်ယောက် တောင်ပေါ်လမ်းတစ်ဖက်မှ လမ်းလျှောက်လာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုသူကိုတွေ့တော့ ဖန်းယွင်ရှန်းနှင့် အခြားသူများ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
“ဆရာဦးလေး’ချန်’ ကို ဂါရဝပြုပါတယ်”
“အကြီးအကဲ’ချန်’ ကို ဂါရဝပြုပါတယ်”
လွှမ်းမိုးနိုင်စွမ်းမြင့်မားသော ထိုလူရွယ်က လက်ရှိ ဝါဒတောင်စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့် အကြီးအကဲ ‘ချန်ကျန်း’ ဖြစ်သည်။
ချန်ကျန်းက လူငယ်အုပ်စုကို တစ်ချက်ဝေ့ကြည့်ရင်း...
“အတော်တောင်နောက်ကျနေပြီ ၊ အနားယူသင့်ကြပြီ...”
သူ့လေသံက အလွန်ပေါ့ပါးပြီး ဆူပူခြင်းမဟုတ်သော်လည်း လူတိုင်းက ခေါင်းညိတ်နာခံကြသည်။
ကျောက်မင်က...
“ကျွန်တော်တို့လည်း သွားကြတော့မလို့ပါ အကြီးအကဲ...”
ချန်ကျန်းက ဖန်းယွင်ရှန်းကိုကြည့်ရင်း...
“သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲကျင်းပဖို့ ရက်ပေါင်းတစ်ရာပဲ လိုတော့တယ် ၊ ဒီအတောအတွင်း မင်းနဲ့ တူမလေး’ယင်လျိုဟွား’ တို့ အပြင်မထွက်ဘဲ တောင်ပေါ်မှာပဲ ထက်ထက်သန်သကန် ကျင့်ကြံသင့်တယ်”
ဖန်းယွင်ရှန်းက...
“ဟုတ်ကဲ့ပါ... ဆရာဦးလေး’ချန်’ ၊ ဒီတပည့် နားလည်ပါတယ်”
ချန်ကျန်းက ဆက်ပြောသည်။
“ဂိုဏ်းချုပ်က အရှေ့ပင်လယ်မှာ ပိတ်မိနေတယ် ၊ ဂိုဏ်းတူညီမလေး’ဖူအန်းစု’ နဲ့ ကျောက်ကဲက ဘယ်ရောက်နေမှန်း မသိဘူး ၊ ဒီလိုအချိန်မျိုးမှာ မင်းတို့နှစ်ယောက်လုံး ထူးကဲယင်စွမ်းအား ကျင့်ကြံတာမှာ ပေါ့လျော့လို့ မဖြစ်ဘူး”
သူက ဆက်ပြောသည်။
“တူမလေး’ယင်လျိုဟွား’ မင်းထက်နောက်ကျပြီး တောင်ပေါ်ကို ရောက်လာတာဖြစ်လို့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အတော်အားနည်းသေးတယ် ၊ ဆိုတော့... တူမလေး’ဖန်း’ နဲ့ ကျောက်ကဲ အရင်က ထူးကဲယင်စွမ်းအားနဲ့ပတ်သတ်ပြီး သုတေသနလုပ်ထားတာတွေကို စုစည်းထားဖို့ လိုအပ်တယ် ၊ အဲဒါ လုပ်ပြီးပြီလား”
ဖန်းယွင်ရှန်းက...
“ဟုတ်ကဲ့... ကျွန်မ လုပ်ပြီးပါပြီ ၊ အဲဒီအကြောင်းအရာတွေကို ဆရာဒေါ်လေး’ဝမ်’ ကို လွှဲပေးထားပါတယ်”
ချန်ကျန်း ခေါင်းညိတ်ရင်း...
“အင်း... ဂိုဏ်းတူညီမ’ဝမ်’ က မင်းတို့ရဲ့ နေ့စဉ်ကျင့်ကြံမှုအတွက် ယာယီတာဝန်ယူပြီး လမ်းပြလိမ့်မယ် ၊ ဒါပေမဲ့ ထူးကဲယင်စွမ်းအားနဲ့ပတ်သက်ပြီး သူက အခုမှ ပထမဆုံးအကြိမ် လေ့လာတာဆိုတော့... နီးကပ်နေပြီဖြစ်တဲ့ သတ္တမအကြိမ် ထူးကဲယင်ပြိုင်ပွဲမှာ မင်းရဲ့ကြိုးစားမှုကိုပဲ အဓိက အားကိုးရလိမ့်မယ်”
ဖန်းယွင်ရှန်းက ချန်ကျန်းကို ဦးညွှတ်ရင်း...
“စိတ်ချပါ ဆရာဦးလေး ၊ ဒီတပည့် နားလည်ပါတယ်”
ချန်ကျန်းက...
“ကောင်းပြီ... စောစောပြန်ပြီး အနားယူပါ”
ဖန်းယွင်ရှန်းနှင့် အခြားသူများ ချန်ကျန်းကို ဦးညွှတ်နှုတ်ဆက်ပြီးနောက် ကိုယ်နေထိုင်ရာ နေရာအသီးသီးသို့ ပြန်သွားကြသည်။
ထွက်ခွာသွားသောဖန်းယွင်ရှန်းကိုကြည့်ရင်း ဖန်ကျန်းသည် တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောနေ၏။
ထိုအချိန် ဝါဒတောင်တပည့်တစ်ယောက် အလွန်တရာ ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့် ချန်ကျန်းအနားသို့ အပြေးအလွှားရောက်ရှိလာသည်။
ချန်ကျန်းက အနည်းငယ် မျက်မှောင်ကြုတ်ရင်း...
“ဘယ်လိုကိစ္စတွေပဲကြုံတွေ့ပါစေ စိတ်အေးအေးထားတတ်ရတယ် ၊ ပြော... ဘာကိစ္စ ဖြစ်လို့လဲ”
အဆူခံလိုက်ရသည့်တိုင် ထိုဝါဒတောင်တပည့်၏ ထိတ်လန့်တုန်လှုပ်မှုက ပျောက်ကွယ်မသွားပေ။
ထိုတပည့် အစီရင်ခံသည့်သတင်းကို ကြားပြိးနောက် ချန်ကျန်းမျက်ဝန်းများတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။
“ဒီလိုကိစ္စမျိုး ရှိတာလား”
ထို့နောက်သူက တည်ငြိမ်စွာဖြင့် တွေးတောနေရင်း...
“ဒီသတင်း ပြန့်မသွားစေနဲ့ ၊ အဲဒီလူကို မနက်ဖန် စည်းကမ်းထိန်းသိမ်းရေးခန်းမကို ခေါ်လာခဲ့”
ထိုတပည့် ထွက်ခွာသွားပြီးနောက် ချန်ကျန်းသည် နေရာတွင် အချိန်ကြာမြင့်စွာ မလှုပ်မယှက်မတ်တတ်ရပ်နေစဉ် လေထုထဲတွင် မသိမသာ ပျံ့လွင့်လာသောအသံတစ်သံ ထွက်ပေါ်လာသည်။
"ဒါက ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ မဟုတ်လား..."
***
ဖန်းယွင်ရှန်း သူမ နေထိုင်ရာနေရာသို့ ရောက်သည်နှင့် တင်ပျဉ်ခွေထိုင်ရင်း တိတ်တဆိတ် ကျင့်ကြံနေသည်။
ရုတ်တရက်...
သူမစိတ်ထဲ အနည်းငယ်တုန်ခါသွားပြီး အရိပ်ကျုံ့အိတ်လေးကို ဖွင့်ကြည့်လိုက်ရာ မျက်မှောင်ကြုံ့မိသွားသည်။ သူမ၏ အရိပ်ကျုံ့အိတ်အတွင်းမှ သလင်းကျောက်ခဲများ ထွက်လာသဖြင့် ဖန်းယွင်ရှန်း အံ့အားသင့်သွား၏။
“ဘာလို့ ရုတ်တရက်ပြီး အက်ကွဲသွားရတာလဲ ၊ ပြင်ပစွမ်းအားတစ်ခုခု လှုံ့ဆော်ခံရတဲ့ပုံပဲ...”
ထို သလင်းကျောက်အပိုင်းအစများသည် ဖန်းယွင်ရှန်း၏ လက်ဖဝါးထက်တွင် အဆက်မပြတ် အက်ကွဲသွားပြီး နောက်ဆုံးသဲမှုံများပမာပြောင်းလဲကာ လေထုထဲသို့ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ဖန်းယွင်ရှန်းက သူမ၏ ကြယ်တာရာချီစွမ်းအားဖြင့် ထိန်းသိမ်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အရှေ့ပင်လယ်တွင် စည်းတံဆိပ်ခတ်ပြီးသည့်နောက် အရှေ့ပင်လယ် ပရမ်းပတာအခြေအနေအောက်တွင် တစ်ယောက်တည်းခရီးနှင်နေစဉ် ထို ဝိညာဉ်သလင်းပုလဲလုံးလေးကို မတော်တဆ ရရှိခဲ့ခြင်း ဖြစ်သည်။
အချိန်အတန်ကြာ ခွဲခြမ်းစိတ်ဖြာကြည့်သည့်တိုင် ထိုပစ္စည်းကို မည်သို့အသုံးပြုရမည်ကို နားမလည်ခဲ့ပေ။ ထိုသလင်းပုလဲအတွင်းတွင် မည်သည့်အရာမှရှိမနေသလို ဝိညာဉ်စွမ်းအားလည်းမရှိ အန္တရယ်လည်း မရှိခဲ့ပေ။ သေသေချာချာ တွေးကြည့်ပြီးနောက် ထိုပစ္စည်းသည် ထူးခြားသောရတနာပစ္စည်းတစ်ခုခုနှင့် ဆက်စပ်နေနိုင်သည်ဟု ခံစားရသဖြင့် အရိပ်ကျုံ့အိတ်ထဲ ထည့်ယူလာခဲ့ခြင်းပင်။
ထိုပစ္စည်းလေးက တစ်လျှောက်လုံး အကောင်းအတိုင်းရှိနေပြီးမှ ယနေ့ ရုတ်တရက် အက်ကွဲကြေမွသွားခဲ့၏။ ထို သလင်းပုလဲ အက်ကွဲကြေမွ အမှုန့်ဖြစ်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားသည်မှာ အလွန်ထူးဆန်းသည်ဟု ယောင်ဝါးဝါး ခံစားမိသော်လည်း ဘာကိုဆိုလိုမှန်း လုံးဝ နားမလည်နိုင်ပေ။
နောက်တစ်နေ့နံနက်...
ဖန်းယွင်ရှန်း တံခါးဖွင့်လိုက်ပြီး တောက်ပသည့်နံနက်ခင်းနေရောင်ခြည်ကို ကြိုဆိုလိုက်သည်။
သူမ ယင်လျိုဟွားကို သွားခေါ်ရန် ဟန်ပြင်နေစဉ် တစ်စုံတစ်ယောက် သူမထံသို့ ရောက်ရှိလာ၏။
ရောက်လာသူမျာ စည်းကမ်းထိန်းသိမ်းရေးခန်းမမှ အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း တွေ့ရသဖြင့် သူမအနည်းငယ် တုန်လှုပ်သွားသည်။
ထိုအကြီးအကဲက စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ပထမအဆင့်အကြီးအကဲ ‘ချန်ကျန်း’ ၏ အမိန့်ဖြင့် ဆင့်ခေါ်ခိုင်းသည်ဟုသာ ပြောခဲ့ပြီး အခြားမည်သည့်အကြောင်းအရာမှ ပြောမပြခဲ့ပေ။
စည်းကမ်းထိန်းသိမ်းရေးခန်းသို့ ရောက်သည့်အခါ ချန်ကျန်းအပြင် အကြီးအကဲ’ကျန်း’ “ကျန်းခွန်’ ပါ ရောက်ရှိနေကြောင်း တွေ့ရသည်။
ပြောင်းလဲမှုများ ဆက်တိုက်ဆိုသလို ကြုံတွေ့ရပြီးနောက် ဝါဒတောင်သည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ လက်ရှိ တောင်ပေါ်တွင် ကျင့်ကြံခြင်းအမြင့်မားဆုံးဆို၍ ဘိုးဘေးအကြီးအကဲများဖြစ်သော ကျန်းခွန်နှင့် ဟယ်နင်တို့သာ ကျန်ရှိတော့၏။
ဟယ်နင်က အရှေ့ပင်လယ်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သဖြင့် ဒဏ်ရာများကုသရန် တံခါးပိတ်ကျင့်ကြံနေသည်။ ကျန်းခွန်ကတော့ ဖန်ကျွင်း၏ ဒဏ်ရာများကို ကုသပေးနေရသဖြင့် အားလပ်နိုင်သည် မရှိပေ။ ယခု ကျန်းခွန်ကိုယ်တိုင် စည်းကမ်းထိန်းသိမ်းရေးခန်းမသို့ ရောက်ရှိလာသည်မှာ အလွန်အရေးကြီးသောကိစ္စ ပေါ်လာသောကြောင့် ဖြစ်နိုင်သည်။
ဖန်းယွင်ရှန်းက ချန်ကျန်းနှင့် ကျန်းခွန်ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။
ချန်ကျန်းက မည်သည့်စကားမှမဆိုဘဲ ဘေးနားတွင်စောင့်နေရန် လက်ဟန်ဖြင့် ညွှန်ပြသည်။
ခဏအကြာတွင် နောက်ထပ်အကြီးအကဲတစ်ယောက် ထပ်မံရောက်ရှိလာသည်။ ထိုအကြီးအကဲက ဖန်းယွင်ရှန်းနှင့် အရင်တစ်ချိန်ကဆုံတွေ့ဖူးသော အရှေ့ဒေသအကြီးအကဲ ၊ အကြီးအကဲ’ချင်’ ဖြစ်သည်။
အရှေ့ပင်လယ်တိုက်ပွဲနှင့် မြေကမ္ဘာနယ်မြေတိုက်ပွဲတွင် ဝါဒတောင်မှ ဝါရင့်အကြီးအကဲများစွာ ကျဆုံးခဲ့လေရာ အကြီးအကဲ’ချင်’ မှာ အသက်ရှင်ကျန်ရစ်သော ထိပ်တန်းအဆင့်ကျင့်ကြံသူအနည်းငယ်မှတစ်ယောက် ဖြစ်၏။
ယခင် သိုင်းပညာဆက်ခံသူခန်းမ ပထမအဆင့်ထိပ်တန်းအကြီးအကဲ ’ရန်တိ’ ဂိုဏ်းချုပ်ဖြစ်လာသည့်အခါ အခြားတစ်ယောက်က ထိုတာဝန်ကို ဆက်ခံရယူသည်။ သို့သော် ထိုအကြီးအကဲက မြေကမ္ဘာနယ်မြေတိုက်ပွဲတွင် ကျဆုံးသွားလေရာ အကြီးအကဲ’ချင်’ တောင်ပေါ်သို့ ပြန်လာပြီး သိုင်းပညာဆက်ခံသူခန်းမ ပထမအဆင့်ထိပ်တန်းအကြီးအကဲရာထူးကို တာဝန်ယူခဲ့သည်။
လူစုံသည်နှင့် ချန်ကျန်းက ဖန်းယွင်ရှန်းကို ကြည့်လိုက်ပြီး ဖြည်းညင်းစွာ မေးမြန်းသည်။
“တူမလေး’ဖန်း’ ၊ မင်းကို ဒီနေရာကို ခေါ်ရတဲ့အကြောင်းရင်းက အရှေ့ပင်လယ်မှာ ဂိုဏ်းတူညီမလေး’ဖူ’ နဲ့ မင်းတို့တတွေ တိုက်ခိုက်ခံရတဲ့အဖြစ်အပျက်ကို ပြန်ပြောပြစေချင်တာကြောင့်ပဲ...”
ထိုစကားကိုကြားတော့ ဖန်းယွင်ရှန်းစိတ်ထဲ အတော်လေးထူးဆန်းသည်ဟု ခံစားမိသည်။
သူမက...
“အဲဒီနေ့က ကျွန်မ ၊ ဆရာနဲ့ ဂိုဏ်းတူညီမလေး ‘ယင်’ တို့ အတူတူ သွားလာနေရင်း မီးတောက်မိစ္ဆာတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ် ၊ ဆရာက ကျွန်မတို့နှစ်ယောက်ကို ကာကွယ်ပေးပြီး ဘေးလွတ်ရာကို သွားကြတယ် ၊ အဲဒီအချိန်မှာ ဂိုဏ်းချုပ်နဲ့ တခြားသူတွေက အရှေ့ပင်လယ်ကမ္ဘာဖြတ်လမ်းကို စည်းတံဆိပ်ခတ် ချိတ်ပိတ်နေတော့ အခြေအနေတွေက ပိုပြီး ဖရိုဖရဲ ဖြစ်လာတယ်”
“ကျွန်မတို့ မီးတောက်မိစ္ဆာတွေနဲ့ တိုက်ခိုက်လိုက် ပြေးလိုက် လုပ်နေတုန်းမှာပဲ နေသူတော်စင်ဂိုဏ်းက အကြီးအကဲ ‘မုန့်ဖုန်း’ ရုတ်တရက် ရောက်လာခဲ့တယ် ၊ သူ ပြောတဲ့စကားတွေကိုကြည့်ရရင် မတော်တဆ ရောက်လာတာတော့ မဟုတ်ဘူး ၊ ကျွန်မတို့ ရှိတဲ့နေရာကို သေသေချာချာ အတည်ပြုပြီးတော့မှ အလစ်ချောင်းတိုက်ခိုက်ခဲ့တဲ့ပုံပဲ”
“နောက်တော့ ကျွန်မက ဆရာရော ဂိုဏ်းတူညီမလေး ‘ယင်’ နဲ့ရော လူချင်းကွဲသွားတယ် ၊ စည်းတံဆိပ်ကြောင့် ထွက်ပေါ်လာတဲ့ အဖျက်စွမ်းအားစီးကြောင်းတွေကို ရှောင်တိမ်းရင်း အဝေးကို ပြေးခဲ့တယ် ၊ ဒါပေမဲ့... နောက်ပိုင်း တောင်ပေါ်က တခြားတပည့်တွေဆီက သတင်းကြားတာတော့ ဆရာနဲ့ မုန့်ဖုန်းတို့ အပြင်းအထန်တိုက်ခိုက်ရင်း အဖျက်စွမ်းအားတွေထဲမှ သဲလွန်စမကျန်ပျောက်ကွယ်သွားတယ်လို့ သိခဲ့ရပါတယ်”
“နောက်တော့ ကျွန်မတို့ဂိုဏ်းက အကြီးအကဲတစ်ယောက်က ကျွန်မနဲ့ ဂိုဏ်းတူညီမလေး’ယင်’ ကို ရှာတွေ့ပြီး တောင်ပေါ် ပြန်ခေါ်လာခဲ့တာပါ”
ဖန်းယွင်ရှန်းစကားကို နားထောင်ပြီးနောက် ချန်ကျန်းက သူမကို အတန်ကြာစိုက်ကြည့်နေရင်း...
“မင်းလည်း ဒီကိစ္စကို မတော်တဆဖြစ်တာမဟုတ်ဘူးလို့ ခံစားရတာလား ၊ အဲဒီတုန်းက မင်းတို့ရှိတဲ့နေရာကို နေသူတော်စင်ဂိုဏ်း ဘာလို့သိသွားတယ်လို့ ထင်သလဲ”
ချန်ကျန်း ၊ ကျန်းခွန်နှင့် အကြီးအကဲ’ချင်’ တို့ သူမကို စိုက်ကြည့်နေကြသည်ကို မြင်သောအခါ တစ်ခုခုမှားနေပြီဟု ဖန်းယွင်ရှန်း ခံစားရသည်။
“ဆရာဦးလေး’ချန်’ က တစ်ခုခုကို ရည်ရွယ်ပြီး ပြောနေတာလား”
သူမက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ဒါက တိုက်ဆိုင်မှုတစ်ခု မဟုတ်ပါဘူး ၊ နေသူတော်စင်ဂိုဏ်းက ‘မုန့်ဖုန်း’ က ‘အေး... ငါတို့ ဒီကိုရောက်လာပြီ ၊ မင်း ဘယ်ကိုပြေးမလဲကြည့်ရအောင်’ လို့ ပြောခဲ့တယ် ၊ အဲဒီစကားကိုထောက်ရင် သူက ကျွန်မတို့နေရာကို ကြိုတင်သိနေတယ်လို့ မှန်းဆလို့ရတယ်”
“ဒါပေမဲ့ ကျွန်မတို့တည်နေရာကို သူ ဘယ်လိုသိသွားသလဲဆိုတာတော့ ဒီတပည့် မသိပါဘူး”
ချန်ကျန်းက သူမကို တည်ငြိမ်စွာကြည့်ရင်း သိမ်မွေ့သည့်လေသံဖြင့်...
“အဲဒီလိုလား... ၊ ဒါပေမဲ့ ငါတို့နဲ့ရင်းနှီးတဲ့ တစ်ကိုယ်တော်သိုင်းကျင့်ကြံသူတစ်ယောက်က သတင်းပို့လာတယ် ၊ ဂိုဏ်းတူညီမလေး’ဖူအန်းစု’ ဘယ်နေရာမှာရှိနေသလဲဆိုတာ နေသူတော်စင်ဂိုဏ်းကို သတင်းပို့လိုက်တဲ့သူက မင်းကိုယ်တိုင်ပဲတဲ့... တူမလေး’ဖန်း’”